← Chapters

ငိုကြွေးစိတ်ဝိညာဉ်သားရဲ

Vol. 32 Ch. 437

ငိုကြွေးစိတ်ဝိညာဉ်သားရဲ

Vol. 32 Ch. 437

ထိုအမျိုးသမီးသည် ပြိုင်ဘက်ကင်းလှအောင် လှနေသူ မဟုတ်ပေ။ သို့သော် သူမ၏ အပြုံးကမူ စွဲဆောင်နိုင်လွန်းအောင် လှပြီး အသက်ရှုပါ မှားသွားနိုင်လောက်သည်။ ဟန်လိမှာ တုန်လှုပ်ရ၏။ သို့ပေမည့် အစောပိုင်းတုန်းက သူ့ကိုယ်သူ ထိန်းချုပ်မှု ခဏ လွတ်သွားခြင်းမှာ တကယ်တော့ သဘာဝသာ။

ဟန်လိသည် တကိုယ်တည်း စိတ်ထဲကနေ ရေရွတ်နေပြီး နတ်သမီးခရမ်းဝိညာဉ်ကို တချက် ထပ်ကြည့်သည်။ သူမသည် သူမ၏ နှိမ့်ချကာ စွဲဆောင်နိုင်သော ဟန်ပန်အတိုင်း ပြန်ဖြစ်နှင့်နေပြီ။ သူမ၏ အစောပိုင်းတုန်းက အသက်ရှုမှားလောက်အောင် အလှသည် တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။ ဟန်လိသည် သံသယ ဖြစ်မိနေစဉ် မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက သူ့ထံသို့ လျှောက်လာသည်။

“ကျုပ်က ကောင်းကင်တောင်ကျွန်းရဲ့ ကူလီပါ။ ရောင်းရင်းတို့ရဲ့ အမည်ကိုကော ကျုပ် သိခွင့်ရနိုင်မလား…”

ထိုအဘိုးအိုသည် တယဉ်တကျေးဖြင့် သူ့လက်နှစ်ဖက်ကို ဆုပ်၍ ဟန်လိတို့ကို နှုတ်ဆက်လာသည်။ ဟန်လိသည် သူ့စိတ်ထဲရှိ သံသယများကို ပြန်ရုတ်သိမ်း၍ ပြုံးပြီး ဖြေသည်။

“ကျုပ်က ဟန်လိပါ။ သူကတော့ ပြင်းပြတေးသံဂိုဏ်းရဲ့ နတ်သမီးခရမ်းဝိညာဉ်ပါ…”

ဟန်လိ၏ အမည်ကို ကြားသည့်အခါ ထိုအဘိုးအိုသည် တည်ငြိမ်စွာသာ ရှိသည်။ သို့သော် ပြင်းပြတေးသံဂိုဏ်းနှင့် နတ်သမီးဝိညာဉ်ဟူသော အမည်တို့ကို ကြားရသည့်အခါတွင်မူ သူသည် တုန်လှုပ်အံ့အား သင့်မိသွားသည်။

“ဒီအဘိုးအိုက ပြင်းပြတေးသံဂိုဏ်းနဲ့ နတ်သမီးတို့အကြောင်း ကြားဖူးတာ ကြာပါပြီ။ နောက်ဆုံးတော့ နတ်သမီးရဲ့ မျက်နှာအမှန်ကို မြင်ရနိုင်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိဘူး။ ဘယ်လောက်များ ကံကောင်းလိုက်သလဲ…”

ထိုအဘိုးအိုသည် ဤသို့ ပြောသော်လည်း သူ့မျက်လုံးထဲတွင်မူ သံသယများ အားကောင်းနေသည်။ သူသည် သူမ၏ ရုပ်သွင်မှာ သူမ၏ အလွန်လှပခြင်းဟူသော ဂုဏ်သတင်းနှင့် ကွဲပြားကာ သာမန်လောက်သာ လှသည့်အတွက်ကြောင့် အံ့အားတသင့် ဖြစ်နေတာ သိသာပါသည်။

