← Chapters

လက်နက်များ ရောင်းချခြင်း

Vol. 51 Ch. 716

လက်နက်များ ရောင်းချခြင်း

Vol. 51 Ch. 716

ယဲ့ချန်သည် မိုရန်နှင့် ချိုးရဲကို ဦးဆောင်ကာ လက်ထဲရှိ ရတနာများရောင်းချရန်အတွက် သင့်တော်သော ဝယ်လက်အားရှာဖွေရန် ယာဥ်ကြီးပေါ်တွင် လှည့်ပတ်နေကြသည်။ ၎င်းက အလွန်ကျယ်ဝန်းပြီး ပြသခင်းကျင်းထားသော ရတနာများကလည်း မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။ ကောင်းကင်လှေနှင့် မရဏအလင်းမျှော်စင်ကဲ့သို့ ရတနာများအပြင် ထူးခြားသော သန်းချီတန် ရတနာများလည်း ရှိနေခဲ့သည်။ ယာဥ်ကြီးက နှစ်စဥ်နှစ်တိုင်း အကြိမ်တစ်ရာခန့် ကူးသန်းသွားလာ၍ ကြယ်များတွင် ရပ်နားကာ ဒေသထွက်ကုန်များကို ဝယ်ယူတတ်သည်။ ၎င်းက ရံဖန်ရံခါ အခြားပြည်ထောင်များသို့ပင် သွားရောက်ခဲ့သောကြောင့် စကြဝဠာအတွင်းမှ ကုန်ပစ္စည်းမျိုးစုံကို စုဆောင်းထားနိုင်ခဲ့သည်။

"ကောင်းကင်ငွေချပ်ဝတ်ပါလား"

ချိုးရဲသည် အဝေးတစ်နေရာရှိ သလင်းကျောက်အတွင်း သိမ်းဆည်းထားသော ချပ်ဝတ်တစ်ခုကို မြင်လိုက်ရသောအခါ အလန့်တကြား ရေရွတ်လိုက်မိသည်။ ထို့ကြောင့် ယဲ့ချန်က သတိထားမိသွားသောအခါ တစ်ချက်ကြည့်လိုက်သော်လည်း အကြည့်မလွှဲနိုင်တော့ပေ။ ၎င်းက ဒီဇိုင်းအလွန်လှပသော ချပ်ဝတ်တစ်ခုဖြစ်ပြီး ကောက်ကြောင်းများက ချောမွေ့ကာ ပုံသဏ္ဍာန်က အလွန်ထူးခြားပြီး ငွေရောင်ဖျော့ဖျော့ လင်းလက်နေသည်။ ယဲ့ချန်၏အာရုံကို ၎င်းက ဖမ်းစားသွားရသော အကြောင်းအရင်းမှာ ကျောက်စိမ်းနန်းတော်အတွင်းမှ ငွေချပ်ဝတ်နှင့် တသဝေမတိမ်း တူညီနေသောကြောင့်ဖြစ်သည်။ သူက ကြယ်သခင်တျန်းယွမ် အသုံးပြုခဲ့သော ချပ်ဝတ်ကို ကြယ်မြို့ဟောင်းထံမှ ရရှိလာခဲ့ပြီး ၎င်းက ပြင်းထန်သော တိုက်ပွဲတစ်ခု ကြုံခဲ့ရသဖြင့် အက်ကြောင်းများထင်နေ၍ အပြင်းအထန် ထိခိုက်ထားသည်။ ၎င်းက ပျက်စီးမနေလျှင် ယာဥ်ကြီးပေါ်ရှိ ရောင်းချရန်ပြသထားသော ချပ်ဝတ်နှင့် ဆင်တူနေပေလိမ့်မည်။

"ဒီချပ်ဝတ်အကြောင်း ပြောပြစမ်းပါဦး"

ယဲ့ချန်၏စိတ်ထဲတွင် တျန်းယွမ်က ထိုချပ်ဝတ်ကို မည်သည့်နေရာမှ ရလာကြောင်း စိတ်ဝင်စားနေမိသည်။

