အနန္တရှေးဟောင်းကျောက်စာအတု
Vol. 51 Ch. 710
ရှဲ့ချောင်သည် ကြောက်စိတ်များ ပြည့်နှက်သွားကာ ယဲ့ချန်၏စိတ်အတွင်း၌ ကြယ်ကိုးလုံးအပြင် ဓားပျံတစ်စင်းရှိနေမည်ဟု ထင်မထားပေ။ ၎င်း၏အရှိန်အဝါက သူ့ကို ဆန်းကျယ်စွာဖိနှိပ်လာခဲ့ပြီး အော်ဟစ်ချင်သော်လည်း အသံမထွက်နိုင်ခဲ့ပေ။ ဓားပျံက လှစ်ခနဲမြည်သံနှင့်အတူ အလင်းတန်းတစ်ခုပမာ ပြေးထွက်လာသောအခါ ဝေဝေဝါးဝါးပုံရိပ်များသာ ကျန်ရစ်ခဲ့ပြီး သူ မတုံ့ပြန်နိုင်ခင်မှာပင် ထိုးဖောက်ခံလိုက်ရသည်။ အချိန်ခဏအတွင်း ၎င်းက လှုပ်ရှားခဲ့သော်လည်း မူလနေရာတွင် ခြေရာလက်ရာမပျက် ပြန်လည်မျောလွင့်နေခဲ့သည်။ ထို့နောက် သူက အလွန်နာကျင်သွားသဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်မိပြီး ဝိညာဥ်က ဘာမှမကျန်အောင် ပျက်စီးသွားကာ သွေးမြူခိုးများလည်း လျင်မြန်စွာ ပျက်ပြယ်သွားလေသည်။
ယဲ့ချန်ကို မိုရန်တို့လူစုက စိုးရိမ်တကြီးစောင့်ကြည့်နေစဥ် ခန္ဓာကိုယ်ပတ်လည်မှ သွေးမြူခိုးများ ပျောက်ကွယ်သွားကာ မြေပြင်သို့ လဲကျသွားသည်ကို မြင်လိုက်ရ၏။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ပွင့်လာကာ အပြင်းအထန်ဒဏ်ရာရနေပြီး အသက်ကို ခဲယဥ်းစွာရှူနေရကာ ရှဲ့ချောင်လက်ချက်ဖြင့် သေလုမျောပါးဖြစ်ခဲ့ရသည်။
"ဘယ်လိုနေသေးလဲ"
ကျိရန်ရွယ်က စိုးရိမ်စွာ မေးလိုက်ပြီး ယဲ့ချန်ကို တင်ပျဥ်ခွေထိုင်နိုင်ရန်အတွက် ကူညီပေးလိုက်၏။
"ငါလှည့်စားခံရလုနီးပါး ဖြစ်သွားပေမယ့် အဆင်ပြေပါတယ်"
သူက ဒဏ်ရာများကို ကုသရန်အတွက် ကောင်းကင်ချီများကို လှည့်ပတ်လိုက်သည်။ တစ်ဖက်လူက အသက်ရှင်ခဲ့စဥ် ကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် ခွန်အားက သန်မာပြီး လက်ရှိတွင် အကြွင်းအကျန်ဝိညာဥ်သာဖြစ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ ကံကောင်းသည်မှာ သူက ဓားပျံကို ပိုင်ဆိုင်ထားပြီး ရန်သူမှာ ၎င်း၏တည်နေရာအထိ ကျူးကျော်ဝင်ရောက်လာခြင်းက သေချင်နေ၍ ဖြစ်ပေလိမ့်မည်။ ၎င်းက ပြိုင်ဘက်ကင်းအစွမ်းထက်ပြီး ဆန်းကျယ်လှသော ရတနာတစ်ခုဖြစ်ကာ သူ၏စိတ်အတွင်း နှစ်ပေါင်းများစွာရှိလာသောကြောင့် အစွမ်းကို ကောင်းစွာနားလည်ထားသည်။ သူက ဒဏ်ရာများကုသနေစဥ် မိုရန်တို့လူစုက စက်ဝိုင်းသဏ္ဍာန်နေရာယူပြီး သတိကြီးကြီးဖြင့် စောင့်ကြပ်နေကြသည်။
