← Chapters

ကောက်ကျစ်ယုတ်မာသော ညီအစ်ကိုများ

Vol. 51 Ch. 712

ကောက်ကျစ်ယုတ်မာသော ညီအစ်ကိုများ

Vol. 51 Ch. 712

"အစ်ကို ငါတို့ ပြန်တွေ့ကြပြီ"

ထွက်ပေါ်လာသော ပုံရိပ်က ရှဲ့ချောင်ကို ပြုံးပြလိုက်သည်။ သူ၏ရုပ်ရည်က ရှဲ့ချောင်နှင့် ဆင်တူသော်လည်း ပို၍ငယ်ရွယ်ချောမောပြီး အသားအရေက မိန်းမများ မနာလိုရလောက်သည်အထိ နူးညံ့ဖြူဖွေးနေသည်။ သူက လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသောကြောင့် ဝတ်ရုံရှည်က လေထဲတွင် တဖြတ်ဖြတ်လွင့်နေခဲ့သည်။ သူရဲကောင်းတစ်ယောက်ဟန်ပန်နှင့် ထွက်ပေါ်လာသူကြောင့် စစ်ဧကရာဇ်များက မင်သက်သွားကြသော်လည်း လက်ရှိမြို့ဝန်ဖြစ်ကြောင်း ချက်ချင်းသိရှိသွားကြသည်။ လက်ရှိမြို့ဝန် သွေးတောင်ပံနှင့် မြို့ဝန်ဟောင်းရှဲ့ချောင်က နောက်ဆုံးတွင် ရင်ဆိုင်တွေ့နေကြပြီဖြစ်သည်။

"မြို့ဝန် ရောက်လာပြီ"

သွေးတောင်ပံကိုမြင်သောအခါ သူတို့အားလုံးက စိတ်အေးသွားကာ ပျော်ရွှင်နေကြသည်။ မြို့ဝန်ကိုယ်တိုင် ဤဘုံအတွင်း ဝင်ရောက်လာပြီဖြစ်ကာ ကြယ်သခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သောကြောင့် မြို့ဝန်ဟောင်းကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ ရှဲ့ချောင်က သူ့ကိုမြင်သောအခါ မျက်နှာတစ်ခုလုံး မည်းနက်သွားကာ အေးစက်စက်မေးလိုက်သည်။

"မင်း ဘယ်လိုဝင်လာတာလဲ"

"မင်းမသေခင်မှာ အနန္တရှေးဟောင်းကျောက်စာကို အသုံးချပြီး နတ်ဆိုးအကျဥ်းထောင်ဘုံကို တည်ဆောက်ခဲ့တယ်။ နှစ်ပေါင်းခြောက်ရာတောင် ကြာသွားပြီး မင်းက နတ်အစေခံနဲ့ ကြယ်သခင်တွေကိုတားမြစ်ဖို့ အစီအရင် ခင်းကျင်းထားခဲ့တယ်။ ဒီလောက်အချိန်တွေရတာတောင် ဝင်ဖို့နည်းလမ်းရှာမတွေ့နိုင်ရင် ငါက အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့"

သွေးတောင်ပံက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

"ဒါဆိုရင် မင်းက ဘာလုပ်ဖို့ ဝင်လာတာလဲ"

ရှဲ့ချောင်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသည်။

"မင်းက အနန္တရှေးဟောင်းကျောက်စာကို ဘယ်မှာကွယ်ဝှက်ထားတယ်ဆိုတာကို ငါ မသိဘူး။ မင်းကိုယ်တိုင် စိတ်လိုလက်ရထုတ်လာတဲ့ အချိန်အထိ ငါက စိတ်ရှည်ရှည်နဲ့ စောင့်ရတာပေါ့ကွာ"

"ဒါဆိုရင် မင်းရဲ့သားကို ဘာကြောင့်စေလွှတ်လိုက်တာလဲ။ ငါက သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်ပြီ။ မင်းက သူ့အသက်ကို အရေးမစိုက်ဘူးလား"