"လွန်ခဲ့တဲ့နှစ်သိန်းချီက ပန်းပဲဆရာတစ်ယောက်ဟာ သွေးပြည်ထောင်ကို သစ္စာဖောက်ပြီး ထာဝရပြည်ထောင်ကို ခိုဝင်ခဲ့တယ်။ ထာဝရပြည်ထောင်က နတ်စစ်သူကြီးချပ်ဝတ်နဲ့ ဆင်တူတဲ့ ချပ်ဝတ်တစ်မျိုး ဖန်တီးစေခဲ့တယ်။ နတ်စစ်သူကြီးချပ်ဝတ်က အလွန်အဖိုးတန်ပြီး မရဏကြယ်ရဲ့တန်ဖိုးနဲ့ဆိုရင် တစ်စုံလုံးဝယ်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ကြယ်သခင်အထွတ်အထိပ်တစ်ယောက်ရဲ့ တိုက်ကွက်ကို ခုခံပေးနိုင်တယ်"

ချိုးရဲက သိထားသမျှ ရှင်းပြလိုက်သည်။

"ဒါဆိုရင် ကောင်းကင်ငွေချပ်ဝတ်က အဲ့ဒီပန်းပဲဆရာ ဖန်တီးခဲ့တဲ့ လက်ရာလား"

"ဟုတ်ပါတယ်။ နတ်စစ်သူကြီးချပ်ဝတ် ဖန်တီးဖို့ လိုအပ်တဲ့သတ္တုတွေကို ထာဝရပြည်ထောင်မှာ ရှာမရတဲ့အတွက် သူက သတ္တုသုံးဆယ့်ငါးမျိုးကို အထူးနည်းလမ်းတစ်ခုနဲ့ပေါင်းစပ်ပြီး ကောင်းကင်ငွေသတ္တုကို ဖြစ်ပေါ်လာစေခဲ့တယ်။ ဒီချပ်ဝတ်က နတ်စစ်သူကြီးချပ်ဝတ်အောက် အားနည်းပေမယ့် ထိပ်တန်းချပ်ဝတ်တစ်ခုဖြစ်နေပြီး ထာဝရပြည်ထောင်ရဲ့ ကန့်သတ်ထုတ်ကုန်တစ်ခု ဖြစ်တယ်။ ဘယ်သူက ဒါကို ခိုးထုတ်လာခဲ့လဲ မပြောတတ်ဘူး"

ချိုးရဲက ခေါင်းညိတ်၍ ဆက်လက်ရှင်းပြလိုက်သည်။ ကောင်းကင်ငွေချပ်ဝတ်၏ သမိုင်းကြောင်းက ဤမျှနက်ရှိုင်းမည်ဟု ထင်မထားသော ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။ သူ၏လက်ထဲတွင်ရှိသော ချပ်ဝတ်ကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်း ရှာဖွေရပေလိမ့်မည်။

"ကောင်းကင်ငွေချပ်ဝတ်တစ်စုံရဲ့ တန်ဖိုးက ကောင်းကင်လှေထက်တောင် များပါသေးတယ်"

ချိုးရဲ၏စကားကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ ဤထိပ်တန်းချပ်ဝတ်နှစ်မျိုးက အလွန်စျေးကြီးသော်လည်း သွေးတောင်ပံ၌ နတ်စစ်သူကြီးချပ်ဝတ် ပိုင်ဆိုင်ထားကာ ဝယ်ယူခဲ့ခြင်းဖြစ်လျှင် ထိုလူက အဆမတန် ချမ်းသာနေရပေလိမ့်မည်။ သူက ရှဲ့ချောင်ထံမှ မြို့ဝန်ရာထူးကို လုယူခဲ့သော်လည်း ရတနာများကို နတ်ဆိုးအကျဥ်းထောင်ဘုံ၌ ကွယ်ဝှက်ထားသောကြောင့် တစ်ပြားမှရခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် သွေးတောင်ပံ၏ငွေရလမ်းက အခြားတစ်ခုဖြစ်နိုင်ကာ မရဏကြယ်၏အခြေအနေက ထင်ထားသည်ထက် ပို၍ရှုပ်ထွေးနေခဲ့သည်။

