တားမြစ် ထားသော တည်ရှိမှုများ။
Vol. 73 Ch. 1009
သဲဝါ လွင်ပြင်မှာ၊ ကျယ်ပြောလှ သဖြင့်၊ လေးမျက်နှာ မြို့သို့ နေရာ တိုင်းမှ ဝင်ရောက် နိုင် ပေမည်။
ထို့ကြောင့် လေးမျက်နှာ မြို့အား ထိန်းချုပ်ထား သူသည်၊ အရပ် မျက်နှာ အသီး သီးကို ပိတ်ဆို့ကာ၊ လမ်းကြောင်း တစ်ခုတည်း ဖွင့်ပေးထား ပုံရ၏။
ပိတ်ဆို့ ထားသော လမ်းကြောင်း များမှ ဖြတ်သန်း လိုခဲ့ ပါက၊ အပြီးတိုင် ပျောက်ကွယ် သွားမည် ဖြစ်သည်။
တစ်စုံ တစ်ရာအား ရှာဖွေရန်၊ လူတစ်စုမှ သဲဝါ သောင်ပြင် တစ်ခုလုံးကို ပိတ်ဆို့ ထားခြင်း မျိုး ဖြစ်လေပြီ။
ဤလူစုတွင် နောက်ခံ ကြီးကြီး မားမား ရှိမည်ဟု ခန့်မှန်း နိုင်သည်။ ထို့ကြောင့် သဲဝါ လွင်ပြင်အား စွန့်ခွာရန် ဆုံးဖြတ် မိသည်။
တက်နိုင် သမျှ မတော် တဆမှု များကို၊ ရှောင်ရှား လိုသည်။ ထို့စဉ် သဲဝါ လွင်ပြင်၌၊ စုရုံး နေသည့် လူအုပ် ကြီးအား၊ သတိထား မိ၏။
ထိုလူအုပ်၏ ညဘက်တွင်၊ အနက်ရောင် မြူ များနှင့် နတ်ဆိုး သားရဲ များကို ခုခံရန်၊ အစီရင် ရုပ်တုများ ပါရှိသော အသေးစား အမာခံ စခန်း တစ်ခု ရှိသည်။
“ လေးမျက်နှာ မြို့ကို၊ လူ တစ်စုက ပိတ်ထားတယ်၊ သဲဝါ လွင်ပြင်တင် မကဘူး၊ တခြား နေရာတွေ မှာလည်း၊ သူတို့တွေ ရှိတယ် … ။ ”
“ ဟုတ်တယ် ... ထူးဆန်းတယ်၊ မြင့်မြတ် မြေက ပါရမီရှင် တစ်ယောက် ပြောတာတော့၊ ငါ တို့ကို ပိတ်ဆို့ ထားတဲ့ သူက၊ တားမြစ် ပုဂ္ဂိုလ် တစ်ဦးတဲ့။ ”
“ ဘယ်လို ... တားမြစ် ပုဂ္ဂိုလ် ဟုတ်လား၊ ဒါက ဘယ်သူလဲ။ ”
“ ကောင်းကင် လမ်းမှာ၊ တားမြစ် ပုဂ္ဂိုလ် ဆိုလို့၊ ဘယ်သူ တွေများ ရှိလို့လဲ သူတို့ ပဲပေါ့၊ ဒီကိစ္စကို မစပ်စုနဲ့ မင်း အသတ်ခံ ရလိမ့်မယ်။ ”
“ ဒါပေမယ့် ကောင်းကင် လမ်း ပိတ်ဖို့၊ သုံးလပဲ လိုတော့တယ်၊ လေးမျက်နှာ မြို့ကို ရောက်မှ ဖြစ်မယ်။ ”
လေးမျက်နှာ မြို့သည်၊ အင်အားကြီး ဂိုဏ်းများ၏ တည်နေရာ ဖြစ်သဖြင့်၊ ဘေးကင်း လုံခြုံ လေသည်။
ကောင်းကင်လမ်း ပိတ်တော့မည် ဖြစ်ရာ၊ လူများ စွာက နောက်ဆုံး တိုက်ပွဲတွင် ပါဝင်ရန် အရည် အချင်း မရှိပေ။
ထို့ကြောင့် ပြိုင်ပွဲကို ဘေးကင်း စွာဖြင့်၊ စောင့်ကြည့်ချင် ကြသည်။ သို့သော် ပိတ်လှောင် ခံနေရ လေရာ၊ မည်သူမျှ မပျော် နိုင်ချေ။
