ဒီလို တိုက်ပွဲမျိုး မနွှဲဖူးသေးဘူး
Vol. 56 Ch. 839
ထိုညနောက်ပိုင်းတွင်တော့ လင်းရီ ထမင်းစားပြီးက် စာကြည့်ခန်းထဲ ၀င်၍ ပုံမှန်အတိုင်း ကုတ်ရေးသား၏။
တစ်ချိန်တည်း၌ သူ ပို၍ သတိချပ်ထားနေမိသည်။ သို့သော်လည်း အာယာနဲမစ်ဆူ၏ အဆင့်အတန်းဖြင့်ဆိုပါက ထိုကဲ့သို့ နိမ့်ကျသည့် အလုပ်မျိုးကို မလုပ်လောက်ဟု တွေးတောရင်း စိတ်ကို ပြန်လျော့ထားလိုက်၏။
ကျန်ရက်များတွင်တော့ အရာအားလုံးက ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည်။
လင်းရီအဖို့ အမြဲတစေ အလုပ်များနေခဲ့သည့် ချစ် 3.0 မှာလည်း ဆုံးခန်းတိုင်လာခဲ့၏။
စိတ်သက်သာရာရစွာဖြင့် လင်းရီ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤအတွက် သူ ရက်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ရလဒ်ကို မြင်တွေ့နိုင်ပေတော့မည်။
လက်ထဲ ရေးသားထားသည့် ပရိုဂရမ်ကို ကိုင်ရင်း လင်းရီ သုတေသန စင်တာသို့ သွား၍ ရှန်းထျန်းကျိုးကို ရှာရန် ဟန်ပြင်သည်။
ယခု ပရိုဂရမ်ထဲ၌ အမှား ကင်းစင်နေလိမ့်မည်လို့ လင်းရီ အာမ မခံရဲချေ။ ထို့ကြောင့် သူ ရှန်းထျန်းကျိုးကို ပြ၍ အကြံဉာဏ်များတောင်းခံပြီးမှ မူပိုင်ခွင့်လျှောက်ထားမည်ဟု စဉ်းစားထား၏။
မနက်ပိုင်း ကျီချင်းရန်ကို လိုက်ပို့ပေးပြီးနောက် လင်းရီ သုတေသန စင်တာသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။
ကလင် ကလင် ကလင် ….
လမ်းတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ချီရှန်းကျောက်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ဘော့စ်… မကောင်းတော့ဘူး…” ချီရှန်းကျောက်မှ စိုးရိမ်ကြောင့်ကြသည့် လေသံဖြင့် ဆိုလာခဲ့ပြီး “ Intel က ကျွန်တော်တို့ကို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲထားတယ်…တရားရုံးဆင့်ခေါ်စာက ကျွန်တော်တို့လက်ထဲ ခုပဲ ရောက်လာခဲ့တယ်…”
“ ဟမ်…”
လင်းရီ ဘရိတ်ကို ဆောင့်နင်းမိသွားခဲ့ပြီး အနည်းငယ် မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားနေရ၏။
“ Intel ဆိုတာ သေချာလို့လား…”
ပြောရင်းဖြင့် လင်းရီ သူကားကို လမ်းဘေးသို့ ပါကင်ထိုးလိုက်ပြီး ဟားတိုက်ရယ်မောလု နီးပါး ဖြစ်နေတော့၏။
ဒီလူတွေက ရူးသွားတော့တာလား…
ချစ်ပ် ၃.၀ နည်းပညာက ငါ့လက်ထဲ ရှိပြီးနေပြီ… ငါ့ဘက်ကတောင် စမလှုပ်ရှားရသေးဘူး… ဒါပေမယ့် ဒင်းတို့က အရင် လာရှာနေတယ်ပေါ့…
