အစ်မ ပြောတာကို နားထောင်
Vol. 56 Ch. 833
ဝှစ်…
လင်းရီ ဂိုအီချီ မစ်ဆူကို ရင်ဝတည့်တည့် ဆောင့်ကန်လိုက်၏။ တစ်ဖက်သူမှာ နောက်ရှိ ကော်ဖီ စားပွဲပေါ်သို့ ပြုတ်ကျသွားရင်း ပစ္စည်းများလည်း ကျိုးကျေကုန်လေသည်။ ဂိုအီချီ နာကျင်စွာ အော်ညဉ်းလိုက်ပြီး ကုန်းရုန်းထပါသော်လည်း မထနိုင်။
“ မစ္စတာလင်း… မင်း စိတ်အေးအေးထား…မင်း ထပ်ပြီး မချနဲ့တော့…”
“ မင်းက ဘာကောင်ကြီးမို့လို့ မင်းပြောတဲ့စကားကို နားထောင်ပေးရမှာ… “ လင်းရီ ဂိုအီချီ မစ်ဆူကို အထင်သေးစွာ ငုံ့ကြည့်ရင်း “ ငါ့အမျိုးသမီးကို ထိဝံ့မှတော့ အသာတကြည် လွှတ်ပေးလိုက်လိမ့်မယ်လို့ ထင်နေတာလား…”
“ ငါ့ဘက်က ဖမ်းချင်လို့ ဖမ်းတာ မဟုတ်ဘူးလို့ ပြောပြီးပြီလေ… ဒီတိုင်း ကြုံလို့ ခေါ်ခဲ့ အဟွတ် အဟွတ် အဟွတ်…..”
“ ငါ့မှာ မင်းရဲ့ သောက်ရေးမပါတာတွေကို နားထောင်ဖို့ အချိန်မရှိဘူး…”
ပြောပြီးနောက် လင်းရီ ဂိုအီချီ မစ်ဆူ၏ ခြေထောက်ပေါ်သို့ တက်နင်းလိုက်၏။
အရိုးအက်ကွဲသံများက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဂိုအီချီ မစ်ဆူလည်း မျက်နှာဖြူဖျော့လာသည်အထိ နာကျင်သွားခဲ့တော့၏။ ထို့နောက် အံကြိတ်ရင်း “ မစ္စတာလင်း… မင်းအခု ကျေနပ်ပြီမလား… ခု ငါတို့ကြား အာဃာတတွေ မရှိတော့ဘူးမလား….”
“ တစ်ဝက်တော့ ကျေပြီ…”
“ မင်း…. မင်း ဘာသဘောတုန်း…”
လင်းရီ ပြုံးလိုက်ပြီး “ အဲ့တာ မင်း ခြေထောက် တစ်ချောင်းပဲ ချိုးရသေးလို့ပေါ့ကွ… ကဲ ခု နောက်တစ်ချောင်း ဆက်သွားကြစို့….”
ပြောရင်းဖြင့် လင်းရီ ခြေထောက်ကို လေပေါ်သို့ မြှောက်၍ နင်းဟန် ပြင်သည်။
“ ရပ်လိုက်….”
ထိုအခိုက်အတန့်တွင် ညင်သာသည့် အသံတစ်သံက လင်းရီ လုပ်ဆောင်နေသည်ကို ဝင်၍ နှောင့်ယှက်လာခဲ့၏။
သူ အလိုအလျောက် တံခါးဝသို့ ကြည့်မိလိုက်တာ့ ဝင်ရောက်လာသူမှာ အာယာနဲမစ်ဆူဖြစ်နေကြောင်း သိရှိလိုက်ရသည်။
ထို့ပြင် လုပ်ရည်ကိုင်ရည်ရှိပုံရသည့် အမျိုးသမီး တစ်ယောက်ကလည်း သူမနောက်မှ ကပ်လျက် လိုက်ပါလာလေသည်။ သူမ နာမည်က ရိုရှီဒါ ဟီဂါရှီနို ဖြစ်ပြီး အာယာနဲ၏ လက်ထောက်လည်း ဖြစ်၏။
အာယာနဲ မစ်ဆူ၏ ရောက်ရှိလာမှုကိုတော့ လင်းရီ မမျှော်လင့်ထားခဲ့ပေ။
မြန်မြန်ဆန်ဆန်ကြီး ရောက်ချလာခဲ့ပါလားကွ….
“ အစ်မ…. ကျွန်တော့်ကို ကယ်ပါဦးဗျာ….”