တစ်စုံ တစ်ဦး ရှာဖွေ နေကြောင်း၊ သတင်း သဲ့သဲ့ ကြားလိုက် ရသဖြင့်၊ လင်းယွန်မှာ မျက်ခုံး ပင့် မိသည်။
သူ့ကို ရှာနေ သည်လော ဟုပင်၊ အတွေး ဝင်လာ၏။ နောက်ဆုံးတွင် နဂါး နန်းတော် အမွေ မှာ လျှို့ဝှက်ချက် မဟုတ်ချေ။
ဤအခိုက်တွင် သူ့အပေါ်၊ အာရုံစိုက် နေသည့် အကြည့် တစ်စုံကို၊ သတိထား မိလိုက် သည်။
ထိုအကြည့် ပိုင်ရှင် ထံမှ၊ ရင်းနှီးသော အငွေ့အသက် အချို့ ရရှိ သဖြင့်၊ လှည့်ကြည့် လိုက်ရာ၊ ခံတပ် မြို့လေးထံ ကျောခိုင်း ထွက်ခွာ သွားသည်ကို၊ မြင်လိုက် ရသည်။
အနည်းငယ် တုံ့ဆိုင်းသွား ပြီးနောက်၊ နဂါးလေးအား ပခုံးပေါ် တင်ကာ၊ လိုက်သွားရန် ဆုံဖြတ် မိသည်။
များမကြာမီ လူစိမ်းအား လိုက်မီ လာသည်။ လူ အနည်းငယ် ရှင်းသည့် လမ်းချိုး တစ်နေရာ အရောက်တွင်၊ လူစိမ်းက လှည့်ကြည့်ပြီး၊
“ မတွေ့တာ ကြာပြီနော်။ ”
-ဟု ရင်းနှီးစွာ နှုတ်ဆက် လာသည်။
နဂါး တားမြစ် နယ်မြေ ထဲသို့ မဝင်မီ၊ ပူပေါင်းရန် ကြိုးစား ခဲ့သော ချမ်ရွှင်း ဖြစ်သည်။ ထို့စဉ်က ၎င်း၏ ကမ်းလှမ်း ချက်ကို ငြင်းပယ် လိုက်သော အခါတွင်၊ သူ့အား လှောင်ပြောင် ခဲ့သည်။
ချမ်ရွှင်းမှာ အစွမ်းထက် လှ သော်လည်း၊ နဂါး နန်းတော်တွင် ပေါ်မလာ ခဲ့သဖြင့်၊ မေ့သွား မိသည်။
“ ငါတို့က ဒီလောက်လည်း မရင်းနှီး သေးပါဘူး။ ”
လင်းယွန်က ခေါင်းဆောင်း ထားသော ဝတ်ရုံစကို ဖြုတ်ကာ၊ တုန့်ပြန် လိုက်သည်။ ဤ ချမ်ရွှင်း၌ မည်သည့် စိတ်ကူးများ ရှိသည်ကို၊ သိလို၏။
“ မင်းက ငါ့ အမြင်ထက် သာပါတယ်၊ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်တဲ့ အခွင့် အရေး ကိုတောင် ရအောင် ယူနိုင် ခဲ့တယ်၊ ... ”
“ ... မူရှို့ဟန် ကိုလည်း၊ သတ်ခဲ့တယ် မဟုတ်လား၊ ဟိုတုန်းက ပြောခဲ့ မိတဲ့၊ ငါ့ စကား တွေ အတွက် တောင်းပန် ပါတယ်။ ”
“ မေ့လိုက်ပါ ... ၊ မင်း ငါ့ကို တွေ့ချင်တဲ့ ကိစ္စကို၊ ပို စိတ်ဝင် စားတယ်။ ”
ပတ်ဝန်းကျင်၌ ဝိညာဉ် ရေးရာ အတက် အကျ လှိုင်းကို၊ မခံစား ရချေ။ ဆိုလို သည်မှာ၊ ဤချမ်ရွှင်းတွင် မကောင်းသော ရည်ရွယ်ချက် တစ်စုံ တစ်ရာ မရှိဟု၊ အဓိပ္ပါယ် ရ၏။