“ ကျိုးဟိုင် Intel အုပ်စုခွဲက စွဲဆိုတာ…. ကျွန်တော်ကြားတာတော့ သူတို့ ဒီကိစ္စကို တော်တော်လေး အလေးအနက် ထားနေပြီးတော့ ရုံးချုပ်က လူတွေပါ စေလွှတ်လာခဲ့တယ်ဆိုပဲ…” ချီရှန်းကျောက် ပြောပြီးနောက် “ ကျွန်တော့်အထင်တော့ လုံရှင်းရဲ့ အလျင်အမြန် တိုးတက်လာမှုကြောင့် သူတို့ဘက်က အလားအလာရှိတဲ့ ခြိမ်းခြောက်မှု တစ်ရပ်လို့ ယူဆလိုက်တာ ဖြစ်ရမယ်… မဟုတ်ရင် သူတို့ဘက်က ဒီလိုမျိုး လုပ်မှာ မဟုတ်လောက်ဘူး…”
“ ဖြစ်နိုင်တယ်..” လင်းရီ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
လင်းရီအဖို့ ရုံးဆင့်ခေါ်စာမှာ ဘာမျှ မဟုတ်ချေ။
ကျိုးဟိုင်မှာ သူ၏ ပိုင်နက်ဖြစ်ပြီး အင်ပါယာပြည့်ရှင်ပင် သူ့ကို ဤနေရာ၌ ဘာမျှ မလုပ်ဆောင်နိုင်ချေ။
သို့သော်လည်း ယခုလိုအချိန်၌ ရုံးဆင့်ခေါ်စာ ပို့လာခဲ့သည်ကတော့ အနည်းငယ် သံသယဖြစ်ဖွယ် ကောင်းနေတော့၏။
လုံရှင်းက အများပြည်သူပိုင်အဖြစ် တစ်လောတုန်းကမှ စာရင်းဝင်ထားသော်လည်း ချစ်ပ်နယ်ပယ်၌ မည်သည့် လှုပ်ရှားမှုတို့မျှ မရှိသေးချေ။ ၎င်းအချက်ကိုလည်း အွန်းလိုင်းပေါ်တွင်ပင် လွယ်လင့်တကူ ရှာတွေ့နိုင်လေသည်။
ထပ်ပေါင်းအနေဖြင့် အတွင်းသတင်း ပေါက်ကြားမှုကလည်း မဖြစ်နိုင်သလောက် နည်းပါး၏။
လုံရှင်း၏ တာဝန်က မိုဘိုင်းဖုန်း ဂေဟစနစ်ကို ဖန်တီးရန်ဖြစ်သောကြောင့် လတ်တလောတွင် ချစ်ပ်နှင့် စပ်ဆိုင်သည့် သုတေသနအားလုံးကို ဖြတ်တောက်ထားရသည်။
ထိုအစား ချစ်ပ် သုတေသနကို သူတစ်ဦးတည်းကသာ လုပ်ကိုင်နေလျက်ရှိ၏။ ဤသတင်းကိုလည်း ခိုင်လုံစွာ ချိတ်ပိတ်ထားခဲ့လေသည်။
ထို့ကြောင့် Intel မှ အဘယ်ကြောင့် ယခုလိုအချိန်၌ သူတို့ကို စိန်ခေါ်ရန် ရွေးချယ်ခဲ့ရပါသနည်း။
၎င်းတို့၏ စီးပွားရေး အမြင် ထက်ရှမှုကြောင့်ပေလော။ သို့မဟုတ် ချစ်ပ် ၂.၀ နည်းပညာက တကယ်ကြီး ၎င်းတို့ကို ဖိအားပေးနိုင်ခဲ့၍လော။
သို့ဆိုစေကာမူ ချစ်ပ် ၂.၀ ကိုချပြထားသည်မှာ အချိန်အတော်ကြာကတည်းကပင်။ ယုတ္တိရှိရှိ ပြောရမည်ဆိုပါက တစ်ရေးနိုးမှ အရေးတယူ လုပ်ဆောင်နေသည်မှာ မည်သို့မျှ မဖြစ်သင့်ပါချေ။
“ ရုံးဆင့်ခေါ်စာထဲမှာ ဘာတွေပြောထားသေးလဲ…” လင်းရီ မေးမြန်းလိုက်၏။
“ ဘာမှ ကြီးကြီးမားမားတော့ မရှိပါဘူးဘော့စ်… ဒါပေမယ့် တရားရုံးကို ဆယ်ရက်အတွင်း အစီရင်ခံရမယ်လို့တော့ ပြောထားတယ်..”