"မှော်လက်စွပ် ဘယ်ရောက်သွားလဲ"
ယဲ့ချန်က ဒဏ်ရာကုသနေရင်း လက်စွပ်အကြောင်း အမှတ်ရလိုက်သဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုအခိုက်တွင်မှ ရှဲ့ချောင်ပေးခဲ့သော မှော်လက်စွပ် ပျောက်ကွယ်နေကြောင်း လူတိုင်း သတိထားမိလိုက်သည်။
"ဒါကဘယ်ရောက်သွားလဲဆိုတာ ကျုပ် မမြင်နိုင်ဘူး"
မိုရန်က မျက်လုံးကို အသက်သွင်း၍ ပတ်ဝန်းကျင်အား ရှာဖွေလိုက်သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းပြလိုက်သည်။ ဤအဖြစ်ကြောင့် ယဲ့ချန်က စိတ်ပူသွားပြီး ရှဲ့ချောင်သေဆုံးသွားခြင်းကြောင့် ၎င်းက ပျောက်ကွယ်သွားခြင်း မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းက ပေါက်ကွဲသွားလျှင်လည်း အပိုင်းအစများ ကျန်ရစ်ရမည်ဖြစ်သော်လည်း မြေပြင်၌ သဲလွန်စမရှိချေ။ တစ်ဖက်လူက ကောက်ကျစ်သော မြေခွေးတစ်ကောင်ဖြစ်သောကြောင့် မသေမည်ကို သူက စိုးရိမ်နေခဲ့သည်။ ဝိညာဥ်အသိစိတ်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၊ ဒန်တန်နှင့် ဦးနှောက်ပါမကျန်အောင် စစ်ဆေးလိုက်သော်လည်း သံသယဝင်စရာ မတွေ့ခဲ့ပေ။
"ရှဲ့ချောင် အသက်ရှင်နေသေးတာလား။ ကြယ်သခင်တစ်ယောက်ရဲ့ အကြွင်းအကျန်က ဒီအခြေအနေအထိတောင် အစွမ်းထက်တယ်ပေါ့။ မှော်လက်စွပ်က ဘယ်လိုပျောက်ကွယ်သွားရတာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ အတွေးနက်နေခဲ့သည်။
"နတ်ဆိုးအကျဥ်းထောင်ဘုံကနေ အခု ထွက်သွားကြမယ်"
သူက သိုလှောင်အိတ်ကို စစ်ဆေးလိုက်သောအခါ မှော်လက်စွပ်အတွင်းမှ ရွှေ့ပြောင်းထားသော ရတနာများ ပျောက်ကွယ်မသွားသည်ကို တွေ့လိုက်ရပြီး အမိန့်ပေးလိုက်၏။ မှော်လက်စွပ် ဆန်းကျယ်စွာ ပျောက်ဆုံးမှုက သူ့ကို သတိကြီးသွားစေခဲ့ပြီး ရှဲ့ချောင်၏ထောင်ချောက်အတွင်း နောက်တစ်ကြိမ် ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့် ဤနေရာ၌ ဆက်လက်မနေထိုင်လိုတော့ပေ။ သူက ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့်တပြိုင်နက် ကျန်လူများကိုဦးဆောင်ကာ ဝင်ပေါက်ထံ ပြန်လည်ထွက်ခွာလာခဲ့သည်။
