လက်နက်တန်ဖိုးကို မြှင့်တင်ခြင်း
Vol. 51 Ch. 717
နတ်ဆိုးဝိညာဥ်သည် ဓားရှည်အတွင်း ဖြည်းညှင်းစွာပေါင်းစပ်သွားပြီး ၎င်း၏အရှိန်အဝါက သိပ်သည်းလာကာ အချိန်လေဟာနယ်ချီများ ပါဝင်လာခဲ့သည်။ အချိန်ခဏအကြာတွင် သူက နောက်ထပ်ရာဖြတ်တစ်ဦးထံ ၎င်းကို သွားရောက်ရောင်းချလိုက်သည်။ ထိုလူက ခပ်ဝဝအဘိုးအိုတစ်ယောက်ဖြစ်ကာ ဆံပင်မုတ်ဆိတ်များ ဖြူဖွေးနေသော်လည်း တက်ကြွစွာ အလုပ်လုပ်နေသည်။ သူက ဓားကို စစ်ဆေးလိုက်သောအခါ ယဲ့ချန်ကို တအံ့တသြဖြင့် မော့ကြည့်လာခဲ့သည်။ ကုန်သည်အဖွဲ့ကြီး၏ ရာဖြတ်တစ်ဦးဖြစ်သောကြောင့် ကြယ်အဖွဲ့အစည်းများစွာကို သွားလာဖူးသောကြောင့် ဗဟုသုတနှင့်ပြည့်စုံပြီး လက်နက်၏တန်ဖိုးကို တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။ သို့သော် သူက ဓားကိုစစ်ဆေးလိုက်သောအခါ တစ်ခုခုထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
"ကျုပ်က ဓားပေါင်းသောင်းချီ စစ်ဆေးခဲ့ဖူးပြီး ဒီဓားက အရည်အသွေးအလွန်ကောင်းတယ်။ ထုလုပ်ထားတဲ့ ကုန်ကြမ်းတွေကတင် အမြင့်ဆုံး အရည်အသွေးရှိပြီး သုံးသိန်းတစ်သောင်းအောက် စျေးမလျော့ဘူး"
ရာဖြတ်က မျက်လုံးများကျဥ်း၍ ဓားကို လက်ချောင်းဖိုင့်ဖိုင့်ဖြင့် တောက်လိုက်သောအခါ ထန်ခနဲမြည်သံတစ်ခု ကြည်လင်စွာ ထွက်ပေါ်လာသည်။ ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသော်လည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ နတ်ဆိုးဝိညာဥ်နှင့်ပေါင်းစပ်ပြီးနောက် ဓား၏စျေးနှုန်းက မည်မျှမြင့်တက်လာမည်ကို အလွန်သိချင်နေပြီဖြစ်သည်။
"ဒါပေမယ့် ဒီဓားက နည်းနည်းထူးခြားတယ်။ ဒါက ဘာတွေကိုကျော်ဖြတ်ခဲ့ရလဲ မပြောတတ်ပေမယ့် ပန်းပဲဆရာကောင်းတစ်ယောက်ရဲ့ ပြုပြင်တာ ဒါမှမဟုတ် အချိန်လေဟာနယ်ချီထဲမှာ အချိန်အကြာကြီး ထားခဲ့ခံရပုံပေါ်တယ်။ ဒီနည်းစနစ်က ထူးဆန်းပြီး ဘာလဲဆိုတာကို ကျုပ်မပြောနိုင်ပေမယ့် လက်နက်ဝိညာဥ်ကိုတောင် ပိုပြီးအစွမ်းထက်လာစေနိုင်တယ်"