အာယာနဲ မစ်ဆူကို မြင်တော့ ဂိုအီချီမစ်ဆူမှာ ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသည့်အလား မြည်တမ်းလိုက်၏။
သူမက ယခုအချိန်၌ သူ့ကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူပင်။
အခန်းထဲရှိ အခြေအနေများကို မြင်တော့ အာယာနဲ မစ်ဆူ မျက်မှောင်ကြုတ်လိုက်ပြီး လင်းရီကို အနည်းငယ်တိမ်းစောင်း၍ ဦးညွှတ်လျက် “ မစ္စတာလင်း… ဒါက ကျွန်မရဲ့ ပေါ့ဆမှုကြောင့် ဖြစ်သွားခဲ့တာပါ… ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာပေးပြီးတော့ ကျွန်မ မောင်လေးကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးနိုင်မလား…”
“ ကောင်းပြီလေ.. မင်းက တောင်းဆိုလာမှတော့ ငါကလည်း ပေးရမှာပေါ့…” လင်းရီ ပြုံးလိုက်ပြီး “ ဘာပဲဆိုဆို မင်းက ငါ့ဆီမှာ ဒေါ်လာ သန်း ၄၀ တောင် ရင်းနှီးမြုပ်နှံထားပေးတာပဲ မဟုတ်လား… မျက်နှာသာ တစ်ချို့လောက်တော့ ပေးနိုင်ရမှာပေါ့….”
ဂိုအီချီမစ်ဆူမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်မော ချလိုက်သည်။ သူနောက်ဆုံးတော့ ဤအိပ်မက်ဆိုးကြီးမှ လွတ်မြောက်နိုင်ခဲ့ချေပြီ။
အာယာနဲ မစ်ဆူမှ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ရင်း “ ကျေးဇူးပါ မစ္စတာလင်း….”
ခရက်….
“ အား………..”
မပြောမဆိုနှင့် လင်းရီ သူ့ခြေထောက်မြောက်၍ ဂိုအီချီ၏ ကျန်ခြေထောက် တစ်ဖက်ကို နင်းချိုးလိုက်လေသည်။ ငယ်သံပါအောင် စူးရှသည့် အော်ဟစ်သံများက အခန်းတစ်ခုလုံးသို့ ထပ်မံ၍ ပြည့်နှက်သွားခဲ့တော့၏။
အာယာနဲ မစ်ဆူ မျက်ဝန်းပြူးကျယ်သွားခဲ့ပြီး “ မစ္စတာလင်း … ရှင်……”
“ ငါ ဆိုလိုတာ…. ငါမင်းကို မျက်နှာသာပေးမယ်… ငါ ကျေနပ်သွားတဲ့အချိန်ကျရင်ပေါ့…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခု ငါ့ဒေါသတွေလည်း သွန်ချလို့ ပြီးသွားပြီဆိုတော့ ဒီကိစ္စကို ဆက်ပြီး ဇာမချဲ့တော့ဘူး… ပြီးတော့ ငါ မင်းကိုလည်း မျက်နှာသာပေးလိုက်ပြီနော်… ဒါက ဂဲတစ်လုံး နဲ့ ငှက်နှစ်ကောင်ပစ်လိုက်ရတာဆိုတော့ ကောင်းတဲ့ ကိစ္စပဲ.. ဟုတ်တယ်မလား…”
အတန်ငယ်ကြာအောင် အတွေးနက်နေပြီးနောက် အာယာနဲ မစ်ဆူမှ ခေါင်းညိမ့်လိုက်ပြီး “ မစ္စတာလင်း ပြောတာ မှန်ပါတယ်.. ခု ရှင် ကျွန်မရဲ့ မောင်လေးကို လွှတ်ပေးလိုက်လို့ရပြီမလား…. ရှင် နောက်တစ်ကြိမ် မတိုက်ခိုက်တော့ဘူးမလား….”
“ သေချာပေါက် ဘယ်လုပ်တော့မှာ…” လင်းရီ ပြောလိုက်ပြီး “ ငါက ယောက်ျားစကား ပြောတဲ့သူလေ… ငါက မလုပ်ဘူး ပြောရင် လုံးဝ မလုပ်ဘူး… ဒါပဲ… နှုတ်ဆက်ပါတယ်….”
လင်းရီ လီချူးဟန်ကို အခန်းထဲမှ ခေါ်ထုတ်လာခဲ့လိုက်၏။
လင်းရီ မရှိတော့သည့်နောက် အာယာနဲမစ်ဆူ၏ အမူအရာမှာ ချက်ချင်းဆိုသလို အေးစက်လာခဲ့ကာ အခန်းအပူချိန်ပင် ကျဆင်းလာသယောင်ပင်။
“ မမလေး…ကျွန်မတို့ သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား….”
အာယာနဲမစ်ဆူ၏ လက်အောက်ငယ်သားတစ်ယောက်မှ မေးလိုက်၏။
“ မဟုတ်တော့ကော… နင်တို့ထဲက ဘယ်သူကများ သူ့ကို တားနိုင်လို့လဲ..”