ထိုအချိန်တွင် ဘုံတစ်ခုလုံးတုန်ခါသွားပြီး ဘုံ၏အလယ်တည့်တည့်ရှိ မြေပြင်က ဟက်တက်ကွဲသွားကာ ဧရာကျောက်စာကြီးတစ်ခု ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ၎င်းက တောင်ကြီးတစ်ခုပမာ ကြီးမားလေးလံပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် မားမားမတ်မတ် ထွက်ပေါ်လာ၏။ ရွှေရောင်စာလုံးများကို ၎င်း၏မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသော်လည်း ဆန်းကျယ်သော ဘာသာစကားဖြစ်သောကြောင့် မည်သူမှ နားမလည်ကြပေ။ ကောင်းကင်ရှိ သွေးမြူခိုးများက ပို၍သိပ်သည်းလာပြီး နတ်ဆိုးချီများက ဘုံတစ်ခုလုံးတွင် ပြင်းထန်စွာ လှုပ်ရှားလာကြသည်။
"အနန္တရှေးဟောင်းကျောက်စာ"
သွေးစုပ်သူက ခေါင်းမော့၍ ကြည့်လိုက်သောအခါ မီတာထောင်ချီမြင့်သော ကျောက်စာကို မြင်လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်။ သူ၏နောက်လိုက် စစ်ဧကရာဇ်များကလည်း ကျောက်စာထံ အကြည့်ရောက်သွားပြီး သိပ်သည်းလှသောချီများကို အာရုံခံမိလိုက်သဖြင့် တစ်ကိုယ်လုံးရှိ ချီများ ဗြောင်းဆန်ကုန်သည်။
"အနန္တရှေးဟောင်းကျောက်စာဟေ့။ နတ်ဆိုးကျမ်းစာတွေကို မြန်မြန်ဖတ်ကြ"
စစ်ဧကရာဇ်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ဆူညံနေကြသည်။ ၎င်းကျောက်စာကြောင့် အစွမ်းထက်နတ်ဆိုးများစွာ ထွက်ပေါ်လာဖူးသည်ဟု သတင်းများထွက်ထားသဖြင့် ၎င်းအပေါ်မှ စာလုံးများက ဒဏ္ဍာရီလာနတ်ဆိုးကျမ်း၁၂စောင် ဖြစ်ပေလိမ့်မည်။ အင်အားစုတိုင်းမှ စစ်ဧကရာဇ်များက ၎င်းကို မျက်တောင်မခတ်တမ်းကြည့်နေပြီး မျက်ဝန်းများတွင် လောဘစိတ်များ ထင်ဟပ်နေသည်။ နတ်ဆိုးကျမ်းတစ်စောင်နှစ်စောင်ကို နားလည်နိုင်သူတိုင်းက အစွမ်းထက်နတ်ဆိုးများ ဖြစ်လာနိုင်သည်။
"အနန္တရှေးဟောင်းကျောက်စာကို မြို့ဝန်သွေးတောင်ပံက သိမ်းပိုက်လိုက်ပြီ။ ဘယ်သူမှ နတ်ဆိုးကျမ်းစာတွေကို ဖတ်ရှုခွင့်၊ကူးယူခွင့် မရှိဘူး။ မဟုတ်ရင် ညှာတာခြင်းမရှိ သတ်ဖြတ်ခံရမယ်"