ရာဖြတ်က မေးကို လက်ဖြင့်ပွတ်သပ်၍ ဓားကို အလေးအနက်စစ်ဆေးနေရင်း ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်ကာ အတွေးနက်သွားသည်။ ထို့ကြောင့် မိုရန်နှင့် ချိုးရဲသည်လည်း သိချင်စိတ်များဖြစ်ပေါ်လာခဲ့သည်။ ဓားကို နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်လိုက်သည်ကို သူတို့က မြင်ခဲ့ရပြီး သူတို့ကိုယ်တိုင်လည်း ၎င်းနှင့် ပေါင်းစပ်ထားသောကြောင့် မည်မျှအစွမ်းထက်ကြောင်း နားလည်ထားသည်။ သို့သော် ၎င်းက လက်နက်များကိုပင် ပို၍အစွမ်းထက်လာစေနိုင်သော အကြောင်းအရင်းကို မသိခဲ့ကြပေ။
"စီနီယာ ဒီဓားက ဘယ်လောက်အဖိုးတန်သလဲဆိုတာ သိချင်ပါတယ်"
ယဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူ၏လုပ်ရပ်က လက်နက်တန်ဖိုးကို များစွာမြင့်တက်သွားစေလျှင် ကောင်းကင်မူလကြယ်မှာကဲ့သို့ လက်နက်များကို ရောင်းချနိုင်ပေသည်။
"ကျုပ်ကို စီနီယာလို့ခေါ်ဖို့ မထိုက်တန်ပါဘူး။ ခေါင်းဆောင်ချော်ရည်လို့ ခေါ်နိုင်ပါတယ်။ ဒီစျေးကို ကျုပ်က အမှန်တကယ် အကဲဖြတ်မပေးနိုင်ဘူး။ မင်းက အပြင်လူတစ်ယောက်ယောက် အထူးသဖြင့် လက်နက်အကြောင်း နားလည်တဲ့သူဆိုရင် တစ်သန်းခွဲနဲ့ ရောင်းနိုင်လိမ့်မယ်။ ငါတို့ကတော့ အမြတ်ထွက်ဖို့ စီးပွားရေးလုပ်ရတာဖြစ်လို့ အများဆုံး တစ်သန်းပဲ ပေးနိုင်တယ်"
အဘိုးအိုက ခေါင်းယမ်း၍ ပေးနိုင်သည့်စျေးနှုန်းကို ပွင့်လင်းစွာ ဖြေလိုက်သည်။ တန်ဖိုးက မူလထက် သုံးဆမြင့်တက်သွားသောကြောင့် ယဲ့ချန်တို့သုံးယောက်လုံး မင်သက်သွားကြသည်။ ဤအဖြစ်က သူထင်ထားသည်ထက် ပို၍ကျော်လွန်နေပြီး အလွန်ကောင်းမွန်သော ငွေရပေါက်တစ်ခု ဖြစ်နေခဲ့သည်။ သူက ရတနာများစွာ မပိုင်ဆိုင်ထားသော်လည်း ခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးဝိညာဥ်များ မရေမတွက်နိုင်အောင်ရှိနေသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးပေါ်တွင် တစ်လုံးချင်းစီ၌ အနည်းဆုံး အရေအတွက်သန်းချီပြီး အချိန်တိုင်း တိုးပွားလာနေသည်။ ထို့အပြင် သူက တစ်ခုကို အသုံးပြုလိုက်တိုင်း ဓားပျံမှထွက်ပေါ်လာသော ကောင်းကင်ချီများက နောက်ထပ်ဝိညာဥ်များ မွေးဖွားလာစေရန် ထောက်ပံ့ပေးနေသည်။ ဓားပျံ၏မှော်ဆန်မှုက စိတ်ကူးမရလောက်အောင် ကြီးမားပြီး သူက တစ်ခါတရံတွင် ၎င်း၏အထွတ်အထိပ်အခြေအနေ၌ မည်မျှအစွမ်းထက်ခဲ့မည်ကို စဥ်းစားမိလေသည်။
"ဒါဆိုရင် တစ်သန်းနဲ့ရော င်းလိုက်ပါမယ်"
