နင်ငါ့ကို တကယ်ကြီး မထွက်သွားစေချင်ဘူးပေါ့…
Vol. 56 Ch. 831
“ ဖြည်းဖြည်း… အား … နာတယ်ဟ….”
“ ဒါဆိုလည်း ဘာလို့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ…”
“ မင်းပြောတဲ့ သဘောက အဲ့လို ယူဆလို့ ရနေတာပဲ မဟုတ်ဘူးလား… ငါ့ကို အပြစ်လာတင်လို့ မရဘူးလေ…”
“ ငါနင့်ကို အဲ့လို မခေါ်ချင်ပါဘူး….”
“ ဟင်း… မင်းက မင်းကိုယ်မင်း ဘယ်လောက်ထိ ကံကောင်းမှန်း မသိသေးဘူးပဲ…” လင်းရီမှ နှမြောတသ ပြောဆိုရင်း “ အဲ့လိုသာဆို မင်းကို တုန်နေအောင် ချစ်မယ့် အဖေနှစ်ယောက် ရှိလာတော့မှာလေ… ကံကောင်းတာ မဟုတ်ဘူးလား…”
“ ဘာလို့လဲ… နင်က ငါ့အဖေလို သရုပ်မဆောင်ရရင် ငါ့ကို တုန်နေအောင် မချစ်နိုင်ဘူးပေါ့…”
“ ကြည့်စမ်း… ဘာတွေ လျှောက်ပြောနေတာ…. တကယ်လို့ ငါက မင်းအဖေ မဟုတ်ဘူးဆိုရင်တောင် မင်းကို တုန်နေအောင် ချစ်နေဦးမှာ…”
“ ပေါက်တတ်ကရတွေ တော်လိုက်တော့…” လျန်ရူရွှယ် မျက်စောင်းထိုးလိုက်ရင်း “ ခု အားလုံး ပြီးစီးသွားပြီဆိုတော့ တစ်နေရာမှာ ညလယ်စာ စားကြမလား…”
ကိစ္စမှာ အောင်မြင်စွာဖြင့် ဖြေရှင်းပြီးဖြစ်သော်လည်း လျန်ရူရွှယ်မှ အသေးစိတ်ကျကျ အတည်ပြုချင်နေဆဲပင်။
လင်းရီ ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်ရင်း သူ၏ အမူအရာမှာ ကပြက်ကချော် ဖြစ်မနေတော့ချေ။
“ ငါ တစ်ချို့ ဖြေရှင်းစရာလေးတွေ ကျန်နေသေးတယ်… ဒီကိစ္စက အခုလောလောဆယ် ပြီးသေးဦးမှာ မဟုတ်ဘူး..”
ပြောပြီးနောက် လင်းရီကို နာရီကိုကြည့်၍ “ မနက်တစ်နာရီတောင် ထိုးတော့မယ်… အရေးအကြောင်းတွေ မပေါ်လာစေချင်ဘူးဆို သွားပြန်အိပ်တော့..”
“ တကယ်လို့ အရေးအကြောင်းတွေ ပေါ်လာခဲ့ရင် အဲ့တာ နင့်ကြောင့်လေ…” လျန်ရူရွှယ်မှ ပြစ်တင်လိုက်ပြီး “ တကယ်လို့ နင်သာ ညဉ့်နက်ကြီး အတင်းဆွဲမခေါ်လာခဲ့ဘူးဆိုရင် အိပ်ပြီးတာ ကြာပေါ့…”
“ အဲ့တာလည်း မင်း နိုင်ငံရေး အောင်မြင်မှုတွေ ရဖို့အတွက်ပဲ မဟုတ်ဘူးလား… ဒါမှ ရာထူးတိုးနိုင်မှာလေ…”
လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်ရင်း “ တကယ်လို့ ငါသာ ရာထူးတိုးသွားခဲ့မယ်ဆိုရင် ကျိုးဟိုင်မှာ ဆက်ရှိနေနိုင်မှာ မဟုတ်တော့ဘူး…”
လင်းရီ ကြက်သေသေသွားတော့၏။ ထိုအခါမှသာ သူ ပြဿနာ တစ်ခုကို သတိပြုမိသွားခဲ့လေသည်။
“ ဒီလိုဆိုရင်ကော.. ငါဒီအကျိုးအမြတ်ကို မင့် မပေးတော့ဘူး..” လင်းရီ ပြောလိုက်ပြီး “ ခေါင်းဆောင်ချိန်ဆီ ပေးပြီးတော့မှပဲ အကူအညီ တစ်ခုခု ပြန်ယူလိုက်တော့မယ်…”
“ နင်က ငါ့ကို ထွက်မသွားစေချင်ဘူးပေါ့…”
“ ဒါပေါ့…” လင်းရီ ပြောလိုက်ပြီး “ ကျိုးဟိုင်က ဒီလောက်ကောင်းတာကြီးကို… တောင်တန်းတွေလည်း ရှိတယ်… မြစ်တွေလည်း ပေါတယ်… ပြီးတော့ ငါလည်း ရှိတယ်…”
“ ကျွတ်… တောင်တန်းတွေရှိတာလည်း ကောင်းပါတယ်.. မြစ်တွေပေါတာလည်း ကောင်းပါရဲ့… ဒါပေမယ့် နင်ကတော့ လူကောင်းမဟုတ်ပါဘူး…”
“ အား.... မင်းစကားတွေက အရမ်းရင့်သီးလွန်းတယ်… ငါဘယ်လိုလုပ်ပြီး တုန်နေအောင် ချစ်ပေးရတော့မှာ…”
“ လစ် လစ်… နင့်ဘာနင် လုပ်စရာရှိတာ …….”