နတ်သမီးခရမ်းဝိညာဉ်သည်လည်း ဤသည်ကို မြင်၏။ သူမက တိတ်တဆိတ် ပြုံး၍သာ နေသည်။

သို့ရာတွင်မူ ထိုအဘိုးအိုသည် သာမန်သူ မဟုတ်ပေ။ သူ၏အမူအရာက အလျင်အမြန် ပုံမှန် ပြန်ဖြစ်သွားသည်။ ထို့နောက်မှာတော့ သူက ဟန်လိထံသို့ ပြုံး၍ လှမ်းပြောသည်။

“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖြတ်ပြီးတဲ့နောက် ဒီမှာ အတူတူ လာစုံမှတော့ ရေစက်ရှိတယ်လို့ ဆိုနိုင်တယ်…။ ကျုပ်တို့ အတူတူ ခရီးဆက်ရင် ပိုမကောင်းဘူးလား။ ကျုပ်တို့ချင်း ပူးပေါင်းထားတော့ အင်အားလည်း ပိုကောင်းတာပေါ။ တကယ်တော့ အငြှိုးတစ္ဆေခြောက်လန့်ခြင်းက ဖြတ်ကျော်ဖို့ သိပ်လွယ်ကူတာ ဟုတ်မနေဘူးလေ။ ဒီစမ်းသပ်မှုမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေတောင် ဒီတစ္ဆေတွေရဲ့ ဝါးမြိုတာကို ခံရတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒီလိုဝါးမြိုခံရရင် သူတို့ရဲ့ အရိုးတောင်မှ မကျန်ဘူးတဲ့…”

ကူလီသည် နောက်ဆုံးစကားကို ပြောသည့်အခါ၌ သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူသည် ကောင်းကင်လေဟာနယ်ခန်းမအကြောင်းကို အများအပြား သိနေသည့်အလား။

ဟန်လိသည် အငြှိုးတစ္ဆေခြောက်လန့်ခြင်း ဟူသည့် စကားကို ကြားသည့်အခါ သူ့အကြည့်က အကွာအဝေးတစ်ခုထံသို့ ကျရောက်သွားသည်။

သူတို့ရှိနေသော တောင်အငူအစွန်းနှင့် မီတာလေးဆယ်လောက်အကွာတါင် သူသည် မီးခိုးရောင်မြူများ ပင်လယ်ဝေနေသည်ကို မြင်ရသည်။ ထိုမြူများထံမှ မကောင်းဆိုးဝါး လေပြင်းများ တိုက်ခိုက်လို့နေသည်။ တစ္ဆေငြီးသံများကိုလည်း ရေးတေးတေး ကြားရသည်။ ထိုအသံများက ကြားရသူ၏ စိတ်နှလုံးကို အလိုလို တုန်ယင်စေနိုင်သည်။

ထိုတစ္ဆေမြူတို့သည် တောင်ကုန်းထံ ချဉ်းကပ်လာမည်ကို ခိုင်မာစွာ ပိတ်စို့ထားလေသည်။ အလင်းလွှာတစ်ခုက မြူများကို ဝန်းရံလို့ထားသည်။

ဤမြင်ကွင်းကို တွေ့မြင်ပြီးနောက်မှာ ဟန်လိသည် ခေါင်းမော့ကာ အပေါ်သို့ လှမ်းကြည့်သည်။ တလိမ့်လိမ့်ဖြစ်နေသော မြူတို့သည် တခုခုကို ဖုံးကွယ်ထားပုံ ရသည်။ ဟန်လိမှာ မယုံကြည်ချင်သလို ခံစားမိနေရ၏။ ၎င်းမှာ အနည်းဆုံးတော့ ပင်မခန်းမနှင့် ဆင်တူ မနေပေ။ ၎င်းသည် လူသူကင်းမဲ့သော တောတောင်ဒေသတစ်ခုနှင့် ပို၍ တူညီနေသည်။

