← Chapters

ရှဲ့ချောင်၏အကြံ

Vol. 51 Ch. 709

ရှဲ့ချောင်၏အကြံ

Vol. 51 Ch. 709

"ဆရာ ကျုပ်တို့က သူ့အတွက် လက်စားချေပေးကြမှာလား"

မိုရန်က ဝေခွဲမရဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"မနောက်ပါနဲ့ကွာ။ သွေးတောင်ပံက ကြယ်သခင်အထွတ်အထိပ်အဆင့်လေ၊ ဘယ်လိုလုပ် လက်စားချေရမှာလဲ။ တကယ်လို့ လက်စားချေပေးချင်ရင်တောင် ကြယ်သခင်အဆင့်ရောက်အောင် စောင့်ရမယ်။ ရှဲ့ချောင်ကလည်း ငါက တကယ်ကူညီနိုင်မယ်လို့ တွေးထားမှာမဟုတ်ဘူး။ စစ်ဧကရာဇ်တွေအများကြီးရှိတဲ့အထဲ နတ်အစေခံအဆင့်ကို လူနည်းစုသာ ရောက်နိုင်တယ်။ နတ်အစေခံတွေထဲမှာ ကြယ်သခင်အဆင့်ရောက်ဖို့ဆိုရင် ခက်ခဲပြီး အထွတ်အထိပ်အဆင့်ရောက်ဖို့ အလွန်တရာခက်ခဲတယ်။ ရှဲ့ချောင်က လက်စားချေဖို့အတွက် ရတနာတွေပေးခဲ့ပေမယ့် မပြန်လမ်းကို သွားစေချင်နေတာပဲ"

ဤအချက်က ယဲ့ချန်ကိုလည်း ပဟေဠိဖြစ်စေခဲ့သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ရတနာအပြည့်ပါဝင်သော မှော်လက်စွပ်ကို ရသည့်အတွက် ပျော်ရွှင်နေမည်ဖြစ်သော်လည်း အရာရာက လွယ်ကူနေသောကြောင့် တစ်ခုခုမှားနေသည်ဟု သူက ခံစားနေရသည်။ ထို့အပြင် နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ရောက်ချိန်မှစ၍ ရှဲ့ချောင်က တစ်ခုခုကြံစည်နေပြီး လူတိုင်းကို လှည့်စားနေသည်ဟု သံသယဝင်နေခဲ့သည်။ ဤဘုံအတွင်း စစ်ဧကရာဇ်များစွာ ဝင်ရောက်လာရုံသာမက အပြင်ဘက်တွင် သွေးတောင်ပံနှင့် မျိုးနွယ်ခေါင်းဆောင်များ စောင့်ကြပ်နေကြသည်။ လူများစွာက ဤအချက်ကို သံသယဝင်နိုင်သော်လည်း ရှဲ့ချောင်ထုတ်ပြထားသော မက်လုံးက ကြီးမားလွန်းသဖြင့် လူတိုင်းကို ငါးစာဟပ်မိစေခဲ့သည်။

ယဲ့ချန်သည် မှော်လက်စွပ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ မူမမှန်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ရင်ထိတ်သွားခဲ့သည်။ ရှဲ့ချောင်က ဤလက်စွပ်အတွင်း တစ်ခုခုစီမံထားခြင်း ဖြစ်နိုင်သည်။ ရှေးဟောင်းကျောက်စာထံမှ မဟာတာအိုလက်နက်ထက် ပို၍အစွမ်းထက်သော အရှိန်အဝါမျိုးသာ ထွက်ပေါ်လာသည်။

"ဆရာ ကျုပ်တို့ ထွက်သွားကြတော့မလား။ ဘာဆက်လုပ်ရမလဲ"

