← Chapters

နတ်ဆိုးယာဥ်ပေါ်မှ ရတနာများ

Vol. 51 Ch. 715

နတ်ဆိုးယာဥ်ပေါ်မှ ရတနာများ

Vol. 51 Ch. 715

ယဲ့ချန်သည် မိုရန် ၊ချိုးရဲတို့နှင့်အတူ နတ်ဆိုးယာဥ်ပေါ်သို့ ရောက်လာပြီးနောက် အရာရာတိုင်းကို လေ့လာနေခဲ့သည်။ သူက ကျယ်ဝန်းသော အလုံပိတ်ခန်းမကြီးတစ်ခုအတွင်း ရောက်နေသော်လည်း အခြားအဆင့်များသို့တက်ရန် လမ်းများလည်း ရှိနေခဲ့သည်။ လမ်းဘေးဝဲယာတွင် သလင်းကျောက်များ ခင်းကျင်းထားပြီး အဆင့်မြင့်ပန်းပဲပညာဖြင့် သွန်းလုပ်ထားသော နတ်ဆိုးလက်နက်မျိုးစုံနှင့် ထူးဆန်းသော ရတနာများကို သိမ်းဆည်းထားသည်။ ၎င်းတို့ဘေးတွင် အနက်ရောင်ဝတ်ရုံဆင်တူဖြင့် နတ်ဆိုးကုန်သည်အဖွဲ့၏ဝန်ထမ်းများ စောင့်ကြပ်နေကြသည်။ အဝေးတစ်နေရာတွင် ကုန်သည်အဖွဲ့မှ ဝန်ထမ်းများနှင့် မရဏကြယ်မှ မင်းမျိုးနွယ်ဝင်များစုစည်းနေကာ အများစုက ယာဥ်ပေါ်သို့ရောက်ရောက်ချင်း ထိုနေရာသို့ ဦးတည်လိုက်ကြသည်။ သူတို့က ရတနာအချို့၏စျေးကို ညှိုနှိုင်းနေသကဲ့သို့ မင်းမျိုးနွယ်ဝင်အချို့ ကိုင်ထားသော ကြယ်သလင်းကျောက်များတွင် ပုံရိပ်များ ထင်ဟပ်နေသည်။

"ဒါက ဘာတွေရောင်းဝယ်နေကြတာလဲ"

ယဲ့ချန်က ချိုးရဲကို မေးလိုက်သည်။

"ဒါက နတ်ဆိုးမီးတောက်ရွှေ ရောင်းဝယ်နေကြတာပါ။ နတ်ဆိုးယာဥ်ကြီးရောက်လာတိုင်း မင်းမျိုးနွယ်ဝင်တွေက စုဆောင်းထားသမျှကို ရောင်းချတတ်ကြတယ်။ နတ်ဆိုးကုန်သည်အဖွဲ့ ပေးတဲ့စျေးက တရားမျှတတယ်"

ချိုးရဲက ထိုနေရာသို့ တစ်ချက်လှမ်းကြည့်ကာ ချက်ချင်းရှင်းပြလိုက်သည်။ ယဲ့ချန်က တစ်ချက်စဥ်းစား၍ ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ စကားသံများကို ကြားနိုင်စွမ်းရှိလာသည်။

"အဆင့်မြင့် နတ်ဆိုးမီးတောက်ရွှေ တန်နှစ်ဆယ်နဲ့ အဆင့်နိမ့် ရွှေ တန်သုံးရာ့ငါးဆယ် ရောင်းချချင်ပါတယ်"

မင်းမျိုးနွယ်ဝင်တစ်ယောက်က သတ္တုများစုပုံနေသော မြင်ကွင်းပါဝင်သည့် ကြယ်သလင်းကျောက်ကို မြှောက်ပြလိုက်သည်။

"အဆင့်မြင့်အတွက် မိစ္ဆာရွှေသုံးသန်း၊ အဆင့်နိမ့်အတွက် မိစ္ဆာရွှေသုံးသန်းခွဲ ပေးမယ်။ ကျေးဇူးပြုပြီး အရောင်းအဝယ်လုပ်ဖို့အတွက် ခေါင်းဆောင်လဲ့နဲ့ ဆက်သွယ်ပါ"