ထိုအခိုက်တွင် နတ်သမီးခရမ်းဝိညာဉ်သည်လည်း စိုးရိမ်ပူပန်စွာဖြင့် စကားဝင်ပြောလာသည်။

“ဒီပထမဆုံး စမ်းသပ်မှုဟာ မူလတုန်းကတော့ အရမ်း မခက်ခဲဘူးလို့ ကျမ ကြားဖူးတယ်။ ဒါပေမဲ့လို့ ဒီတစ္ဆေမြူတွေထဲ ကျရောက်သွားတဲ့ ကျင့်ကြံသူ အရေအတွက် တိုးလာတာနဲ့ အန္တရာယ်ကလည်း ပိုတိုးလာခဲ့တယ်တဲ့။ ဒီတစ္ဆေမြူထဲ ကျရောက်သွားတဲ့ ကျင့်ကြံသူတွေ သယ်ဆောင်ထားတဲ့ ပြင်းထန်အားကောင်းတဲ့ မကျေမနပ်မှုတွေဟာ သူတို့ သေသွားတဲ့နောက် အားကောင်းလှတဲ့ အငြှိုးကြီးတဲ့ စိတ်ဝိညာဉ်တွေ ဖြစ်ကုန်ကြတယ်။ သူတို့ဟာ ဒီခန်းမကို စိန်ခေါ်လာတဲ့ ကျမတို့လို ကျင့်ကြံသူတွေအပေါ် မုန်းတီးမနာလို ဖြစ်ကြတယ်။ သူတို့ရဲ့ သားကောင်တွေ သေတဲ့အခါကျမှ ဒီတစ္ဆေတွေဟာ သူတို့ရဲ့ အမဲလိုက်မှုကို လက်လျော့ကျတာ၊ ရပ်တန့်ကြတာ။ ဒါ့ကြောင့်လည်း ကောင်းကင်လေဟာနယ်ခန်းမ ဖွင့်တဲ့အခါတိုင်း ကျင့်ကြံသူ အများအပြားဟာ ဒီစမ်းသပ်ကွင်းမှာ သေဆုံးကုန်တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့တခေါက် ကောင်းကင်လေဟာနယ်ခန်းမ ဖွင့်ခဲ့တုန်းကဆို ကျင့်ကြံသူအုပ်စုတစ်စုဟာ အငြှိုးတစ္ဆေခြောက်လန့်ခြင်းရဲ့ တစ္ဆေဘုရင်တစ်ကောင်ကို သွားရန်စ မိခဲ့လို့ သူတို့ တအုပ်စုလုံးဟာ အဲ့တစ္ဆေဘုရင်ရဲ့ လက်ချက် မိသွားခဲ့သေးတယ်တဲ့…”

“တစ္ဆေဘုရင်…” ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်မိသွားသည်။

သူသည် တစ္ဆေများကြား၌ ကျင့်ကြံမှုအဆင့် ကွာဟချက်ကို အပြည့်အဝ နားမလည်သော်လည်း တစ္ဆေဘုရင်သည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် အဆင့်တူသည်ကိုတော့ သိထားသည်။ ထို့အပြင် ၎င်း၏ ဉာဏ်ရည်ကြောင့်လည်း ကျင့်ကြံသူများမှာ သာ၍ ဒုက္ခပိုများရသေးသည်။

ဟန်လိ၏ စဉ်းစားတွေးတောနေဟန်ကို မြင်သည့်အခါ ကူလီက ဆက်၍ ပြောသည်။

“ဒီတစ္ဆေဘုရင်နဲ့ တွေ့ဖို့ အခွင့်အရေးက သိပ်မများလှဘူးဆိုပေမယ်လို့ အတူတကွ သွားတာကတော့ ပိုပြီး‌ ဘေးကင်းနိုင်ပါလိမ့်မယ်။ ကျုပ်က အိုနေတာ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်လည်း ဒီမှာ သေရပြီး အငြှိုးတစ္ဆေအုပ်ထဲက တစ္ဆေတစ်ကောင်တော့ မဖြစ်ချင်သေးဘူး…”

အဘိုးအိုသည် ပွင့်ပွင့်လင်းလင်း ပြောလာသည်။

နတ်သမီးခရမ်းဝိညာဉ်သည် ထိုစကားကို ကြားသည့်အခါ သူမက ငြိမ်သက်လို့သာနေသည်။ သူမသည် ဉာဏ်ရည်ထက်သူ ဖြစ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိနေသော သူမသည် ပူးပေါင်းခြင်းကို ကမ်းလှမ်း၍ မရတာ သဘောပေါက်သည်။ သို့ဖြစ်၍ သူမက ကြားဖြတ် ဝင်ပြောပြီးနောက်မှာ ဟန်လိဘေးတွင်သာ နာနာခံခံ ရပ်နေပြီး နောက်ထပ် ဘာစကားမျှ ထပ်မပြောတော့ပေ။