ယဲ့ချန်က အလွန်ဝမ်းသာနေသော်လည်း တည်ငြိမ်စွာပြုံး၍ သဘောတူလိုက်သည်။ ရာဖြတ်ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ငွေတစ်သန်းကို ချက်ချင်းပေးချေလိုက်သည်။ သူက အကျိုးဆောင်ခများစွာ ရမည့်အပြင် ဓား၏အရည်အသွေးက ကောင်းမွန်သောကြောင့် အခြားကြယ်အဖွဲ့အစည်းများသို့ရောက်လျှင် သုံးသန်းဖြင့် ရောင်းချနိုင်သည်။ ဤကား ကြောက်စရာကောင်းလောက်အောင် အမြတ်ထွက်ခြင်းဖြစ်သည်။ ထို့နောက် ယဲ့ချန်က ထိုနေရာမှထွက်ခွာလာကာ အမြတ်ရခဲ့သောကြောင့် မျက်နှာက ပြုံးယောင်သန်းနေသည်။
"ချိုးရဲ ဒီနေရာမှာ တစ်ယောက်ယောက် လာမနှောင့်ယှက်နိုင်တဲ့ နေရာမျိုး ရှိလား"
လမ်းပေါ်တွင် ကျင့်ကြံသူများစွာရှိနေသဖြင့် နတ်ဆိုးလက်နက်များအတွင်း ဝိညာဥ်များ ထပ်မံပေါင်းစပ်လိုနေသော ယဲ့ချန်အတွက် အခက်ကြုံနေရသည်။
"ဒီနေရာမှာ အခန်းငှားနိုင်ပြီး သုံးယောက်ခန်းတစ်ခုကို ငွေသုံးသောင်းနဲ့ တစ်ရက်စာ ငှားယမ်းနိုင်တယ်။ လူတွေအများကြီးက ကုန်သွယ်ရေးလုပ်ဖို့အတွက် ရတနာများစွာရှိနေတဲ့အတွက် တစ်ရက်တည်းနဲ့ အဆင်မပြေနိုင်ဘူး။ ပြီးတော့ ဝင်ကြေးကလည်း မြင့်မားတော့ ဘယ်သူမှ ထွက်မသွားချင်ကြဘူး"
ချိုးရဲက ရိုသေစွာ ဖြေလိုက်၏။
"ဒါဆိုရင် အခန်းတစ်ခုကို ခုနစ်ရက်စာ ငှားလိုက်"
ယဲ့ချန်က ညွှန်ကြားလိုက်သောအခါ ချိုးရဲက ခေါင်းညိတ်၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။
"ဒါက အခန်းနံပတ်ပါ"
အချိန်ခဏအကြာတွင် သူက နံပတ်၃၁၉၈၇ဟု ရေးထွင်းထားသော ကျောက်စိမ်းပြားတစ်ချပ်ကိုယူ၍ ပြန်ရောက်လာခဲ့သည်။ ၎င်းကို သွေးပြည်ထောင်၏ဘာသာစကားဖြင့် ရေးသားထားကာ ရိုးရှင်းသော်လည်း ခမ်းနားပေသည်။ လက်ရှိရောက်နေသော ခန်းမက အလုံပိတ်ဖြစ်နေသောကြောင့် ယဲ့ချန်က နားမလည်နိုင်သော်လည်း သူဦးဆောင်သည့်အတိုင်း လိုက်ပါလာခဲ့သည်။ သူက လမ်းဘေးရှိ နံရံတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး ၎င်းက အခြားနေရာများနှင့်ကွာခြားကာ အစိမ်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ယာဥ်ကြီး၏အပြင်ဘက်တွင် အတွင်းခန်းများသို့ ဝင်ရောက်နိုင်သော နံရံများရှိကြောင်း သူက ရှင်းပြလိုက်ပြီး ကျောက်စိမ်းပြားကို နံရံနှင့် ကပ်လိုက်သည်။ နံရံက အစိမ်းရောင် ပို၍တောက်ပလာပြီး တံခါးတစ်ခု ဖြည်းညှင်းစွာ ဖြစ်ပေါ်လာကာ တစ်ဒါဇင်ခန့်ရှိသော ဝန်ထမ်းများနှင့် အနားယူရန် အပြင်အဆင်များကို တွေ့လိုက်ရ၏။