မိုရန်က ပတ်ဝန်းကျင်ကို စစ်ဆေးနေသော်လည်း အရာရာ ပုံမှန်ဖြစ်နေသည်ကိုသာ တွေ့ခဲ့ရသည်။

"ခဏစောင့်ကြည့်ပါဦး"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး မှော်လက်စွပ်အတွင်းမှ ရတနာများကို သူ၏သိုလှောင်အိတ်အတွင်း ပို့ဆောင်လိုက်သည်။ အချိန်ခဏအတွင်း သူက အဖိုးအတန်ဆုံး ရတနာတစ်ထောင်ကျော်ကို သိုလှောင်အိတ်အတွင်း ရွှေ့ပြောင်းနိုင်ခဲ့သည်။ ရတနာများ၏ဆယ်ပုံတစ်ပုံကို ရယူပြီးချိန်တွင် မျက်စိကျိန်းစပ်လောက်အောင် တောက်ပသော အနီရောင်အလင်းတစ်ခုက မှော်လက်စွပ်ထံမှ ပေါက်ကွဲလာကာ အစွမ်းတစ်ခုက ယဲ့ချန်ကိုယ်တွင်းသို့ ဓားတစ်လက်ပမာ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုအလင်းတန်းထံမှ သွေးဆာရက်စက်သော အရှိန်အဝါကြောင့် လူတိုင်း ထိတ်လန့်သွားကြသကဲ့သို့ တစ်ဖက်လူက သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်လိုနေကြောင်း ယဲ့ချန်က နားလည်လိုက်ပြီး ရှဲ့ချောင်၏အကြံ ထွက်ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် သူက တန်ပြန်တိုက်ခိုက်ရန်အတွက် ဝိညာဥ်အသိစိတ်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။ မှော်လက်စွပ်ထံမှ အနီရောင်မြူခိုးများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး ဖြည်းဖြည်းချင်း တင်းကျပ်လာသောကြောင့် လည်ပင်းညှစ်ခံနေရသကဲ့သို့ မွန်းကြပ်လာ၏။ ထိုအချိန်၌ သူ၏တစ်ကိုယ်လုံးက နေရာတွင် ချည်နှောင်ခံထားရပြီး လှုပ်ရှားရန် မဖြစ်နိုင်ခဲ့ပေ။

"ဆရာ"

မိုရန်က စိုးရိမ်တကြီးအော်ဟစ်၍ ယဲ့ချန်ကိုကယ်တင်ရန် လက်လှမ်းလိုက်သော်လည်း အနီရောင်မြူခိုးများနှင့် အတွေ့၌ တရှဲရှဲမြည်သံများ ထွက်ပေါ်လာကာ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာသည်။ ၎င်းက တိုက်စားနိုင်စွမ်းမြင့်မားသောကြောင့် သူ၏အသားကို လောင်ကျွမ်းသွားခြင်းဖြစ်သည်။ မိုရန်နှင့် အခြားလူများက ယဲ့ချန်ကို စိုးရိမ်စွာစောင့်ကြည့်နေကြပြီး ကံကောင်းစွာဖြင့် အနီရောင်မြူခိုးများက သူ၏ခန္ဓာကိုယ်ကို မတိုက်စားခဲ့ပေ။

"လူငယ်လေး မင်းက ငါကို ရှာတွေ့သွားမယ်လို့ မထင်ထားဘူး။ မှော်လက်စွပ်ထဲက ရတနာတွေကို ပြောင်းရွှေ့ရလောက်တဲ့အထိ ပါးနပ်တာကိုတော့ ချီးကျူးပါတယ်"

ယဲ့ချန်၏စိတ်အတွင်း စူးရှအက်ကွဲသော ရှဲ့ချောင်၏စကားသံ ထွက်ပေါ်လာသည်။

"ငါသာမမှားရင် မင်းရဲ့ဝိညာဥ်က မှော်လက်စွပ်ထဲမှာ ကပ်တွယ်နေပြီး ပြန်လည်ရှင်သန်ဖို့ နည်းလမ်း ရှာနေတာမလား"

