← Chapters

သူက မကောင်းဆိုးဝါးထက်တောင် ကြောက်ဖို့ ကောင်းတယ်

Vol. 56 Ch. 840

သူက မကောင်းဆိုးဝါးထက်တောင် ကြောက်ဖို့ ကောင်းတယ်

Vol. 56 Ch. 840

" နည်းပညာ အရာမှာဆိုရင်တော့ မင်းဆီက ဆရာလို့ အခေါ်ခံရဖို့ ယုံကြည်ချက် ရှိမနေဘူးကွ..."ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်သည်။

" မဟုတ်တာ ... ခင်များက ဒီနယ်ပယ်မှာဆို အမြဲတမ်း ဆရာပါပဲ.. "လင်းရီ ‌ပြုံးလိုက်ပြီး " ကျွန်တော် ဒါကို ယူခဲ့တယ်ဆိုတာ အနာအဆာ ရှိမရှိ ဘော့စ်ရှန်းကို စစ်ဆေးခိုင်းမလို့...စစ်တလင်းမှာ သုံးရတော့မှာ ဆိုတော့ ဒီပစ္စည်းကို လောလောဆယ် အသုံးချနိုင်သေးမယ် မထင်ဘူး... "

“ ကောင်းပြီ… ငါ မစစ်ဆေးပေးခင် မင်းကိုယ်စား မူပိုင်ခွင့် အရင်တင်လိုက်မယ်…”

“ ဒါဆို ကျွန်တော် ဘော့စ်ရှန်းကို ဒုက္ခပေးရတော့မယ်…”

“ အသေးမွှားလေးပါကွာ…” ရှန်းထျန်းကျိုး လက်ကို ဝှေ့ယမ်းလိုက်ရင်း “ ဒါနဲ့ မြို့တော်ဝန်လျန်ရဲ့ နာမည် ထည့်ဖို့ လိုသေးလား…”

“ မလိုဘူး… နောင်ကျ ဘယ်လိုအောင်မြင်မှုပဲ ရှိလာ ရှိလာ သူ့နာမည် ထည့်စရာ အကြောင်းမရှိတော့ဘူး…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော့်ဘက်က သူမကို နိုင်ငံရေး အောင်မြင်မှုတွေ အများကြီး ပေးလိုက်ရင် တစ်နေ့ ရန်ကျင်းကို ပြန်ပြောင်းရွေ့ခံရနိုင်တယ်… ပေးပြောင်းလိုက်လို့ မဖြစ်သေးဘူး… ကျိုးဟိုင်မှာ နေခိုင်းထားမှ ဖြစ်မှာ…”

“ ဒါကတော့ မင်းတို့ လူငယ်ချင်း ကိစ္စပဲ… ငါကတော့ မင်းပြောတဲ့ အတိုင်းပဲ လုပ်လိုက်မှာ…”

ပြောပြီးနောက် ရှန်းထျန်းကျိုးမှ နာရီကို ကြည့်လိုက်ရင်း “ သွားစို့… နေ့လည်တောင် ရောက်နေပြီ.. ထမင်းသွားစားကြမယ်…”

“ ကောင်းပြီ…”

အလုပ်ကိစ္စ ဆွေးနွေး စကားပြောပြီးနောက် လင်းရီနှင့် ရှန်းထျန်းကျိုးတို့ အနီးနားရှိ တုံးပေ စားသောက်ဆိုင်တွင် စားမြိန်ဖွယ် သံကြေးအိုး ငန်းစတူးမှာပြီး မြိန်ရေယှက်ရေ စားသောက်လိုက်ကြ၏။

အရသာကတော့ တော်တော်လေးကို ထူးကဲကောင်းမွန်လေသည်။ လင်းရီ အချိန်ရပါက ကျီချင်းရန်ကို ခေါ်၍ လာစားမည်ဟု ဆုံးဖြတ်လိုက်၏။

သို့သော်လည်း စားသောက်နေစဉ်အတွင်း ချီရှန်းကျောက်နှင့် ထျန်းရန်တို့မှ တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်လာလေသည်။