“ အဲ့ဒီ တရားရုံးဆင့်ခေါ်စာကို စိတ်ပူမနေနဲ့… ငါတို့ ကုမ္ပဏီရဲ့ ပုံမှန် လည်ပတ်နေကျအတိုင်းပဲ လုပ်.. ဒီကိစ္စကို စိတ်ထဲထားမနေနဲ့….”
“ ဂရုစိုက်စရာ မလိုဘူးပေါ့…”
“ ဒါက သာမန်စီးပွားရေးအရ တရားစွဲဆိုတာ မဟုတ်ဘူး… နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေတယ်… ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်..”
“ နားလည်ပါပြီ ဘော့စ်…”
ဖုန်းချပြီးနောက် လင်းရီ ချက်ချင်းလက်ငင်း မထွက်ခွာသေးချေ။ အဘယ်ကြောင့်ဆိုသော် ဘာဖြစ်နေလဲဆိုတာ သူ နားမလည်သေးသောကြောင့် ဆန်းစစ်ရဦးမည် ဖြစ်၏။
ယခုအချိန်၌ Intel မှ ရုတ်ချည်း လှုပ်ရှားလာခဲ့ပြီး တိုက်ဆိုင်မှုဟု ဆိုခဲ့လျှင်တောင် လင်းရီကတော့ အာယာနဲမစ်ဆူကိုသာ ပြေးမြင်နေမိ၏။
သို့သော်လည်း သူမ ပါဝင်နေကြောင်း အတည်ပြုနိုင်သည့် မည်သည့် အချက်အလက်ကိုမျှ လင်းရီ စဉ်းစား၍ မရနိုင်ချေ။
ကလင် ကလင် ကလင် …
လင်းရီ ထိုအကြောင်း အတွေးနက်နေတုန်း အိတ်ကပ်ထဲရှိ ဖုန်းမှာ တစ်ဖန်မြည်လာခဲ့၏။
ရှန်းထျန်းကျိုးမှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ဟဲလို ဒါရိုက်တာရှန်း… ကျွန်တော့်ကို ရှာနေတာလား…”
“ အေး.. ငါကြားတာ မင်း Intel ရဲ့ တရားစွဲတာ ခံနေရတယ်ဆို… ဘာတွေ ဖြစ်နေတာတုန်းကွ…”
“ ကျွန်တော်လည်း ဘာဖြစ်နေမှန်းကို မသိတာ… ခု ဒါရိုက်တာရှန်းဆီ လာခဲ့မလို့ပဲ… ဟိုရောက်မှ စကားပြောကြတာပေါ့..”