“ ငါ့မှာ ... ၊ ဘာ ရည်ရွယ်ချက်မှ မရှိ ပါဘူး၊ မင်းနဲ့ တွေ့တာက တိုက်ဆိုင်မှုပါ။ ”
ချမ်ရွှင်းမှ ပြန်ဖြေသည်။
“ သဲဝါ လွင်ပြင်မှာ၊ ဘာတွေ ဖြစ်နေ တာလဲ သိလား။ ”
“ သူတို့ ပြောနေတာ မကြား ဖူးလား၊ တားမြစ် ပုဂ္ဂိုလ် တစ်ပါးတဲ့။ ”
ချမ်ရွှင်းက လင်းယွန်၏ မျက်နှာ အပြောင်းအလဲ အပေါ်၊ အကဲခတ် ဟန်ဖြင့် ကြည့်ကာ ဆိုသည်။
“ တားမြစ် ပုဂ္ဂိုလ်။ ”
ကောင်းကင် လမ်းတွင်၊ တားမြစ် နယ်မြေ များစွာ ရှိကောင်း ရှိနိုင် သော်လည်း၊ ၎င်းသည် ဤပုဂ္ဂိုလ် များလောက်၊ ကြောက်စရာ မကောင်းချေ။
ယင်းမှာ စစ်မက် နယ်မြေ များကို၊ ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းတို့၌ ခွန်လွန်ဘုံ နှင့် ယှဉ်နိုင်သော ပါရမီရှင် များကို၊ ပိုင်ဆိုင် ထားချေပြီ။
မြင့်မြတ် နယ်မြေ များပင်၊ သူတို့ လက်အောက်၊ ခိုဝင် လိုကြသည်။ ခွန်လွန် ဘုံရှိ၊ အင်အားကြီး ဂိုဏ်း အချို့မှာ၊ သူတို့အား မစော်ကား ဝံ့ချေ။
ထို့ကြောင့် ၎င်းနယ်မြေ များ၏၊ ခေါင်းဆောင် လူငယ် များကို၊ တားမြစ် ပုဂ္ဂိုလ် အဖြစ်၊ သတ်မှတ် ထားကြ သည်။
ချမ်ရွှင်းမှာ အခြား သူများ ကဲ့သို့၊ ကြောက်ရွံ့ခြင်း မရှိဘဲ၊ တည်ငြိမ် နေသည်ကို၊ လင်းယွန်မှ သတိထား မိလိုက်သည်။
“ လေးမျက်နှာ မြို့ကို သွားချင်ရင်၊ ခဏတော့ စောင့်ရမယ်၊ သူတို့က အရမ်း လွန်တဲ့ အတွက်၊ လူတိုင်း မကျေ မနပ် ဖြစ်နေ ကြပြီ။ ”
ချမ်ရွှင်းက ခံတပ် အတွင်းရှိ လေထုကို ရည်ရွယ် လိုက်ခြင်း ဖြစ်သည်။ မကြာမီ လူတိုင်း ပေါက်ကွဲ လာနိုင်၏။
ထို့နောက် နှစ်ယောက်သား လမ်းခွဲ လိုက်ကြကာ၊ လနတ်ဘုရား တံဆိပ်နှင့် အိုင်းရစ် ဓားသုတ္တန်ကို ပေါင်းစပ်ရန်၊ လင်းယွန်က အာရုံစိုက် လိုက်တော့သည်။
ရက်အနည်းငယ် ကြာအောင်၊ ခံတပ် တစ်နေရာ၌၊ ကျင့်ကြံ နေခဲ့သည်။ ဓားသုတ္တန်၌ နောက်ကျ ကျန်ခဲ့ သော်လည်း၊ နတ်ကြယ် ပုလဲ များ၏ ကျေးဇူးကြောင့်၊ လိုက်မီ လာခဲ့သည်။
အချိန် ကြာလာ သည်နှင့် အမျှ၊ ခံတပ် အတွင်း စုရုံး လာသော လူအရေ အတွက်မှာ၊ ပို၍ များပြား လာသည်။
၎င်းတို့ အားလုံးသည် သဲဝါ လွင်ပြင်ရှိ၊ အန္တရာယ် များကို ရှောင်ရှား လိုသဖြင့်၊ ခံတပ်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။