ယဲ့ချန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ဝိညာဥ်အသိစိတ်ကို ဘီလူးအသွင်ပြောင်းကာ သတ္တိရှိရှိ ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် ဘီလူးနှင့် မြူခိုးသဏ္ဍာန်ရှိသော ရှဲ့ချောင်က သူ၏ဒန်တန်အတွင်း ထွက်ပေါ်လာကြသည်။ ထိုနေရာ၌ ကြယ်ကိုးလုံးက ဆန်းကျယ်စွာ လည်ပတ်နေပြီး အချိန်လေဟာနယ်တာအိုရုန်းများစီး ဆင်းနေသဖြင့် ရန်သူက အံ့သြသွားရသည်။

"မင်းခန့်မှန်းတာ မှန်တယ်။ ငါက မင်းရဲ့ဝိညာဥ်အသိစိတ်ကို အနိုင်ယူပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ရင် သွေးနတ်ဆိုး ပြန်လည်ရှင်သန်ခြင်းကျင့်စဥ်နဲ့ ပြန်လည်မွေးဖွားနိုင်လိမ့်မယ်။ မင်းရဲ့ရုပ်ခန္ဓာနဲ့ ခွန်အားက ကျေနပ်စရာကောင်းတယ်လို့ သိထားပေမယ့် ဒန်တန်ထဲမှာ ကြယ်ကိုးလုံးရှိနေမယ်တော့ မထင်ထားဘူး။ ကောင်းကင်က ငါ့ကို တကယ်ကူညီနေပါလား ဟား ဟား"

ရှဲ့ချောင်က ကြယ်ကိုးလုံးကို စိုက်ကြည့်၍ ကျေနပ်စွာ ရယ်မောလိုက်သည်။ အကယ်၍ ယဲ့ချန်ကသာ မှော်လက်စွပ်ကို ဝတ်ဆင်ထားလျှင် ခန္ဓာကိုယ်ကို မသိမသာဖြင့် ငါးရက်အတွင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ သို့သော် ယဲ့ချန်က သတိကြီးလွန်းနေသဖြင့် ဝိညာဥ်အသိစိတ်ချင်း ယှဥ်တိုက်ရသည့် အခြေအနေသို့ ရောက်လာသောအခါ ဆယ်ဆမက ပို၍ခက်ခဲလာသည်။ ယဲ့ချန်၏ ဝိညာဥ်အသိစိတ်တစ်ဖြစ်လည်း ဘီလူးက ရှဲ့ချောင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

"ဒီနေရာက ငါ့ပိုင်နက်ဆိုတာကို မေ့နေပြီလား။ မင်းက အနိုင်ရမယ်လို့ သေချာနေတယ်ပေါ့"

ဘီလူးက ကြမ်းကြုတ်စွာ ကြုံးဝါးလိုက်ပြီး ဒန်တန်က အသက်ဝင်လာကာ ကြယ်ကိုးလုံးက ပြင်းထန်စွာလည်ပတ်လာ၍ ဖိအားကြီးတစ်ရပ်ကို ရန်သူထံ ပစ်ခတ်လာသည်။ ယဲ့ချန်က ထင်ထားသည်ထက် ပို၍အစွမ်းထက်နေသောကြောင့် ရှဲ့ချောင်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါက ငါ့ဝိညာဥ်ဖြစ်နေရင်တောင် စစ်ဧကရာဇ်တစ်ယောက်ကိုတော့ လွယ်လွယ်လေး အနိုင်ယူနိုင်တယ်ကွ"

သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး သွေးရောင်မြူခိုးများကိုစုစည်း၍ ဘက်ပေါင်းစုံသို့ ထုတ်လွှတ်လိုက်သောအခါ ယဲ့ချန်၏ချီများကို တိုက်စားပျက်ပြယ်သွားစေသည်။ အသက်ရှင်စဥ်က ကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် ရှဲ့ချောင်က အစွမ်းထက်သော်လည်း ယဲ့ချန်က ထိတ်လန့်နေခြင်းမရှိဘဲ ချီကိုးမျိုးကို အသက်သွင်းကာ မြူခိုးများအား ရင်ဆိုင်လိုက်သည်။ မရေမတွက်နိုင်သော နတ်ဆိုးဝိညာဥ်များကလည်း ရှဲ့ချောင်ထံ တုံ့ဆိုင်းခြင်းမရှိ၊ ခုန်ဝင်သွားကြပြီး အရည်ပျော်ကျသွားသော်လည်း မြူခိုးများကို ထိခိုက်စေနိုင်ခဲ့သည်။ ဒန်တန်အတွင်း၌ တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပျက်နေသောကြောင့် ယဲ့ချန်က သတိမလွတ်ရဲဘဲ စက္ကန့်တိုင်း အာရုံစိုက်ကာ တိုက်ခိုက်နေရသည်။

ရှဲ့ချောင်၏မြူခိုးများက ဒန်တန်၏နေရာအချို့ကို စွန်းထင်သွားစေသော်လည်း လက်ရှိအခြေအနေကို မကျေနပ်နိုင်ပေ။ သူက သားရဲကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ဘီလူးထံ ခုန်အုပ်လာခဲ့သည်။

"ဘုန်း"

ဘီလူးက လက်ထဲရှိ မှိန်းကြီးဖြင့် ထိုးချလိုက်သောအခါ ယဲ့ချန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ နှုတ်ခမ်းထောင့်မှ သွေးအချို့ စီးကျလာခဲ့သည်။ ဘီလူးနှင့် သွေးနတ်ဆိုးက အနီးကပ် ဘတစ်ပြန်ကျားတစ်ပြန် ထိုးနှက်နေကြသည်။

"ကြယ်ကိုးလုံး ပေါင်းစပ်စမ်း"

သူက ကြယ်ကိုးလုံး၏စွမ်းအားများကို စုစည်း၍ ဘီလူးကို အားဖြည့်ပေးလိုက်သောအခါ ၎င်း၏အရွယ်အစားက ကြီးမားလာပြီး ကြွက်သားများ ဖုထစ်ဖောင်းကားလာသည်။ ၎င်းက ခဏအတွင်း သွေးနတ်ဆိုးထက် သုံးဆခန့်ကြီးမားသွားကာ ခုန်အုပ်လိုက်သည်။

"ဘုန်း"

သွေးနတ်ဆိုးက လွင့်ထွက်သွားကာ မြူခိုးများလည်း အရောင်မှိန်လာခဲ့သည်။ စစ်ဧကရာဇ်တစ်ယောက်က ဤမျှအစွမ်းထက်နေမည်ဟု ရှဲ့ချောင်က ထင်မထားသောကြောင့် ယဲ့ချန်လက်ထဲတွင် ရှုံးနိမ့်ခဲ့ရပြီး ဒေါသမီးဝင်းဝင်းတောက်နေသည်။

"သွေးနတ်ဆိုးကျင့်စဥ် ခေးအော့ပညာရပ်"

သူက ရုတ်တရက်ကြီးမားလာကာ ရူးသွပ်နေဟန်ဖြင့် တုန်ခါလာပြီး ပြင်းထန်သော အင်အားကြီးတစ်ရပ် ပြန့်ထွက်လာသည်။

"မကောင်းတော့ဘူး"

ယဲ့ချန်က တုန်လှုပ်သွားကာ ကိုယ့်ကိုကိုယ်ကာကွယ်ချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

"ဘန်း"

