← Chapters

နတ်သမီးခရမ်းဝိညာဉ်နှင့် နောက်တစ်ကြိမ် ထပ်တွေ့ခြင်း

Vol. 32 Ch. 436

နတ်သမီးခရမ်းဝိညာဉ်နှင့် နောက်တစ်ကြိမ် ထပ်တွေ့ခြင်း

Vol. 32 Ch. 436

အများကြီး စဉ်းစားနေဖို့ပင်မလို ဟန်လိသည် အရိုးသခင်ပြောတာ အမှန်ဖြစ်ကြောင်းကို လုံးဝ သေချာသိသည်။ တကယ်တော့ ပြန့်ကြဲကြယ်ပင်လယ်များကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော ကြယ်နန်းတော်အတွက် အနည်းဆုံးတော့ သူတို့၌ ဝှက်ဖဲတချို့တလေ ရှိနေလိမ့်မည်သာ။ သူတို့သည် ယနေ့၌ ကောင်းကင်လေဟာနယ်ခန်းမကို လာကြီးကြပ်ဖို့ သပ်သပ် မဟုတ်လောက်ပေ။ သူတို့၌ ကိုယ်ပိုင်အကြံအစည်များ ရှိဖို့များသည်။

ထိုအတွေးဖြင့် ဟန်လိ၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေသည်။ သူသည် အရိုးသခင်ကို ပြန်တုန့်ပြန် မနေသော်လည်း ဝတ်စုံဖြူအကြီးအကဲနှစ်ယောက်ထံသို့ ပို၍ သတိထားစွာ လှမ်းကြည့်သည်။

ခဏအကြာထိ ထိုအဘိုးအိုနှစ်ယောက်သည် ချီသန့်စင်ခြင်းတွင်သာ နစ်မြုပ်လျက် ရှိနေတုန်းပင်။ သူတို့၏ မျက်လုံးသည် မှိတ်ထားလျက်။ တခြားဘာစကားမှ ထပ်မပြောပေ။

ဤသို့သော အခြေအနေမှာ သုံးရက်လောက်ထိ ဆက်ဖြစ်နေသည်။ သို့ပေမည့် ထိုအချိန်အတောအတွင်း ကျင့်ကြံသူအသစ်လေးယောက်သာ ထပ်ရောက်လာသည်။ သူတို့ထဲ၌ မည်သူကမျှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ မဟုတ်ကြပေ။

ထို့နောက်တွင်မူ လေးယောက်မြောက် မနက်ခင်းပိုင်းတွင် ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ ခန်းမ တခွင် ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်သည်။ သတိပေးခြင်း အလျင်းမရှိလေဘဲ အဖြူရောင်ကျောက်စိမ်းတံခါးချပ်တစ်ခုသည် ကျဆင်းလာကာ ခန်းမဝင်ပေါက်ကို ချိပ်ပိတ်သွားသည်။

ထိုတံခါးကို အဖြူရောင်မြူလွှာတစ်ခုက ဖုံးအုပ်ထား၏။ ၎င်းမှာ လေးနက်သော အတားအဆီးများ ဖြစ်ကြောင်း ထင်ရှားသည်။ သိပ်မကြာခင်တွင် အကွာအဝေးတစ်ခုတွင် ရှိနေသော နန်းတော်ဂိတ်တံခါးများသည် ပိတ်သွားသည်။ နန်းတော်ခန်းမထဲရှိ ကျင့်ကြံသူတချို့သည် အလန့်တကြား ဖြစ်ကုန်၏။ သို့သော် ခဏအကြာတွင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက တည်ငြိမ်စွာ ရှိနေကြတာကို မြင်မှ သူတို့သည် စိတ်အေးနိုင်တော့သည်။

ထိုအခိုက်တွင် ကြယ်နန်းတော်မှ ဝတ်စုံဖြူအကြီးအကဲနှစ်ယောက်သည် တည်တည်ငြိမ်ငြိမ် မျက်လုံးဖွင့်၍ ထရပ်သည်။

