← Chapters

ဧရာမနတ်ဆိုးယာဥ် ရောက်ရှိလာခြင်း

Vol. 51 Ch. 714

ဧရာမနတ်ဆိုးယာဥ် ရောက်ရှိလာခြင်း

Vol. 51 Ch. 714

မိုရန်သည် ကောင်းကင်နတ်ဆိုး၏ ခြံဝန်းနှင့် မြို့ဝန်အိမ်တော်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကာ တစ်ခုခုလှုပ်ရှားလာသည်နှင့်တပြိုင်နက် ယဲ့ချန် သိနိုင်ပေလိမ့်မည်။ သူက အခန်းအတွင်း၌ လက်ဝါးအရွယ်ကျောက်စာကို ထုတ်ယူလိုက်ပြီး ၎င်းက အတုလား အစစ်လား မသေချာသော်လည်း အနည်းဆုံး ရှဲ့ချောင်၏ဝိညာဥ်တစ်ခု နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်းမှ လွတ်မြောက်လာပြီး တစ်နေရာရာ၌ ပုန်းအောင်းနေကြောင်း ခန့်မှန်းလိုက်သည်။ သူက ရှဲ့ချောင်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း တစ်ဖက်လူ ပျောက်ကွယ်နေသောအခါ စိုးရိမ်စပြုလာသည်။ သူက ကျောက်စာအတွင်း ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်ပြီး ရှဲ့ချောင်၏ဝိညာဥ်ရှိမရှိ ရှာဖွေလိုခဲ့ပြီး အခြားကမ္ဘာသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။ ထိုနေရာက အချင်းကီလိုမီတာထောင်ချီ ကျယ်ဝန်းသော နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားကာ သဲများ ကျောက်တုံးများကြား၏အလယ်တွင် ရှေးဟောင်းစာလုံးများ ထွင်းထားသည့် ကျောက်စာတစ်ချပ် ရှိနေခဲ့သည်။

ယဲ့ချန်သည် နေရာတိုင်းကို စစ်ဆေးလိုက်သော်လည်း သံသယဝင်စရာမတွေ့သောကြောင့် သန့်စင်သော နတ်ဆိုးချီများ စိမ့်ထွက်နေသည့် ကျောက်စာအောက်သို့ ဦးတည်လိုက်သည်။ နတ်ဆိုးကျမ်းစာကို ကျင့်ကြံရန်အတွက် သူက တစ်လုံးတစ်ပါဒမျှ နားမလည်သကဲ့သို့ နားလည်လျှင်ပင် အစစ်ဟု မသေချာသောကြောင့် လက်တည့်မစမ်းရဲပေ။ ရှောင်ရိသည် ထွင်ထျန်းက သူ့ကိုသင်ပေးခဲ့သော နတ်ဆိုးကျင့်စဥ်မှာ ရှေးဟောင်းကျောက်စာတစ်ချပ်မှ လာသည်ဟု ပြောဖူးသည်ကို အမှတ်ရလိုက်သောကြောင့် သူ၏ခေါင်းအတွင်း ဝိညာဥ်ပုလဲအတွင်းနေထိုင်သော အကြီးအကဲ ရောက်ရှိလာခဲ့သည်။ ထွင်ထျန်း၏အဆိုအရ ထိုကျောက်စာတွင် နတ်ဆိုးကျမ်း၁၂စောင်ရှိသကဲ့သို့ အနန္တရှေးဟောင်းကျောက်စာတွင်လည်း အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ထွင်ထျန်းပြောဖူးသော ကျောက်စာမှာ အနန္တရှေးဟောင်းကျောက်စာပင် ဖြစ်နိုင်သောကြောင့် နှစ်ပေါင်းသောင်းချီ ရှင်သန်လာသော ထိုအဘိုးကြီးက ရှဲ့ချောင်၊ သွေးတောင်ပံတို့နှင့် ပတ်သက်မှု ရှိနေနိုင်သည်။