အဓိကကတော့ Intel အရေး ပြဿနာပင်။ အဆိုပါ သတင်းတို့က အပြင်သို့ ပျံ့နှံ့သွားခဲ့ပြီး ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများ အပေါ်သို့ပါ အကျိုးသက်ရောက်မှု ရှိလာလေသည်။

သို့သော် ကာယကံရှင် လင်းရီကတော့ အလျှင်လိုနေခြင်းမရှိ။

သူ၏ အမြင်အရတော့ ယခုကိစ္စမှာ သာမန် ရန်ပွဲ အသေးစားမျှသာ ဖြစ်သောကြောင့် ကြီးမားသည့် ကိစ္စ တစ်စုံတစ်ရာ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

မကောင်းသည့် သတင်းများ ဟိုးလေး တကြော်ကြော် ဖြစ်နေသည့် အခါမှသာ သူတို့ဘက်က ခုခံရင်း တန်ပြန်တိုက်ခိုက်သည့် အစီအစဉ်ကို အကောင်အထည် ဖော်လိုက်မည်ဆိုပါက အခြေအနေတို့မှာ ပို၍ စိတ်ဝင်စားဖို့ ကောင်းလာနိုင်လေသည်။

နောက် သုံးလေးရက်အတွင်း၌ လင်းရီမှာ တော်တော်လေးကို အေးအေးလူလူ ဖြစ်နေခဲ့၏။

သူ အားလပ်သည့် အချိန်၌ လင်းယွမ်အုပ်စုသို့ သွား၍ ရုံးထိုင်သည်။

သူ့ဘက်က သာမန် ရုံးထိုင်နေသော်လည်း အမှုဆောင်များနှင့် သာမန်အလုပ်သမားများအတွက်တော့ အကြီးအကျယ် ထိတ်လန့် အံ့အားသင့်စရာကြီး ဖြစ်နေခဲ့၏။

ကုမ္ပဏီမှာ ဖမ်းရခက်တဲ့ သူဌေးက တကယ်ကြီး ကုမ္ပဏီမှာ ရုံးလာထိုင်နေတယ်…

ယင်းက အမျိုးသမီး ဝန်ထမ်းများအတွက်တော့ အိပ်မက်ထဲက အတိုင်း လက်တွေ့ဖြစ်လာသည်ဟု ဆိုရပေမည်။

ရုံးခန်းနှင့် အိမ်သာမှ လွဲ၍ လင်းရီ သူ သွားသည့် နေရာတိုင်း အမျိုးသမီး ဝန်ထမ်းများမှ သူ့ကို ကြည့်ရင်း တိုးတိုးနှင့် လုပ်နေကြသည်ကို လင်းရီ မြင်တွေ့နေရ၏။

ရုံးခန်းထဲတွင်တော့ လင်းရီ မကောင်းသတင်းများကို လှန်လော ကြည့်ရှုရင်း ပျင်းရိနေတော့သည်။

သူ့အတွက် အတော်‌လေး ပဟေဠိ ဖြစ်စရာက တစ်ဖက်သူမှ ထိုနေ့စပြီးကတည်းက မည်သည့် လှုပ်ရှားမှုတို့မျှ ထွက်ပေါ်မလာခြင်းပင်။

မကောင်းသည့် ကောလဟာလများကတော့ နေ့စဉ်ရက်ဆက် တက်နေသော်လည်း ကြီးကြီးမားမား တစ်ခုမျှ မပါရှိချေ။

မိုးဖွဲလေးများ ရွာကျသည်နှင့် အလားသဏ္ဌာန်တူသည်။

ကုမ္ပဏီမှာ သက်ရောက်ခြင်းခံရသော်လည်း အရိုးခိုက်သည်အထိတော့ မဟုတ်သေးချေ။

ချလပ်…

လင်းရီ၏ ရုံးခန်းတံခါး ပွင့်ဟလာခဲ့၏။

လင်းယွမ် တစ်အုပ်စုလုံး၌ ဟော်ယွမ်ယွမ် တစ်ယောက်တည်းကသာ သူ့ရုံးခန်းထဲသို့ တံခါးမခေါက်ပဲ ဝင်လာဝံ့လေသည်။

“ ဘာလို့ တံခါးမခေါက်တာ… မင်းကို အဲ့လိုဝင်လာလို့ရတယ်လို့ ဘယ်သူက သင်ထားပေးထားတာ…”

“ ကျွန်မရဲ့ အဘိဓာန်မှာ တံခါးခေါက်တယ်ဆိုတာ မရှိဖူးဘူး…”

“ ဟင်း… အရင် အစောပိုင်း နေ့ရက်လေးတွေကို သတိရလိုက်တာ… အဲ့တုန်းက ယွမ်ယွမ်ဆို ငါပြောသမျှလည်း လေးစားလိုက်နာတယ်…. ချစ်ဖို့လည်းကောင်းတယ်..”