ရုတ်တရက် ခန်းမထဲရှိ တခြားကျင့်ကြံသူများသည် သူတို့ထံသို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကြသည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများအတွက်တော့ ထိုနှစ်ယောက်၏ အပြုအမူများကို အမူအရာကင်းမဲ့စွာဖြင့် ငြိမ်သက်စွာ ကြည့်နေကြသည်။

သူတို့နှစ်ယောက်သည် ခန်းမရှေ့သို့ တည်တည်ငြိမ်ငြိမ် လျှောက်လာကြသည်။

သို့သော် သူတို့ ရောက်မလာခင် ခန်းမ၏ အဆုံးသည် မသိမသာ တုန်ခါလာပြီး ခဏအကြာတွင် ကျောက်ပြားများသည် အဖြူရောင်အလင်း ဖြာထွက်သည်။ လူတိုင်း၏ အံ့အားတသင့် ကြည့်နေသော အကြည့်များ အောက်မှာ သုံးမီတာလောက် အကျယ်ရှိသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသည် ရုတ်တရက် ပေါ်လာသည်။

ထိုအစီအရင်ကို ကျင့်ကြံသူအများအပြားက အထိတ်တလန့်ဖြင့် ကြည့်ကြသည်။ မောက်မာသော ကျင့်ကြံသူများကတော့ အံ့အားတကြီး ဖြစ်ကုန်၏။ ဝတ်စုံဖြူအကြီးအကဲနှစ်ယောက်သည် ၎င်းအစီအရင်အရှေ့သို့ လျှောက်လာပြီး ခါးညွတ်ကာ ၎င်းကို သေချာ စူးစမ်းကြည့်သည်။

ခဏအကြာတွင် ထိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်ကြသည်။

“အဆင်ပြေတယ်။ ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နဲ့ ပတ်သတ်ပြီး ဘာပြဿနာမှ မရှိဘူး။ ဒီကနေ ဖြတ်သွားရင် ကောင်းကင်လေဟာနယ်ခန်းမရဲ့ အပြင်ဘက်ခန်းမတွေဆီ မင်းတို့ ရောက်သွားလိမ့်မယ်…”

ထိုသို့ ပြောကာ ဝတ်စုံဖြူနှင့်အဘိုးအိုနှစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ခြေလှမ်းသည်။ အဖြူရောင်အလင်းနှစ်ခု လင်းလက်ကာ သူတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ယင်းနောက်မှာ ခန်းမထဲရှိ တခြားကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် အကြောင်သားဖြင့် ကြည့်မိကုန်သည်။

သို့သော် လူတိုင်း၏ တုန့်ပြန်မှုကို စောင့်မနေလေဘဲ ဝမ်ထျန်မင်သည် တာအိုရသေ့၊ ပိန်ပါးပါး အဘိုးအိုနှင့်အတူ ကျောက်စိမ်းတိုင်ပေါ်ကနေ တွေဝေခြင်းမရှိ ဆင်းသက်လျက် အဖြူရောင်အလင်းသုံးခု လင်းလက်ပြီး သူတို့လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ယင်းနောက်မှာတော့ အနီးအနားရှိ တခြားကျင့်ကြံသူများသည်လည်း ရှေ့သို့ အလျင်စလို တိုးဝင်ကြသည်။

ရုတ်တရက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် အဆုံးမသပ် စတင်လင်းလက်သည်။ မျက်စိတမှိတ်အတွင်း ခန်းမထဲရှိ ကျင့်ကြံသူ တစ်ဝက်နီးပါးသည် ပျောက်ကွယ်သွားကြသည်။ အရိုးသခင်လည်း လူအုပ်ထဲကနေ ရုတ်တရက် ရှေ့သို့ လှမ်းသွားသည်။ ဟန်လိ၏ မျက်လုံးထံမှ ထူးခြားသောဟန်ပန် ပေါ်သည်။ သူက သခင်ကြီးကျိနစ်ယင်ထံသို့ အလိုလို အကြည့်ရောက်သွားမိသည်။ ထိုအခါ ကျိနစ်ယင်က သူ့ထံသို့ မည်သည့်ရည်ရွယ်ချက်နှင့်မှန်းမသိရဘဲ လှမ်းကြည့်နေတာကို မြင်ရသည်။ အကြီးအကျယ် ထိတ်လန့်ကာ ဟန်လိသည် သူ့အကြည့်ကို ပြန်ရုတ်၏။ စိတ်ထဲ၌ သူသည် မလွယ်ကူမှုကို ခံစားနေရ၏။