နောက်တစ်ကြိမ်ပြန်တွေ့လျှင် ထွင်ထျန်းထံ စုံစမ်းရန် မှတ်သားထားပြီးနောက် ယဲ့ချန်က နေရာတိုင်းကို ပိုက်စိပ်တိုက် စစ်ဆေးလိုက်သော်လည်း ရှဲ့ချောင်၏ဝိညာဥ်ကို မတွေ့ခဲ့ပေ။ သူနှင့် ရှဲ့ချောင်ကြားတွင် ပဋိပက္ခဖြစ်ဖူးသော်လည်း သွေးတောင်ပံနှင့် ရှဲ့ချောင်ကြားမှ ရန်ငြှိုးလောက် နက်ရှိုင်းခြင်း မရှိချေ။ သူက ကျောက်စာကို စစ်ဆေးလိုသော်လည်း အလေးအနက်စဥ်းစားပြီးနောက် အစစ်ဟု သေချာမှသာ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

"ဆရာ နတ်ဆိုးယာဥ်ကြီး ရောက်လာပါပြီ"

အချိန်တစ်ရက် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် မိုရန် သတင်းပို့လာခဲ့သဖြင့် သူက ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်ကို စစ်ဆေးလိုက်သည်။ အဆမတန်ကြီးမားသော ယာဥ်ပျံကြီးတစ်စင်းက စကြဝဠာအတွင်းမှ ရောက်ရှိလာပြီး မရဏကြယ်အနီး ချဥ်းကပ်လာသောအခါ အရွယ်အစားက ပို၍ကြီးမားလာကာ အလွန်တရာအစွမ်းထက်ကြောင်း သိသာလာသည်။ ၎င်းက ယာဥ်ပျံဆိုသည်ထက် စစ်တပ်ကြီးတစ်ခုနှင့်ဆင်တူပြီး သတ္တုလုံးကြီးသဏ္ဍာန်ဖြစ်သော်လည်း မရဏအလင်းမျှော်စင်များစွာ တပ်ဆင်ထားသောကြောင့် ဆူးဘောလုံးကြီးနှင့် ဆင်တူနေသည်။ ၎င်းကို အစီအရင်များစွာဖြင့် ကာကွယ်ထားပြီး ရုန်းများက မျက်နှာပြင်ထက်တွင် တဖြတ်ဖြတ်လင်းလက်နေသည်ဖြစ်ရာ သူက အလွန်အံ့သြသွားရသည်။

ဤကဲ့သို့ယာဥ်ကြီးကို တည်ဆောက်ရန် ကုန်ကျစရိတ် အလွန်များပြားသောကြောင့် သာမန်ချမ်းသာသူများ မတတ်နိုင်ချေ။ အစိတ်အပိုင်းတိုင်းကို တည်ဆောက်ရာတွင် သတ္တုအမျိုးပေါင်းခုနစ်ဆယ်ကျော် ပါဝင်ပြီး တိုက်ပွဲအတွင်း၌ အစိတ်အပိုင်းခြောက်ခုအဖြစ် ခွဲထွက်နိုင်ကာ တစ်ခုချင်းစီ၏တန်ဖိုးက မရဏကြယ်ဆယ်လုံးကိုဝယ်ယူရန် လုံလောက်ပေသည်။ ဤကား တည်ဆောက်စရိတ်သာဖြစ်ပြီး တစ်ခုချင်းစီတွင် အနိမ့်ဆုံး အဆင့်နှစ်အထက် မရဏအလင်းမျှော်စင်၃၆၀ကျော် တပ်ဆင်ထားသည်။ ၎င်းကို သွေးပြည်ထောင်၏ကုန်သည်အဖွဲ့က ပိုင်ဆိုင်ထားကာ ရာချီသော နတ်ဆိုးယာဥ်ပေါင်းရာချီရှိကာ နေ့စဥ်နေ့တိုင်း စကြဝဠာအတွင်း ကုန်သွယ်ရေးပြုလုပ်သည်။ တစ်စုံတစ်ယောက်က ၎င်းနှင့် အရောင်းအဝယ်ပြုလုပ်လိုလျှင် အဆမတန် ချမ်းသာကြွယ်ဝရပေလိမ့်မည်။

