နင်က သေမှာ ကြောက်နေသေးတယ်လား
Vol. 56 Ch. 837
လင်းရီ အစက တစ်ကွက်နှစ်ကွက် ဟန်ရေးပြ၍ ဤလူများအား ခြောက်ထုတ်ရန် စဉ်းစားထားသော်လည်း မျှော်လင့်မထားစွာဖြင့် ဤလူများက ၎င်းတို့၏ ကံကြမ္မာကို စမ်းသပ်ကြည့်ချင်နေကြသည်။
ထို့ကြောင့် သူလည်း ညှာတာ မနေတော့ပေ။
လီရှန်းခမျာ မီတာ အနည်းငယ် လွင့်စင်သည်အထိ ကန်ထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ တရွတ်တိုက် ပြုတ်ကျသွားခဲ့ကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။
ဟစ်…..
လီရှန်း၏ ရှုမြင်မကောင်းဖွယ် အခြေအနေကို မြင်တော့ လက်ရှိ ရောက်နေကြသည့် လူတိုင်း လေအေးကြီးများ ရှိုက်သွင်းလိုက်ရပြန်သည်။
ဒီလူက ဘယ်သူများလဲ…
သူ့ကြည့်တော့ ပိန်မလိုလိုနဲ့ကို ဒီလောက်တောင် သန်မာနေတယ်လား….
ရန်စီကတော့ အမူအရာ ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေလျက်ရှိသည်။
ရပ်နေတော့ အကောင်းသား... လှမ်းမှ အကျိုးဖြစ်သွားတယ်ဆိုတာ ဒင်းတို့မှ စစ်စစ်...
လင်းရီ ကျန်းရွှီကို ကြည့်လိုက်ပြီး “ မင်းကော ကြိုးစားကြည့်ချင်သေးလား… ငါ့ဘက်က ဖိတ်ကြားခံရဖို့ အရည်အချင်း မှီမမှီ မင်းကိုယ်တိုင် ကြိုးစားကြည့်လို့ရတယ်…”
“ မ...မလိုပါဘူး… အဲ့လိုလုပ်ဖို့ မလိုပါဘူး…”
ကျန်းရွှီ အားနည်းစွာ ပြုံးပြီး ချွေးအေးများအား သုတ်ရင်း ပြောလိုက်၏။
သူမူလက လင်းရီမှာ သူ့ထက် အနည်းငယ်မျှ ပိုသန်မာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း လင်းရီက ဤမျှ သန်မာနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
“ သွားစို့… “ လင်းရီ ရန်စီကိုပြောလိုက်၏။
ရန်စီလည်း ခေါင်းညိမ့် သဘောတူလိုက်ကာ နှစ်ယောက်အတူ ဒုတိယထပ်သို့ တက်သွားခဲ့ကြလေသည်။
စောနက အမောက်လေး တထောင်ထောင် ဖြစ်နေသည့် ချိန်တုန်းကျယ်မှာ ယခုအချိန်တွင်တော့ သူနှင့် ဘာမှမဆိုင်သကဲ့သို့ ပြုမူနေလျက်ရှိ၏။
သူ့ကိုယ်သူ လင်းရီ၏ ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည်လို့လည်း မသေချာပေ။ အကယ်၍ ရှုံးသွားမည်ဆိုပါက သူတည်ဆောက်ထားသည့် နာမည် တစ်လုံးမှာ တဒင်္ဂအတွင်း ပျက်စီးသွားနိုင်သည်။
မည်သို့ပင်ဆိုစေ သူ၏ ခွန်အားဖြင့် ကိုယ်ကာယ စမ်းသပ်မှုကို ကျော်ဖြတ်ရန် မခက်ခဲချေ။
ထို့ကြောင့် နှုတ်ဆိတ်နေလိုက်၏။