"ပျက်စီးနေတဲ့ ကောင်းကင်ငွေချပ်ဝတ်ဆိုရင် ဘယ်လောက်တန်မလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"ပျက်စီးနေတာလား။ ဒီချပ်ဝတ်မျိုးကို ကြယ်သခင်တွေသာ ဝတ်ဆင်နိုင်တဲ့အတွက် ပျက်စီးအောင်လုပ်ဖို့က ကြယ်သခင်တွေသာ တတ်နိုင်တယ်။ တကယ်လို့ ပြန်လည်ပြင်ဆင်နိုင်တဲ့ အခြေအနေအထိသာ ပျက်စီးနေရင် ကံကောင်းတယ်လို့ ပြောရမယ်။ ပြန်ပြင်လို့မရတဲ့အထိ ပျက်စီးနေရင်လည်း အရည်ဖျော်ပစ်ပြီး ကောင်းကင်ငွေကို ထုတ်ယူနိုင်တဲ့အတွက် မိစ္ဆာရွှေတစ်ဘီလီယံကျော်တော့ ရနိုင်တယ်"

ချိုးရဲက အသေအချာ တွက်ပြလိုက်သည်။ ပျက်စီးနေသော ကောင်းကင်ငွေချပ်ဝတ်တစ်ခုက ကောင်းကင်လှေတစ်စင်းမက ဝယ်ယူနိုင်စွမ်းရှိသောကြောင့် ယဲ့ချန်က နောင်တရသွားခဲ့သည်။ သူသာ ဤအကြောင်းကို သိထားလျှင် ကောင်းကင်ငွေချပ်ဝတ်ကို တစ်ပါတည်း ယူဆောင်လာမိပေလိမ့်မည်။ ၎င်းကို သာမန်သူဌေးများ မဝယ်နိုင်သော်လည်း အလွန်ကြွယ်ဝချမ်းသာသော နတ်ဆိုးကုန်သည်အဖွဲ့ကမူ တတ်နိုင်ပေသည်။ ထို့အပြင် ၎င်းက ပြန်လည်ပြင်ဆင်ရလျှင်လည်း သူက ပြင်ခကို တတ်နိုင်မည်မဟုတ်သောကြောင့် ရောင်းချပြီး ကောင်းကင်လှေနှင့် နတ်အစေခံအဆင့် ကျွန်များဝယ်ယူခြင်းက ပို၍ထိုက်တန်ပေလိမ့်မည်။

ယာဥ်ကြီးပေါ်တွင် ကျွန်ရောင်းဝယ်ရေးကလည်း အသက်ဝင်နေပြီး အများစုက စစ်ဧကရာဇ်အဆင့်များဖြစ်ကာ မျိုးနွယ်ဝင်ပေါင်းစုံဖြစ်ပြီး သီးသန့်ခန်းအတွင်း ဝင်ခွင့်ရသူများသာ နတ်အစေခံအဆင့် ကျွန်များကို ဝယ်ခွင့်ရှိသည်။ ၎င်းတို့က အလွန်စျေးကြီးပြီး မိစ္ဆာရွှေဆယ်သန်းကျော်ဖြင့် ရောင်းချသောကြောင့် အသုံးမလိုလျှင် မင်းမျိုးနွယ်ဝင်များက ဝယ်မည်မဟုတ်ချေ။ သွေးပြည်ထောင်၏နယ်စပ်ရှိ မှောင်ခိုစျေးတွင် ၎င်း၏စျေးက မိစ္ဆာရွှေငါးသန်းသာဖြစ်သော်လည်း အလွန်ဝေးကွာပြီး ခရီးစရိတ်သက်သက်ကပင် ခုနစ်သန်းရှစ်သန်း ကုန်ကျသည်။ ထို့ကြောင့် ယာဥ်ကြီးပေါ်ရှိ နတ်အစေခံကျွန်များ၏စျေးက မှောင်ခိုစျေးထက် ပိုမြင့်နေခြင်းဖြစ်သည်။ သူက သီးသန့်ခန်းအတွင်း ဝင်ခွင့်ရလျှင် ဝယ်နိုင်စွမ်းရှိသော်လည်း ချိုးရဲ၏အဆင့်က ဤမျှမြင့်မားမနေခဲ့ပေ။ မရဏကြယ်တစ်ခုလုံးတွင် မြို့ဝန်နှင့် မျိုးနွယ်ခေါင်းဆောင်များကဲ့သို့ လူနည်းစုသာ နတ်အစေခံကျွန်များကို ဝယ်ယူနိုင်ပြီး ဥပဒေအရ တင်းကြပ်စွာ ထိန်းချုပ်ထားကာ သွေးပြည်ထောင်အပြင်သို့ ခေါ်ထုတ်ခွင့်မရှိပေ။