ယဲ့ချန်သည် ဤကဲ့သို့ နတ်ဆိုးယာဥ်ကြီးမျိုး ပိုင်ဆိုင်ထားလျှင် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးထောင်ချီကို သတ်ဖြတ်နိုင်မည်ဟု တွေးနေမိသည်။ နှိုင်းယှဥ်ရလျှင် ပတ်ဝန်းကျင်ရှိကြယ်များမှာ ၎င်းရှေ့မှောက်တွင် အလွန်သေးငယ်နေပြီး ဝင်ဆောင့်မိလျှင် ခဏအတွင်း ပြာကျသွားနိုင်ချေရှိသည်။ သွေးပြည်ထောင်က နတ်ဆိုးယာဥ်ကြီးများစွာ ပိုင်ဆိုင်ထားသော်လည်း အခြားပြည်ထောင်များကို မကျူးကျော်သည့်အချက်ကို သူက ရှုပ်ထွေးနေခဲ့သည်။ သွေးနတ်ဆိုးများသည်လည်း အခြားမျိုးနွယ်များကဲ့သို့ ရည်မှန်းချက်ကြီးမားကာ ကြမ်းကြုတ်သူများဖြစ်သောကြောင့် ထာဝရပြည်ထောင်နှင့် ကောင်းကင်ပြည်ထောင်တွင် ဤယာဥ်ကြီးများကို ထိန်းချုပ်နိုင်သည့် ရတနာများ ရှိနေပေလိမ့်မည်။ သို့မဟုတ်လျှင် သွေးပြည်ထောင်က နေရာတိုင်းကို စစ်ပွဲဆင်နွှဲ၍ သိမ်းပိုက်သွားနိုင်ချေရှိသည်။ သူက စကြဝဠာနှင့် ပြည်ထောင်ကြီးများအကြောင်း အပေါ်ယံသာ နားလည်ထားသည်ဟု သဘောပေါက်သွားခဲ့ပြီး ၎င်းတို့၏အင်အားက တွေးနိုင်သည့် အတိုင်းအတာထက်ပင် ကျော်လွန်နေသည်။

နတ်ဆိုးယာဥ်ကြီးက မရဏကြယ်အထက် ကီလိုမီတာသောင်းချီတွင် ရပ်တန့်လိုက်ပြီး အချင်းချင်းကြားတွင် တွန်းကန်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့မဟုတ်ပါက စကြဝဠာ၏နိယာမအရ ဤဧရာမအရာကြီးနှစ်ခုက ဝင်ဆောင့်မိသွားပေလိမ့်မည်။ ထို့နောက် အလင်းတန်းများက ကြယ်မျက်နှာပြင်ပေါ်သို့ ကျဆင်းလာကာ တည်နေရာရွှေ့ပြောင်းအစီအရင်များအဖြစ် ပြောင်းလဲသွားကာ ယာဥ်ကြီးနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ကြသည်။ ထို့နောက် ယာဥ်ကြီးထံမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာကာ အစီအရင်များဘေးတွင် အစောင့်များအဖြစ် တာဝန်ထမ်းဆောင်လိုက်ကြသည်။ ယာဥ်၏ကုန်းပတ်က အလွန်ကြီးမားသော ရင်ပြင်ကြီးတစ်ခုဖြစ်ကာ သွေးမြူများရစ်ဆိုင်းနေသော်လည်း ပုံရိပ်တစ်ခု ဝေဝေဝါးဝါးထွက်ပေါ်လာကာ အသံသြသြဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ငါက နတ်ဆိုးကုန်သည်အဖွဲ့၊ တန်းဟီကြယ်အဖွဲ့အစည်းဌာနခွဲရဲ့ ခေါင်းဆောင်ဖြစ်တယ်။ အားလုံးနဲ့ အရောင်းအဝယ်လုပ်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ ယာဥ်ကြီးပေါ်ကို တက်ချင်တယ်ဆိုရင် မိစ္ဆာရွှေတစ်သိန်း ဝင်ကြေးပေးရမှာဖြစ်ပြီး မင်းမျိုးနွယ်ဝင်တစ်ယောက်က နောက်လိုက်ငါးယောက် ခေါ်ဆောင်လာနိုင်တယ်။ နတ်ဆိုးကုန်သည်အဖွဲ့ ရောင်းကျမယ့် အဖိုးတန်ရတနာတွေက မင်းတို့အားလုံးကို ကျေနပ်စေလိမ့်မယ်"