ထိုအချိန် လင်းရီတို့ နှစ်ယောက်မှာတော့ ဒုတိယထပ်ရှိ အစည်းအဝေးခန်း သေးသေးလေးထဲသို့ ရောက်ရှိလာခဲ့ပြီး အထဲတွင် လူဆယ်ဦးထက်မနည်း ရှိနေကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။
အများစုမှာ အားကောင်းမောင်းသန် ယောက်ျားသားကြီးများ ဖြစ်ကြသော်လည်း ယခု လက်ရှိ ထိုင်နေကြသူများက အပြင်ဘက်ရှိ ဗလကြီးများနှင့်တော့ အတော်လေး ကွာခြားနေသည်။သူတို့၌ ကျန်းမာသည့် ကိုယ်ကာယ ရှိသည်ဟု ဆိုနိုင်ရုံမျှရှိ၏။
ထို့ပြင် အခန်းထဲ၌ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးနေသည့် ဝန်ထမ်းများလည်း ရှိနေကြသည်။ ဝန်ဆောင်မှုကို အထူးအလေးပေး ဆောင်ရွက်သည်ဟု ပြောနိုင်လေသည်။
လင်းရီနှင့် ရန်စီတို့ ဝင်လာခဲ့သည်ကို မြင်တော့ အခန်းထဲရှိ လူတိုင်းမှ လှည့်ကြည့်လာခဲ့ကြ၏။
ခန့်ညားချောမောသည့် အမျိုးသားနှင့် လှပသည့် အမျိုးသမီးတို့ အတူတွဲလျက်ရှိနေသည်က အင်မတန် မျက်စိဖမ်းစားနိုင်လွန်းလှသည်။
“ မမ… အဲ့ကောင်လေးကို ကြည့်လိုက်… အရမ်းချောတာပဲ… သူလည်း ဖိတ်ကြားခံထားရတယ်နဲ့တူတယ်…”
ပြောလိုက်သည့် မိန်းကလေးမှာ သားမွေးထည် အဖြူရောင်ကို ဝတ်ဆင်ထားပြီး ရင်ခွင်မှီ အရပ်နှင့် တမူထူးခြားသည့် သွင်ပြင်ကို ပေးစွမ်းနေသည်။
သို့သော်လည်း ယခုလို ချမ်းစိမ့်သည့် ရာသီဥတု၌ သူမတစ်ဦးတည်းကသာ အဝတ်ပါးလေးနှင့် ရှိ၏။
သူမ ဘေးတွင်တော့ ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး အကဲခတ်ရမည်ဆိုပါက အေးဆေးပြီး တည်ငြိမ်မှုရှိသည်။
“ ဖြစ်နိုင်တာ တောတွင်း ကျွမ်းကျင်သူလားမှ မသိတာ… သူက ငါတို့နဲ့ မတူလောက်ဘူး…”
မည်သို့ပင်ဆိုစေ တောတွင်းရှင်သန်ခြင်း အစီအစဉ် ဖြစ်သောကြောင့် ခွန်အားနှင့် တောကျွမ်းကျင်မှု နှစ်ခုလုံးက သာတူညီမျှ ကောင်းမွန်နေရန် လိုအပ်လေသည်။ ထို့ကြောင့် လုံလောက်အောင် မသန်မာသော်ငြား တောတွင်းကျွမ်းကျင်မှုကြောင့် သူ့ကို တိုက်ရိုက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လောက်၏။ ထုတ်လုပ်ရေး အဖွဲ့မှလည်း ယခုလို တောတွင်း အသိဉာဏ် ကြွယ်ဝသူကို အထူး အလေးပေး ဆက်ဆံကြလိမ့်မည်။
“ အဲ့တာဆို အတော်ပဲ မဟုတ်ဘူးလား…. အဲ့တာက မမရဲ့ ချို့ယွင်းချက်ပဲလေ… တကယ်လို့ သူနဲ့သာ အသင်းဖွဲ့နိုင်မယ် ဆိုရင် ပိုပြီး ဝေးဝေး သွားနိုင်လောက်တယ်…”
“ လော့လော့… မင်း အတည်ကြီး ပြောနေတာလား… ဂျန်နီနဲ့ ငါ့ရဲ့ အစွမ်းအစ ပေါင်းစည်းထားလိုက်ရင် ဘယ်သူ့ အကူအညီမှ ငါတို့ မလိုဘူး…”
