လျန်ရူရွှယ်ကို ထိလို့မရဘူး…
Vol. 56 Ch. 826
“ ဒါရိုက်တာရှန်း ရှိနေမှတော့ ကျုပ် စိတ်ချပါတယ်…”
လင်းရီ ဆေးလိပ်ကို ကောက်ပစ်လိုက်ရင်း “ ကျုပ် တခြား လုပ်စရာလေးတွေ ရှိလို့ ခွင့်ပြုပါဦး ဒါရိုက်တာရှန်း…”
“ သွားလေ.. ကားလည်း ဖြည်းဖြည်းမောင်းဦး…”
လင်းရီ သူ့ကားထဲသို့ ဝင်သွားခဲ့ပြီး ရှန်းထျန်းကျိုးမှာ လင်းရီ ထွက်ခွာသွားသည်ကို ကြည့်နေရင်း မျက်ဝန်းထဲ၌ ကျေနပ်နေသည့် အကြည့်တို့က ကိန်းအောင်းနေသည်။
“ ဒီကလေးက အနာဂတ်ကျရင် အံ့ဖွယ် ဖြစ်လာမယ့်သူပဲ…”
…………………….
သုတေသန စင်တာမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ အခြား မည်သည့်နေရာမျှ မသွားတော့ပဲ ကျိုကျုံးဗီလာသို့သာ ပြန်လာခဲ့လိုက်၏။
လင်းရီ၏ ကားကို မြင်တော့ လုံခြုံရေး အစောင့်များမှ တန်းစီ၍ အလေးပြုလိုက်ကြလေသည်။
လင်းရီ ရံဖန်ရံခါ သူတို့အတွက် တမင်တကာ စီးကရက် အကောင်းစားတစ်ချို့ ဝယ်လာ၍ ပစ်ပေါက်ပေးလေ့ရှိ၏။
ဤသို့ဖြင့် ၎င်းတို့ကြားတွင် လိုက်လျောညီထွေ ရှိမှုကို ဖန်တီးထားနိုင်သည်။
သို့သော်လည်း ယနေ့ သူ အဆိုပါ လုံခြုံရေး အစောင့်များကို မြင်တော့ ခါးသီးစွာ ပြုံးလိုက်မိသည်။
လူအင်အားကတော့ များစွာရှိ၏။ သို့သော်လည်း အသုံးမဝင်ပေ။
တစ်ဖက်သူမှာ လီချူးဟန်၏ အိမ်ထဲသို့ အသံတစ်သံ မပြုဘဲ ဝင်ရောက်နိုင်သည် ဆိုတော့ ကျိုကျုံးဗီလာအတွက်လည်း ထူးမခြားနားပင်။
လုံခြုံရေး အစောင့်များနှင့် ကင်မရာတို့က နေရာတိုင်း ရှိနေသော်လည်း တစ်ဖက်သူ၏ နည်းလမ်းတို့ဖြင့် အထဲသို့ ဝင်ရောက်ရန်မှာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
“ ငါ ငိုးပဲကွာ..”
လင်းရီ ပစ်ပစ်နှစ်နှစ် ကျိန်ဆဲလိုက်၏။ သူတကယ်ကြီး အဲ့ဒီလူတွေကို အသာစီးယူပိုင်ခွင့် ပြုထားမိတာပဲ..