ဟန်လိသည် အဘိုးအိုကို ပြုံး၍ ကြည့်နေသည်။ သူသည် ချက်ခြင်း ပြန်မဖြေ။ ထိုအစား သူ့အကြည့်က ဝတ်ရုံနက်လူထံသို့ ကျရောက်သွားပြီး တည်ငြိမ်စွာ မေးသည်။

“ရောင်းရင်းကူဟာ အဲ့ညီအစ်ကိုကိုကော သွားမမေးခဲ့ဘူးလား။ သူကကော မပူးပေါင်းချင်ဘူးလား…”

ဟန်လိသည် ဝတ်ရုံနက်နှင့်သူအကြောင်း ထည့်ပြောလာသည့်အခါ ကူလီသည် ချက်ခြင်း မျက်နှာပျက်သွားသည်။ သို့ပေမည့် ခဏ တုံ့ဆိုင်းနေပြီးနောက်မှာ သူသည် မကျေမချမ်းဖြင့် နှာခေါင်းရှုံ့ကာ ပြောလာသည်။

“ဟက်…ဒီမိစ္ဆာဆန်တဲ့ကောင် အကြောင်းတော့ မပြောနဲ့တော့။ ကျုပ်လည်း သူ့ကို အတူတူ ပူးပေါင်းမလားလို့ မေးခဲ့ပါတယ်။ သူက လက်မခံခဲ့ဘူးလေ…”

ထိုအဘိုးအိုသည် ဤသို့ ပြောပြီးနောက်မှာ ပို၍ ဒေါသထွက်လာသည်။

ဟန်လိသည် ငြိမ်သက်လို့သာ နေသည်။ ဝတ်ရုံနက်နှင့်လူကိုလည်း သူ နည်းနည်းတော့ စိတ်ဝင်စားမိသွားသည်။

ဟန်လိသည် မိစ္ဆာတာအိုကျင့်ကြံသူဘက်သို့ ခေါင်းလှည့်ကာ လှမ်းအော်သည်။

“တာအိုရောင်းရင်းကကော အတူတူ ပူးပေါင်းဖို့ စိတ်ဝင်စားလား။ ကျုပ်တို့သာ လက်တွဲမယ်ဆို တစ္ဆေဘုရင်တစ်ကောင်နဲ့ ကြုံရရင်တောင် တိုက်ခိုက်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိနိုင်လိမ့်မယ်…”

ဟန်လိ၏ အသံက မကျယ်လှပေ။ သို့သော် ရှင်းရှင်းလင်းလင်း ကြားရနိုင်သည်။

သို့ပေမည့် ထိုသူသည် ဟန်လိ၏ စကားကို ကြားရပြီးနောက်မှာ အေးစက်စက်ဟန်ပန်နှင့် တချက်သာ လှမ်းကြည့်သည်။ ယင်းနောက်မှာ သူက မထီဟန်ဖြင့် တဖက်သို့ ခေါင်းလှည့်သွားပြီး ဟန်လိ၏ အကြံပြုချက်ကို လစ်လျူရှုသည်။

“ရောင်းရင်းဟန်…ကျုပ် ပြောတာ မမှားဘူးနော်။ ဒီလူက သူ့အတွက် ဘယ်ဟာက ကောင်းလဲ ဆိုတာကို မသိဘူး။ ကျုပ်တို့ သုံးယောက်ပဲ ပူးပေါင်းကြရအောင်…”

အဘိုးအိုသည် ဝတ်ရုံနက်နှင့်သူထံသို့ အေးတိအေးစက် နှာခေါင်းရှုံ့ကာ လှမ်းပြောသည်။

ဟန်လိက ပြုံး၍သာ နေသည်။ သို့ပေမည့် ယင်းနောက်မှာ သူက တစုံတခုကို ပြောလိုက်စဉ် နတ်သမီးခရမ်းဝိညာဉ်သည် အံ့အားတသင့်ဖြင့် ထအော်မိသည်။ ဟန်လိက သူမ ကြည့်နေသော နေရာထံ လှမ်းကြည့်လိုက်၏။ ထိုအခါ ဝတ်ရုံနက်နှင့်လူသည် တစ္ဆေမြူထံသို့ ဦးတည်ခြေလှမ်းသွားတာကို မြင်ရသည်။ သူသည် တကိုယ်တည်း သည်စမ်းသပ်ကွင်းကို စိန်ခေါ်ဖြတ်သန်းတော့မည့်ပုံ ရ၏။