“ ဘော့စ်… ခုက အလုပ်ချိန်နော်.. သာမန်ပြုမူစမ်း…”

“ အာ… အဲ့တာဆိုပြော… မင်း ဘာကိစ္စရှိလို့လဲ…”

“ ကျွန်မ ခုလေးတင် အစ်ကိုချီနဲ့ စကားပြောနေတုန်း Intel ဘက်က ဆက်သွယ်လာခဲ့တယ်.. သူတို့ရဲ့လူက ဘော့စ်နဲ့ စကားပြောချင်တယ်တဲ့…”

“ ငါနဲ့ စကားပြောချင်တယ်လား.. “ လင်းရီ မေးစေ့ပွတ်လိုက်ပြီး “ ဘယ်အချိန်… ဘယ်နေရာတုန်း….”

“ ညနေခြောက်နာရီ… ကျွင်းယွီ စံအိမ်…”

“ သောက်ရမ်း ဈေးကြီးပြီး အရသာ စုတ်ပြတ်နေတဲ့ နေရာလား….”

“ အွန်း… အဲ့ဒီတစ်ခု…” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မကတော့ တစ်ခါမှ မစားဖူးဘူးတော့ စေတနာရှိရင် ပါဆယ်ထုပ်ခဲ့ပေးလို့ရတယ်နော်…”

“ ရတယ်လေ…. အိမ်ကခွေးအတွက် ပါဆယ်ထုပ်ပေးပါလို့ ပြောလိုက်မယ်…”

“ သပ…”

လင်းရီ မတ်တပ်ရပ်၍ အညောင်းအညာ ဆန့်လိုက်ပြီး “ ငါ့ကိုယ်စား အကြောင်းပြန်လိုက်… ငါအချိန်မီ လာခဲ့မယ်လို့…”

“ အစ်မကျီကိုကော ခေါ်သွားချင်သေးလား…”

“ မလိုဘူး…. သူမနဲ့အတူ ဟန်ရေးပြရတာ သိပ်မကောင်းဘူး…”

“ ဒါဆိုလည်း ကျွန်မ အစ်မကျီနဲ့ ရှော့ပင်း ထွက်ဦးမယ်…”

“ သွားလေ… သူမ စားချင်တာလည်း အတူလိုက်စားပေးလိုက်ပေါ့…”

“ အဲ့တာ ဘော့စ် စိတ်ပူပေးစရာ မလိုပါဘူး… “

ပြောစရာရှိတာ ပြောပြီးနောက် ဟော်ယွမ်ယွမ်မှ တံခါးပြန်ဆွဲဖွင့်၍ ထွက်ခွာသွားခဲ့သည်။

လင်းရီလည်း နေ့လည်စာ စားပြီးနောက် ကုမ္ပဏီမှ ထွက်လာခဲ့လိုက်၏။

အိမ်း... ဘာလိုလိုနဲ့ ခရစ်စမတ်တောင် နီးလာပြီပဲ… တကယ်လို့ ခုနေ လက်ဆောင်တွေ ပြင်မထားဘူးဆို အချိန်မှီမှာ မဟုတ်တော့ဘူး… ဘာပေးရင် ကောင်းပါလိမ့်…

အခြားသူများအတွက် လက်ဆောင် ပစ္စည်း ဝယ်ပေးဖို့က လွယ်ကူလေသည်။

သို့သော်လည်း ကျီချင်းရန်ကို ပေးမည့် လက်ဆောင်ကတော့ ထူးခြားနေဖို့ လိုအပ်၏။

လင်းရီ တစ်နေ့လည်ခင်းလုံး အပြင်၌ လျှောက်ပတ်သွားနေလိုက်ပြီး ညနေ ခြောက်နာရီထိုးခါနီးလောက်တော့မှ ကျွင်းယွီ စံအိမ်သို့ ဦးတည်လာခဲ့လိုက်သည်။