ကားပါကင် ထိုးပြီးနောက် လင်းရီ သူ၏ စာကြည့်ခန်းထဲသို့ နက်မှောင်သည့် အမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။
ချစ်ပ် ၃.၀ နည်းပညာကို သူ၏ ကွန်ပျူတာထဲ၌ သိမ်းဆည်းထားလေသည်။ သူ့ဘက်က ကာကွယ်မှုတစ်ချို့ ပြုလုပ်ထားသော်လည်း ကျိုးပေါက်နိုင်ချေလည်း ရှိ၏။
သို့တိုင်အောင် သူ့ ကွန်ပျူတာကို ထိသွားပြီလားဆိုတာ လင်းရီ မသေချာသေးချေ။
ကျိုးဟိုင်တစ်ခုလုံး၌ လီချူးဟန်ကဲ့သို့ အနုစိတ်သူ ဘယ်နှစ်ဦး ရှိနိုင်မည်နည်း။
ဂရုတစ်စိုက်နှင့် သေချာ စုံစမ်းစစ်ဆေးပြီးနောက် လင်းရီ ဗိုင်းရပ်အချို့ကို ရှာတွေ့သွားခဲ့သည်။
ထို့ပြင် ၎င်းတို့က ပုန်းချင်းသား ကောင်းနေကြ၏။ အကယ်၍ တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိ မရှာဖွေဘူးဆိုပါက ရှာတွေ့နိုင်ရန် မဖြစ်နိုင်ချေ။
နောက် တစ်နာရီအတွင်း လင်းရီ သူ့ကွန်ပျူတာ၏ လုံခြုံရေးကို တိုးမြင့်ပြီး မည်သည့် မှားယွင်းမှုတို့မျှ မရှိကြောင်း သေချာစေရန်အတွက် ပရိုဂရမ် အသေးစားလေး တစ်ချို့ပါ ထပ်ပေါင်း ထည့်သွင်းထားလိုက်သည်။
လီတိုဂရပ်ဖီစက်နှင့် ချစ်ပ် ၃.၀ နည်းပညာက လင်းယွမ်အုပ်စု၏ အုတ်မြစ်ဖြစ်၏။ အကယ်၍ ယခုနေရာ၌ ပြဿနာ တစ်စုံတစ်ရာ ရှိနေမည်ဆိုပါက လင်းယွမ်အုပ်စုအပေါ်သို့ သက်ရောက်လာမည့် အကျိုးဆက်မှာ နှိုင်းဆ၍ မရနိုင်အောင်ကြီးမားပေလိမ့်မည်။
သူ့ ခြေထောက်ကို ကွန်ပျူတာ စားပွဲပေါ် တင်ထားရင်း လက်ခေါင်းအုံးလုပ်လျက် မျက်လုံးမှိတ်ထားလိုက်သည်။
ထို့နောက် အတွေးများအားလုံး စိတ်ထဲပေါ်ပေါက်လာကာ ဦးနှောက်ကို စတင် အလုပ်လုပ်ခိုင်းတော့၏။
ဆန်းကြယ်သည့် တစ်ဖက်သူက သူ့ကို ပစ်မှတ်ထားနေသည်မှာ သေချာသည်။ သို့သော်လည်း ယခုကိစ္စက သူကိုယ်၌ပါမက သူ့အနီးနားဝန်းကျင်ရှိ ရင်းနှီးသူများအပေါ်သို့ပါ အကျိုးသက်ရောက်မှု ရှိလာခဲ့၏။
လီချူးဟန်နှင့် ချောင်ရှင်းတို့အပြင် ဟော်ယွမ်ယွမ်၊ ကျီချင်းရန်၊ ဝမ်ရင်းနှင့် ချင်းဟန်တို့ပါ ယခုကိစ္စထဲ ပါ၀င်ငြိစွန်းလာနိုင်လေသည်။
ကံကောင်းစွာဖြင့် တစ်ဖက်သူမှာ အချက်အလက်များကိုသာ စိတ်ဝင်စားပြီး မည်သည့် ဘောင်ကျော်မှုတို့မျှ မပြုခဲ့ချေ။
သို့သော်လည်း ထိုသူ၏ လုပ်ဆောင်ချက်ကပင် သူ့အတွက် ကြီးမားသည့် အန္တရာယ် အသိပေးချက် တစ်ခု ဖြစ်ပြီးနေချေပြီ။
ငါ ဒီကိစ္စ လေးလေးနက်နက် ကိုင်တွယ်မှ ဖြစ်မယ်…
လင်းရီ စဉ်းစားကြည့်လိုက်တော့ အာယာနဲ မစ်ဆူ တစ်ဦးတည်းကသာ ယခုလိုမျိုး လုပ်ဆောင်နိုင်သည့် အစွမ်းအစ ရှိလေသည်။
ဂိုအီချီလို့ခေါ်သည့် လူကို သံသယရှိသော်ငြား သူနှင့် အာယာနဲ မစ်ဆူက တတွဲတွဲပင်။ ထို့ပြင် မိသားစုထဲ၌ ထိုသူ၏ အဆင့်အတန်းက အာယာနဲနှင့် မနှိုင်းယှဉ်နိုင်ချေ။