ရှဲ့ချောင်က အံကြိတ်နေပြီး သွေးတောင်ပံကို ရန်သူတော်ကြီးပမာ စိုက်ကြည့်နေရင်း နှာခေါင်းရှုံ့လိုက်၏။

"ဟား ဟား ငါ့သားအရင်းဆိုရင်တောင် အနန္တရှေးဟောင်းကျောက်စာအတွက် စတေးရမှာ တန်ပါတယ်။ ဒါပေမယ့် ကံဆိုးတာက ငါ့သား မဟုတ်ဘူး"

သွေးတောင်ပံက အလွန်ရယ်ရသော ပြက်လုံးတစ်ခု ကြားလိုက်ရသည့်ပမာ ခေါင်းမော့၍ ရယ်မောနေခဲ့သည်။ သူ၏စကားကြောင့် ရှဲ့ချောင်က မျက်မှောင်ကြုတ်သွားကာ တစ်ခုခုကို တွေးမိလိုက်သဖြင့် မျက်နှာပျက်သွားခဲ့သည်။

"မင်းကို ငါ လုပ်ကြံခဲ့တဲ့အချိန်မှာ မရီးက သွေးစုပ်သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတယ်။ ဒီကောင်က မင်းရဲ့သားအရင်းဖြစ်နေတာတောင် ရုပ်ခန္ဓာကို သိမ်းပိုက်ရလောက်တဲ့အထိ ရက်စက်လှချည်လား။ သိပ်မကြာခင် သူ့ဝိညာဥ်လည်း ပျက်စီးသွားတော့မယ်။ သနားစရာကောင်းလိုက်တဲ့ ငါ့တူလေး"

"ဒီကောင်က ငါ့သား မဖြစ်နိုင်ဘူး။ မင်း ငါ့ကိုလိမ်နေတာ"

ရှဲ့ချောင်က မယုံနိုင်ဟန်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ယုံတာမယုံတာက မင်းသဘောပါ။ ငါကတော့ တူဝရီးဆိုတဲ့ ဆက်ဆံရေးကြောင့် သူ့ကို ကောင်းကောင်းမွန်မွန်ထားခဲ့ပေမယ့် အဖေအရင်းက သတ်လိုက်တယ်။ တော်တော်သနားစရာကောင်းတယ်"

သွေးတောင်ပံက ဆက်တိုက်ရန်စရန် ကြိုးစားနေခဲ့သည်။

"ငါ မင်းကို သတ်ပစ်မယ်"

ရှဲ့ချောင်က စိတ်မထိန်းနိုင်တော့သဖြင့် တိုက်ခိုက်ရန် ခုန်ဝင်လာခဲ့သည်။ ဤနှစ်ယောက်က အချင်းချင်းတိုက်ခိုက်နေကြသောအခါ ယဲ့ချန်က သက်ပြင်းချလိုက်မိသည်။ ရှဲ့ချောင်က ဉာဏ်များသော်လည်း သွေးတောင်ပံ၏လှည့်ကွက်အတွင်း ဝင်ရောက်သွားကာ ညီအစ်ကိုအချင်းချင်း ကောက်ကျစ်လှည့်စားနေကြသဖြင့် လူကောင်းများ မဟုတ်ပေ။ သူ့အတွက် ဤနှစ်ယောက် အချင်းချင်းသတ်နေသည်က ဝမ်းသာစရာဖြစ်သည်။

"သွားကြစို့။ အခုက ထွက်ပြေးဖို့ အချိန်ကောင်းပဲ"