ပြောလိုက်သူကတော့ ဘေး၌ ထိုင်နေသည့် အမျိုးသားတစ်ဦးဖြစ်ပြီး နားတွင်လည်း မျက်စိနောက်ဖွယ် စိန်နားတောင်းကို ၀တ်ဆင်ထားသည်။ ခြေထောက်ကိုလည်း လူတိုင်းထက် အဆင့်မြင့်နေသယောင် ခြေတင်ချိတ်ထားကာ ဘယ်သူ့မှ ဂရုမစိုက်ဘူးဟူသည့် မျက်နှာပေးမျိုးနှင့် ဖြစ်၏။
“ အစ်ကိုဟန်..နင် အဲ့လို မပြောစမ်းနဲ့… ထုတ်လုပ်ရေး အဖွဲ့က ဆုကြေးငွေကို အဲ့လောက်အများကြီး ပေးထားမှတော့ သေချာပေါက် ကျွမ်းကျင်သူတွေ အများကြီး ပါဝင်ဆင်နွှဲမှာပဲ... နင် ဂရုစိုက်မှ ဖြစ်မှာ…. တကယ်လို့ တစ်ယောက်ယောက်နဲ့ မိတ်ဆွေဖွဲ့ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့…”
“ ဘာ မိတ်မှ ဖွဲ့စရာ အကြောင်းမရှိဘူး… အဲ့လိုလုပ်လိုက်ရင် ငါတို့ရဲ့ ခွန်အား အစစ်အမှန်ကို ဘယ်လိုသွားပြရတော့မှာ…” ဆံပင်အတိုနှင့် အမျိုးသားမှ ခြေဟန် လက်ဟန်ဖြင့် ပြောလိုက်ပြီး “ မင်း အစ်မ ဂျင်းနီနဲ့ ငါတို့နှစ်ယောက် အသင်းဖွဲ့ထားလိုက်ရင် ပထမဆုဆိုတာ ဟော့ဒီလို ရိုက်ချယူရုံပဲ… နားလည်လား... ”
ထိုစဉ် ဂျန်နီ အမည်ရသည့် မိန်းကလေးကတော့ ခေါင်းလေး ငဲ့စောင်းလျက် နောက်တန်း၌ ရှိသည့် လင်းရီကို အကဲခတ်နေသည်။ သူမကတော့ ဆံပင်အတိုနှင့် အမျိုးသား ပြောသည်ကို သဘောမတွေ့ချေ။
သူမအတွက်တော့ လူအင်အားများလေ ပိုကောင်းလေဖြစ်၏။ မည်သို့ပင်ဆိုစေ ယခုလို အစီအစဉ်များက မသေချာမှုတို့ဖြင့် ပြည့်နှက်နေ သောကြောင့် တစ်စုံတစ်ယောက်က သန်မာနေရုံမျှနှင့် ပထမရရန် မဖြစ်နိုင်ချေ။
“ ဒီလူတွေကလည်း ဖိတ်ကြားခံထားရတဲ့ သူတွေပဲလား…” လင်းရီ နောက်ခုံတွင် ထိုင်နေရင်း မေးမြန်းလိုက်၏။
ရန်စီ ခေါင်းညိမ့်လိုက်သည်။ “ အံ့ဩသွားလား… ရှိုးအများစုလည်း ဒီအတိုင်းပဲလေ…”
" နည်းနည်းပေါ့...."
လင်းရီ သူ့အနီးတစ်ဝိုက်ရှိ လူများကို တစ်ဖန် ပြန်ကြည့်ရင်း “ ဒီလူတွေက တကယ်ကြီး အထင်ကြီးဖို့ ကောင်းကြတာလား…”
“ အွန်း… အကုန်လုံးက ဆရာကြီးတွေချည်းပဲ… တစ်ချို့ဆို တောတွင်းနဲ့ ပတ်သက်လာရင် ကမ္ဘာတစ်လွှားမှာပါ လူသိများကြတယ်… ကျန်တဲ့သူ အများစုကတော့ အရည်အချင်းရှိတဲ့ အားကစားသမားတွေပါပဲ… နင့်လိုပေါ့… တိုတိုပြောရရင် ဘယ်သူကမှ မရိုးရှင်းနေဘူး…”
“ ဒီတိုင်း အစီအစဉ်လေး တစ်ခုပဲ မဟုတ်ဘူးလား.. ဘာလို့ အဲ့လောက်တောင် ခမ်းနားကြီးကျယ်နေရတာ….”
