ခရစ်စမတ် ရောက်တော့မယ်
Vol. 56 Ch. 834
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လီချူးဟန်မှာ ချောင်ရှင်းရောက်လာမည်ကို စိုးသောကြောင့် သူမအခန်းထဲသို့ အစောကြီးကတည်းက ထွက်သွားခဲ့လေပြီ။
ထိုသို့ ထွက်သွားစဉ်တွင်လည်း အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသည့် လင်းရီကို အသိပေးခဲ့၏။
သို့မှသာ သူ အိပ်ရာနိုးလာပြီးနောက် သူမကို လိုက်ရှာနေရန် မလိုအပ်မည်ဖြစ်သည်။
လီချူးဟန်မှ ယခုလို အတူနေသည့် ကိစ္စရပ်များအား အခြားသူများကို မသိရှိစေချင်ပေ။ အထူးတလှယ် အကြောင်းပြချက်တော့ ရှိသည်မဟုတ်။ ရှက်ရွံ့သောကြောင့်သာ ဖြစ်၏။
အိပ်ရာထပြီးနောက် လင်းရီလည်း ကြာကြာမနေပေ။
မျက်နှာသစ် သွားတိုက်ပြီးသည်နှင့် လီချူးဟန်ထံမှ မက်ဆေ့ချ်ဝင်လာခဲ့၏။
အရေးကြီးကိစ္စတော့မဟုတ်ပဲ သူမနှင့် ချောင်ရှင်းတို့ မနက်စာစားပြီး ဆေးရုံသို့ သွားခဲ့ပြီဖြစ်ကြောင်း အသိပေးခြင်းပင်။
တစ်ချိန်တည်း၌ သူမ ယနေ့ အိမ်ပြန်၍ ရနိုင် မရနိုင်ကိုလည်း မေးမြန်းလာလေသည်။
လင်းရီဘက်မှ တိကျသေချာသည့် အဖြေတစ်ခု ပေးလိုက်၏။ သို့သော်လည်း အဓိက လိုအပ်ချက်ကတော့ သူမ၏ အိမ်တံခါး အရင်ဆုံး ပြုပြင်ပြီးရပေမည်။
လီချူးဟန်နှင့် ခေတ္တ စာပို့ပြီးနောက် လင်းရီ ဒုတိယထပ်ရှိ စားသောက်ဆိုင်သို့ သွား၍ မနက်စာ သုံးဆောင်လိုက်သည်။
သူ စားသောက်နေစဉ်တွင် ဝမ်ထျန်းလုံမှ တိတ်တဆိတ်ချဉ်းကပ်လာပြီး “ ဘော့စ်လင်း… ဘော့စ်ကျွန်တော့်ကို လုပ်ခိုင်းထားတဲ့ ကိစ္စက ပြီးလုပြီးခင်ပါပဲ… ဒီ ရက်ပိုင်းအတွင်း ကျွန်တော့်ဘက်ကနေပြီး အဆင့်မြင့်တဲ့ နေရာပေါင်း ၂၀ ကျော်ကို ဆက်သွယ်ပြီးတော့ သူတို့ဘက်ကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ ပြောလာခဲ့တယ်… သူတို့ဘက်က ကတ်ကိုင်ဆောင်သူတွေကို VIP အကျိုး ခံစားခွင့်တွေ ပေးသွားမှာ… ဒါက ကတ်ကိုင်ဆောင်သူရဲ့ အထောက်အထားကို သက်သေပြဖို့ လုံလောက်တယ်..”