ယဲ့ချန်က မိုရန်တို့ကိုဦးဆောင်ကာ ထွက်ပေါက်ထံ ဦးတည်လိုက်သည်။ ထိုနေရာကို သွေးမြူခိုးများ ဖုံးကွယ်ထားသော်လည်း အခွင့်အရေးတစ်ခုရှာဖွေ၍ ထွက်ပြေးနိုင်ချေရှိသည်။ ကောင်းကင်တွင် ရှဲ့ချောင်နှင့် သွေးတောင်ပံက အပြင်းအထန်တိုက်ခိုက်နေကြပြီး သွေးတောင်ပံသည် ဤဘုံအတွင်း ဖိနှိပ်ခံထားရကာ ခွန်အားအစစ်အမှန်ကို မထုတ်ဖော်နိုင်သော်လည်း အထက်စီးမှ တိုက်ခိုက်နေသောကြောင့် ကြိုတင်တွက်ချက်ထားပြီး ဖြစ်ပုံပေါ်သည်။ လက်ဝါးချက်အနည်းငယ် ဖလှယ်ပြီးနောက် သွေးတောင်ပံက ဒဏ်ရာရသွားခဲ့ပြီး သွေးစုပ်သူက သွေးနတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်သာဖြစ်၍ အားနည်းနေခဲ့သည်။ သူက အခြားစစ်ဧကရာဇ်များကို ဝါးမျိုထားသော်လည်း နတ်အစေခံအဆင့်ငါး ခွန်အားအထိသာ ပိုင်ဆိုင်နိုင်ခဲ့သည်။ အကယ်၍ သူသာ စစ်ဧကရာဇ်အားလုံးကို ဝါးမျိုနိုင်ခဲ့လျှင် သွေးတောင်ပံကို အနိုင်ယူနိုင်ပေလိမ့်မည်။ သို့သော် သူက အယောက်တစ်သိန်းကျော် ဝါးမျိုပြီးချိန်တွင် တစ်ဖက်လူ၏ တားမြစ်ခြင်းခံခဲ့ရသည်။

"ဘန်း ဘန်း ဘန်း"

ဘုံတစ်ခုလုံး တုန်ခါနေပြီး မြေပြင်က အက်ကြောင်းထင်သွားကာ တောင်များ ပြိုကျနေခဲ့သည်။

"သွေးတောင်ပံ မင်း သေရမယ်"

တစ်ဖက်လူ၏လှည့်ကွက်ကြောင့် သားအရင်းကို ကိုယ်တိုင်သတ်ခဲ့မိသော ရှဲ့ချောင်မှာ ရူးသွပ်လုနီးပါး နာကျင်ခံစားနေရသည်။

"မင်းက အားနည်းလွန်းတယ်။ ဒီဘုံက အနားယူဖို့ နေရာကောင်းလေးဖြစ်နေမှတော့ တစ်သက်လုံး နေပေတော့"

သွေးတောင်ပံက ရယ်ရယ်မောမောရှိနေသော်လည်း တစ်ဖက်လူ၏ရင်ဘတ်ကို အညှာအတာမဲ့စွာ အားကုန်ရိုက်ချလိုက်သည်။

"ဘုန်း"

ရှဲ့ချောင်၏ သွေးချပ်ဝတ်က ပြိုကွဲသွားပြီး သွေးများ အန်ထုတ်လိုက်ရသောကြောင့် တစ်ဖက်လူကို မယှဥ်နိုင်ကြောင်း သိသာသည်။

"နတ်ဆိုးတာအို သွေးဝါးမျိုခြင်း"