ကလင် ကလင် ကလင်….
လျန်ရူရွှယ် စကားမဆုံးမီ လင်းရီ ဖုန်းသံ မြည်လာခဲ့၏။
လျန်ရူရွှယ် ခေါင်းငဲ့စောင်းလျက် လင်းရီကို ကြည့်လိုက်သည်။
ဒီအချိန်ကြီး ဖုန်းခေါ်လာတယ်ဆိုတော့ ဘယ် ဘားက မိန်းကလေးဖြစ်လောက်လဲ…
လင်းရီ ဖုန်းထုတ်ကြည့်လိုက်တော့ ချောင်ရှင်း၏ နံပါတ်ဖြစ်နေကြောင်း သတိပြုမိလိုက်၏။
“ ချောင်ရှင်းလား ……”
“ အစ်ကိုရီ … ဒါရိုက်တာလီ အစ်ကို့နေရာကို လာခဲ့သေးလား…” ချောင်ရှင်း၏ လေသံမှာ စိုးရိမ်ပူပန်မှုတို့ အနည်းငယ် ရောစွက်နေသည်။
“ မလာပါဘူး…” လင်းရီပြောရင်းဖြင့် မကောင်းသည့်ခံစားချက်တို့က ရင်ဘက်ထဲ တဖြည်းဖြည်း ပျံ့နှံ့လာကာ “ ဘာလဲဖြစ်လို့… မင်းတို့ နှစ်ယောက်လုံး ဟိုတယ် အတူမပြန်ကြဘူးလား…”
“ ဒါရိုက်တာလီနဲ့ ညီမ ဒီနေ့ နေ့ဆိုင်းကျတာ…. ဒါပေမယ့် အလုပ်များနေတော့ ညရှစ်နာရီ ကျော်လောက်အထိ ဟိုတယ် မပြန်ဖြစ်သေးဘူး… ညဆယ့်တစ်နာရီ ရေမိုးချိုးပြီး ညီမတို့လည်း အနားယူတော့မလို့ပဲ… ဒါပေမယ့် အဲ့ဒီအချိန် ဒါရိုက်တာလီရဲ့ ဖုန်းက ရုတ်တရက်ကြီး အသံမြည်လာတယ်… ဖုန်းဖြေပြီးတာနဲ့ ဒါရိုက်တာလီရဲ့ အမူအရာက ပြောင်းသွားပြီး ညီမကို ဟိုတယ်အရင် ပြန်နှင့်တဲ့… ဒါပေမယ့် ညီမ ဟိုတယ်ရောက်ပြီး ဖုန်းခေါ်ကြည့်တော့ ကိုင်လည်း မကိုင်ဘူး… ပြန်လည်း မဖြေဘူး… အငွေ့ပျံသွားသလိုပဲ..ညီမအရမ်း စိတ်ပူနေပြီ…”
“ မပူနဲ့… ငါ ခု သူမကို သွားရှာလိုက်မယ်…”
“ အစ်ကိုရီ… နင် ဒါရိုက်တာလီကို သေချာပေါက် တွေ့အောင် ရှာရမယ်နော်…”
“ ငါသိတယ်…”
လင်းရီ ဖုန်းချပြီးနောက် လီချူးဟန်ထံ ဖုန်းခေါ်ကြည့်လိုက်၏။
မျှော်လင့်ထားသည့် အတိုင်း တစ်ဖက်မှ ဖုန်းမကိုင်ချေ။
“ ဘာဖြစ်တာလဲတဲ့…”
လင်းရီ အမူအရာ မမှန်သည်ကို မြင်တော့ လျန်ရူရွှယ် မေးမြန်းလိုက်၏။
“ ငါ့ကို စုန်ရှင်းဥယျာဉ် အဆောက်အဦး ခြောက်နား တစ်ဝိုက်က ညခြောက်နာရီ နောက်ပိုင်း ကင်မရာ မှတ်တမ်းတွေ တစ်ချက် စစ်ဆေးပေးဦး..”