သူတို့သုံးယောက်က နတ်ဆိုးလက်နက်များ ရောင်းချသော တည်နေရာသို့ ရောက်ရှိလာကြသည်။ မရဏကြယ်မှ ကျင့်ကြံသူများစွာက ဤနေရာတွင် စုဝေးနေကာ ကုန်သည်အဖွဲ့၏ ခေါင်းဆောင်အချို့လည်း ရှိနေသည်။ သူတို့က ရာဖြတ်များဖြစ်ကာ ရတနာ၏စျေးကို တစ်ချက်ကြည့်ရုံဖြင့် အကဲဖြတ်ပေးနိုင်ကြသည်။ ကုန်သည်အဖွဲ့က ကျယ်ပြန့်သော ကွန်ယက်တစ်ခု တည်ဆောက်ထားသောကြောင့် နတ်ဆိုးလက်နက်များ၏စျေးကို ပိုမြှင့်ပေးထားသောကြောင့် အများစုက ရောင်းချလိုနေကြသည်။

"အဆင့်ခြောက်နတ်ဆိုးလက်နက် မိစ္ဆာရွှေသုံးရာ"

"အဆင့်ခုနစ်နတ်ဆိုးလက်နက် မိစ္ဆာရွှေငါးရာ"

သွေးပြည်ထောင်၏ပန်းပဲပညာရပ်က အထွတ်အထိပ်အထိ ထွန်းကားနေသောကြောင့် လူတိုင်းတွင် နတ်ဆိုးလက်နက်များ ပိုင်ဆိုင်ထားပြီး အဆင့်နိမ့်နတ်ဆိုးလက်နက်များဆိုလျှင် တာအိုနတ်အဆင့်ကျင့်ကြံသူများပင် များစွာပိုင်ဆိုင်ထားကြသည်။ အဆင့်ကိုး နတ်ဆိုးလက်နက်တစ်ခု၏ ပေါက်စျေးက မိစ္ဆာရွှေတစ်သောင်းဖြစ်ကာ အဆင့်တစ်ဆယ်များက အနည်းငယ်စျေးပိုကြီးပြီး အနိမ့်ဆုံးစျေးက မိစ္ဆာရွှေတစ်သိန်းဖြစ်သည်။ သွေးပြည်ထောင်တွင် ငွေကြေးအဖြစ် အသုံးချသော မိစ္ဆာရွှေများကို ရယူနိုင်ရန်အတွက် ရှင်းရွှမ်က ကောင်းကင်မူလကြယ်တွင် ဝိညာဥ်သားရဲများကို မွေးမြူထားခဲ့သည်။ သူက နောက်မျိုးဆက်များအနေဖြင့် သွေးပြည်ထောင်မှ လက်နက်များဝယ်ယူနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း ထင်ရှားသည်။

နတ်ဆိုးလက်နက်များက စျေးသိပ်မရှိသော်လည်း ယဲ့ချန်၏သိုလှောင်အိတ်အတွင်း အရေအတွက်များစွာ ရှိနေခဲ့သည်။ သူက ရေတွက်ကြည့်လိုက်သောအခါ အဆင့်ကိုး လက်နက်တစ်ထောင်ကျော်နှင့် အဆင့်တစ်ဆယ် လက်နက်နှစ်ရာကျော် တွေ့လိုက်သောကြောင့် ရောင်းချလိုက်လျှင် သန်းငါးဆယ်နှင့် ခြောက်ဆယ်အကြား ရပေလိမ့်မည်။ ဤပမာဏက အလွန်များပြားပြီး သွေးတောင်ပံနှင့် မျိုးနွယ်ကြီးများမှလွဲလျှင် မရဏကြယ်၏ မင်းမျိုးနွယ်ဝင်များ ချက်ချင်းထုတ်ပေးနိုင်စွမ်း မရှိပေ။ မရဏကြယ်ပေါ်သို့ အလျင်အမြန်ငွေဝင်စေသော နည်းလမ်းအချို့ရှိကာ မိုင်းတွင်းများ တူးဖော်ရောင်းချခြင်း၊ မြို့ပြင်ထွက်၍ အမဲလိုက်ခြင်း စသည်တို့ဖြစ်သည်။ ထိုလမ်းကြောင်းများကို မျိုးနွယ်ကြီးများ ထိန်းချုပ်ထားသော်လည်း အကြွယ်ဝဆုံးမှာ မြို့ဝန်ဖြစ်သော သွေးတောင်ပံဖြစ်သည်။ သူက အခွန်အခများ၊ မြို့ဝင်ကြေးများ၊ ခရီးသွားခများစသည်တို့ကို လက်ဝါးကြီးအုပ်ထားသည်။