“ အဲ့လောက်တောင် မြန်တယ်လား…”
“ ဘော့စ်လင်းက ပြောထားမှတော့ သေချာပေါက် အမြန်ဆုံး လုပ်ပေးရမှာပေါ့…” ဝမ်ထျန်းလုံ ပြောလိုက်ပြီး “ ဒါတောင် ဒီရက်ပိုင်း ဟိုတယ်မှာ လုပ်စရာလေးတွေ ရှိနေလို့… တကယ်လို့ ပိုပြီးသာ အာရုံစိုက်လိုက်မယ်ဆိုရင် ပိုကောင်းအောင်တောင် လုပ်ပေးလို့ရတယ်…”
“ မင်းရဲ့ ဒီကိုယ်ကြီးနဲ့ ဒီလောက် မြန်မယ်တောင် ထင်မထားဘူး….” လင်းရီ ဟာသလုပ်လိုက်ပြီး “ မင်းမှာ တခြား အတွေးတွေ မရှိဘူးလား… ငါ့လက်အောက်မှာ စီးပွားရေး အုပ်စုတွေ အများကြီး ရှိသေးတယ်… တကယ်လို့ မင်းဘက်က စိတ်ဝင်စားတယ်ဆိုရင် ငါ့ဘက်က နေရာတစ်ခုပေးဖို့ အသင့်ပဲ…”
ဝမ်ထျန်းလုံး ရှက်ကိုးရှက်ကမ်း ပြုံးလိုက်ရင်း “ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘော့စ်… အခု ပန်နီဆူလာဟိုတယ်မှာလည်း အဆင်ပြေနေတာပဲလေ.. ပြီးတော့ ဒီက လုပ်ငန်းတွေနဲ့ရင်းနှီးနေပြီးသားဆိုတော့ ဘယ်မှ သွားမနေတော့ပါဘူး…”
“ မင်းမှာ ဘာရည်မှန်းချက်မှ မရှိဘူးလား…. ဒီထက် ပိုကောင်းတဲ့ နေရာတစ်ခုကို မရောက်ချင်ဘူးလား....”
“ ငယ်ငယ်တုန်းကတော့ ရှိခဲ့တာပေါ့… ဒါပေမယ့် ခုကျ အသက်လေးဆယ်ထဲလည်း ဝင်နေပြီ… အိမ်မှာလည်း သားသမီးတွေနဲ့… ပြီးတော့ အဖေကလည်း လေဖြတ်ထားတော့ ဆေးဖိုးဝါးခတွေကလည်း ကျွန်တော့် ပခုံးပေါ်မှာပဲ… ရွေးချယ်စရာ မရှိပေမယ့် ကျွန်တော့်ရဲ့ ခွန်အားတွေကို အလုပ်ထဲပဲ နစ်မြုပ်ထားလို့က မဖြစ်ပြန်ဘူး… ဘော့စ်လင်းရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်ပါတယ်…”
ဝမ်ထျန်းလုံ၏ အခြအနေကို နားလည်စွာဖြင့် လင်းရီ ခေါင်းညိမ့်လိုက်လေသည်။
မနက်ကိုး၊ ညကိုး ၊ တစ်ပတ်ခြောက်ရက် အလုပ်ဆင်းရသည့် အခြားဌာနများနှင့် ယှဉ်ကြည့်မည်ဆိုပါက ပန်နီဆူလာဟိုတယ်ရှိ အလုပ်များက ပို၍ သက်သာသည်မှာ နှစ်ခါစဉ်းစားနေရန် မလိုချေ။
များများစားစား မရရှိသော်လည်း ဝမ်ထျန်းလုံမှာ အရာများစွာကို ပခုံးထမ်းထားရသူပင်။ ထို့ကြောင့် သူ့ကိုယ်ပိုင် အချိန်လည်း လိုအပ်၏။
“ ဒီလိုဆိုရင်ကော … ငါ ဘဏ္ဍာရေး ဌာနကို ပြောပီဲးတော့ မင်းကို ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ လစာအတိုင်း ပေးဖို့ ပြောလိုက်မယ်… နောက်ကျ ငါ့အတွက်ပိုပြီး အလုပ်ကြိုးစားပေးပေါ့ကွာ…”
ဝမ်ထျန်းလုံ ရယ်မောလိုက်ပြီး လင်းရီကို ခေါင်းညိမ့်ပြလိုက်၏။
“ ကျေးဇူးပါ ဥက္ကဌလင်း… ကျေးဇူးပါဗျ…”
“ မင်းက ထိုက်တန်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မန်ဘာကတ်ကိစ္စကိုတော့ အာရုံစိုက်ထားဦး… ချဲ့ထွင်ဖို့လည်း ကြိုးစား… အရေးကြီးဆုံးက သူ့ရဲ့လွှမ်းမိုးမှု တိုးပွားလာဖို့ပဲ….”