သွေးစုပ်သူက လေပေါ်သို့ ခုန်တက်လိုက်ပြီး စစ်ဧကရာဇ်များကို အထက်စီးမှငုံ့ကြည့်ကာ သတိပေးလိုက်သည်။ ထိုစကားသံက နတ်ဆိုးအကျဥ်းထောင်ဘုံတစ်ခုလုံးသို့ ကျယ်လောင်ပြတ်သားစွာ ပျံ့နှံ့သွားခဲ့ပြီး စစ်ဧကရာဇ်များကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ သို့သော် သွေးတောင်ပံ၏အင်အားစုက အလွန်အစွမ်းထက်သောကြောင့် အခြားမျိုးနွယ်များပူးပေါင်းလိုက်လျှင်ပင် အနိုင်ရရန် မလွယ်ကူပေ။ ထို့အပြင် သွေးတောင်ပံ၏လက်အောက်ခံ စစ်ဧကရာဇ်များတွင် အဖိုးတန်ချပ်ဝတ်များ တပ်ဆင်ထားသကဲ့သို့ တစ်ဦးချင်းခွန်အားကလည်း သာမန်စစ်ဧကရာဇ်များထက် သာလွန်ပေသည်။
စစ်ဧကရာဇ်အချို့ကမူ သွေးစုပ်သူကို လျစ်လျူရှုကာ နတ်ဆိုးကျမ်းစာများကို စတင်ကူးယူလိုက်ကြသည်။ ကျမ်း၁၂စောင်ကို မှတ်တမ်းတင်ထားသော ကျောက်စာထံမှ ပြိုင်ဘက်ကင်းနတ်ဆိုးကျင့်စဥ်ဟူသော ဆွဲဆောင်အားကြောင့် သူတို့က အသက်နှင့်ရင်း၍ စွန့်စားရန် တုံ့ဆိုင်းမနေခဲ့ပေ။ အချို့က ထိုစကားလုံးများကို အလွတ်ကျက်မှတ်လိုက်ကြသော်လည်း အလွန်ထူးဆန်းသော မှော်ဘာသာစကားဖြစ်သောကြောင့် အနည်းငယ်သာ မှတ်မိနိုင်ခဲ့ပြီး ခဏအတွင်း ပြန်လည်မေ့လျော့သွားကြသည်။ စာရွက်များနှင့် အခြားအရာများပေါ်တွင် ကူးယူထားသော စာလုံးများကလည်း လျင်မြန်စွာ ပျောက်ကွယ်ကုန်သည်။
"မင်းတို့က မြို့ဝန်ရဲ့အမိန့်ကို ဖီဆန်ချင်တာလား။ သတ်ကြစမ်း"
သွေးစုပ်သူက ထိုအုပ်စုကို မြင်သောအခါ ဒေါသတကြီး အမိန့်ပေးလိုက်သောကြောင့် သူ၏နောက်လိုက်များက ချက်ချင်းချီတက်သွားကြသည်။ တစ်ဖက်မှ စစ်ဧကရာဇ်များကလည်း ပြန်လည်တိုက်ခိုက်လာသောကြောင့် ပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်သွားခဲ့သည်။ သွေးစုပ်သူကမူ အောက်ဘက်ရှိမြင်ကွင်းကို လျစ်လျူရှုကာ ကျောက်စာကြီးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူမြင်နေရသည်မှာ မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများ၏ အိပ်မက်ဖြစ်သော နတ်ဆိုးကျမ်း၁၂စောင် ဖြစ်ပေသည်။ သွေးတောင်ပံ၏အင်အားစု လှုပ်ရှားလာသည်ကို မြင်သောအခါ မျိုးနွယ်ကြီးများမှ စစ်ဧကရာဇ်များက ချက်ချင်းနောက်ဆုတ်သွားကြသည်။ သူတို့က ဒေါသထွက်နေပြီး အနန္တရှေးဟောင်းကျောက်စာကို တပ်မက်သော်လည်း မြို့ဝန်၏အင်အားစုနှင့် မတိုက်ခိုက်ရဲသောကြောင့် နှုတ်ဆိတ်နေကြသည်။