သူတို့သုံးယောက်က ဧည့်ကြိုခန်းအတွင်း ဝင်လိုက်သောအခါ ကျောက်စိမ်းပြားက တုန်ခါလာပြီး နောက်ထပ်နံရံတစ်ချပ်၌ သတ္တုတံခါးတစ်ချပ် ပွင့်လာခဲ့သည်။ အတွင်းပိုင်း၌ သီးသန့်ခန်းတစ်ခုရှိပြီး နတ်ဆိုးယာဥ်ကြီးပေါ်သို့ ပထမဆုံးအကြိမ်ရောက်ဖူးသော ယဲ့ချန်နှင့် မိုရန်အတွက် အံ့သြစရာဖြစ်နေခဲ့သည်။ ၎င်းကို တည်ဆောက်ထားပုံက သြချရလောက်အောင် ထူးခြားပြီး သွေးပြည်ထောင်၏ပန်းပဲပညာ မည်မျှအဆင့်မြင့်ကြောင်း သက်သေပြနေသည်။ သူတို့က အခန်းအတွင်းရောက်သောအခါ အလွန်ကျယ်ဝန်းပြီး ခမ်းနားစွာ ပြင်ဆင်ထားကာ အိပ်ခန်းသုံးခု ၊ဧည့်ခန်းတစ်ခုနှင့် အဆောင်အယောင်ပြည့်စုံကြောင်း တွေ့လိုက်ရသည်။ နတ်ဆိုးယာဥ်ကြီးက ခုနစ်ရက်သာ ရပ်နားမည်ဖြစ်သောကြောင့် အချိန်လုနေရသဖြင့် အခန်းအတွင်းသို့ ရောက်ရောက်ချင်း ယဲ့ချန်က အဆင့်ကိုးနှင့် တစ်ဆယ် လက်နက်များကိုထုတ်ယူကာ နတ်ဆိုးဝိညာဥ်များနှင့် စတင်ပေါင်းစပ်လိုက်သည်။ ပေါင်းစပ်ပြီးသော လက်နက်များကို ကုန်သည်အဖွဲ့ကြီးထံ သွားရောက်ရောင်းချရန်အတွက် မိုရန်က တာဝန်ယူထားပြီး ချိုးရဲက အဆင့်တစ်ဆယ်လက်နက်များ ဝယ်ယူရန် တာဝန်ယူထားသည်။ သူက နတ်ဆိုးဝိညာဥ်တစ်ခုနှင့် ပေါင်းစပ်ပြီးလျှင် လက်နက်၏တန်ဖိုးက သုံးဆမြင့်တက်သွားသောကြောင့် အဆင့်တစ်ဆယ်လက်နက်များ ထပ်မံဝယ်ယူကာ အမြတ်ထွက်စေရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ နှစ်ရက်တိုင်တိုင် သူက အခန်းအောင်းနေပြီး မိုရန်နှင့် ချိုးရဲက ဝင်လိုက်ထွက်လိုက် အလုပ်များနေကာ သိုလှောင်အိတ်အတွင်းရှိ ငွေပမာဏက ကြောက်ခမန်းလိလိ များပြားလာသည်။
သုံးရက်အကြာတွင် ယဲ့ချန်က မိစ္ဆာရွှေသန်းနှစ်ရာအထိ အမြတ်ထွက်ခဲ့ပြီး ကောင်းကင်လှေတစ်စင်း ဝယ်ယူရန် လိုအပ်သည့် သန်းသုံးရာဟူသော ပမာဏနှင့် နီးကပ်လာခဲ့သည်။ ၎င်းကို ပိုင်ဆိုင်ထားလျှင် စကြဝဠာအတွင်း သွားလာနိုင်သောကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အိပ်မက်ဖြစ်သည်။ စကြဝဠာအတွင်း အဆင့်တစ်နှင့်နှစ် မျိုးနွယ်ဝင်များက သွားလာနိုင်သော်လည်း