“ ကောင်းပြီလေ… ဒါနဲ့ ဘာလဲဖြစ်တာ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါတို့က ဘာကို ရှာပေးရမှာ….”
“ မင်း နှလုံး အထူးကုဌာနက ဒါရိုက်တာလီကို သိတယ်မလား… သူမ ဒီည အိမ်ပြန်မလာဘူး… ပျောက်သွားတယ် ထင်ရတယ်..”
“ ဟင်…ဘာလို့ အဲ့လိုမျိုး ဖြစ်သွားခဲ့တာလဲတဲ့….”
တဒင်္ဂမျှ ရှော့ခ်ရသွားခဲ့ပြီးနောက် လျန်ရူရွှယ် မယုံကြည်နိုင်စွာ တုံ့ပြန်လိုက်ပြီး
“ ယုတ္တိရှိရှိ ပြောရရင် ကျိုးဟိုင်က လုံခြုံရေးနဲ့ ဒီလို ကိစ္စမျိုး မဖြစ်လာသင့်ဘူး…”
“ မဖြစ်နိုင်တာ မရှိဘူး..” လင်းရီ လမ်းလျှောက်ရင်း ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ်… ငါ့ကိုသာ အရင် ရှာပေးစမ်းပါ…”
“ နားလည်ပြီ….”
လင်းရီ တစ်ခြား ဘာမျှ မပြောဘဲ ကားထဲဝင်၍ လီချူးဟန်အိမ်သို့ ဦးတည်လိုက်၏။
ကျိုးဟိုင်၏ နံနက် အစောပိုင်း လမ်းမထက်၌ ကားသွားကားလာမှာ မရှိသလောက် နည်းပါးသည်။ လင်းရီ မီးနီ၊ မီးဝါ ဂရုမစိုက်နိုင်ပဲ အမြန်ဒုန်းဆိုင်း၍ လျန်ရူရွှယ်၏ အိမ်သို့ ရောက်ရှိလာခဲ့၏။
တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်တော့ အထဲက သော့ခတ်ထားကြာင်း လင်းရီ သတိပြုမိလိုက်သည်။ သို့နှင့် သူ ကန်ကျောက်ဖျက်ဆီး၍ တံခါးဖွင့်၀င်လိုက်၏။
အခန်းထဲရှိ အခြေအနေကတော့ လင်းရီ စိတ်ကူးထားသည်နှင့် လုံးဝ လွဲချော်နေပြီး
ပရိဘောဂများမှာလည်း ယခင်နေ့ကအတိုင်း နေသားတကျရှိ နေသည်။
ကလင် ကလင် ကလင်….
ထိုစဉ် လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့၏။
“ ရှာတွေ့ပြီ… သူမကို ဂိုအီချီ မစ်ဆူလို့ ခေါ်တဲ့သူက ခေါ်သွားခဲ့တာ….”
“ ဟမ်… မင်းက သူမှန်း ဘယ်လိုလုပ်ပြီးသိတာ….”
လင်းရီ ပဟေဠိဖြစ်သွားခဲ့၏။
စောင့်ကြည့်ရေး ကင်မရာတွေက ဒီလို ကိစ္စတွေတောင် ထောက်လှမ်းနိုင်နေပြီလားဟ…..
“ ငါတို့ ပြန်သွားတော့ ခေါင်းဆောင်ချိန်က နင်ပေးတဲ့လူကို စစ်မေးလိုက်တာ… သူပဲ ပြောပြတာပဲ…”
“ငိုးပဲ…”
လင်းရီ ကျိန်ဆဲပြီးနောက် ဖုန်းချကာ အမြန် ပြေးထွက်သွားခဲ့တော့၏။
သို့သော်လည်း အသံဗလံများမှာ ဆူညံလွန်း၍ အနီးဝန်းကျင်ရှိ လူများမှာ အိမ်ထဲ မှန်ပြတင်းပေါက်မှ ချောင်းကြည့်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
ဓားပြလော။ ဘာလော။
လင်းရီ အဆိုပါ လူများအား လျစ်လျူရှုလျက် ကားထဲသို့ ဝင်ကာ ရှန်ရီလာဟိုတယ်သို့ ဦးတည်မောင်းနှင်လိုက်သည်။
လင်းရီ သူ့ကိုယ်သူ တော်တော်လေး ပိန်းတိန်းသည်ဟု ခံစားလိုက်ရ၏။
ဤမျှ ရိုးရှင်းသည့် ကွင်းစက်ကို အဘယ်ကြောင့် မတွေးမိရသနည်း။
မစ်ဆူ မိသားစုမှလွဲ၍ သူနှင့် လတ်တလော ပဋိပက္ခဖြစ်သူ မည်သူမျှ မရှိပေ။ ထို့ပြင် လီချူးဟန်မှလည်း ယခုကိစ္စ၌ မဆီမဆိုင် ပါဝင်ပတ်သက်နေရ၏။ ယခု သူမ တစ်ခုခု ဖြစ်နေပြီဆိုတော့ ဂိုအီချီ မစ်ဆူနှင့် သက်ဆိုင်နေမည်မှာ မလွဲဧကန်ပင်။
သူ အဲ့ဒီအချက်ကို မစဉ်းစားမိလိုက်ဘူးပဲ…
သေစမ်း…ငိုးမ ဦးနှောက်နဲ့တော့...