“ နားလည်ပါတယ်… ဘာမှစိတ်မပူပါနဲ့ဘော့စ်… ကျွန်တော် ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ပါဘူး…”
“ အင်း… မင်းနဲ့ဆို စိတ်ချပြီးသားပါ…. ငါ အပိုတွေ မပြောတော့ဘူး… မင်း လုပ်စရာရှိသာ သွားလုပ်တော့ …ငါ့ အတွက် စိတ်မပူနဲ့….”
“ ဒါဆိုလည်း သွားပါတော့မယ်ဘော့စ်… တစ်ခုခုလိုရင် လှမ်းသာခေါ်လိုက်ပါဗျ…”
“ ကောင်းပြီ…”
ထမင်းစားပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းဆက်၍ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။
အဓိကကတော့ သူ့ဘက်က ကိစ္စများ ကိုင်တွယ်ပြီး၍ ယနေ့ည ကျိုကျုံးဗီလာသို့ ပြန်အိပ်၍ ရပြီဖြစ်ကြောင်းပင်။
ပန်နီဆူလာ ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ ခြေဆန့်လက်ဆန့်ပြုရင်း လန်းဆန်းတက်ကြွနေတော့၏။
မစ်ဆူမိသားစုနှင့် ကိစ္စမှာ နောက်ဆုံးတော့ ဆုံးခန်းတိုင်ခဲ့လေပြီ။
အာယာနဲ မစ်ဆူကလည်း အချိန်ကောင်းမှ ရောက်ရှိလာခဲ့ခြင်းပင်။ ယခု သူ့အား စည်းရုံးသိမ်းသွင်းရန်အတွက် မည်သည့် အကြံအစဉ်တို့မျှ မပြုလုပ်တော့မည်မှာ သေချာသလောက်တော့ရှိ၏။
ထို့ပြင် ချစ်ပ် ၃.၀ မှာလည်း နောက် နှစ်ရက် သုံးရက်ဆို ပြီးမြောက်ချေပြီ။ ထိုအချိန် ကျရောက်လာလျှင်တော့ သူ Intel နဲ့ တန်းချင်းညှိပြီး တန်းတူ စကားပြောနိုင်တော့မည်ဖြစ်၏။
ထိုအတောအတွင်း နောက်ထပ် သူကိုင်တွယ်မည်ကို စောင့်နေသည့် ကိစ္စတစ်ခုကလည်း ရှိနေသေးပြန်သည်။။ ၎င်းကလည်း တော်တော်လေး အရေးကြီးသည့် ကိစ္စပင်။
သောက်ကျိုးနည်း ခရစ်စမတ်က မကြာမီ ရောက်လာခဲ့တော့ပေမည်။
ပြဿနာက လက်ဆောင်ရွေးချယ်ရ ခက်ခဲခြင်းမဟုတ်ပဲ ကျီချင်းရန် ၊ လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်းတို့အား ကောင်းကောင်းပြုစုပေးရန်ကလည်း လိုအပ်သေးလေသည်။
သူ့ဘက်က အကန့်အသတ် ရှိသည့် အချိန်ပမာဏ တစ်ခုအတွင်း၌ အမျိုးသမီး လေးယောက်ကို ကောင်းမွန်စွာ ဂရုစိုက်ပေးရမည် ဖြစ်၏။
ငိုးပဲ…ဒါကြီးက တော်တော်ဆိုးရွားတဲ့ ဒုက္ခပဲ….