ယဲ့ချန်၏လက်ထဲတွင် မိစ္ဆာရွှေဆယ်သန်းကျော်ရှိပြီး မုကုန်းက ခရမ်းရောင်ရွှေသုံးသောင်းပေးခဲ့သောအခါ လက်နက်များကို ရောင်းချလိုက်လျှင် သန်းတစ်ရာနီးပါး ပိုင်ဆိုင်လာပေလိမ့်မည်။ နတ်ဆိုးအကျဥ်းထောင်ဘုံမှရလာသော သတ္တုရိုင်းများကို ရောင်းချလိုက်ပါက သန်းတစ်ရာ့ငါးဆယ် ကျော်သွားနိုင်သော်လည်း သန်းသုံးရာတန်သည့် စျေးအပေါဆုံး ကောင်းကင်လှေကိုပင် မတတ်နိုင်သေးပေ။ သို့သော် သူ၏သိုလှောင်အိတ်အတွင်း ရှဲ့ချောင်၏မှော်လက်စွပ်မှ ရယူလာသော အမည်မသိအရာများ ထောင်ချီရှိနေခဲ့ပြီး ၎င်းတို့က အဆင့်ကိုး နတ်ဆိုးလက်နက်များထက် ပို၍အဖိုးတန်သည်ဟု ခန့်မှန်းလိုက်သည်။ ဤအရာများက မှော်မြို့တော်ဝန်တစ်ယောက်၏ စုဆောင်းမှုဖြစ်သောကြောင့် အဖိုးနည်းမည် မဟုတ်ပေ။

ယဲ့ချန်က ဓားသွားပေါ်တွင် အနက်ရောင်မီးတောက်ပုံ ရေးဆွဲထားသော ဓားရှည်တစ်လက်ကို ထုတ်ယူကာ ရာဖြတ်တစ်ဦးထံ ပြသလိုက်သည်။

"အဆင့်တစ်ဆယ်လက်နက် အရည်အသွေးကောင်းတယ်၊ မိစ္ဆာရွှေသုံးသိန်းတစ်သောင်းခြောက်ထောင်"

ရာဖြတ်က ယဲ့ချန်၏ဓားရှည်ကို တစ်ချက်ကြည့်ကာ အလျင်အမြန် တန်ဖိုးဖြတ်ပေးလိုက်သည်။ အဆင့်နိမ့်လက်နက်များနှင့်ယှဥ်လျှင် အဆင့်ကိုးနှင့် တစ်ဆယ်များက ပို၍အဖိုးတန်သောကြောင့် အလေးထားနေခြင်းဖြစ်သည်။

"ခဏလောက် စောင့်ပေးပါဦး"

စျေးနှုန်းကို သိလိုက်ရန်ချိန်တွင် ယဲ့ချန်က တစ်ချက်ပြုံး၍ ဓားရှည်ကိုပြန်သိမ်းကာ လူအုပ်အတွင်းမှ တိုးထွက်လာခဲ့သည်။ ရာဖြတ်ပေးသောစျေးက မြင့်မားနေပြီဖြစ်ကာ မျှတသော်လည်း သူက မရောင်းခဲ့သောကြောင့် မိုရန်နှင့် ချိုးရဲက နားမလည်နိုင်ဖြစ်သွားကြသည်။ ထိုအချိန်တွင် သူက လူရှင်းသော ထောင့်တစ်နေရာသို့သွားရောက်ကာ စောင့်ကြည့်နေသူမရှိကြောင်း အတည်ပြုပြီးနောက် ဓားရှည်အတွင်းသို့ နတ်ဆိုးဝိညာဥ်တစ်ကောင် ပေါင်းစပ်လိုက်လေသည်။

All Chapters