………………

ကျိုးဟိုင်၌ ဈေးအကြီးဆုံးဖြစ်သည့် မီချယ်လင်း ကြယ်သုံးပွင့် စားသောက်ဆိုင်ဖြစ်သောကြောင့် တစ်ဦးလျှင် သာမန် စားသောက်မည်ဆိုပါက ပျှမ်းမျှ ယွမ်နှစ်ထောင်အထိ ပေးရ၏။

သို့သော်လည်း ကောင်းကောင်းမွန်မွန် စားသောက်ချင်သည်ဆိုပါက ဈေးနှုန်းမှာ အနည်းဆုံး နှစ်ဆပင်။

တစ်ခါ မြည်းစမ်းကြည့်ပြီးနောက် လင်းရီ ဤနေရာကို ဟန်ကိုယ့်သူတို့အဖို့ တော်ဝင်မြေဟု ခေါ်သမုတ်ပေးလိုက်သည်။

အရသာမှာ ဆိုးရွားသည် မဟုတ်သော်လည်း သာမန်ဆန်လွန်းနေကာ ဈေးကတော့ အဆမတန် ကြီးမြင့်နေလေသည်။

စားသောက်ဆိုင်၏ ဒုတိယထပ်ကတော့ VIP ဧရိယာဖြစ်၏။

၂၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းပြီး စားပွဲကတော့ တစ်လုံးတည်းသာရှိသည်။ ၎င်း၏ ရှိသင့်သလောက် ခမ်းနားမှုတို့တော့ ရှိလေသည်။

ထိုအခိုက်အတန့်တွင်တော့ အမျိုးသမီးနှစ်ဦးတို့မှာ ထမင်းစား စားပွဲ အရှည်ကြီးဘေး၌ ထိုင်နေကြ၏။

တစ်ဦးမှာ အနက်ရောင် ကိုယ်ကျပ် ဆွယ်တာ အင်္ကျီကို ဝတ်ဆင်ထားပြီး မကြီးမားသော်လည်း ပြည့်ပြည့်ဝန်းဝန်းနှင့် လပြည့်ဝန်းလေးလိုပင်။

အမျိုးသမီး၏ နာမည်ကတော့ အန်ဒီအဲလစ်ဖြစ်သည်။ Intel ၏ စီအီးအို တစ်ဦးဖြစ်ပြီး အန်ဒီဂရို့၏ သမီးလည်း ဖြစ်၏။ Intel ၏ ဒုဥက္ကဌဟု ဆိုလျှင်လည်း မမှားယွင်းချေ။

ယခု တစ်ကြိမ် တိုက်ခိုက်မှုကိုလည်း သူမကသာ စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။

အန်ဒီဘေးတွင်တော့ အဖြူရောင်ရှပ်နှင့် အမျိုးသမီး ထိုင်နေပြီး သူမ၏ ရှည်လျားသည့် ဆံနွယ်တို့မှာ ပုခုံးထက် ဖြာကျနေကာ ကြည့်ကောင်းသည့် ဘဲဥပုံသဏ္ဌာန် ဖြူဖြူဖွေးဖွေး မျက်နှာလေးကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူမ၏ အမူအရာမှာတော့ တစ်စုံတစ်ခုကို ကြောင့်ကြနေသည့်နှယ် ရှုပ်ထွေးနေလေသည်။

အကယ်၍ လင်းရီသာ ရှိနေမည်ဆိုပါက သူ ဤအမျိုးသမီးကို သေချာပေါက် သိ၏။ ထိုသူကတော့ ကျောက်ဝန်ပင်။

ကျောက်ဝန်နှင့် အဲလစ်မှာ တက္ကသိုလ် တက်စဉ်က အတန်းဖော်သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး အလုပ်စဝင်ပြီးနောက်တွင်လည်း နှစ်ယောက်မှာ အဆက်အသွယ် မပြတ်ခဲ့ချေ။ အရာအားလုံးကို တိုင်ပင်ဆွေးနွေးကြသည် မဟုတ်သော်လည်း နှစ်ဦးကြားရှိ ရင်းနှီးပတ်သက်မှုကတော့ တော်တော်လေးကို ကောင်းမွန်လေသည်။