ဝန်ထမ်းတစ်ယောက်က သေချာစွာစစ်ဆေးပြီးနောက် ပေါက်စျေးအတိုင်း ပေးချေလိုက်သည်။

"ကောင်းပြီ"

ထိုလူက ပျော်ရွှင်စွာဖြင့် သဘောတူလိုက်၏။ အခြားနေရာများတွင် ရောင်းချလျှင် ဤစျေးနှုန်း၏ တစ်ဆယ်ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားနိုင်ချေရှိသည့်အပြင် နတ်ဆိုးကုန်သည်အဖွဲ့က လက်ငင်းငွေချေသောကြောင့်ဖြစ်သည်။ အရောင်းအဝယ်များကို လျစ်လျူရှုပြီးနောက် ယဲ့ချန်၏အာရုံက သီးသန့်ခန်းများထံ ကျရောက်သွားသည်။ အခန်းတစ်ခုတွင် မုကုန်းက ခေါင်းဆောင်တစ်ယောက်နှင့် ဆွေးနွေးနေသောကြောင် အရောင်းအဝယ်ပမာဏ ကြီးမားပုံရသည်။

"မင်းတို့စောင့်နေကြဦး။ ငါ ချက်ချင်းပြန်လာခဲ့မယ်"

မုကုန်းထံမှ အကြွေးရစရာရှိသောကြောင့် သူက ထိုသီးသန့်ခန်းထံ ဦးတည်လိုက်သည်။ အချိန်ခဏအကြာတွင် မုကုန်းက နောက်လိုက်များခြံရံ၍ ထွက်ခွာလာပြီး ယဲ့ချန်ကိုမြင်သောအခါ အံ့သြသွားသော်လည်း ရှောင်တိမ်းခြင်းမပြုပေ။ သူ၏အမြင်တွင် ယဲ့ချန်က ကြောက်စရာကောင်းပြီး ဆန်းကျယ်လွန်းသူတစ်ယောက် ဖြစ်နေခဲ့သည်။ သူက ရင်ထိတ်သွားကာ ယဲ့ချန်၏အကြွေးကို အချိန်ဆွဲချင်နေသော်လည်း တစ်ဖက်လူက ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။ ထို့အပြင် သူက ယခုလေးတင် အရောင်းအဝယ်တစ်ခု အောင်မြင်ခဲ့သောကြောင့် အကြောင်းပြချက်ပေးရန် မဖြစ်နိုင်ပေ။ မုကုန်းကို မြင်သောအခါ အခြားမင်းမျိုးနွယ်များက အချင်းချင်းတီးတိုး ဆွေးနွေးလိုက်ကြသည်။

"ဟိုမှာ မုမျိုးနွယ်ခေါင်းဆောင်မလား"

"မှော်မြို့တော်ရဲ့ ထိပ်တန်းမျိုးနွယ်သုံးခုထဲက မုမျိုးနွယ်လား"

သူတို့သည် မုမျိုးနွယ်က ကပ်ဘေးတစ်ခု ကြုံတွေ့နေရသည်ဟု သတင်းရထားသော်လည်း မှော်မြို့တော်၏ အဓိကမျိုးနွယ်ကြီးတစ်ခုနှင့် သွားရှုပ်ရလောက်သည်အထိ သတ္တိမရှိကြပေ။

"ညီလေးချန်လည်း ဒီကို ရောက်နေတာလား"