“ ရှင်းပါတယ်... ဘာလို့ဆို ငါတို့က သူများတွေနဲ့ မတူကွဲပြားနေလို့ပေါ့…”
“ဒါနဲ့... မင်း အရင်တစ်ခါကပြောဖူးတာ ဒီအစီအစဉ်ကို တိုက်ရိုက်ထုတ်လွင့်မယ်လို့ ပြောတယ်မဟုတ်ဘူးလား…”
ရန်စီမှ နောင်တရနေသည့် အမူအရာဖြင့် ပခုံးတွန့်လိုက်ပြီး “ အွန်း... အစကတော့ တိုက်ရိုက်ထုတ်လွင့်မလားလို့ပဲ…ဒါပေမယ့် ဌာနရဲ့ အထက်ကြီးပိုင်းတွေက ပယ်ချလိုက်ကြတယ်လေ… ဇာတ်တိုက်ထားတာလည်း ဘာမှမရှိဘူးဆိုတော့ ထိန်းချုပ်လို့ မရတဲ့ဟာတွေမှ အများကြီးပဲ… နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်တော့လည်း အဓိပ္ပာယ်တော့ရှိပါတယ်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။
ရန်စီပြောသည်က မှန်ကန်သည်။ လိုက်စထွင်းပြုလုပ်ခြင်းက အချိန်ရှည်လျားသည့် အစီအစဉ်များအတွက် မသင့်လျော်သည့်အပြင် အပို ကုန်ကျစရိတ်ကလည်း များပြားသေး၏။ ထို့ပြင် အစီအစဉ်က ကြာမြင့်လေ လူစိတ်ဝင်စားမှုကလည်း နည်းပါးလေဖြစ်သည့်အပြင် မည်သူကမျှ တစ်နေကုန် ထိုင်ပြီး လိုက်စထွင်းလွင့်သည်ကို အားပေးနေရအောင် အားလပ် မနေကြချေ။
လိုက်စထွင်းက စစ်မှန်သော်လည်း edit ပြုလုပ်ထားသည့် content က ပို၍ စိတ်ဝင်စားဖို့ကောင်းသည်ကတော့ ငြင်းပယ်ရမရသည့် အချက်တစ်ခုဖြစ်၏။
“ ဘယ်မှာ ကျင်းပမှာ... ”
“ နေရာက ပင်လယ်ထဲမှာရှိတဲ့ ကန္တရာရ ကျွန်းတစ်ကျွန်းပေါ်မှာ … ခစ်ခစ် နင် စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားရင် ပိုကောင်းမယ်နော်…”
“ အိုးဟိုး… အတည်ပေါက်ကြီးတွေပါလားကွ…”
“ ဒါပေါ့... ဘယ်တတ်နိုင်မှာ…. ခုက တီဗွီဌာနတွေ အများကြီးကနေပြီး စုပေါင်း ကျင်းပတဲ့ပွဲလေ… ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေကို ရွေးချယ်ရမှာ သဘာဝပဲမလား…” ရန်စီ ပြောလိုက်ပြီး “ ပြီးတော့ နင်လည်း သိပါတယ်… နိုင်ငံခြားသားတွေက စွန့်စားခန်း ဖွင့်ရတာကို တော်တော်လေး ခုံမင်ကြတယ်လေ… တကယ်လို့ ငါတို့ကသာ သာမန် နေရာကို ရွေးချယ်လိုက်မယ်ဆိုရင် သေချာပေါက် အဝေဖန်ခံရမှာ… နောက်ပြီး ငါတို့က ကမကထလုပ်တာဆိုတော့ ပိုပြီးလေးနက်ရမှာ… မဟုတ်ရင် နာမည် စာရင်းပေးသွင်းတာတောင် ဘာကြောင့် တင်းကြပ်ထားတယ်လို့ ထင်လဲ….”
“ သေကော သေနိုင်လောက်လား…”
“ နင်က သေမှာကြောက်နေသေးတယ်ပေါ့….”