လူများ လာသည်နှင့် အမျှ၊ ပဋိပက္ခများ သဘာဝ အတိုင်း ပေါ်ပေါက် လာသည်။ ထို့ပြင် လင်းယွန်နှင့် ပတ်သက်သည့် သတင်းများ ကိုလည်း၊ လူပြော များချေ၏။
“ ကံကြမ္မာ ပညာရပ်ထက်၊ သာလွန်တဲ့ အရာကို ရယူနိုင်တဲ့၊ ကြယ် တစ်ပွင့်၊ နဂါး ဒေသ မှာ၊ ပေါ်ထွက် လာတယ် ဆိုတာ မင်းကြားလား။ ”
“ ကြားတယ်၊ သူက အောက်တန်း နယ်မြေက ဆိုပေမယ့်၊ မြင့်မြတ် မြေက လူ အချို့ ကိုတောင် သတ်ပစ် ခဲ့တယ်။ ”
“ တကယ် ကြောက်စရာ ကောင်းတဲ့ ဓားသမားပဲ၊ သူ့ကို ဓားမိစ္ဆာ ပန်းသင်္ချိုင်းလို့ ခေါ်နေတာ ငါ ကြားတယ် … ။ ”
“ သူကြောင့် ငါတို့ ပိတ်ဆို့ ခံထားရ တာလို့ မထင်ဖူးလား၊ ကောင်းကင်လမ်း ပိတ်ဖို့ သုံးလပဲ ကျန်တော့တယ်၊ ကံကြမ္မာထက် သာလွန်တဲ့၊ အရာက စိတ်ဝင်စား စရာပဲ။ ”
“ ဒီလိုတော့ ဟုတ်မယ် မထင်ဘူး၊ ဒါက ပြောရ ခက်တယ် ... ။ ”
( ငါနဲ့ သက်ဆိုင် သလား၊ ငါ့ဘွဲ့ နာမည်က ဘာကြီးလဲ ။ )
ဓားမိစ္ဆာ ဟူသော ဘွဲ့ အမည်ကြောင့်၊ လင်းယွန် ခမျာ အောင့်သက်သက်ဖြင့်၊ ပြုံးလိုက် မိသည်။
သူ့ ဓားကြောင့် အသက်ပေး ခဲ့ရ သူများ ရှိသော်လည်း၊ လင်းယွန်မှာ သွေးဆာ နေသူ တစ်ယောက် မဟုတ်ချေ။
ငါးရက် ကုန်လွန် ပြီးနောက်၊ ရင်းနှီးသော အငွေ့ အသက် များစွာကို ထပ်၍ ခံစား လာရ သည်။
၎င်းတို့မှာ လောချန်၊ ချင်လင်းနှင့် ကျွင့်မုန်ချန်တို့ ဖြစ်၏။ သဲဝါ လွင်ပြင်တွင် သူတို့ သည်လည်း၊ ပိတ်မိ သွားပုံ ရသည်။ လင်းယွန် ကို တွေ့သော အခါ၊ အံ့သြသွား ကြသည်။
“ ညီအစ်ကို လင်း၊ မင်း ဘာလို့ ဒီလူနဲ့ တွဲနေ တာလဲ။ ”
လောချန်က မလှမ်း မကမ်းရှိ ချမ်ရွှင်းအား ကြည့်ကာ၊ တိုးတိုး တိုးတိုးဖြင့်၊ လင်းယွန်အား သတိပေး လာသည်။
“ ဒီလူက မီးဝိညာဉ် အတွက် မြင့်မြတ် မြေက ပါရမီရှင် တွေကို၊ တစ်ယောက် တည်း ရင်ဆိုင် ခဲ့ဖူးတယ်၊ မင်း လိုပဲ နိမ့်ကျတဲ့ နယ်မြေက လာပေမယ့်၊ ... ”
“ ... သူ့ နောက်ကြောင်းက၊ မင်းလောက် မရိုးရှင်းဘူး၊ ငါတောင် သူနဲ့ တစ်ကြိမ် တိုက်ဖူး တယ်၊ လုံးဝ အသာစီး မရ ခဲ့ဘူး။ ”
ချမ်ရွှင်းမှာ မြင့်မြတ် နယ်မြေ များမှ မဟုတ်ကြောင်း၊ ကြားသိ ရသော အခါတွင်၊ လင်ယွန် တစ်ယောက် အံ့အားသင့် သွားသည်။