ထိုသခင်ကြီး ကျိနစ်ယင်က သူ့ကို အလွတ်မပေးမည့်ပုံ ရသည်။ သုန်မှုန်စွာဖြင့် ဟန်လိသည် ထရပ်ကာ ရှေ့သို့ လျှောက်လာသည်။

သခင်ကြီးကျိနစ်ယင်က ဟန်လိ၏ အပြုအမူကို မြင်သည့်အခါ သူသည် ထူးခြားသည့် လှောင်ရယ်ဟန် ပြသည်။ သူ့အနီးတွင် ငြိမ်သက်တိတ်ဆိတ်နေသော ဝူချောင်သည် ထိန်းမထားနိုင်တော့ဘဲ မေးလာတော့၏။

“မြင့်မြတ်တဲ့ဘိုးဘေး၊ အဲ့ကောင်လေးကို ဘိုးဘေးက အတော်လေး စိတ်ဝင်စားနေပုံ ရပါတယ်။ သူနဲ့ ပတ်သတ်ပြီး ထူးခြားတာများ တစ်ခုခု ရှိလို့လား…”

ဝူချောင်က အမှန်တကယ်ကို သိချင်နေမိတာ ဖြစ်၏။

သူက ငါ့အတွက် အတော်လေး အသုံးတည့်လိမ့်မယ်။ ကျုပ်က သူ့ အကူအညီ အနည်းငယ်ကို လိုအပ်ရုံပဲ…”

သခင်ကြီးကျိနစ်ယင်သည် ခေါင်းယမ်းကာ မထူးခြားနားဟန်သာ ပြောသည်။ သူသည် ဝူချောင်ကို အသိပေးချင်စိတ် မရှိသည့်အလား။

ကျိနစ်ယင်၏ မျက်နှာသာပေးမှုကို အမြဲရခဲ့သော ဝူချောင်သည် အတော်လေး စဉ်းစားမရ ဖြစ်သွားသည်။

ထိုအခိုက်တွင် လူပြိန်းချင်းရီဟု ခေါ်သော ပညာရှိအိုကြီးသည် ချောင်းဟန့်ပြီး ဖြည်းဖြည်းချင်း ပြောသည်။

“ကျုပ်တို့ သွားကြမလား။ ခန်းမထဲမှာ လူ သိပ်မကျန်တော့ဘူး…”

ကျိနစ်ယင်သည် သူ့စကားကို ခဏရပ်ကာ အခန်းထဲ၌ ကျန်နေသေးသော ကျင့်ကြံသူ တချို့ထံသို့ ဝေ့ကြည့်သည်။ သူက ပြုံး၍ တုန့်ပြန်သည်။

“ဒါပေါ့…ကျုပ်တို့ သိပ်မကြာခင် မထွက်ခွာဘူးဆို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ပျောက်ကွယ်သွားလိမ့်မယ်။ ဒီ အစီအရင် ပြန်ထပ်ပေါ်ဖို့က တစ်လလောက် ကြာလိမ့်မယ်…”

ထိုသို့ ပြောပြီးသည်နှင့် ကျိနစ်ယင်သည် အနက်ရောင်တိမ်တိုက်ထုတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဝူချောင်ကိုပါ သူနှင့်အတူ ခေါ်လာသည်။