ထို့ကြောင့် ယခု ကိစ္စ နောက်ကွယ်ရှိ တရားခံမှာ အာယာနဲ မစ်ဆူသာ ဖြစ်လောက်၏။
“ သေစမ်း… ဒီမိန်းမက ခုထိကို လက်မလျော့သေးဘူးပဲ…”
လင်းရီ အချိန်အကြာကြီး စဉ်းစားနေခဲ့၏။ သို့တိုင်အောင် သူ့ဘက်က ဖုန်းမခေါ်လိုက်ချေ။
အကယ်၍ သူ့ဘက်ကသာ အာယာနဲ မစ်ဆူကို အမျက်ထွက်စေမည်ဆိုပါက အရေးမသာသည့် အနေအထားသို့ ကျရောက်သွားနိုင်သည်။
ကံကောင်းစွာဖြင့် အာယာနဲ မစ်ဆူ၏ အကျင့်စရိုက်အရ သူမ မည်သည့် လွန်ကျူးသည့် ကိစ္စရပ်ကိုမျှ မကျူးလွန်သောကြောင့်သာပင်။
ထိုအကြောင်း စဉ်းစားရင်း လင်းရီ ဝမ်ရင်းထံ ဖုန်းဆက်လိုက်၏။
“ ငါခဏနေ ဧည့်သည်နဲ့ သွားတွေ့တော့မလို့…” ဝမ်ရင်း ပြုံးလိုက်ပြီး “ ဘာလို့လဲ… အစ်မရင်းကို လွမ်းနေလို့လား….”
“ ဟုတ်တယ်..” လင်းရီ ပြုံးလိုက်သည်။
“ တကယ်လို့ လွမ်းတယ်ဆိုရင် အစ်မရင်း နင့်ဆီ လာပြီးတော့ အရသာ ရှိတာလေးတွေ လုပ်ကျွေးမယ်လေ…”
“ ဒါဆို ကျွန်တော်အလုပ်ပြီးရင် အစ်မရင်းဆီ လာခဲ့လိုက်မယ်… “ လင်းရီ ပြောပြီးနောက် “ ဒါနဲ့ လတ်တလော အခြေအနေ ဘယ်လိုလဲ… အကုန်အဆင်ပြေတယ်မလား…”
“ အွန်း .. အကုန်အဆင်ပြေတယ်..” ဝမ်ရင်း ပြုံးလိုက်ပြီး “ မောင်လေးရီက အစ်မဆီ မလာတော့ အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်နေတာက လွဲရင်ပေါ့…”
ထိုစကား ကြားကြားချင်းပဲ လင်းရီ၏ ညီငယ်လေးမှာ မာန်စွယ် တငေါငေါနဲ့ ဖြစ်လာခဲ့တော့၏။
“ ဟားဟား….”
လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အစ်မရင်းကတော့ အရင်အတိုင်းပါပဲ… လူကို စကားလုံး နည်းနည်းလောက်လေးနဲ့ စိတ်ကြွလာအောင် လုပ်နိုင်တယ်…
သို့သော်လည်း ယခု လင်းရီ ဂရုစိုက်သည်က အဆိုပါ ကိစ္စ မဟုတ်ပေ။ ဝမ်ရင်းမှ အဆင်ပြေနေသည်ဆိုသောကြောင့် သူ့ဘက်ကလည်း များများစားစား တွေးတောမနေတော့ချေ။
သို့သော် သေချာလေး ဂရုတစိုက် တွေးကြည့်ပြီးနောက် သူ မလိုအပ်ပဲ စိုးရိမ်မိသွားခဲ့သည်။
ဝမ်းရင်းသူ့အပေါ် မည်မျှ မှီခိုနေသည်ကို ကြည့်ပါက အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ရှိသော် ချက်ချင်း လက်ငင်း ဖုန်းခေါ်လာပေမည်။
အချုပ်အားဖြင့် ဆိုရသော် ယခု ကိစ္စက သူ မျှော်လင့်ထားသည့်အတိုင်းပင်။
တစ်ဖက်သူက သူ့လက်ထဲရှိ အချက်အလက်များကိုသာ ပစ်မှတ်ထား ဦးတည်နေပြီး အခြား မလိုအပ်သည့် မည်သည့် ထိခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ခဲ့ချေ။
ထိုသို့ဆိုလျှင်တောင် သူ ဒီအတိုင်းတော့ လွှတ်မထားပေးနိုင်ချေ။ ဤကိစ္စကို တစ်နည်းနည်းနှင့်တော့ ကိုင်တွယ်ရမည် ဖြစ်၏။ သို့သော်လည်း သက်သေအထောက်အထား မရှိဘဲနှင့် ကိုင်တွယ်ရမည်ကတော့ အနည်းငယ် ကရိကထ များလှပေသည်။
………………….