ဤခေါင်းဆောင်၏ခွန်အားက သွေးတောင်ပံနှင့် အဆင့်တူဖြစ်ပြီး သူ၏စကားကို ကြားသောအခါ အစီအရင်များရှေ့မှောက်၌ မရဏကြယ်မှ မင်းမျိုးနွယ်ဝင်များ ချက်ချင်းစုဝေးလာကြသည်။ သူတို့က ဝင်ကြေးပေးဆောင်ကာ အစီအရင်များမှတဆင့် ယာဥ်ကြီးပေါ်သို့ သူ့ထက်ငါအလုအယက် တက်သွားကြသည်။

"ဆရာ ချိုးရဲ ရောက်လာပါပြီ"

ယဲ့ချန်က ယာဥ်ကြီးပေါ်သို့ တက်ရောက်နိုင်သော အဆင့်အတန်း မပိုင်ဆိုင်ထားသော်လည်း ချိုးရဲရှိလျှင် ပြဿနာက အလိုလိုပြေလည်သွားပေလိမ့်မည်။

"ဆရာ အကုန်အသင့်ပြင်ပြီးပါပြီ"

ချိုးရဲက ခြံဝန်းအတွင်း ရောက်သောအခါ သူ့ကို အရိုအသေပေး၍ လေးစားစွာ တင်ပြလိုက်သည်။

"မိုရန်နဲ့ ငါက မင်းရဲ့အစေခံတွေအဖြစ် ဟန်ဆောင်မယ်။ နတ်ဆိုးယာဥ်ကြီးပေါ်ကို သွားကြတာပေါ့"

"ဟုတ်ကဲ့"

ယဲ့ချန်၏အမိန့်သံအဆုံးတွင် ချိုးရဲက ချက်ချင်းတုံ့ပြန်လိုက်ပြီး အရိပ်မျိုးနွယ်ဝင်များကို ချန်ထားရစ်ကာ သူတို့သုံးယောက်က အနီးဆုံး တည်နေရာပြောင်းအစီအရင်ထံ ထွက်ခွာလာခဲ့ကြသည်။ မြို့တစ်ဝက်ကို ကျော်ဖြတ်ပြီးနောက် သူတို့က အဝေးတွင် လူတစ်စုကို မြင်လိုက်ရသည်။ များပြားလှသော မင်းမျိုးနွယ်ဝင်များက တန်းစီနေကြပြီး အချို့က နောက်လိုက်အနည်းငယ်သာ ခေါ်ဆောင်လာသော်လည်း အချို့က ငါးယောက်အထိ ခေါ်ဆောင်လာ၍ အစီအရင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ယဲ့ချန်သည် မူလတွင် မိစ္ဆာရွှေတစ်သိန်းဟူသော ဝင်ကြေးကြောင့် လူအနည်းငယ်သာရှိနေမည်ဟု ထင်ထားသော်လည်း လွဲမှားသွားခဲ့သည်။ မှော်မြို့တော်တွင် ချမ်းသာသော မင်းမျိုးနွယ်ဝင်များက ဆံပင်မွေးများကဲ့သို့ ပေါများကာ အချို့ဆိုလျှင် တာအိုနတ်အဆင့် ကျင့်ကြံသူများသာဖြစ်သော်လည်း စစ်ဧကရာဇ်အစေခံများစွာနှင့် ငွေကြေးအမြောက်အများ ပိုင်ဆိုင်ထားကြသည်။