လူပြိန်းချင်းရီနှင့် မန်ဟုဇီတို့က ဤသည်ကို မြင်သည့်အခါ သူတို့သည်လည်း ကျောက်စိမ်းတိုင်လုံးပေါ်မှ ပျင်းရိပျင်းတွဲ ပျံသန်းထွက်ခွာသည်။ မိန်းမလှကမူ ခုန်ဆင်းသွားခဲ့ပြီး ဖြစ်သည်။ သူမက သူတို့အုပ်စုနှင့် ရောထွေးသွားလာချင်စိတ် မရှိသည့်ပုံပင်။

ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်လာပြီးနောက်မှာ သူက ချက်ခြင်းပင် တောင်ဂတုံးငယ်တစ်ခု၏ အထက်တွင် ပေါ်လာသည်။ ဘေးဘီသို့ ဝေ့ကြည့်ပြီးနောက်မှာ သူသည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူသည် သူနှင့် မနီးမဝေးတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကို လှမ်းမြင်သည်။ တခြားကျင့်ကြံသူများ၏ အရိပ်အယောင်တော့ ရှိမနေပေ။

အမျိုးသမီးကျင့်ကြံသူက ဟန်လိကို လှမ်းမြင်သည့်အခါတွင် သူမသည် ကျေနပ်အံ့အားသင့်ဟန် ပေါ်သည်။

သူမက နတ်သမီးခရမ်းဝိညာဉ်ပင်။ သူမသည် ဟန်လိထံသို့ တောက်ပရွှန်းလဲ့စွာ ပြုံး၍ လျှောက်လာသည်။ ဟန်လိသည် ခါးသီးစွာသာ ရယ်မောမိတော့သည်။

တခြားနှစ်ယောက်ကတော့ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်၊ ဝတ်စုံနက် ဝတ်ထားပြီး မျက်နှာဖုံးတပ် အမျိုးသားတစ်ယောက်တို့ပင်။

မျက်နှာဖုံးနှင့်သူမှာ မိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသည်။ ထိုနှစ်ယောက်သည် သိပ်ပြီး အစေးမကပ်ပုံ ရသည်။ နတ်သမီးခရမ်းဝိညာဉ်သည် ခုခါတွင် ဟန်လိထံသို့ လျှောက်လာခဲ့၏။ ဤသည်မှာ ထိုနှစ်ယောက်ကို အာရုံစိုက်သွားစေပြီး သူတို့သည် ဟန်လိထံသို့ လှမ်း၍ စူးစမ်းကြသည်။

အဘိုးအို၏ အကြည့်တွင်မူ ရင်းနှီးဖော်ရွှေဟန် ပါသည်။ ဝတ်ရုံနက်နှင့်သူ၏ အကြည့်ကမူ ရေခဲတမျှ အေးစက်နေ၏။ ဟန်လိသည် သူတို့၏အကြည့်ကို တည်ငြိမ်စွာသာ တုန့်ပြန်သည်။

ထိုအခိုက်တွင် နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ သူမက ပြုံးယောင်သမ်း၍ ဆိုသည်။

“စီနီယာဟန်နဲ့ အတူတူ ဒီကို ရောက်လာလိမ့်မယ်လို့ ကျမ မထင်ထားမိခဲ့ဘူး။ ကြည့်ရတာ အကြီးအကဲဟန်က ကျမကို နည်းနည်းတော့ စောင့်ရှောက်ပေးဖို့အတွက် ဒုက္ခပေးရတော့မယ် ထင်တယ်။ မဟုတ်ရင် ကျမ တကိုယ်တည်း ဒီစမ်းသပ်မှုကို ဖြတ်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်…”

ထိုသို့ ပြောကာ နတ်သမီးခရမ်းဝိညာဉ်သည် သူမ၏ နှုတ်ခမ်းကို စေ့ကာ ရှက်ရွှံ့ဟန် ပြုမူသည်။

ဟန်လိသည် မျက်မှောင်ကြုတ်ပြီး ချက်ခြင်း မတုန့်ပြန်ပေ။ ခဏ တွေးပြီးနောက်မှာ သူက သံသယဝင်ဟန်ဖြင့် မေးသည်။