လောင်ကျန်းသည်လည်း စိတ်ဓာတ်ကျနေခဲ့ပြီး နတ်ဆိုးကျမ်းကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးသွားရသည်။ ဤအတိုင်းဆက်လက်ဖြစ်ပွားနေလျှင် ကျောက်စာက သွေးစုပ်သူ၏လက်အတွင်း ကျရောက်သွားမည့်ပုံပေါ်သည်။ အနန္တရှေးဟောင်းကျောက်စာကို ကောင်းကင်နတ်ဆိုးမျိုးနွယ်မှလည်း အပူတပြင်း လိုအပ်နေသောကြောင့် အရေးကြီးရတနာ ဖြစ်နေခဲ့သည်။ ဆက်လက်ဖိအားပေးမည်ဆိုလျှင် ၎င်းကျောက်စာအတွက် ကောင်းကင်နတ်ဆိုးမျိုးနွယ်က မရဏကြယ်နှင့် စစ်မက်ဖြစ်ပွားနိုင်သည်။ မြို့ဝန်၏အင်အားစုက ပို၍သန်မာသောကြောင့် သူက ခြေတစ်လှမ်းဆုတ်ရန် ဆုံးဖြတ်လိုက်ပြီး သခင်ရွှမ်ယုထံ သတင်းပြန်ပို့ရပေလိမ့်မည်။ သွေးတောင်ပံ၏ဖိအားကြောင့် အခြားအင်အားစုများမှ စစ်ဧကရာဇ်တပ်ဖွဲ့များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ နောက်ဆုတ်သွားကာ အနန္တရှေးဟောင်းကျောက်စာကို အဝေးမှ လောဘစိတ်ဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"မိုရန် ဒီဧရာမကျောက်စာကြီးက ဘာလဲ"
ဖြစ်ပျက်နေသမျှကို မိုရန်က ယဲ့ချန်ထံ သတင်းပို့လာခဲ့ပြီး သူတို့က ကျောက်စာနှင့် အလွန်ဝေးကွာသောကြောင့် ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"အဲ့တာက အနန္တရှေးဟောင်းကျောက်စာ ဖြစ်နိုင်ပါတယ်"
မိုရန်က မသေမချာ ရေရွတ်လိုက်သည်။
"ဘာ နတ်ဆိုးအကျဥ်းထောင်ဘုံအလယ်က ကျောက်စာက အနန္တရှေးဟောင်းကျောက်စာဆိုရင် ငါ့လက်ထဲက ဘာများလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်တစ်ဝါးအရွယ်ရှိ ကျောက်စာကို ထုတ်ယူစစ်ဆေးလိုက်သည်။ ၎င်းကို မည်သည့်ကုန်ကြမ်းဖြင့် ပြုလုပ်ထားကြောင်း မသိရဘဲ အိုဟောင်းကာ ကျိုးပဲ့နေခဲ့သဖြင့် သက်တမ်းက အလွန်ကြာညောင်းနေပြီဖြစ်သည်။ သို့သော်လည်း ၎င်း၏မျက်နှာပြင်က ဗလာဖြစ်နေပြီး ဒဏ္ဍာရီလာနတ်ဆိုးကျမ်းကို မှတ်တမ်းတင်ထားခြင်း မရှိပေ။ ရှဲ့ချောင်သည် လိမ်လည်ခဲ့ပြီး ဧရာမကျောက်စာကြီးက အစစ်အမှန်ဖြစ်နိုင်သော်လည်း ယဲ့ချန်သည် တစ်ခုခုမှားယွင်းနေကြောင်း ကောက်ချက်ချလိုက်၏။ ရှဲ့ချောင်၏မူလအကြံအစည်အရ အောင်မြင်မည်ကို အပိုင်တွက်ထားသောကြောင့် အကယ်၍ သူ၏ရုပ်ခန္ဓာသာ သိမ်းပိုက်ခံလိုက်ရလျှင် ရှဲ့ချောင်က ကျောက်စာအစစ်ကို ကိုယ်နှင့်မကွာ ဆောင်ထားပေလိမ့်မည်။ ထို့ကြောင့် လက်တစ်ဝါးအရွယ် ကျောက်စာကသာ အစစ်အမှန်ဖြစ်နိုင်ပြီး