……………………..
ရှန်ရီလာဟိုတယ်၊ အခန်း ၂၄၀၄။
ညဉ့်နက်နေပြီးဖြစ်သော်လည်း အခန်းမီးများမှာ ယခုထိ လင်းထိန်နေဆဲပင်။
သင်းပျံ့သည့် လက်ဖက်မွှေးရနံ့က အခန်းတစ်ခုလုံးကို ထုံလွှမ်း၍နေသည်။
ကော်ဖီစားပွဲပေါ်တွင် ဂျပန် လက်ဖက်ရည်ကြမ်းကို တည်ခင်းထား၏။
ဆန့်ကျင်ဘက် ဆိုဖာပေါ်တွင် တော့မျက်နှာအမူအရာ ကင်းမဲ့နေသည့် လီချူးဟန်မှ ထိုင်နေလေသည်။
လီချူးဟန် ဤနေရာသို့ ရောက်ရှိနေရခြင်းကတော့ လင်းရီနည်းတူ သူမအိမ်၌ စောင့်ကြည့်ရေး ကင်မရာ အသေးစားလေး တပ်ဆင်ထားသောကြောင့်ပင်။
တစ်ဖက်သူမှလည်း လီချူးဟန် ခေါ်သည့် အမျိုးသမီးမှာ သာမန်အမျိုးသမီး တစ်ယောက်ဖြစ်ကြောင်း သိရှိထားသောကြောင့် သူ၏ မစ်ရှင် အတွင်း ထွေထူး ဂရုစိုက်မနေချေ။
ရလဒ်အနေနှင့် လီချူးဟန်၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရ၏။
သူမကိုယ်၌က လင်းရီကဲ့သို့ အစွမ်းအစ မရှိသောကြောင့်သာ ယခုလို ဤနေရာသို့ ဆွဲခေါ်ခံခဲ့ရခြင်းပင်။
ထိုသို့ ဖြစ်ပျက်သည့် အချိန်၌ လီချူးဟန် အကယ်၍ သူမ ရုန်းကန်နေမည်ဆိုပါကလည်း အချည်းနှီးသာ ဖြစ်သောကြောင့် အသာတကြည်နှင့် လိုက်လာခဲ့လိုက်၏။
“ ဒေါက်တာလီ… ရေနွေးကြမ်းလေး သုံးဆောင်ပါဦး…ဒါ ဂျပန်ရဲ့ အထူးထွက်ကုန်နော်… ဟွာရှမှာ ရဖို့ မလွယ်ဘူး…”
“ ကျွန်မ ရေနွေးကြမ်းတွေ စိတ်မဝင်စားဘူး..”လီချူးဟန် ပြောလိုက်ပြီး “ ကျွန်မသိချင်တာ ရှင်တို့ ဘာကြောင့် ကျွန်မအိမ်ကို ရောက်လာခဲ့တာလဲ… ရှင်တို့ဘက်က ကျိုးကြောင်း သင့်တင့်တဲ့ ဖြေရှင်းချက် ပေးလိမ့်မယ်လို့ မျှော်လင့်တယ်…”
ဂိုအီချီ မစ်ဆူ စိတ်မတိုသွားပေ။ ထိုအစား အပြုံးလေးဖြင့် “ ဘာကြောင့်လဲဆိုတော့ လင်းရီက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လေ… ကျုပ်တို့က သူ့ရဲ့ သုတေသန ရလဒ်တွေကို စိတ်ဝင်စားနေတာ… ဒေါက်တာလီလည်း ဒီအကြောင်း သိနေမယ်ဆိုတာ သေချာပါတယ်… ဒီတော့ ဒေါက်တာလီ... ကျုပ်တို့နဲ့ ပူးပေါင်းပေးပါ…”