“ အစ်မ… နင်ငါ့ကို ကလဲ့စားချေပေးရမယ်..” ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး “ မဟုတ်ရင် ကျွန်တော်တို့ မိသားစုက အရှက်ကွဲရလိမ့်မယ်…”
အာယာနဲ ဆိုဖာပေါ်သို့ ကျော့ရှင်းစွာ ထိုင်ချလိုက်ပြီး မြေပြင်ပေါ်၌ လူရုပ်ပေါက်မနေတော့သည့် ဂိုအီချီကို ကြည့်ရင်း “ ဒီကိစ္စထဲ ဝင်မပါနဲ့လို့ ငါနင့်ကို သတိမပေးခဲ့ဘူးလား….”
ဂိုအီချီ ပျာပန်းခတ်သွားခဲ့ပြီး “ ကျ… ကျွန်တော်က မစ်ရှင်ကို မြန်မြန်ပြီးစီးပြီးတော့ အစ်မကို ကူညီချင်လို့ ဒီလိုလုပ်လိုက်တာပါ…”
“ အိုး…မောင်အလိမ္မာတုံးလေး... နင်က ခုမှ ဒီအစ်မကို သိတတ်ရကောင်းမှန်း သိနေတယ်ပေါ့…”
“ မောင်ဖြစ်တဲ့ ကျွန်တော်က အစ်မကို သိတတ်ရမှာ သဘာဝပဲလေ…. ဒါက ကျွန်တော်လုပ်သင့်တာပါပဲ..” ဂိုအီချီမှ နာကျင်မှုကို အောင့်အီးလျက် ပြုံးကာ ပြောလိုက်သည်။
“ အစ်မ … မြန်မြန်လေး… ကျွန်တော့်ကို ဆေးရုံပို့ပေးပါဗျာ… မဟုတ်ရင် ကျိုးတာတွေက ပြန်ဆက်လို့ မရပဲ နေလိမ့်မယ်…”
“ မလောစမ်းနဲ့…. အစ်မဆီမှာ နင့် အခု နာကျင်နေတာတွေကို သက်သာဖို့ နည်းလမ်းကောင်းတစ်ခုရှိတယ်….”
အာယာနဲ မစ်ဆူမှ စကတ်ကို ဖြည်းညင်းစွာ ပင့်မလိုက်ပြီး အောက်ခံ အသားကပ် အနက်ရောင်ကို လှစ်ဟာပြမိနေသော်ငြား ဂရုမစိုက်ချေ။
သို့သော်လည်း ယခုအချိန်က နှာခေါင်းသွေးယိုရမည့် အချိန် မဟုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ စကတ်အောက်ခြေ၌ အနက်ရောင် ပစ်စတိုတစ်လက်ကို ပေါင်နှင့် တွဲလျက်ချည်ထားသောကြောင့် ဖြစ်၏။
ထို့နောက် အခြားတစ်ဖက်မှ အသံတိတ် ပြောင်းကို ယူလိုက်ကာ နှစ်ခုကို ဖြည်းညင်းစွာ ပေါင်းစပ်လိုက်လေသည်။ ထို့နောက် ဂိုအီချီ၏ ဦးနှောက်ပေါ် သို့ ဖိကပ်၍ “ တကယ်လို့ နောက်ဘဝကျရင် အစ်မ စကားကို သေချာလေးနားထောင်… ကြားလား….”
ဘန်း….
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ဂိုအီချီ၏ ဦးနှောက်မှာ အပေါက် ဖြစ်သွားခဲ့တော့၏။
ကြမ်းပြင်ပေါ်တွင် ဘေးတစ်စောင်းလဲလျက် အသက်ဝိဉာဏ် ကင်းမဲ့သွားခဲ့ပြီး မျက်ဝန်းတို့ကလည်း မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေလေသည်။
ထို့ပြင် အခန်းထဲရှိ ဂိုအီချီ၏ လက်အောက်ငယ်သားများလည်း အလားတူ မရဏနိုင်ငံတော်သို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။
သေနတ်နှင့် ပြောင်းကို ပြန်ဖြုတ်ပြီးနောက် အာယာနဲမစ်ဆူမှ “ နေရာကို သေချာလေး သန့်ရှင်းရေးလုပ်လိုက်… သွေးတစ်ကွက်မှ မကျန်ခဲ့စေနဲ့….”