ဟန်လိနှင့် တခြားနှစ်ယောက်သည် အံ့အားတသင့်ဖြင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိကုန်သည်။ သို့သော် တအောင့်အကြာတွင် ကူလီက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့၏။

“ဒီလူက သူ့ကိုယ်သူ တကယ်ပဲ ပျက်စီးချင်နေတာပဲ။ တစ္ဆေမြူ စမ်းသပ်မှုကို ဖြတ်နေတဲ့အချိန်မှာတင် သူ ကျရှုံးဖို့ များသွားပြီ…”

ဟန်လိသည် အဘိုးအို၏ လှောင်ပြောင်သည့်လေသံကို အာရုံစိုက်မနေဘဲ ဝတ်ရုံနက်နှင့်လူ၏ လှုပ်ရှားမှုတိုင်းကိုသာ မျက်လုံးမှေး၍ ကြည့်နေသည်။ သူသည် ထိုသူမှာ သူ့ကိုယ်သူ သေကြောင်းကြံနေမည်ဟု မယုံပေ။ သူ့၌ သည်စမ်းသပ်ကွင်း (ဝါ) တစ္ဆေမြူများကို ဖြတ်ကျော်နိုင်မည့် နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားသည်ဟူသော ယုံကြည်မှု ရှိနေတာသာ ဖြစ်ရလိမ့်မည်။

ဝတ်ရုံနက်နှင့်သူက တစ္ဆေမြူနှင့် ပိုင်းခြားထားသော အဖြူရောင်အလင်းနားသို့ ရောက်လာပြီး သူ့အင်္ကျီလက်အိုးကို တည်တည်ငြိမ်ငြိမ်ပင် ပင့်တင်သည်။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ထိုးထွက်ကာ သူ့ရှေ့သို့ ကျရောက်၏။ မျောက်တစ်ကောင်နှင့် သဏ္ဌာန်တူသော စိတ်ဝိညာဉ်သားရဲတစ်ကောင် ပေါ်လာ၏။

ထိုမျောက်သည် တစ်ပေမျှသာ အမြင့်ရှိပြီး အစိမ်းရင့်ရောင် အမွှေးတို့ ပိုင်ဆိုင်ထားသည်။ အသိသာဆုံးကတော့ ၎င်း၏ နှာခေါင်းမှာ ပုံမှန်ထက်ကြီးမားလွန်းနေတာသာ။

ဟန်လိသည် ထို မျောက်၏ အသွင်ကြောင့် အံ့အားသင့်သွားမိ၏။ သူ့ဘေးရှိ အဘိုးအိုကမူ မျောက်ကို မြင်သည့်အခါ ကြီးစွာ ပြောင်းလဲသွားသော အမူအရာဖြင့် လှမ်းအော်သည်။

“ဒါက ငိုကြွေးဝိညာဉ်ပဲ။ သူ့မှာ ဒီလို စိတ်ဝိညာဉ်သားရဲတစ်ကောင် အမှန်တကယ် ပိုင်ဆိုင်ထားတယ်ပဲကို။ ဒါ့ကြောင့် သူ ဒီလောက် မောက်မာနေတာ အံ့အားသင့်စရာ မရှိတော့ဘူး…”

အဘိုးအိုသည် မသိမသာ တုန်လှုပ်သွားဟန် တူသည်။ နတ်သမီးခရမ်းဝိညာဉ်သည်လည်း ထိုမျောက်ငယ်ကို မြင်သည့်အခါ အလားတူ တုန်လှုပ်သွားသည်။ ဟန်လိကတော့ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ငိုကြွေးဝိညာဉ်သားရဲလား။ ဒီသားရဲက ဘယ်လိုများ ထူးခြားတာလဲ။ ကျုပ်တော့ အရင်က တခါမှ မကြားဖူးခဲ့ဘူး…”

ဟန်လိ၏ စကားကြောင့် နတ်သမီးခရမ်းစိတ်ဝိညာဉ်သည် တုန်လှုပ်နေရာကနေ သတိပြန်ဝင်သွားသည်။ ထို့နောက်တွင် သူမက ဟန်လိကို ခပ်သွက်သွက် ရှင်းပြ၏။