တစ်ဖက် လူသည် သူ့အား အောက်တန်း ကျသော နယ်မြေသား တစ်ယောက် အဖြစ်၊ ငုံ့ ကြည့်ခဲ့ ဖူးသည်။
နောက်ခံချင်း ယှဉ်ပါက၊ လောချန် တို့အား မမီချေ။ သို့သော် ချမ်ရွှင်းမှာ မျက်နှာ အမူ အရာ တစ်စုံ တစ်ရာမျှ၊ ပြောင်းလဲခြင်း မချေ။
ပေါ့ပေါ့ ပါးပါးပင် လက်ရှိ အခြေ အနေ အကြောင်း၊ လူတိုင်းနှင့် စကား စမြည် ပြောဆို နေခဲ့သည်။
“ အားလုံး မကျေ မနပ် ဖြစ်နေ ကြပြီ၊ သုံးရက် အတွင်း ဒီအခြေ အနေက၊ ပေါက်ကွဲ လာလိမ့်မယ်၊ သူတို့ တားနိုင်မယ် မထင်ဘူး။ ”
လူအုပ် ကြီး၏ စကား များကို၊ နားထောင် ပြီးနောက်၊ ချင်လင်းမှ သုံးသပ်သည်။ ရက်ပေါင်း များစွာ ပိတ်လှောင်ခံ ထားရသည့် အတွက်၊ လူတိုင်း ပျော်ရွှင်ပုံ မရချေ။
ဤသည်မှာ လင်းယွန် အတွက်၊ သတင်းကောင်း ဖြစ်သည်၊ စစ်မက် နယ်မြေများ မည်မျှ အားကောင်း မည်ကို မြင်ခွင့် ရနိုင်၏။
ကောင်းကင် ကြေးမှုံ၌၊ နာမည် ရှိနေပြီ ဖြစ်သော၊ လောချန်တို့ သုံဦး ကိုပင်၊ ပိတ်လှောင် ထားသဖြင့်၊ ထိုပုဂ္ဂိုလ်များ အားကောင်း မည်မှာ၊ သံသယ ဖြစ်စရာ မလိုချေ။
သုံးရက် ကုန်ဆုံး ပြီးနောက်၊ ခံတပ်မြို့ လေးတွင်၊ လူပေါင်း သောင်းနှင့်ချီ ပိတ်မိလာ ကုန် ကြသည်။
ဤမျှသော လူအုပ်အား ဟန့်တား ထားသည်မှာ၊ မည်သို့သော ရှာဖွေ မှုမျိုး အဖြစ်၊ စတင် တွေးတော့ လာမိ တော့၏။
“ သူတို့ ဘာရှာ နေတာလဲ ငါ သိချင်တယ်။ ”
“ အဆင့် သတ်မှတ်ခံ ရတဲ့၊ ပါရမီရှင်တွေ ကိုတောင် မျက်နှာ မပေးဘူး။ ”
“ ဒီကိစ္စက ဓားမိစ္ဆာနဲ့ ပတ်သတ် လိမ့်မယ်လို့၊ ငါတော့ ထင်တယ်။ ”
“ မင်း ... ၊ အသံကို တိုးတိုး ပြောလို့ မရ ဖူးလား၊ ဓားမိစ္ဆာသာ ဒီလူအုပ် ထဲမှာ ရှိနေရင်၊ မင်း အသတ် ခံရ လိမ့်မယ်။ ”
ထိုစကား များကြောင့်၊ လင်းယွန် တစ်ယောက်၊ ငြိမ်သက် သွားသည်။ ဤကိစ္စမှာ သူနှင့် သက်ဆိုင် နေမည် လောဟု၊ ထပ်၍ တွေးမိ လာ ပြန်၏။
ထိုစဉ် မှာပင်၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက် လာခဲ့ သဖြင့်၊ လင်းယွန်မှ မော့ကြည့် လိုက်မိ၏။
လောချန်နှင့် အဖွဲ့မှာ၊ မျက်နှာ ပြောင်းလဲ သွားပြီး၊ လင်းယွန်အား အသာ နေရန် အချက်ပြ လာခဲ့သည်။
***