ထိုည။ ကျိုးဟိုင်ရှိ ရှန်ရီလာ ဟိုတယ်တွင်။
ဂိုအီချီ မစ်ဆူမှာ ဆိုဖာပေါ်တွင် မျက်လုံးမှိတ်လျက်သား ထိုင်နေရင်း ဆိုခန်တာရိုကတော့ သူ့ဘေးတွင် မတ်တပ်ရပ်နေသည်။
“ ဘယ်လိုလဲ… မင်းတို့ တစ်ခုခု ရှာတွေ့ခဲ့လား…”
“ မတွေ့သေးပါဘူး…” ဆိုခန်တာရိုမှ ပြောလိုက်ပြီး
“ လင်းရီ အနားတစ်ဝိုက်မှာ ရှိတဲ့သူတွေ အကုန်လုံးက ကင်းရှင်းတယ်.. ကျုပ်တို့ဘက်က ဘာအသုံးဝင်တဲ့ အချက်အလက်ကိုမှ မရလိုက်ဘူး…” ဆိုခန်တာရိုမှ ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်တို့ဘက်က လုံရှင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကွန်ပျူတာထဲ ထိုးဖောက်ဖို့ ကြိုးစားကြည့်ပေမယ့် မအောင်မြင်ခဲ့ဘူး… သူတို့က ကာကွယ်ရေးကို တော်တော်လေး ဦးစားပေးထားပြီးတော့ သူတို့ဘက်က ကျွမ်းကျင်သူတွေရဲ့ အရည်အချင်းကလည်း တော်တော်လေးကို မြင့်တယ်.. ကျုပ်တို့လူတွေတောင် ကူကယ်ရာမဲ့တဲ့အထိပဲ…”
“ လုံရှင်းရဲ့ ကွန်ပျူတာကို ထိုးဖောက်ဖို့ ကြိုးစားတာက အသုံးဝင်လိမ့်မယ်လို့တော့ ငါမထင်ဘူး…” ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး “ သူတို့က ချစ်ပ်တွေ ထုတ်လုပ်နေတာ… ဆေးဝါးသုတေသနနဲ့ ဘာမှ မဆိုင်ဘူး… အဓိကက လင်းရီရဲ့ ကိုယ်ပိုင်ကွန်ပျူတာပဲ… အဲ့ထဲမှာ အရေးကြီးတာတွေ သေချာပေါက် ရှိနေလောက်တယ်… “
ဆိုခန်တာရိုမှ ခေါင်းညိမ့်လိုက်ပြီး “ ကျွန်တော်လည်း အဲ့လို ထင်တယ်.. ဒါကြောင့်မို့ ကျိုကျုံးဗီလာကို လူတစ်ချို့လွှတ်ပြီးတော့ သူ့ရဲ့ ကွန်ပျူတာထဲက ဒေတာတွေကို ကူးယူဖို့ ပြင်ဆင်နေပါတယ်…”
“ အင်း…. ဖြစ်နိုင်ရင်တော့ တတ်နိုင်သလောက် ဂရုစိုက်ကွာ…” ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး “ လင်းရီက တော်တော်လေး ကလိမ်ကကျစ်များတဲ့ကောင်… တကယ်လို့ ငါတို့က ဂရုမစိုက်ဘူးဆိုရင် သူ့ဘက်က သတိထားမိသွားနိုင်တယ်… ဒါကြောင့်မို့ အစွမ်းကုန် ဂရုစိုက်ရမယ်…”
“ နားလည်ပါပြီ…”