“ ကြောက်တာပေါ့ကွ…. ငါ့လို လက်လည်းမထပ် ကလေးလည်း မမွေးရသေးတဲ့ လူပျိုချောချောလေးက သေမှာကြောက်သင့်တာ သဘာဝပဲ မဟုတ်ဘူးလား…”
ရန်စီမှ ချစ်စဖွယ် ပြုံးလိုက်ပြီး “ မပူပါနဲ့… ငါတို့ဘက်က လုံခြုံရေး အစီအစဉ်တွေ အများကြီး ရှိထားပြီးသား… နင်သာ ရည်ရွယ်ချက်ရှိရှိ သေလမ်းမရှာဘူးဆိုရင် လုံးဝပြဿနာ မရှိဘူး…”
“အိုကေလေ... ဒါဆို ရှိုးက ဘယ်အချိန်စရိုက်ကူးမှာလဲတဲ့….”
“ လဝက်အတွင်းဖြစ်မယ်... ဘာလို့လဲဆိုတော့ ပြင်ဆင်စရာတွေက အများကြီးကျန်နေသေးတုန်းမို့..” ရန်စီ ပြောပြီးနာက် လင်းရီအား စာရွက်ထိုးပေးရင်း “ သဘောတူညီမှု စာရွက်ကို တစ်ချက်ဖတ်ကြည့်လိုက်ဦး… တကယ်လို့ ပြဿနာမရှိဘူးဆိုရင် လက်မှတ်ထိုးလိုက်တော့…”
လင်းရီ စာရွက်ကို တစ်ချက်ကြည့်လိုက်၏။
အဓိက အကြောင်းအရာကတော့ လုံခြုံရေး အာမခံချက်ပင်။
“ ထုတ်လုပ်ရေး အဖွဲ့က သင့်ရဲ့ လုံခြုံရေး အတွက် အပြည့်အဝ တာဝန်ယူပါတယ်…ဒါပေမယ့် မတော်တဆမှုလေးတွေ ရှိခဲ့မယ်ဆိုရင်တော့ ထုတ်လုပ်ရေး အသင်းအနေနဲ့ မည်သည့် လျော်ကြေးငွေကိုမှ ပေးအပ်သွားမှာ မဟုတ်ပါဘူး… သင် ဘယ်လောက်ရမလဲဆိုတာကတော့ သင် ထားထားတဲ့ အာမခံကုမ္ပဏီ အပေါ်မှာမူတည်ပါတယ်…”
လခွမ်း …. ဒါကြီးက ဘာတာဝန်ယူမှုမှ မရှိတာနဲ့ ဘာကွာလို့…
“ ဆုကြေးငွေအနေနဲ့ကတော့ ပထမဆုကို ဒေါ်လာငါးသန်း… ဒုတိယဆု သုံးသန်းနဲ့…တတိယဆု တစ်သန်းတို့ အသီးသီး ချီးမြင့်သွားပါမယ်…”
၎င်းအပြင် နောက်ဆုံး အဆင့်သို့ ရောက်ရှိပြီး ဆန်ခါတင် စာရင်း ဝင်သူတိုင်း ဒေါ်လာ ၅၀၀ ချီးမြင့်ခံရမည်ဖြစ်၏။
အဆိုပါ ဆုကြေးကြီးက reality show ပွဲများ၌ တစ်ကြိမ်တစ်ခါကမျှ မရှိခဲ့ဖူးသည့် မှတ်တမ်းအသစ် ဖြစ်မည်မှာ သေချာပေါက်ပင်။
သို့သော်လည်း ကမ္ဘာပေါ်၌ အလကား ရသည့် နေ့လည်စာ မရှိ။ တစ်ဖက်သူမှ အဆမတန် မြင့်မားသည့် ဆုကြေး ပမာဏကို ထုတ်ထားသောကြောင့် ပါဝင်ယှဉ်ပြိုင်သူများအနေနှင့်လည်း အန္တရာယ်များသည့် အခြေအနေတို့နှင့် ရင်ဆိုင်ရန် မျှော်လင့်ထားရမည်မှာ သဘာဝပင်။
လင်းရီ ပြုံး၍ သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ ဒီရှိုးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမယ်ပုံပဲ…”