အဆင့်သုံးမျိုးနွယ်များတွင် ကြယ်သခင်များသာ ခရီးသွားနိုင်စွမ်းရှိသည်။ နတ်အစေခံအနည်းငယ်က စကြဝဠာအတွင်း ထွက်နိုင်စွမ်းရှိသော်လည်း အချိန်ခဏသာသွားလာနိုင်ပြီး သို့မဟုတ်လျှင် လေဟာနယ်အတွင်း သေဆုံးသွားနိုင်သည်။ ကောင်းကင်လှေကဲ့သို့ ဖန်တီးမှုမျိုးက အဆင့်သုံးမျိုးနွယ်များအတွက် ဤအခက်အခဲကို ဖြေရှင်းပေးနိုင်သည်။ ပို၍အရေးကြီးသည်မှာ အဆင့်နှစ်မျိုးနွယ်များ၌ပင် အလွန်ထူးခြားသော မျိုးနွယ်အနည်းငယ်သာ စကြဝဠာအတွင်း လွတ်လပ်စွာသွားနိုင်သောကြောင့် ဆယ်ကြိမ်သာ အသုံးပြုနိုင်သော ကောင်းကင်လှေက မျက်စိကျစရာဖြစ်နေခဲ့သည်။ နတ်ဆိုးယာဥ်ကြီးမထွက်ခွာခင် အချိန်ငါးရက် ကျန်သောကြောင့် ယဲ့ချန်အတွက် ငွေလုံလုံလောက်လောက် ရှာဖွေရန် လွယ်ကူပေသည်။
ယဲ့ချန်က နှစ်ရက်တိုင်တိုင် အလုပ်ကြိုးစားပြီးနောက် အနားယူရန်အတွက် တင်ပျဥ်ခွေထိုင်လိုက်စဥ် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဆိုးဝိညာဥ်နှင့် ပေါင်းစပ်လိုက်လျှင် အဆင့်ကိုးလက်နက်တစ်ခုက ငွေငါးသောင်းမှ ခြောက်သောင်းအထိ၊ အဆင့်တစ်ဆယ်လက်နက်တစ်ခုက ခြောက်သိန်းမှ ခုနစ်သိန်းအထိ တန်ဖိုးရှိလာခဲ့သည်။ ထို့ကြောင့် ပို၍အဆင့်မြင့်သော ရတနာကို နတ်ဆိုးဝိညာဥ်ပေါင်းစပ်လိုက်လျှင် တန်ဖိုး အဆမတန်မြင့်မားလာနိုင်သောကြောင့် သွေးမီးတောက်နတ်ဆိုးချပ်ဝတ်က ခေါင်းထဲသို့ ရောက်လာခဲ့သည်။ သူက အကြံကို ချက်ချင်းအကောင်အထည်ဖော်လိုက်ပြီး ချပ်ဝတ်အား ထုတ်ယူကာ အစိတ်အပိုင်းတစ်ခုချင်းစီ၌ နတ်ဆိုးဝိညာဥ်တစ်ကောင်စီ ပေါင်းစပ်ပေးလိုက်၏။ တစ်နာရီအကြာတွင် ၎င်း၏အရည်အသွေးက မြင့်တက်လာပြီး မီးတောက်များ ထွက်ပေါ်လာသည့်အပြင် အချိန်လေဟာနယ်ချီများလည်း လွှမ်းခြုံနေသောကြောင့် အလွန်ထူးခြားလာပုံရသည်။
ယဲ့ချန်သည် အကျိုးသက်ရောက်မှုများကို မသိသော်လည်း အသွင်အပြင်အရ အနည်းဆုံး ချပ်ဝတ်က ထူးခြားလာကြောင်း ပြောနိုင်သည်။ အထူးသဖြင့် ၎င်းတွင် စီးဆင်းနေသော အချိန်လေဟာနယ်ချီများ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က အချိန်လေဟာနယ်ချီများ၏ အထောက်အပံ့ကိုရလျှင် ကျင့်ကြံဆင့် မြင့်တက်လာရန် ပို၍လွယ်ကူပြီး ကြယ်သခင်တစ်ယောက်ဖြစ်လာရန် နီးကပ်လာပြီဟု ဆိုစမှတ်ရှိကြလေသည်။