← Chapters

တောင်းဆိုပါတယ်နော်....

Vol. 56 Ch. 829

တောင်းဆိုပါတယ်နော်....

Vol. 56 Ch. 829

“ ဟုတ် ဟုတ်… ငါအခုပဲ ဆက်သွယ်လိုက်မယ်…”

မတ်တပ်ရပ်နေသည့် လူမှ မာကျောက် အရွယ်အစား ရှိသည့် အနက်ရောင် ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းပေါ်၌ ခလုတ်နှင့် အချက်ပြမီးများ ပါဝင်နေသည်။ အသေးစား ဆက်သွယ်ရေး ပစ္စည်း တစ်ခုအလားပင်။

သို့သော်လည်း လင်းရီ အံ့အားသင့်မိသည်က တစ်ဖက်သူမှာ သူနားမလည်သည့် ဘာသာစကားကို သုံးနှုန်း၍ ပြောဆိုနေခြင်းဖြစ်၏။

ခေါ်ဆိုမှုမှာ တစ်မိနစ်မျှပင် မကြာလိုက်ချေ။

“ သူက နာရီဝက်အတွင်း ရန်ရွှေ ဆိပ်ကမ်းမှာ တွေ့မယ်တဲ့…”

“ ရန်ရွှေဆိပ်ကမ်း… စွန့်ပစ်တာ ကြာပြီဖြစ်တဲ့ နေရာမလား….”

“ ရန်ရွှေ ဆိပ်ကမ်းက ဘယ်လိုပုံစံ ရှိလဲ ငါမသိဘူး… ဒါပေမယ့် ငါတို့ ဆုံမယ့် နေရာက အဲ့နေရာပဲ…”

“ မင်း မလိမ်ဘူးဆိုတာ ယုံပါတယ်…” လင်းရီ ပြုံးလိုက်ပြီး “ မဟုတ်ရင် သည့်ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတွေ မြည်းစမ်းခိုင်းလိုက်မှာပေါ့…”

သို့နှင့် လင်းရီသူ့ကို လက်ဝါးဖြင့် တစ်စောင်းခုတ်လိုက်ပြီး မေ့မြောသွားစေသည်။

သူ နိုးလာသည့်အချိန်၌ ဘာဆက်ဖြစ်မလဲဆိုတာ လင်းရီ မသိချေ။

သူ့အဖော်ကလည်း အလားတူပင်။

ကံဆိုးစွာဖြင့် လင်းရီ၏ ညှင်းပန်းထားမှုများကြောင့် သူတို့ နိုးထလာသည့် အချိန်၌ လူသားကမ္ဘာအစား အေးစက်သည့် မရဏငရဲ၌သာ နိုးထမှု ပြုရလောက်၏။

ထိုနှစ်ယောက်ကို ကိုင်တွယ်ပြီးနောက် လင်းရီ ဂိုဒေါင်ထံသို့ ဦးတည်လိုက်သည်။ မျက်စိဖမ်းစားနိုင်လွန်းသည့် စူပါကားများ ပေါသောနေပါလျက်နှင့် မရွေးချယ်ပဲ ထိုအစား ရှာရီကို မောင်းရင်း လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်သည်။

“ ဒီအချိန်ကြီး ဘာကိစ္စလဲ…”

လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ခုမှ ည ၁၁ နာရီပဲ ရှိသေးတာကို…”

“ ဘာပဲ ဖြစ်ဖြစ် ငါက အိပ်တော့မှာ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒီတော့ ဘာမကောင်းတဲ့ အတွေးမှ လာမတွေးနဲ့…”

“ မင်း လူကြီးလူကောင်းတစ်ယောက်ကို ဘယ်လိုပေတံတွေနဲ့ တိုင်းလိုက်တာလဲကွ … ဟမ်…” လင်းရီ ပြောလိုက်ပြီး “ အစကတော့ မင်းကို ရာထူးတိုးနိုင်မယ့် အခွင့်အရေး ပေးမလို့ကို ဒါပေမယ့် မင်းက အရမ်း စိတ်သဘောထား သေးသိမ်နေတော့…… ဘာမှ ပြောမနေတော့ပါဘူးလေ…ဒါပဲ….တာ့တာ…”

“ ဟဲ့… ဟဲ့.. ခဏလေးနေဦး… ဘယ်လို ရာထူးတိုးမယ့် ကိစ္စလဲ….”

“ တောင်းတောင်းပန်ပန်နဲ့ တောင်းဆိုမယ်ဆို ပြောပြမယ်…”

“ နင်…နင် ..... ဆုတောင်းလေ…”

“ ဒါဆို ဖုန်းချပြီ…”

“ နင်ဘာလို့ ဒီလို လုပ်နေရတာလဲ…” လျန်ရူရွှယ်မှ အော်ပြောလိုက်ပြီး “ လူကို တမင်တကာ ဒေါသထွက်အောင် လာဆွနေတာလား…..”