အကယ်၍များ လင်းရီ၏ ဒုက္ခကိုသာ သိပါက အမျိုးသားထုကြီးမှာ ရင်ထုမနာ ဖြစ်ကြရလောက်သည်။
ကလင် ကလင် ကလင်….
ထိုအခိုက်အတန့်တွင် လင်းရီဖုန်းသံ မြည်လာခဲ့၏။
ရန်စီထံမှ ဖုန်းဆက်လာခဲ့ခြင်းပင်။
“ ဒါရိုက်တာရန်… ဒီနေ့ကော အအေးသောက်လို့ ရသွားပြီလား..” လင်းရီ ပြုံးလျက်ဆိုသည်။
“ ရတယ်… ဒါပေမယ့် နင်က ငါ့ထက် ပိုသောက်နိုင်မှာမို့လို့တဲ့လား….”
“ ပိုသောက်နိုင်မှာလား…. ဒါရိုက်တာရန် … မင်း လာနောက်နေတာလား…”
“ ငါ့ရဲ့ စံချိန်က မောက်ထိုင်အရက် တစ်လုံးနဲ့ ဘီယာ ပုလင်း နှစ်ဆယ်…. နင့်မှာ ယုံကြည်ချက် ရှိလား…”
“ အာ…. ဒါဆို တခြား ကိစ္စပဲ ပြောကြရအောင်….”
ဖုန်းတစ်ဖက်တွင်တော့ ရန်စီမှ တသိမ့်သိမ့်တုန်အောင် ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။
လင်းရီ စိတ်ထဲ လှိုင်းလုံးကြီးများ တလှိမ့်ပြီး တလှိမ့် ရိုက်ခတ်နေသည့် မြင်ကွင်းကိုပင် မြင်ယောင်နေမိတော့၏။
“ ငါ နင်နဲ့ ဒီနေ့ အရေးကြီး ကိစ္စ ဆွေးနွေးစရာရှိလို့…” ရန်စီ ပြောလိုက်ပြီး “ အရင်က နင့်ကို တောတွင်း ရှင်သန်ခြင်း အစီအစဉ်အကြောင်း ပြောဖူးတာ မှတ်မိသေးတယ်မလား…”
“ မှတ်မိတယ်လေ.. ခု စတော့မှာလား..”
ယခင်ကတော့ လင်းရီ အဆိုပါ ပရိုဂရမ်ကို လေးလေးနက်နက် သဘောမထားချေ။ သို့သော်လည်း စနစ်မှ ပထမ ရရှိရမည်ဟု မစ်ရှင် ပေးလာခဲ့လေသည်။ ထို့ကြောင့် သူ့ဘက်မှ အကောင်းဆုံး ကြိုးစားပြီး ဆုလဒ်များကို ရယူရမည် ဖြစ်၏။
“ နာမည်စာရင်းက စသွင်းလို့ရနေပြီ…ဒါပေမယ့် အဲ့ဒီမတိုင်ခင်တော့ ကိုယ်ကာယ စစ်ဆေးမှုနဲ့ သဘာတူညီမှု လက်မှတ်ထိုးရဦးမယ်..” ရန်စီ ပြောလိုက်ပြီး “ ဒါပေမယ့် မစိုးရိမ်ပါနဲ့… ကိုယ်ကာယ စစ်ဆေးမှုကိုကျတော့ ငါ့ဘက်က ကူပြီး ကျော်ပေးလို့ရတယ်… ဒါပေမယ့် သဘောတူညီကြောင်း စာရွက်ကတော့ နင်ကိုယ်တိုင် လက်မှတ်ထိုးမှရမှာ… တကယ်လို့ အချိန်ရတယ်ဆိုရင် ငါ့ဆီ လာတွေ့လှည့်…”
“ ကောင်းပြီလေ.. ခုထွက်လာနေပြီ… အဲ့ဒီနေရာကို နာရီဝက်အတွင်း ရောက်မယ်…”
“ အိုကေ… ဒါဆို ငါလည်း နင့်ကို လာကြိုဖို့ စောင့်နေလိုက်တော့မယ်…”