“ငိုကြွေးစိတ်ဝိညာဉ်သားရဲတွေက ဒီလောကမှာ သဘာဝအတိုင်း ဖြစ်တည်တဲ့ စိတ်ဝိညာဉ်သားရဲ မဟုတ်ကြဘူး။ စိတ်ဝိညာဉ်သားရဲ တစ်ကောင်နဲ့ နတ်ဆိုးစိတ်ဝိညာဉ်တစ်ကောင်ထံကနေ လျှို့ဝှက်မိစ္ဆာတာအိုဂိုဏ်းတစ်ခုက ရှင်လျက် သန့်စင်မွန်းမံထားတဲ့ စိတ်ဝိညာဉ်သားရဲမျိုးသာ ဖြစ်တယ်။ ဒီသားရဲမျိုးက ပုံမှန်ဆို များများစားစား အသုံးမတည့်လှပေမယ့် ဒီကောင်တွေမှာ တစ္ဆေတွေ၊ စိတ်ဝိညာဉ်တွေကို စုပ်ယူနိုင်တဲ့ မွေးရာပါစွမ်းရည် ပိုင်ဆိုင်ထားတယ်။ နတ်ဆိုးတစ္ဆေတွေ ဒါမှမဟုတ် အငြှိုးစိတ်ဝိညာဉ်တွေပဲ ဖြစ်ဖြစ် ဒီကောင်တွေက နှာခေါင်းရှုံ့ရုံနဲ့ စုပ်ယူပစ်နိုင်တယ်။ အဲ့အပိုင်းမှာတော့ ဒီငိုကြွေးစိတ်ဝိညာဉ်သားရဲတွေဟာ တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်…”

နတ်သမီးခရမ်းဝိညာဉ်သည် အားကျဟန်ဖြင့် ထိုသို့ ပြောသည်။

“ဒါပေမဲ့လည်း…” နတ်သမီးခရမ်းဝိညာဉ်၏ လေသံသည် ပြောင်းလဲသွားသည်။ သူမက သက်ပြင်းခပ်ဖွဖွ ချသည်။

“ဘာများလဲ…” ရုတ်တရက် သူမ၏ စကားက ရပ်သွားသည့်အတွက် ဟန်လိမှာ စိတ်ကသိကအောက် ဖြစ်သွားလေသည်။

ပျောက်ကွယ်သွားသော အနက်ရောင်ဝတ်စုံနှင့်လူထံ ကူလီက ကြည့်နေရင်းကနေ စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလာသည်။

“ဒါပေမဲ့လည်း ဒီသားရဲကောင်ကို သန့်စင်တဲ့ ပညာရပ်ကို အဲ့လျှို့ဝှက်ဂိုဏ်းတစ်ခုကပဲ ပိုင်ဆိုင်ထားတာ။ အဲ့ဒီမကောင်းဆိုးဝါး ပညာရပ်ဟာ သွေးဆာကြမ်းကြုတ်ပြီး ကျရှုံးနိုင်ခြေလည်း များတယ်။ ဒီသားရဲကောင်တွေဟာ ကျင့်ကြံခြင်းလောကမှာ ကြီးကြီးမားမား ပဋိပက္ခဖြစ်တဲ့ အခါတွေမှာပဲ ပေါ်လာတတ်တယ်လို့ ပြောနိုင်တယ်…”

“ဒီသားရဲကောင်ကို တွေ့ရမြင်ရပြီဆိုတာနဲ့ ကျင့်ကြံခြင်းလောကမှာ ပဋိပက္ခတွေ ကြီးကြီးမားမား ဖြစ်တာမျိုးလား…”

ဟန်လိသည် မထေ့လှောင်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူက ဆက်၍ ပြောသည်။

“ဒီသားရဲကောင်ကို မမြင်ရရင်တောင် ပြန့်ကြဲကြယ်ပင်လယ်များဟာ ဗရမ်းဗတာတွေ ဖြစ်လာတော့မှာပဲလေ။ ဒါ့ကြောင့် ဒီသားရဲကောင်ကသာ ကပ်ဘေးတွေနဲ့ ပတ်သတ်ပြီး ယူလာနိုင်တယ်လို့ ခင်ဗျားက တကယ်ကြီး ယုံနေတာလား…”

All Chapters