“ အဲ့တာဆို မြန်မြန်လာခဲ့… ခု စင်တာနားမှာ တုံးပေ စားသောက်ဆိုင် အသစ် ဖွင့်ထားတယ်.. ဆိုင်လည်းကြီးသလို အရသာလည်း ရှိချက်ပဲ… ငါမင်းကို လိုက်ဧည့်ခံပေးမယ်…”
“ ကောင်းပြီလေ…”
မိနစ်လေးဆယ်ကျော်မျှ မောင်းနှင်လာခဲ့ပြီးနောက် လင်းရီ သုတေသနစင်တာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။
တိုက်တိုင်ဆိုင်ဆိုင် သူ ဟော်ယွမ်ယွမ်၏ ရည်းစားဟောင်းနှင့် ပက်ပင်းတိုးမိသွားသည်။
လင်းရီ သာမန်သာ ခေါင်းညိမ့်ပြလိုက်ပြီး ခပ်တည်တည်နှင့် ရှန်းထျန်းကျိုး၏ ရုံးခန်းထဲသို့ ဦးတည်သွးလိုက်၏။
“ ဘယ့်နှယ့် တရားစွဲခံရတဲ့သူက ပြုံးနေလို့ပါလားကွ…”
“ ကျွန်တော့်ကို ကျိုးဟိုင်မှာ ဘယ်ကောင် တရားစွဲရဲလို့…”လင်းရီ ခြေတင်ချိန် ထိုင်ချလိုက်ရင်း “ ကျွန်တော့်အထင် တရားရုံး ဆင့်ခေါ်စာက ဒီတိုင်းပို့လိုက်တယ်လို့ ထင်တာပဲ… နောက်မှာ လိုက်နာစရာ လုပ်ထုံးလုပ်နည်းတွေက အများကြီး ကျန်နေလောက်သေးတယ်…”
“ မင်းရဲ့ အဆက်အသွယ်တွေနဲ့ ကျိုးဟိုင်မှာဆိုတော့ ငါလည်း သိပ် စိတ်မပူပါဘူးကွာ..” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ဒါပေမယ့် Intel ဆိုတာ နယ်ပယ်ထဲက ဒိတ်ဒိတ်ကျဲကြီးကွ… တကယ်လို့ ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် စတော့ ဈေးနှုန်းအပေါ်မှာတော့ ရိုက်ခတ်မှုတစ်ချို့ ရှိလောက်တယ်.. မင်းရဲ့ DIDI တောင်မှ ပါဝင်ငြိစွန်းသွားနိုင်တယ်…”
“ မျှော်လင့်ပြီးသားပါ… ဒါပေမယ့် ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး…”
လင်းရီတွင်လည်း ကျောထောက်နောက်ခံ ကောင်းကောင်း ရှိသောကြောင့် ရန်စီ၏ စကားကို ယူသုံးရမည် ဆိုပါက အကယ်၍ သူသာ ရည်ရွယ်ချက်ရှိရှိ သေလမ်းမရှာဘူးဆိုလျှင် သေရန် မည်သို့မျှ မဖြစ်နိုင်ချေ။
“ မင်းရဲ့ အရည်အချင်းတွေကို သိပြီးသားဆိုတော့ မင်း ဒီကိစ္စကို ကိုင်တွယ်ဖို့ မခက်ခဲဘူးဆိုတာ ငါသိတယ်… ဒါပေမယ့် ငါတို့ အရေးတကြီး လိုအပ်နေတဲ့ အလင်းအရင်းအမြစ်က Cymer ရဲ့လက်ထဲမှာ.. ပြီးတော့ သူတို့ကို ထိန်းချုပ်ထားတဲ့ သူက Intel …. တကယ်လို့ နှစ်ဖက်ကြား ပဋိပက္ခ ပြင်းထန်လာမယ်ဆိုရင်တော့ လီတိုဂရပ်ဖီစက်က တော်တော်လေး ခက်ခဲတဲ့ အခြေအနေကို ကျရောက်သွားတော့မှာပဲ…”
ထိုသို့ ပြောပြီးနောက် ရှန်းထျန်းကျိုး ပြုံးလိုက်ကာ “ ပထမဆုံး နှစ်နိုင်ငံကြား နည်းပညာနယ်ပယ် စစ်ပွဲက မင်းဆီက စတော့မယ်နဲ့တူတယ်..."