“ အဲ့တာ မင်းအမှားပဲလေ… ငါနဲ့လည်း ဘာမှမဆိုင်….”

“ နင် ငါ့ကို ပြောမှာလား မပြောဘူးလား….”

“ မပြောဘူး….”

“ ပြော… ပြောပြပါနော်….”

“ ဟားဟားဟား….” လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ မြို့တော်၀န်လျန် ခင်များ တော်တော်လေး စိတ်အပြောင်းအလဲ မြန်ပါလား....”

“ မြန်မြန်သာ ပြောစမ်းပါဟယ်… ဘာလဲ… လီတိုဂရပ်ဖီစက်က အောင်မြင်သွားပြီလားတဲ့…”

“ လီတိုဂရပ်ဖီစက်နဲ့ ဘာမှမဆိုင်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါ ခု ဂျပန်က အေးဂျင့်နှစ်ယောက်ကို အမှောက်သိပ်ထားတယ်… ခုသူတို့ ငါ့ဗီလာကိုးက စာကြည့်ခန်းထဲမှာ…. လာပြီးတော့ ခေါ်သွားလှည့်….”

“ ဟင်… နင်က ဂျပန် အေးဂျင့်(သူလျှို)နှစ်ယောက်ကို ဖမ်းမိထားတယ်….”

လျန်ရူရွှယ် အတန်ကြာအောင် ပြောစရာ စကား ကင်းမဲ့သွားခဲ့တော့၏။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…

“ အဲ့လူတွေက ဘာလုပ်ဖို့ ရောက်လာကြတာ… လီတိုဂရပ်ဖီ ပရောဂျက်ရဲ့ ရလဒ်တွေကို လာခိုးကြတာလား…”

“ ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတော့ ခု လောလောဆယ် ရှင်းပြလို့ မရသေးဘူး… မြန်မြန်မင်းလူတွေကို ခေါ်ပြီး ထွက်လာခဲ့လိုက်တော့… အချိန်မဖြုန်းနဲ့…”

“ အိုကေ… ငါနားလည်ပြီ.. ပြီးတဲ့အချိန် နင့်ဆီ ဖုန်းပြန် ဆက်လိုက်မယ်….”

လျန်ရူရွှယ် ကျန်သည့် အခြားအရာများကို တပ်အပ်မပြောနိုင်သော်လည်း ယခုကိစ္စက အရေးကြီးမှန်းတော့ နားလည်ပေသည်။

ဖုန်းချပြီးနောက် သူမဖုန်းထဲရှိ သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများကို ဆက်သွယ်အကြောင်းကြားကာ ယခုကိစ္စအား ကိုင်တွယ်ရန် ပြင်ဆင်လိုက်၏။

ထို့နောက် သူမ တွေ့ရာ အဝတ်အစား တစ်စုံကို ကောက်ဝတ်၍ လျင်မြန်စွာ ထွက်လာခဲ့လေသည်။

လမ်းတွင်တော့ လျန်ရူရွှယ် သူမ ကျိုးဟိုင်စရောက်ကတည်းက ဖြစ်ပျက်သွားသည်များကို ပြန်လည်ဆင်ခြင်ကြည့်လိုက်တော့ ယခုလို နိုင်ငံရေး အောင်မြင်မှု အမြောက်အမြားဖြင့် ဆိုပါက အသက်လေးဆယ် မတိုင်မီ ဗဟို အစိုးရသို့ ဝင်ရောက်နိုင်သည်ထက်ပင် အရည်အချင်း ပြည့်မှီနေသည်။

“ နင့်အပေါ် ဒီလောက်ထိ အကြွေးတင်ထားတော့ ဘယ်လိုလုပ်ပြီး လိပ်ပြာသန့်သန့်နဲ့ ဘယ်ထွက်သွားလို့ရတော့မှာလဲ…..”

…………………

မိနစ်နှစ်ဆယ်ခန့်ကြာသော် လင်းရီ ရန်ရွှေ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့၏။

လွန်ခဲ့သည့် ငါးနှစ်ခန့်ကတော့ ဤနေရာမှာ ကျိုးဟိုင်ရှိ အသေးစား သယ်ယူပို့ဆောင်ရေး နေရာလေးတစ်ခုမျှသာဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ချိတ်ဆက်ရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးပွားလာစေရန် ကျိုးဟိုင်မှ ပင်လယ်ရေကြောင်း ဆက်သွယ်ရေး ကဏ္ဍ၌ ပြုပြင်ပြောင်းလဲမှု တစ်ချို့ ပြုလုပ်ခဲ့၏။