မရဏကြယ်ပေါ်တွင် နတ်ဆိုးမီးတောက်ရွှေမိုင်းတွင်းများကို ပိုင်ဆိုင်ထားသူများက အချမ်းသာဆုံးဖြစ်၍ မျိုးနွယ်ငယ်များတွင်လည်း မိုင်းတွင်းငယ်များ ပိုင်ဆိုင်ထားတတ်ကြသည်။ သူတို့က မျိုးနွယ်ကြီးများနှင့် ယှဥ်ရလောက်သည်အထိ မချမ်းသာသော်လည်း မိစ္ဆာရွှေတစ်သိန်းက ပြောပလောက်သော ပမာဏ မဟုတ်ချေ။ တစ်နေရာတွင် ကောင်းကင်နတ်ဆိုး၏နောက်လိုက်များကို တွေ့လိုက်ရပြီး ခေါင်းဆောင်လာသူမှာ ရွှေရောင်ဝတ်ရုံနှင့် နတ်အစေခံတစ်ယောက်ဖြစ်သည်။ သူ၏ပတ်ဝန်းကျင်တွင် စစ်ဧကရာဇ်အဆင့်တစ်ဆယ်များ ခြံရံထားလျက်ရှိသည်။

"ဆရာ ခေါင်းပေါ်မှာ ဦးမင်နှစ်ချောင်းပါတဲ့ကောင်က လောင်ကျန်းလို့ ခေါ်တယ်။ နတ်ဆိုးအကျဥ်းထောင်ဘုံမှာ ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကို သူ ဦးဆောင်ခဲ့တယ်။ သူက ကျုပ်တို့ကို လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့တဲ့အတွက် ဆရာ့ကို မမှတ်မိလောက်ဘူး"

မိုရန်က ယဲ့ချန်အနားကပ်ကာ တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ သို့သော် လောင်ကျန်း၏နောက်လိုက်ဖြစ်သော ရှန်းရွယ်က သူတို့၏ရုပ်သွင်များကို မြင်ဖူးသောကြောင့် ပန်းချီပုံများ ရေးဆွဲထားနိုင်သည်။ ထိုအကြောင်း တွေးမိသောအခါ နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်းမှ ရုပ်သွင်ကို မပြောင်းလဲရသေးသော ယဲ့ချန်က ထိုလူစုနှင့် ခပ်ဝေးဝေးနေရန်သာ ဆုံးဖြတ်လိုက်သည်။ လောင်ကျန်းက နတ်အစေခံရှေ့တွင် ရိုကျိုးစွာရှိနေပြီး ခဏအကြာတွင် တည်နေရာပြောင်းအစီအရင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ယဲ့ချန်တို့အလှည့် ကျရောက်လာသောကြောင့် ချိုးရဲက အစောင့်များထံ မင်းမျိုးနွယ်ဝင်အထောက်အထားနှင့် ဝင်ကြေးကို ပေးအပ်လိုက်သည်။ ထို့နောက် သူတို့က အစီအရင်အတွင်း လှစ်ခနဲ ပျောက်ကွယ်သွားကာ ရှည်လျားကျယ်ဝန်းသော လမ်းမကြီးတစ်ခုပေါ် ရောက်ရှိလာကြသည်။ ၎င်းကို သတ္တုများဖြင့် ခင်းကျင်းထားပြီး ဘေးဘယ်ညာတွင် အရောင်းအဝယ်လုပ်နေသော ကျင့်ကြံသူများနှင့် ဆိုင်ခန်းများ တည်ရှိလေသည်။

All Chapters