ဧရာမကျောက်စာကြီးက အတုဖြစ်နိုင်ပေသည်။ ပျောက်ဆုံးသွားသော မှော်လက်စွပ်အကြောင်း တွေးမိလိုက်သောအခါ ယဲ့ချန်က သတိကြီးကြီးထားနေခဲ့ပြီး ရှဲ့ချောင်၏အကြံက ဤမျှနှင့်မပြီးသေးကြောင်း နားလည်လိုက်သည်။ ကျောက်စာအတုဖြင့် စစ်ဧကရာဇ်များကို ဆွဲဆောင်ပြီးနောက် ရှဲ့ချောင် ဆက်လုပ်မည့်အရာက အန္တရာယ်များနိုင်သောကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသင့်သည်။
"သွားကြစို့"
သူက မိုရန်၊ ကျိရန်ရွယ်နှင့် ကျိရန်တို့ငါးယောက်ကို လောဆော်တိုက်တွန်းလိုက်ပြီး တိုက်ပွဲများကို ရှောင်ရှားကာ နတ်ဆိုးအကျဥ်းထောင်ဘုံမှ ထွက်ခွာရန်အတွက် အလျင်မြန်ဆုံး ခရီးဆက်လိုက်ကြသည်။
သွေးစုပ်သူက ကျောက်စာ၏အောက်ခြေတွင် မတ်တပ်ရပ်နေပြီး ထောင်ချီမြင့်မားသော ကျောက်စာကြီးကို မော့ကြည့်လိုက်သောအခါ တအံ့တသြ ဖြစ်နေခဲ့သည်။ ၎င်းတွင် အစွမ်းထက်နတ်ဆိုးချီများ ပြည့်နှက်နေကာ နတ်ဆိုးကျမ်းစာ၌ ဆန်းကျယ်မှုများ ဖြစ်ပေါ်နေသည်။ သူက မျက်လုံးများမှိတ်၍ နတ်ဆိုးချီကို အာရုံခံကာ ဉာဏ်အလင်းပွင့်စေရန် ကြိုးပမ်းလိုက်သည်။ သူက ကျောက်စာအနီးသို့ ရောက်သောအခါ ၎င်းက ရုတ်တရက် အနီရောင်အလင်းများတောက်ပလာပြီး အစွမ်းထက်အရှိန်အဝါတစ်ရပ်က သူ့ကို လွှမ်းခြုံသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
သွေးစုပ်သူ၏မျက်နှာက ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အနီရောင်အလင်း၏ ချုပ်နှောင်မှု ခံလိုက်ရသည်။
"သခင်လေး အဆင်ပြေရဲ့လား"
အဆင့်တစ်ဆယ် စစ်ဧကရာဇ်များက ရုတ်တရက်ဆန်လွန်းသော အဖြစ်ကြောင့် စိုးရိမ်တကြီး ပြေးလာကြသော်လည်း သွေးစုပ်သူကို မကယ်တင်နိုင်ခင် အနီရောင်အလင်းကြောင့် လွင့်ထွက်သွားကြသည်။
"ဟား ဟား နောက်ဆုံးတော့ ပြန်လည်ရှင်သန်နိုင်ပြီ။ အရူးတွေ ငါက အနန္တရှေးဟောင်းကျောက်စာကို တကယ်ပေးမယ်လို့ ထင်နေကြတာလား။ ငါ့ဝိညာဥ်က ကျောက်စာကို နှစ်ပေါင်းခြောက်ရာကျော် လေ့လာပြီးတဲ့နောက်မှာ နတ်ဆိုးတာအိုကို ထိတွေ့နိုင်ခဲ့ပြီ။ သင့်တော်တဲ့ ရုပ်ခန္ဓာတစ်ခုသာ ရလိုက်ရင် ပြန်အသက်ရှင်ဖို့က လွယ်လွန်းတယ်"
ရှဲ့ချောင်၏ ကြမ်းတမ်းအက်ကွဲသော ရယ်သံကြီးက နတ်ဆိုးအကျဥ်းထောင်ဘုံတစ်ခွင်မှ ထွက်ပေါ်လာခဲ့လေသည်။