“ ကောင်းပြီ…”
ကားထဲသို့ ဝင်ပြီးနောက် လင်းရီ တီဗွီဌာနသို့ ဦးတည်လိုက်သည်။
သူရောက်လာသည့် အချိန်၌ အဆိုပါနေရာမှာ လူပင်လယ်ကြီး သဖွယ် ဖြစ်နေကြောင်း သတိပြုမိလိုက်လေသည်။ အနည်းဆုံးတော့ လူနှစ်ရာခန့်လောက်အထိ ရှိ၏။
နာမည်စာရင်းပေးသူများက ထိုမျှ များပြားလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ချေ။
သူ သိချင်စိတ်ပြင်းပြစွာဖြင့် အထဲသို့ လှမ်းမျှော်ကြည့်လိုက်၏။
အများစုမှာတော့ အမျိုးသားများသာ ဖြစ်ပြီး အမျိုးသမီး အချို့ကလည်း တော်တော်လေးကို မျက်စိဖမ်းစားထားနိုင်သည်။
အင်မတန် လှပနေသောကြောင့်တော့ မဟုတ်ပဲ သန်မာလာသည့် ကာယဗလများကြောင့် ဖြစ်၏။
လင်းရီ ထပ်ပြီး ဝေ့ကြည့်လိုက်တော့ ပါဝင်သူ အမျိုးသမီး အများစု၏ ကိုယ်ကာယမှာ သူ့ထက်ပင် ကြည့်ကောင်းနေကြောင်း သတိပြုမိလိုက်သည်။
သူတို့ကြားထဲမှ လမ်းလျှောက်လာရင်း လင်းရီ သူ့ကိုယ်သူ ထူးချွန်ပြောင်မြောက်သည့် စွမ်းရည်တို့ မရှိသည့် အားနည်းသည့် ကြက်ပေါက်စလေးနှယ် ခံစားနေရလေသည်။
သူ ရေဒီယို ဌာန ဝင်ပေါက်ဝကိုရောက်တော့ လင်းရီ ရန်စီကို မြင်တွေ့လိုက်ရ၏။
သူမက အနက်ရောင် ပွယောင်းယောင်း ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခရမ်းရင့်ရောင် ကက်ရှ်မီးယား ကုတ်ကို ဝတ်ဆင်ထားသည်။
အရောင်ကာလာက အနက်ဘက်သွားနေသော်လည်း ကံကောင်းစွာဖြင့် ရန်စီ၏ အသားအရေမှာ ဖြူဖွေးနေသောကြောင့် အရောင်နှင့် ပနံသင့်စွာ လိုက်ဖက်တင့်တယ်နေတော့၏။
ရန်စီ ထွက်လာသည်ကို မြင်တော့ ပါဝင်ယှဉ်ပြိုင်သူများမှ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ယခု လှပသည့် အမျိုးသမီးက တောတွင်းရှင်သန်ခြင်း အစီအစဉ်၏ ဒါရိုက်တာ တစ်ဦးဖြစ်ကြောင်း သူတို့ သိရှိထားကြသောကြောင့်ပင်။ အကယ်၍ ၎င်းတို့ကသာ သူမနှင့် နီးစပ်ခွင်ရမည်ဆိုပါက ရှိုးပွဲအတောအတွင်း၌ အထူးအလေးပေး ဆက်ဆံခံရမှုတို့ ရရှိလိမ့်မည် မဟုတ်ပါလော။
“ ဘော့စ်ချိန်… ကောလဟာလတွေက တကယ်မှန်နေတာပဲ… ဒီရှိုးရဲ့ ဒါရိုက်တာက တကယ့်ကို စကီ အလန်းဇယားလေး….”