“မိန်းကလေး ခရမ်းဝိညာဉ်ရဲ့ ကျင့်ကြံမှုက အတော်လေး မြန်ဆန်လှပါလား။ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ နတ်သမီးက ဘာကြောင့်များ ဒီကို လာခဲ့ရတာလဲ။ ဒီနေရာဟာ အန္တရာယ်များလွန်းတယ်။ တကယ်တော့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေတောင် ဒီကောင်းကင်လေဟာနယ်ခန်းမထဲမှာ ရှင်သန်နိုင်ဖို့ ခက်မှာပဲ…”

ဟန်လိသည် ကော်ငးကင်လေဟာနယ်ခန်းမနှင့် ပတ်သတ်ပြီး သေချာ မသိသော်ငြားလည်း အန္တရာယ်များပုံကိုတော့ နားလည်ထားသည်။

ဟန်လိ၏ မေးခွန်းကို ကြားရသည့်နောက်မှာ နတ်သမီးခရမ်းဝိညာဉ်၏ လှပသောမျက်နှာပေါ်တွင် ခါးသက်ဟန် အငွေ့အသက်တစ်ခု ပေါ်လွင်သည်။ အကူအညီမဲ့သော လေသံဖြင့် သူမက ပြောသည်။

“ကျမက ဒီကို မလာချင်ပါဘူး။ ဒါပေမဲ့လည်း စီနီယာ မြင်တဲ့အတိုင်းပြ…ကျမက အတုအယောင် အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိနေသေးတာလေ။ ကျမ အနေနဲ့ တတ်နိုင်သမျှ အမြန် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ချင်တယ်။ ဒါပေမဲ့ ကျမရဲ့ ပါရမီက မကောင်းလှဘူး။ ကျမ စုဆောင်းနိုင်တဲ့ အထောက်အပံ့ဆေးလုံးတွေကလည်း နည်းပါးလှတယ်။ တကယ်တော့ ကျမက ကောင်းကင်လေဟာနယ်မြေပုံ အပိုင်းကို တခြား တစုံတယောက်ဆီကနေ ရဖို့အတွက် တန်ဖိုးကြီးကြီး ပေးပြီး လဲလှယ်ခဲ့ရတာ။ ဒါ့ကြောင့် ကျမလည်း ဒီကို ကံစမ်းကြည့်ဖို့ လာခဲ့တာပါ။ တကယ်တော့ ကောင်းကင်လေဟာနယ်ခန်းမထဲမှာ စိတ်ဝိညာဉ်ဆေးတွေ ပေါကြွယ်တယ်လို့ ကျမ ကြားဖူးထားတယ်။ မိုးကောင်းကင်ကသာ ကျမကို ကြည့်ရှုမယ်ဆို ကျမအနေနဲ့ အမြုတေဖွဲ့စည်းနိုင်ဖို့အတွက် များစွာ သက်ရောက်စေမယ့် စိတ်ဝိညာဉ်ဆေးပင်တွေကို ရကောင်း ရနိုင်မှာပါ။ ဒါ့အပြင် ကျမစိတ်ထဲမှာ ပထမဆုံး စမ်းသပ်မှုကိုပဲ ကြိုးစားကြည့်ဖို့ ပြင်ဆင် ဆုံးဖြတ်ပြီးသားပါ။ ဒုတိယတစ်ခုကိုတော့ ဖြတ်သန်းဖို့ ကြိုးစားမှာ မဟုတ်ပါဘူး…”

နတ်သမီးခရမ်းဝိညာဉ်၏ အမူအရာသည် ညှိုးငယ်သွားလေသည်။ သူမသည် စိတ်ဓာတ် နည်းနည်း ကျနေပုံ ရသည်။ ဟန်လိသည် စိတ်ထဲ၌သာ သက်ပြင်းချမိသည်။ သူက တိတ်ဆိတ်နေ၏။