မုကုန်းက ယဲ့ချန်ထံ လျှောက်လာပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ခွန်းဆက်လိုက်သည်။ သူ၏ယဥ်ကျေးပုံကြောင့် စောင့်ကြည့်နေသူများက ကြောင်အသွားကာ မုမျိုးနွယ်ခေါင်းဆောင်ပင် ယဥ်ကျေးရသူက မည်သူဖြစ်ကြောင်း သိချင်စိတ်ဖြစ်ပေါ်လာကြသည်။ သူတို့က ယဲ့ချန်၏ရုပ်သွင်ကို စိတ်အတွင်း စွဲထင်နေအောင် မှတ်သားလိုက်ပြီး မုကုန်း၏ဆက်ဆံပုံအရ အလွန်ထူးခြားသူတစ်ယောက်ဟု သတ်မှတ်ကာ ရန်မစမိစေရန် မှတ်သားထားလိုက်ကြသည်။ ထိုလူများသာမက မုကုန်း၏နောက်လိုက်များပင် အံ့သြသွားကြသည်။ သို့သော် သူတို့၏ခေါင်းဆောင်ကိုယ်တိုင် ယဥ်ကျေးပြနေသောကြောင့် အလျင်စလိုမလုပ်ရဲသည့်အပြင် ယဲ့ချန်အား မတော်တဆ စော်ကားမိမည်ကိုလည်း ကြောက်လန့်သွားကြသည်။

"မုကုန်း မင်း တစ်ခုခုမေ့နေပြီ ထင်တယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"မမေ့ပါဘူးဗျာ။ ညီလေးချန်က အကြွေးယူဖို့ တစ်ယောက်ယောက် မလွှတ်လိုက်တော့ ကျုပ်က ဘယ်သူ့ကို သွားပေးရမလဲ မသိဘူး ဖြစ်နေတာပါ"

မုကုန်းက ပြောပြောဆိုဆိုနှင့် ခရမ်းရောင်ရွှေသုံးသောင်း ပါဝင်သော သိုလှောင်အိတ်တစ်လုံးကို ရိုရိုသေသေ ကမ်းပေးလာသည်။

"ကောင်းပြီ။ နောက်ထပ်အလုပ်ရှိရင် မင်းကို လာရှာမယ်"

ယဲ့ချန်က သိုလှောင်အိတ်ကို တစ်ချက်စစ်ဆေး၍ ခေါင်းညိတ်ပြကာ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ သူက စစ်ဧကရာဇ်တစ်ယောက်သာဖြစ်သော်လည်း အကြောက်အလန့်မရှိသောကြောင့် နတ်အစေခံအဆင့် မုကုန်းကို အလေးမထားပုံပေါ်နေသည်။ ထို့အပြင် အရာရာကိုသိနေသော တစ်ဖက်လူကြောင့် နောက်ကွယ်၌ အဖွဲ့အစည်းကြီးတစ်ခုရှိရမည်ဟု မုကုန်းက ယုံကြည်နေသည်။

"ခေါင်းဆောင် သူက ဘယ်သူလဲ"

မုမျိုးနွယ်ဝင်တစ်ယောက်သည် သူ၏ခေါင်းဆောင်ကို ရိုင်းပြစွာ ဆက်ဆံသွားသော စစ်ဧကရာဇ်အကြောင်း သိချင်စိတ် မထိန်းနိုင်သဖြင့် စပ်စုလိုက်သည်။

"သူက အရေးကြီးဧည့်သည်တစ်ယောက်ပဲ။ အနာဂတ်မှာ သူ့ကို ရန်မစမိဖို့ သတိထားကြ"

"ဟုတ်ကဲ့"

မုကုန်းက အေးစက်စက် သတိပေးလိုက်သောအခါ နောက်လိုက်များအားလုံး ခေါင်းငုံ့သွားကြသည်။ အဝေးရှိ မင်းမျိုးနွယ်ဝင်များမှာလည်း နတ်အစေခံတစ်ယောက်ရှေ့တွင် ရဲတင်းလွန်းသော ယဲ့ချန်ကြောင့် မင်သက်နေကြသည်။ ထို့အပြင် မုကုန်းက ဒေါသမထွက်ခဲ့သောကြောင့် တစ်ဖက်လူ၏နောက်ခံက ကြောက်မက်ဖွယ်ကောင်းနေနိုင်သည်။ သူတို့က ယဲ့ချန်အား စောင့်နေကြသည့် မိုရန်နှင့် ချိုးရဲကို ယဲ့ချန်၏အစေခံများဟု သတ်မှတ်လိုက်ကြပြီး အနာဂတ်တွင် စုံစမ်းရန် မျက်နှာအသွင်အပြင်ကို မှတ်သားထားလိုက်ကြသည်။