သူက အော်ဟစ်ကြုံးဝါးလိုက်သောအခါ ဘုံတစ်ခုလုံးရှိ သွေးမြူခိုးများအားလုံး စုဝေးလာကာ ရုပ်ခန္ဓာအတွင်း ဝင်ရောက်လာပြီးနောက် ဧရာမသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သွေးတောင်ပံ၏မျက်နှာက လေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း အနက်ရောင်ချပ်ဝတ်နှင့် တံစဥ်ရှည်ကြီးတစ်ခုကို ဆင့်ခေါ်ကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။ လူအသွင်နှင့် သားရဲအသွင်က ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအားများကြောင့် ဘုံတစ်ခုလုံး အက်ကြောင်းထင်လာသော်လည်း ထွက်ပေါက်အနီး ရောက်နေပြီဖြစ်သော ယဲ့ချန်က ဝမ်းသာမဆုံးဖြစ်နေခဲ့သည်။ ရှဲ့ချောင်၏စုပ်ယူမှုကြောင့် သွေးမြူခိုးများအားလုံး ပျောက်ကွယ်သွားသဖြင့် ထွက်ပေါက်က လုံခြုံသွားပြီဖြစ်သည်။ သူက နောက်လိုက်များကို ဦးဆောင်ကာ ထွက်ပေါက်အနီးတွင် ရပ်တန့်လိုက်စဥ် အပြင်ဘက်၌ သွေးတောင်ပံ၏ နောက်လိုက်များစွာရှိကြောင်း သိလိုက်ရသည်။ သူက ခဏတာစဥ်းစား၍ တိုက်ပွဲရလဒ်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အခြေအနေမကောင်းလျှင်လည်း ထွက်ပေါက်အတွင်းမှ ချက်ချင်းထွက်ပြေးနိုင်သည် မဟုတ်ပါလော။ ရန်သူများ သတိထားမိမည်ကို စိုးရိမ်သောကြောင့် သူက ဝိညာဥ်အသိစိတ်ကို အသုံးမပြုဘဲ မိုရန်၏ မျက်လုံးစွမ်းရည်ဖြင့် ဖြစ်ပျက်နေသမျှကို စောင့်ကြည့်ခဲ့သည်။

သွေးတောင်ပံ၏ တံစဥ်ရှည်ကြီးက သားရဲထံ ပြင်းထန်စွာ ခုတ်ပိုင်းလာခဲ့သည်။

"ဝေါင်း"

လက်တစ်ဖက်ပြတ်ထွက်သွားသောကြောင့် ၎င်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများ ပြန့်ကြဲသွားသော်လည်း ကျန်လက်တစ်ဖက်ဖြင့် သူ့ကို ကုတ်ဆွဲလိုက်သည်။ သို့သော် ၎င်း၏တိုက်ကွက်က သူ၏ချပ်ဝတ်ကိုသာ လှိုင်းထသွားစေခဲ့ပြီး ထိခိုက်မှု မဖြစ်စေခဲ့ပေ။

"နတ်စစ်သူကြီးချပ်ဝတ်"

သားရဲကြီး၏မျက်လုံးများ အဆမတန် ပြူးကျယ်သွားသည်။

"မှန်တယ်။ ဒီချပ်ဝတ်နဲ့ဆိုရင် ကြယ်သခင်တစ်ယောက်တောင် ထိုးဖောက်နိုင်ဖို့ မလွယ်ဘူး"

သွေးတောင်ပံက လှောင်ရယ်လိုက်ရင်း တံစဥ်ကို နောက်တစ်ကြိမ်ယမ်းလိုက်သောအခါ သားရဲ၏ နောက်လက်တစ်ဖက် ပြတ်ထွက်သွားပြန်သည်။

"ဝေါင်း"

သားရဲက နာကျင်စွာ အော်ဟစ်နေသော်လည်း သူက သွေးအေးစွာဖြင့် ခြေထောက်များကိုပင် ထပ်မံပိုင်းဖြတ်လိုက်ပြီး ရက်စက်စွာ ပြုံးနေခဲ့သည်။

"ရှဲ့ချောင် ငါငယ်ငယ်တည်းက မင်းနဲ့ အရာရာမှာ မယှဥ်နိုင်ခဲ့ဘူး။ ငါ့အဖေကိုယ်တိုင်က မင်းကို မျက်နှာသာပေးခဲ့ပြီး မြို့ဝန်နေရာ လွှဲပေးတဲ့အပြင် နတ်ဆိုးမျိုးနွယ်ရဲ့မိန်းမလှကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် မင်းက မြို့ဝန်နေရာနဲ့ မထိုက်တန်ဘူး။ စွမ်းအား ဉာဏ်ရည် ဘယ်နေရာမှ မင်း ငါ့ကိုမယှဥ်နိုင်ဘူး။ ငါက မှော်မြို့တော်ဝန်ဖြစ်လာရပြီး မင်းမိန်းမကလည်း ငါ့အပိုင်ဖြစ်လာရမယ်။ အနန္တရှေးဟောင်းကျောက်စာကလည်း ငါ့ရတနာဖြစ်လာပြီး ဒီဘုံက မင်းအတွက် သင်္ချိုင်းဖြစ်စေရမယ်"