“ Intel က တကယ့်ကို အထင်ကြီးဖို့ကောင်းပါတယ်… ဒါပေမယ့် သူတို့ မီးတောက်လောင်နိုင်မလား ဆိုတာကတော့ ကျွန်တော့်ရဲ့ စိတ်အခြေအနေအရပဲ…. ဘာလို့ဆို ဖျူး(fuse)က ကျွန်တော့်လက်ထဲမှာလေ…”
“ ဟမ်… မင်းမှာ သူတို့ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှိလို့လား…”
လင်းရီ ဆန်းကြယ်စွာ ပြုံးလိုက်ပြီး “ ဒါရိုက်တာရှန်း… ကျွန်တော် ဒီနေ့ ခင်များကို လာရှာတာ ဘာကြောင့်လို့ ထင်လဲ…”
ရှန်းထျန်းကျိုး ကြက်သေသေသွားခဲ့ပြီး “ တစ်ခုခု အရေးကြီးတာ ရှိလို့လား…”
လင်းရီ သူ့အိတ်ကပ်ထဲမှ USB ကို ရှန်းထျန်းကျိုးရှေ့သို့ တွန်းပို့ပေးလိုက်ပြီး “ ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ် 3.0 နည်းပညာ… ကျွန်တော် တခြား ဘာမှတော့ အာမ မခံရဲဘူး… ဒါပေမယ့် Intel ရဲ့ သုတေသန အဖွဲ့ထက် အနည်းဆုံး သုံးလေးလ ရှေ့ကြိုရောက်နေမယ်ဆိုတာတော့ အာမခံရဲတယ်…”
ရှန်းထျန်းကျိုး စားပွဲပေါ်ရှိ USB ကို ကြည့်ရင်း အချိန်အတော်ကြာအောင် ငေးငိုင်နေမိသွားသည်။
Intel က ရာနဲ့ချီတဲ့ အင်ဂျင်နီယာတွေ စုဝေးပြီး ဖန်တီးနေတာတောင် ခုထိ မထုတ်လုပ်နိုင်သေးတာကို သူက အကုန်ပြီးစီးနေပြီ....
ဒီကလေးက လုံးဝ ဂျီးနီးယပ်စ်ပဲ…
“ မင်းအရင်တုန်းက ၄ နာနိုမီတာ အလင်းအရင်းအမြစ် ပြဿနာကို ဖြေရှင်းမယ်ဆိုတာ ဒီဟာနဲ့လား…”
“ အမှန်ပဲ… ဒါပေမယ့် ခုတလော ကိစ္စတွေ တော်တော်များများ ဖြစ်သွားခဲ့လို့… မဟုတ်ရင် သည့်ထက်ပိုပြီးတောင် စောရနိုင်ဦးမယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် လောလောဆယ် လုံရှင်းရဲ့ အဆင့်နဲ့ဆိုရင် ဒီလိုမျိုး အဆင့်မြင့်နည်းပညာကို အချိန်တစ်ခုလောက်အထိတော့ လိုအပ်သေးဦးမှာ မဟုတ်ဘူး.. တကယ်လို့ ကျွန်တော်တို့ဘက်က ဒီရဲ့ နည်းပညာကို AMD(Advanced Micro Devices) ဆီ သွားရောင်းမယ်ဆိုရင် Intel ဘာဖြစ်သွားမယ်လို့ ထင်လဲ…”
“ သူတို့ရဲ့ ရှယ်ယာ ဈေးနှုန်းတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားမယ်… ပြီးတော့ AMDကို နည်းပညာနဲ့ စီးပွားရေးမှာ လုံးဝ လက်ဝါးကြီးအုပ်ခွင့် ပေးလိုက်သလို ဖြစ်သွားတော့မှာ….”
“ ဆရာရှန်းရဲ့ အမြင်ကတော့ တကယ့်ကို ထူးခြားတာပဲ… ကျွန်တော်လည်း ထောက်ခံတယ်..” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ဒီအချိန်မှာ သူတို့နဲ့ ဘာလှည့်ကွက်တွေမှ သုံးပြီး ကစားနေစရာ မလိုတော့ဘူး… ကျွန်တော့်ဘက်က ဒီကတ်ကို စားပွဲပေါ် ရိုက်ချပြပြီး ရူးမတတ် ကြောက်လန့်သွားအောင် ခြောက်ပေးပစ်လိုက်မယ်…”
“ အင်း.... ဒါကလည်း တကယ့်ကို ရှော့ခ်စရာပဲကိုး…”
လင်းရီ အညောင်းဆန့်လိုက်ပြီး “ ကျွန်တော်လည်း စီးပွားရေး စလုပ်ကတည်းက ဒီလိုမျိုး အကျိုးအမြတ်များတဲ့ တိုက်ပွဲကို မတိုက်ဖူးသေးတော့..... မစောင့်နိုင်တော့ဘူး…”