ယဲ့ချန်ထံတွင် နတ်ဆိုးအကျဥ်းထောင်ဘုံမှ ရလာသော ရတနာများအပြင် မိစ္ဆာရွှေသန်းခြောက်ဆယ် ရှိလာပြီဖြစ်သောကြောင့် ရတနာအချို့ ဝယ်ယူနိုင်ပေလိမ့်မည်။ သူက ရလာသမျှရတနာများကို ရောင်းပစ်ရန် ဆုံးဖြတ်ထားသောကြောင့် ပိုက်ဆံအမြောက်အများရမည်ဟု မှန်းဆထားသည်။ နတ်ဆိုးယာဥ်ကြီးပေါ်တွင် ရောင်းချနေသော ကုန်စည်များက သူ့ကို အမြင်ကျယ်သွားစေခဲ့သည်။ မရဏကြယ်၏ပိုင်နက်အတွင်းရှိသော သတ္တုအရင်းအမြစ်အချို့ ပိုင်ဆိုင်ထားသည့် ကြယ်တစ်လုံးကိုပင် ရောင်းချရန် ပြသထားသည်။ ၎င်းကိုဝယ်ယူလိုက်လျှင် သွေးပြည်ထောင်က ကြယ်သခင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကာ မည်သူမှ စော်ကားရဲမည်မဟုတ်ပေ။ သို့သော် တန်ကြေးက များပြားလွန်းပြီး မိစ္ဆာရွှေခြောက်ဘီလီယံ ဖြစ်သည်။ ထိုပမာဏဆိုလျှင် ယဲ့ချန်ပိုင်ဆိုင်ထားသော ငွေကြေးများက အနားပင် မကပ်နိုင်ချေ။

လှပသော ဘန်ရှီးမျိုးနွယ်ဝင်များကိုလည်း မိစ္ဆာရွှေသုံးသန်းဖြင့် ရောင်းချနေကာ ဧရာမလှောင်အိမ်ကြီးအတွင်း ပိတ်လှောင်ထားသည်။ သူတို့က ကိုယ်လုံးတီးဖြစ်သော်လည်း ဝိညာဥ်အသွင်ဖြစ်ကာ ဆွဲဆောင်သော အမူအရာမျိုးစုံကို လုပ်ပြနေကြသည်။ သတင်းများအရ ဤမျိုးနွယ်ဝင်များသည် ယောကျ်ားများအတွက် အိပ်ရာထဲ၌ သုခဘုံကို ပေးစွမ်းနိုင်သည်ဟု ကျော်ကြားသောကြောင့် နာမည်ကြီးရောင်းကုန်တစ်ခု ဖြစ်သည်။ ယဲ့ချန်က ၎င်းတို့ကို စိတ်မဝင်စားသော်လည်း ချိုးရဲကမူ အလွန်စိတ်ဝင်စားနေခဲ့သည်။ မင်းမျိုးနွယ်များအတွက် ဘန်ရှီးမတစ်ယောက်ပိုင်ဆိုင်ရန် အိပ်မက်ရှိထားသော်လည်း ကံမကောင်းစွာဖြင့် သူက ပိုက်ဆံအလုံအလောက် မရှိချေ။