“ အဲ့တာပြီးရင် လီချူးဟန်ဆိုတဲ့ သူကိုလည်း သေချာလေး စုံစမ်းကြည့်လိုက်…”
“ ဒီနေ့ ငါ သူ့ရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တော့ အဲ့ဒီ ဆရာဝန်မက တော်တော်လေး လွှမ်းမိုးမှုရှိပြီးတော့ သူမရဲ့ သုတေသန မှတ်တမ်းတွေကလည်း တော်တော်လေး အဆင့်မြင့်တယ်… ဒါကြောင့်မို့ လင်းရီရဲ့ သုတေသန လုပ်ငန်းမှာ သူမလည်း ပါဝင်နေတယ်လို့ ခံစားနေရတယ်… ဒါကြောင့်မို့ လင်းရီနဲ့ သူမရဲ့ ကွန်ပျူတာကို သေချာလေး အာရုံစိုက်…”
“ ဟုတ်ကဲ့ပါ…”
ခွန်းတုံ့ပြန်ပြီးနောက် ဆိုခန်တာရိုမှ ထွက်ခွာတော့မည့် အချိန်တွင် ရုတ်တရက်ဆိုသလို ပြန်လှည့်လာပြီး “ မစ်ဆူဆန်… နောက်ထပ် လျန်ရူရွှယ်လို့ ခေါ်တဲ့သူကလည်း လင်းရီနဲ့ အရမ်းရင်းနီးတယ်… ဒါပေမယ့် သူမရဲ့ အထောက်အထားက နည်းနည်းလေး ထူးခြားနေတော့…. ကျုပ်တို့ စုံစမ်းလို့ အဆင်ပြေပါ့မလားမသိဘူး….”
“ မလုပ်နဲ့… ငါတို့ လျန်ရူရွှယ်ကိုတော့ ထိလို့မရဘူး… အဲ့ဒီ အမျိုးသမီးက မရိုးရှင်းဘူး…”
“ သူ့အမေက CITIC အုပ်စုရဲ့ ဥက္ကဌ… တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့မယ်ဆိုရင် လျန်မိသားစုကတောင် ဘာမှ လုပ်စရာ မလိုဘူး… သူ့အမေ ထွက်လာတာနဲ့တင် ငါတို့ မစ်ဆူအုပ်စုကို အကြီးအကျယ် အထိနာစေဖို့ လုံလောက်တယ်… ဒီတော့ ဘာပဲဖြစ်ဖြစ် သူမအပေါ်တော့ စိတ်ကူးလေးတောင် မတွေးနဲ့… အန္တရာယ် အရမ်းများတယ်…..”
“ ဟုတ်ကဲ့… နားလည်ပါပြီ….”
……………….
ထို မွန်းလွဲပိုင်းတွင် လင်းရီ တစ်အိမ်လုံးကို ရှာဖွေ မွှေနှောက် စစ်ဆေးခန်း ဝင်လေသည်။ မည်သည့် လုံခြုံရေး ကင်မရာတို့မျှ မရှိကြောင်း အတည်ပြုပြီးတော့မှ စိတ်သက်သာရာ ရစွာဖြင့် ကျီချင်းရန်ကို သွားကြိုလိုက်သည်။
“ ဘာလဲဖြစ်လို့… မျက်နှာလည်း မကောင်းဘူးကော…” ကားထဲဝင်လာခဲ့ပြီးနောက် ကျီချင်းရန်မှ မေးလိုက်သည်။
“ လတ်တလော ငါ့ဘက်ခြမ်းမှာ အခြေအနေသိပ်မဟန်ဘူး…. မင်း အိမ်ပြန်ပြီးတော့ လေးငါးရက်လောက်နေလိုက်… ငါ တစ်ယောက်တည်း ကိုင်တွယ်ရမယ့် ကိစ္စလေးတွေ ရှိတယ်…”