သူတို့မှ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းတစ်ခုကို တည်ဆောက်လိုက်လေရာ ယခုနေရာမှာ စွန့်ပစ်ခံ နေရာတစ်ခု ဖြစ်လာခဲ့တော့၏။

ငါးနှစ်ကျော်လာပြီးဖြစ်သော်လည်း ယခုနေရာကို ပြုပြင်မွမ်းမံမှုတို့ မပြုလုပ်ကြချေ။ ထို့ကြောင့် လူသူ အရောက်အပေါက် နည်းပါးသည့် နေရာ တစ်ခု ဖြစ်လာခဲ့တော့၏။

ဆိပ်ကမ်းနှင့် မီတာနှစ်ရာမျှ ဝေးကွာသည့် နေရာ၌ လင်းရီ ကားရပ်တန့်လိုက်သည်။

လရောင်ကို အမှီသဟဲပြုလျက် သူ တစ်ကိုယ်တည်း ဆိပ်ကမ်းဘက်သို့ ဦးတည်လာခဲ့လိုက်၏။

မှောင်ခို ကုန်သွယ်ကြသူများပင် မလာဝံ့သည့် ယခုလို ခြောက်ခြားဖွယ် နေရာကြီးကို လင်းရီကဲ့သို့ သတ္တိကောင်းသူကသာ ညသန်းခေါင်ယံကြီး တစ်ယောက်တည်း လာဝံ့ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဆိပ်ကမ်းဘေး၌ ဆိုခန်တာရိုမှာ လက်နောက်ပစ်လျက် မတ်တပ်ရပ်နေသည်။

ယခုလို ဆိတ်ငြိမ်သည့် ည၌ လေတိုက်သံနှင့် လှိုင်းပုတ်သံတို့က သူ့အတွက်တော့ ထိတ်လန့်စရာ မဟုတ်ခဲ့‌ပေ။

“ ဟမ်….”

မူလက တည်ငြိမ်နေသည့် ဆိုခန်တာရို၏ မျက်နှာမှာ ရုတ်ချည်းဆိုသလို အေးခဲသွားတော့၏။

ပတ်ဝန်းကျင်မှာ လေလှိုင်းသံတို့ကြောင့် အနည်းငယ် ဆူညံသည်ဟု ထင်ရသော်လည်း အခြား ပြင်ပ အသံများကို သူ ကြားနေနိုင်ဆဲပင်။

“ ဟိုကောင်တွေ ခြေလှမ်းလှမ်းတာ ဒီအသံမဟုတ်ပါဘူး….”

တီးတိုးရေရွတ်ရင်း ဆိုခန်တာရို၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ထို့နောက် တစ်ဖက်သို့လှည့်၍ မြက်ခြုံနွယ်များကြား ပျောက်ကွယ်သွားခဲ့တော့သည်။

သူ၏ နှလုံးခုန်နှုန်းကိုပင် ရည်ရွယ်ချက် ရှိရှိ ဖိနှိပ် နှေးကွေးလိုက်ကာ ညနှင့် တစ်သားတည်း ဖြစ်ပေါ်လာစေသည်။

“ ပုန်းမနေနဲ့တော့… ငါမင်းကို မြင်ပြီးသွားပြီ…” လင်းရီ ပေါ့ပါးစွာ ပြောဆိုလိုက်၏။

ချုံနွယ်များ၏ လစ်လပ်နေသော နေရာမှ နှစ်မီတာ အကွာတွင် အမျိုးသားတစ်ဦး ရပ်နေသည်ကို ဆိုခန်တာရို မြင်တွေ့နေရ၏။

၎င်း၏ တည်ငြိမ်သည့် အမူအရာကို မြင်တွေ့လိုက်ရတော့ ဆိုခန်တာရို မျက်မှောင်ကြုတ်မိလိုက်သည်။

သံသယရှိရန် မလိုပဲ သူ့ကို ထိုသူက မြင်တွေ့ပြီးသွားချေပြီ။ ထို့ကြောင့် ဆက်လက် ပုန်းကွယ်နေစရာ အကြောင်း မရှိတော့ချေ။

ဆိုခန်တာရို ဖြည်းညင်းစွာ ထရင်း ချုံနွယ်များကြားထဲမှ ထွက်လာခဲ့ပြီး လင်းရီကို ကြည့်လိုက်၏။

“ မင်း ငါတို့ကို ရှာတွေ့သွားတာပဲ…”

“ ဟိုး အစကတည်းကရင် သတိထားမိနေတာ… မင်းတို့ကောင်တွေ ဒီနေ့လိုမျိုး ငါးစာဟပ်အောင် အစာချပေးခဲ့တဲ့ကောင်ကလည်း ငါပဲလေ…” လင်းရီ ပြောလိုက်ပြီး “ မင်းငါ့ အိမ်လွှတ်လိုက်တဲ့ နှစ်ယောက်လည်း ဘဝကူးသွားခဲ့ပြီ…. ခု မင်းအလှည့်ပဲ..”