“ နားလည်ပါပြီ မမလေး…”
သူမ၏ လက်အောက်ငယ်သားများမှ ကြမ်းပြင်ရှိ အလောင်းကောင်များကို အိတ်နှင့် စနစ်တကျ ထုပ်ပိုး၍ သယ်ဆောင်သွားခဲ့ကြ၏။ အာယာနဲ မစ်ဆူ သူမအိတ်ထဲမှ စီးကရက် တစ်ဘူးကို ထုတ်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် မီးညှိလိုက်ကာ ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။
သုံးရှိုက်မျှနှင့် စီးကရက် တစ်လိပ်မှာ ပြာလုံးလုံး ဖြစ်သွားခဲ့လေသည်။
“ မမလေး… အကုန်လုံး ပြီးသွားပါပြီ… ဘာခြေရာလက်ရာမှ မကျန်ရစ်ခဲ့ပါဘူး…” ရိုရှီနို ဟီဂါရှီနိုမှ ပြောလိုက်၏။
အာယာနဲ ခေါင်းညိမ့်လိုက်ပြီး “ မနက်ဖြန် ကြေညာဖို့ စာတစ်စောင် ကူရေးပေး… ငါ့ရဲ့ မောင်လေး ဂိုအီချီ မစ်ဆူက ကံဆိုးပြီး ပင်လယ်ထဲ ရေနစ်သေသွားတယ်လို့ ပြောလိုက်… ပြီးရင် ဈာပနာပွဲတက်ရောက်ဖို့ လူတစ်ချို့ကို ဖိတ်လိုက်…”
“ အမ်…”
ရိုရှီနို ဟီဂါရှီနိုမှ အနည်းငယ် အတွေးနက်နေပြီး “ မမလေး… တကယ်လို့ ကျွန်မတို့ ဒီကိစ္စကို မိသားစုဆီ တင်ပြပြီးတော့ လင်းရီအပေါ် အပြစ်ပုံချလို့ ရတယ်မဟုတ်ဘူးလား…. ကျွန်မတို့ ကောင်းကောင်းကြီး အသုံးချလို့ရတယ်လေ…”
“ တကယ်လို့ မိသားစုကသာ ဒီအကြောင်း သိသွားခဲ့ရင် လင်းရီနဲ့ ငြှိဖို့ များတယ်…ဒါပေမယ့် ငါ့အစီအစဉ်က ခုထိ မပြည့်စုံသေးဘူး.. အဲ့လို မြင်ကွင်းမျိုးကို ငါမမြင်ချင်ဘူး…”
“ဒါပေမယ့် မစ္စတာ မစ်ဆူက………….”
“ တကယ်လို့ ငါသာ လင်းရီကို သိမ်းသွင်းနိုင်ပြီးတော့ သူ့ရဲ့ သုတေသန ရလဒ်တွေကို ရနိုင်မယ်ဆိုရင် သူတို့ အုပ်စုခွဲကလည်း မိသားစုအတွက် ဘာမှအသုံးမဝင်ဘူး… ဒါကြောင့်မို့ သူသေတာ ရှင်တာ အရေးပါတဲ့ အရာမဟုတ်ဘူး…”
………………………
ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ လီချူးဟန်ကို အိမ်သို့ ခေါ်သွားချင်ခဲ့၏။
သို့သော်လည်း သူမအိမ် တံခါးမှာ ဖျက်ဆီးခံထားရကြောင်း သတိရမိတော့ ပန်နီဆူလာဟိုတယ်သို့ ပြန်လည် ဦးတည်လိုက်လေသည်။ ချောင်ရှင်းကိုလည်း ဘာမျှ စိတ်ပူစရာ မလိုတော့ရန် အကြောင်းကြားလိုက်၏။
တံခါး ပိတ်လျှင်ပိတ်ပြီးခြင်း လီချူးဟန်မှာ သူ့ကို တင်းတင်း ပွေ့ဖက်ထားတော့သည်။
ဆုံးရှုံးသွားမှာကို စိုးရွံ့သည့်အလား သူ့ကို အရည်ပျော်မတတ် ပွေ့ဖက်ထားလေသည်။
သူမ ကြောက်ရွံ့နေမည်ကို လင်းရီ သိသည်။ သို့သော်လည်း သူမ၏ အကြောက်တရားကို အခြားသူများကဲ့သို့ မဖော်ပြတတ်ရုံမျှသာ။
ကြောက်ရွံခြင်းနှင့် ဝမ်းနည်းခြင်းများက သူမအတွက်တော့ နှုတ်ဆိတ်ခြင်းတို့သာဖြစ်၏။
အချိန်အတော်ကြာတော့ လင်းရီ လီချူးဟန်၏ တင်ပါးကို ပုတ်လိုက်ပြီး “ နောက်ကျနေပြီ… ရေသွားချိုးပြီး အိပ်တော့…”
“ ငါရေ မချိုးချင်ဘူး…”
“ ဒါဆို မင်းက ဘာလုပ်ချင်တာ….”
လီချူးဟန် အရည်လဲ့နေသည့် မျက်ဝန်းတို့ဖြင့် စကားပြောလိုက်ပြီး လင်းရီ နှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်တော့၏။
ထို့နောက် နှစ်ဦးသားလုံး သောက်လေ ငတ်မပြေသည့် ဆားငန်ရေအား သောက်သုံးကြကုန်တော့၏။