သွေးနတ်ဆိုးက ပေါက်ကွဲသွားသောအခါ စွမ်းအင်များက သူ၏ဒန်တန်ကို ထိခိုက်စေခဲ့ပြီး ခန္ဓာကိုယ်က ကိုင်းညွှတ်သွားကာ သွေးများ အန်ချလိုက်ရ၏။ ကြယ်ကိုးလုံးက ပြိုကွဲမတတ်ဖြစ်သွားခဲ့ပြီး မျက်နှာပြင်ပေါ်တွင် အပေါက်ကြီးများကိုယ်စီ ဖြစ်ပေါ်လာသည်။ ဘီလူးကိုယ်တိုင်လည်း အပြင်းအထန်ထိခိုက် နာကျင်သွားခဲ့သည်။ ၎င်း၏ရင်ဘတ်တစ်ဝက်ခန့် စုတ်ပြတ်သွားပြီး လက်နှစ်ဖက်လုံး ပေါက်ကွဲပျက်စီးသွားခဲ့သည်။ ဒန်တန်က ကမ္ဘာပျက်သကဲ့သို့ ထိခိုက်သွားသောအခါ သူက အပြင်းအထန် ဒဏ်ရာရသွားစဥ် ရှဲ့ချောင်က သူ၏စိတ်တည်နေရာဖြစ်သော ဦးခေါင်းထံ တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။

"ဟား ဟား ဒီခန္ဓာကိုယ်က ငါ့အပိုင်ဖြစ်ပြီ"

လူတစ်ယောက်၏ဦးနှောက်တွင် ဝိညာဥ်နှင့် အသိစိတ် တည်ရှိသောကြောင့် ရှဲ့ချောင်က တဟားဟားရယ်မောနေခဲ့သည်။ ထိုနေရာကို သိမ်းပိုက်နိုင်လျှင် ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်းရှိပြီး တိုက်ပွဲတစ်ခုဖြစ်ပွားလျှင် ခန္ဓာပိုင်ရှင်က သေဆုံးသွားပေလိမ့်မည်။

"သေချာလို့လား"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"မင်းက ငါ့ကို နှင်ထုတ်နိုင်စရာ အကြောင်းမရှိဘူး"

ရှဲ့ချောင်က မောက်မာစွာပြောလိုက်သော်လည်း ရုတ်တရက် မင်သက်သွားခဲ့သည်။ ယဲ့ချန်၏ဦးနှောက်က ဟက်တက်ကွဲသွားပြီး အတွင်းမှ နေရာလပ်နယ်မြေတစ်ခု ထွက်ပေါ်လာသည်။ အလယ်ဗဟိုတည့်တည့်တွင် အလင်းပြောက်တစ်ခုရှိနေပြီး သေချာစစ်ဆေးလိုက်သောအခါ ဓားပျံတစ်ချောင်းဖြစ်ကြောင်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူက သန်မာအားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ အရှိန်အဝါ ရှိနေရတာလဲ"

သူက ဓားပျံကိုစိုက်ကြည့်ရင်း မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်ချိန်တွင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့ခဲ့ရသည်။ သူ၏ဘဝအတွင် အစွမ်းအထက်ဆုံးအရှိန်အဝါက အနန္တရှေးဟောင်းကျောက်စာမှဖြစ်ကာ ၎င်းက ရှေးခေတ်ဟောင်းမှရတနာဖြစ်ပြီး သက်တမ်းကိုတွက်ချက်ရန် မဖြစ်နိုင်ပေ။ ၎င်းတွင် မှတ်တမ်းတင်ထားသော နတ်ဆိုးကျမ်းစာကို နားလည်နိုင်လျှင် ပြိုင်ဘက်ကင်းနတ်ဆိုးကျင့်စဥ်တစ်ခုကို နားလည်နိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်းက နတ်ဆိုးကျင့်ကြံသူများကို နတ်ဆိုးတာအိုအကြောင်း နားလည်နိုင်စွမ်းမြင့်မားစေနိုင်ပြီး အစွမ်းထက်နတ်ဆိုးများ၏ အရှိန်အဝါကို ထိန်းသိမ်းထုတ်ဖော်နိုင်သည်။ သို့သော်လည်း ရှဲ့ချောင်သည် ဓားပျံထံမှ အနန္တရှေးဟောင်းကျောက်စာထက် ပို၍မြင့်မားသော အရှိန်အဝါကို အဝေးမှပင် ခံစားနေရလေသည်။

"ဒါက ဘာကြီးလဲ"

All Chapters