Intelက လုံရှင်းကို လက်ဦးမှုရယူ၍ တရားစွဲဆိုထားသည့် သတင်းကို ကြားတော့ ကျောက်ဝန်ဘက်မှ အဲလစ်ထံ ဦးစွာ ဆက်သွယ်လာခဲ့၏။

သူမဘက်က ချိန်ခွင်ပေါ်ရှိသည့် အရာများကို နိုင်ခြေ ရှုံးခြေ ရှင်းပြပေးသော်လည်း အဲလစ်မှာ နားမဝင်ချေ။

လက်တွေ့တွင်တော့ အဲလစ်လည်း ယခုလို မပြုလုပ်ချင်ပေ။ သို့သော် လင်းရီ၏ ပြုမူဆောင်ရွက်မှုတို့က သူမတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်ချေ ရှိလာသောကြောင့်သာ သူမဘက်က ဝင်စွက်ဖက်လာရခြင်း ဖြစ်၏။ မဟုတ်ပါက Intel ၏ ကမ္ဘာတစ်ဝှမ်း ဩဇာလွှမ်းမိုးမှုမှာ စိန်ခေါ်ခံရနိုင်ဖွယ်ရှိသည်။

ထို့ပြင် ကမ္ဘာ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုထက် ဟွာရှ၏ နည်းပညာက ခေတ်ရှေ့ပြေးနေမှုကိုလည်း သူမတို့ မလိုလားချေ။

ယင်းကလည်း ဝေါစထရိမှ မရေမတွက်နိုင်သည့် အကဲဖြတ်မှုများကို အခြေခံထားပြီးမှသာ ဆုံးဖြတ်ချက်ချထားခြင်းဖြစ်လေသည်။ အကယ်၍ ဟွာရှ၏ နည်းပညာ ကုမ္ပဏီများသာ မြင့်တက်လာမည်ဆိုပါက တစ်ကမ္ဘာလုံးအတွက်တော့ ပျက်ကိန်းပင်။

အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ Intel ၏ အထက်ကြီးပိုင်းတို့မှ ယခုလို အလားအလာကောင်းသည့် ကုမ္ပဏီကို ကြီးထွားရန် မပြုသင့်ဟု မြဲမြံစွာ ယုံကြည်ထားကြ၏။

သူတို့ဘက်က အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် လိုအပ်သည်။

“ ဟန်နီ… နင် ဘာလို့ ဘာစကားမှလဲ မပြောတာ..” အဲလစ် မေးမြန်းလိုက်သည်။

“ ငါနင့်ကို ပြောစရာ ရှိတာ အကုန်ပြောပြီးသွားပြီလေ… ခု ဘာပြောစေချင်နေသေးတာ…” ကျောက်ဝန် ပြောလိုက်ပြီး “ ပြီးတော့ ခဏနေ နင်တို့ နှစ်ယောက် စကားပြောတဲ့အချိန်ကျ ငါဝင်ပါမှာ မဟုတ်ဘူးနော်… ငါ့ဘာငါ ညစာလေးပဲ အေးဆေးစားပါရစေ…”

“ မဖြစ်နိုင်တာ… နင်ဘာလို့ အဲ့လူကို အဲ့လောက်ထိ ကြောက်နေရတာလဲ…” အဲလစ် နားမလည်နိုင်ချေ။

“ သူက မကောင်းဆိုးရွားကြီးမို့လို့လား…”

“ သူက မကောင်းဆိုးဝါးတော့ မဟုတ်ဘူး..” ကျောက်ဝန် မေးလေး တစ်ဖက်ထောက်၍ ပြောလိုက်ရင်း “ ဒါပေမယ့် မကောင်းဆိုးဝါးတွေထက်တောင် ပိုကြောက်ဖို့ ကောင်းတဲ့သူပဲ…”

စာစဉ် (၅၆)ပြီး၏။

All Chapters