မရဏအလင်းမျှော်စင် အဆင့်တစ်၊ နှစ်နှင့် သုံးကိုလည်း စင်မြင့်ကြီးတစ်ခုတွင် ရောင်းချရန် ပြသထားသည်။ အဆင့်သုံးအထက် မျှော်စင်များကိုမူ ကန့်သတ်ထားပြီး သွေးပြည်ထောင်၏ တော်ဝင်မိသားစုသာ ပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော် ကြယ်သခင်အထွတ်အထိပ်အဆင့်တစ်ယောက် သတိလက်လွတ်ဖြစ်နေချိန်တွင် သတ်ဖြတ်နိုင်စွမ်းရှိသော အဆင့်သုံးမျှော်စင်ကပင် ဆွဲဆောင်အား ကြီးမားလွန်းနေခဲ့သည်။ ၎င်း၏စျေးနှုန်းကလည်း ခေါင်ခိုက်နေပြီး မိစ္ဆာရွှေဘီလီယံသုံးဆယ်ဖြစ်ကာ သာမန်လူများ ငေးမောနေရပေလိမ့်မည်။ ယဲ့ချန်သည် မီတာဒါဇင်မြင့်သော အဆင့်သုံးမျှော်စင်ကိုမြင်သောအခါ ပိုင်ဆိုင်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် သူက ပိုက်ဆံအလုံအလောက်ရှိမနေသဖြင့် အဆင့်တစ်နှင့်နှစ် မျှော်စင်များထံ အကြည့်ရောက်သွားခဲ့သည်။ အဆင့်နှစ်မျှော်စင်၏စျေးနှုန်းကလည်း မိစ္ဆာရွှေတစ်ဘီလီယံဖြစ်သောကြောင့် သူ မတတ်နိုင်ခဲ့ပေ။ အဆင့်တစ်မျှော်စင်ကမူ သန်းငါးဆယ်သာဖြစ်သောကြောင့် သူက ဝယ်ယူနိုင်ပြီး နတ်အစေခံများကို သတ်ဖြတ်နိုင်သော်လည်း ပြဿနာတစ်ခုရှိနေဆဲပင်။ သွေးပြည်ထောင်က မရဏအလင်းမျှော်စင်ကို ပြည်ထောင်အပြင်သို့ ယူဆောင်ခွင့်မပြုဘဲ ခိုးထုတ်သူတိုင်းကို အမေးအမြန်းမရှိ သတ်ဖြတ်ပေလိမ့်မည်။

သွေးပြည်ထောင်က ဤမျှော်စင်များနှင့် ပတ်သက်၍ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားကာ ဝယ်ယူလိုသူ၏အဆင့်အတန်းကို ဦးစွာစစ်ဆေးမည်ဖြစ်သည်။ ထို့နောက် မျှော်စင်အကြောင်း ပုံမှန်စစ်ဆေးနေမည်ဖြစ်ကာ ပျောက်ကွယ်သွားလျှင် ကြီးလေးသော ရာဇဝတ်မှုတစ်ခု ဖြစ်သည်။ ယဲ့ချန်က ၎င်းကို ဝယ်ယူလိုက်လျှင်ပင် သွေးပြည်ထောင်အပြင်သို့ မည်သို့မည်ပုံခိုးထုတ်ရမည်ကို မသိပေ။

သူက မရဏအလင်းမျှော်စင်အပြင် ကောင်းကင်လှေကိုလည်း စိတ်ဝင်စားနေခဲ့သည်။ ၎င်းသည်လည်း သွေးပြည်ထောင်၏ အကောင်းဆုံးလက်ရာတစ်ခုဖြစ်ကာ အမျိုးအစားခြောက်မျိုး ခွဲခြားထားသည်။ သိုလှောင်အိတ်အတွင်း သိုလှောင်နိုင်သည်အထိ အရွယ်အစားကို ချုံ့ပစ်နိုင်ပြီး စကြဝဠာအတွင်း လွတ်လပ်စွာ ခရီးဆန့်နိုင်သည်။ သို့သော် ၎င်းကလည်း အလွန်စျေးကြီးပြီး စျေးအပေါဆုံးအမျိုးအစားသည်ပင် မိစ္ဆာရွှေသန်းသုံးရာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်က လက်ထဲတွင် ပိုက်ဆံများစွာမရှိသောအခါ ခေါင်းကိုက်နေရသည်။ နတ်ဆိုးယာဥ်ကြီးက ခုနစ်ရက်သာ ရပ်တန့်မည်ဖြစ်သောကြောင့် အချိန်မီငွေစုနိုင်ရန် မလွယ်ပေ။ ထို့အပြင် ရှဲ့ချောင်ထံမှ ဓားပြတိုက်လာသော ရတနာများကို ရောင်းချလိုက်လျှင် မည်သည့်စျေးရမည်ကိုလည်း မသိပေ။ လက်ရှိအနေအထားအရ သူ့အတွက် အရေးအကြီးဆုံးမှာ ဝယ်လက်တစ်ယောက်ရှာဖွေရန် ဖြစ်လေသည်။

All Chapters