သွေးတောင်ပံက ရက်စက်စွာရယ်မော၍ တံစဥ်ကြီးဖြင့် ရှဲ့ချောင်ကို ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းလိုက်၏။ ဘန်းခနဲမြည်သံနှင့်အတူ သူက နှစ်ပိုင်းကွဲထွက်သွားကာ ကောင်းကင်မှသွေးများ မိုးကဲ့သို့ ရွာကျလာခဲ့သည်။ သွေးတောင်ပံက သွေးမိုးအောက်တွင် ကျေနပ်စွာပြုံး၍ မတ်တပ်ရပ်နေခဲ့သည်။ ရှဲ့ချောင်က ပြန်လည်ရှင်သန်လာသော်လည်း ခွန်အားပြန်လည်မရနိုင်ခင် သူ့လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံလိုက်ရ၏။

ယဲ့ချန်သည် မိုရန်ထံမှ ဖြစ်ပျက်သမျှကို ကြားသိလိုက်ရသောအခါ လေးလေးနက်နက် စဥ်းစားခန်းဝင်လိုက်သည်။ ဤဝမ်းကွဲညီအစ်ကိုနှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ယှဥ်ပြိုင်လာခဲ့ကြပြီး ရှဲ့ချောင်၏သေခြင်းဖြင့် အဆုံးသတ်သွားပုံပေါ်သည်။

"ရှဲ့ချောင်က နတ်ဆိုးအကျဥ်းထောင်ဘုံထဲမှာ နှစ်ပေါင်းခြောက်ရာနေထိုင်ခဲ့ပြီး အခွင့်အရေးကို စောင့်ဆိုင်းခဲ့တယ်။ သူက ဘယ်လိုလုပ် လွယ်လွယ်လေးရှုံးမှာလဲ။ ဝိညာဥ်နှစ်ခုရှိနေတယ်ဆိုရင် တတိယမြောက်ဝိညာဥ် မရှိဘူးလို့ မပြောနိုင်ဘူး"

သူက တစ်ခုခု မှားယွင်းနေကြောင်း နားလည်လိုက်သည်။

ထိုအချိန်၌ စစ်ဧကရာဇ်များသည် နားကွဲမတတ်ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ ရှဲ့ချောင်အနိုင်ရသွားလျှင် သူတို့က ဝါးမျိုခံရမည်ဖြစ်ကာ သွေးတောင်ပံ အနိုင်ရသွားသောကြောင့် လုံခြုံသွားပြီဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အဖေအရင်းနှင့် သားအရင်းအပေါ် လှည့်ဖျားအကောက်ကြံခဲ့သော သွေးတောင်ပံ၏ရက်စက်မှုကြောင့် ကြောက်စိတ်များ ဖြစ်ပေါ်လာကြသည်။ ရှဲ့ချောင်က နှစ်ပေါင်းများစွာ အကွက်ချထားသော်လည်း တစ်ဖက်လူတူးထားသော တွင်းထဲသို့ ကိုယ်တိုင်ခုန်ချသွားသည့်ပမာ ဖြစ်နေခဲ့သည်။

ရှဲ့ချောင်က ရက်စက်ဉာဏ်များသည်ဆိုလျှင် သွေးတောင်ပံက ပို၍ကောက်ကျစ်ယုတ်မာသူဖြစ်သည်။ ဤပြိုင်ဆိုင်မှုအတွင်း မြို့ဝန်ရာထူးနှင့် ရှဲ့ချောင်၏ဇနီးကို သွေးတောင်ပံက သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ရှဲ့၏သားအရင်းဖြစ်သူကိုလည်း ဖခင်လက်ချက်ဖြင့် သေဆုံးသွားစေခဲ့သည်။ မရေမတွက်နိုင်အောင် လူသတ်ဖူးသော စစ်ဧကရာဇ်များသည်ပင် သူ၏ရက်စက်မှုကို လက်ဖျားခါရလောက်ပေသည်။

All Chapters