“ ဆိုတော့…. မင်းက တိုက်ခိုက်တော့မယ်ပေါ့…” ဆိုခန်တာရိုမှ ဩရှစွာဖြင့် ဆိုလိုက်၏။

“ ငါ လူသတ်ရတာတွေ မုန်းတယ်… ဂိုအီချီ ဘယ်မှာ ရှိနေလဲဆိုတာကို ပြောပြမယ်ဆိုရင်တော့ မင်းကို လျော့ပေါ့ပေးဖို့ အာမခံတယ်… “

“ မစ္စတာလင်း… မင်းလာနောက်နေတာပဲ ဖြစ်ရမယ်…. ငါတို့မှာလည်း ငါတို့ ကိုယ်ပိုင် စည်းမျဉ်းတွေရှိတယ်… မင်းပြောတဲ့အတိုင်း လုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”

“ ကျွတ် …. အစကတော့ မင်းရဲ့ လူနှစ်ယောက်လည်း ဒီလေသံမျိုးနဲ့ပဲ.. ပြီးတော့ တစ်မိနစ်လေးတောင် မကြာလိုက်ဘူး…. ဝန်ခံနေကြပြီ…”

“ သေမျိုးတွေ သေရမှာက မဆန်းပါဘူး… မင်း ငါ့ကို ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် အသုံးမဝင်ဘူး….”

လင်းရီ နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး “ မင်းလို လူစားမျိုးတွေကို ငါတကယ် သဘောကျတယ်.. စကားကြီးစကားကျယ် ပြောတဲ့ကောင်တွေပေါ့…”

“ မစ္စတာလင်းကိုယ်တိုင်တောင် ဒီရောက်နေပြီးမှတော့ ကျုပ် လိုရင်းတိုရင်းပဲ ပြောတော့မယ်…”

ဆိုခန်တာရိုမှ ရယ်မောလိုက်ရင်း “ ဒီည ခင်များနဲ့ ကျုပ် တစ်ယောက်ကပဲ အသက်ရှင်နိုင်မယ်… ဒါပေါ့… တကယ်လို့ မစ္စတာလင်းဘက်က သုတေသန ရလဒ်တွေကို လွှဲပြောင်းပေးမယ်ဆိုရင်တော့ နောက် ဘယ်တော့မှ မနှောင့်ယှက်ခံရဘူးလို့ အာမခံနိုင်တယ်..”

“ မင်း စိတ်ကူး တအား ယဉ်လွန်းနေပြီ….”

“ ဒါဆိုလည်း လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့…” ဆိုခန်တာရိုမှ အားယူ၍ လင်းရီထံ ပြေးဝင်လာခဲ့သည်။

သူ လင်းရီနှင့် တစ်မီတာ အကွာအဝေးလောက်ရောက်တော့ လေပေါ်ခုန်တက်၍ မျက်နှာတည့်တည့်ကို ဆက်တိုက်ကန်လိုက်လေသည်။

လင်းရီ လက်နှစ်ဖက်ဖြင့် ကာ၍ ဆိုခန်တာရို၏ ကန်ချက်များကို ဟန့်တားပစ်လိုက်၏။

ဆိုခန်တာရို အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လင်းရီ၏ ခွန်အားက သူထင်ထားသည်ထက်ကို ကျော်လွန်နေလေသည်။

အခြေအနေ မဟန်သည်ကို မြင်တော့ ဆိုခန်တာရို လေထဲ၌ ကိုယ်ကို ရည်ရွယ်ချက်ရှိရှိ တစ်ပတ်လည်ကာ လင်းရီ၏ စည်းချက်ကို ပြေပျက်သွားစေပြီး တရစပ် နောက်ဆုတ်သွားစေခဲ့၏။

ယခုတော့ ဆိုခန်တာရိုမျှ အံ့အားသင့်သွားခြင်း မဟုတ်ပဲ လင်းရီလည်း ထပ်တူ အံ့အားသင့်မိသွားသည်။

ဒီ ငတိရဲ့ အင်အားကလည်း သူခန့်မှန်းထားတာထက် ကျော်လွန်နေတာပဲ…

အတွင်းအား မသုံးဘူးဆိုရင်တောင် မိုဟုန်ရှန်းနဲ့ နှိုင်းယှဉ်လို့ရတယ်…

ထိုအကြောင်း တွေးတောရင်း လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့၏။

“ စိတ်ဝင်စား စရာပဲ.....”

All Chapters