သူသာ အနှစ်သာရသုံးခု ဆင့်ကဲတိုးတက်ခြင်း ပညာရပ်နှင့် မဟာဖွံ့ဖြိုးခြင်း ပညာရပ်တို့ကို လေ့ကျင့်နိုင်ခဲ့ခြင်း၊ သူ့တွင် ဆေးလုံးများစွာ ပိုင်ဆိုင်ထားခြင်းတို့ကြောင့်သာ မဟုတ်ခဲ့ပါက အမြုတေဖွဲ့စည်းနိုင်ဖို့ သူ၏ ဖြစ်နိုင်ခြေသည် နတ်သမီးခရမ်းဝိညာဉ်ထက် အများကြီး ပိုနိမ့်လိမ့်မည်ဟု သူ ထင်သည်။ ထိုသို့ တွေးမိကာ သူသည် နတ်သမီးခရမ်းဝိညာဉ်အပေါ် ကိုယ်ချင်းစာစိတ် ဖြစ်မိသည်။

နောက်ထပ် ထပ်တွေးကြည့်ပြီးနောက်မှာ သူ၏ ကောင်းကင်လျှပ်စီးဝါးသည် သူမထံမှ ရခဲ့သည် မဟုတ်လား။ သည့်အပြင် သူတို့နှစ်ယောက်ကြား သဘောတူထားသော အခြေအနေများကြောင့် သူမ၏ ပြင်းပြတေးသံဂိုဏ်းသည် နှစ်စဉ်နှစ်တိုင်း သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးပမာဏတစ်ခု ပို့ပေးခဲ့သေးသည်။ သိပ်များလှသည် မဟုတ်သော်ငြား သူ့အဖို့ သူမကို မျက်နှာသာပြန်ပေးဖို့တော့ လိုလိမ့်မည်။ အခုအခြေအနေကတောာ့ သူမကို တတ်နိုင်သမျှ ပြန်ကူညီပေးဖို့ အကောင်းဆုံးပင်။

ထိုသို့ တွေး၍ ဟန်လိ၏ အမူအရာသည် သက်သောင့်သက်သာ ဖြစ်လာသည်။ သူက မထူးခြားနားသည့် လေသံဖြင့် ပြောလိုက်သည်။

“နတ်သမီးက ကျုပ်နဲ့အတူတူ ခရီးလာတူမှတော့ ကျုပ် တတ်နိုင်သလောက် ဂရုစိုက်ပေးပါမယ်။ ဒါပေမဲ့ အကူအညီမဲ့တဲ့ အခြေအနေထဲ ကျုပ်ပါ ရောက်သွားခဲ့ရင်တော့ နတ်သမီးလည်း ကိုယ့်ဘာသာ လွတ်အောင် လုပ်ဖို့ စီစဉ်ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…”

“အကြီးအကဲဟန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ခရမ်းဝိညာဉ်က ဘယ်လို လုပ်ရမလဲကို နားလည်ပါတယ်။ ကျမအနေနဲ့ အကြီးအကဲဟန်ရဲ့ အရှိန်အဟုန်ကို နှေးကွေးစေမှာ မဟုတ်ပါဘူး…”

ဟန်လိ သဘောတူတာကို မြင်သည့်အခါ အလှလေး နတ်သမီးခရမ်းဝိညာဉ်သည် ကျေနပ်ရွှင်လန်းသွားသည်။ သူမ၏ မျက်လုံးများသည်ပင် တလဲ့လဲ့ ဖြစ်သွား၏။ သည့်အတွက် ဟန်လိသည်ပင် မင်ငေးသွားရပါသည်။

ခဏအကြာတွင် ဟန်လိသည် သူ့ကိုယ်သူ ထိန်းချုပ်မှု လွတ်သွားခဲ့တာကို သဘောပေါက်သွားပြီး ခပ်မြန်မြန် ခေါင်းယမ်းလိုက်သည်။ မျက်နှာပူသွားပြီး သူက သူမကို ထပ်မံ၍ မကြည့်ဝံ့တော့ပေ။

All Chapters