← Chapters

တစ္ဆေမြူထဲရှိ အကြွင်းအကျန်များ

Vol. 32 Ch. 438

တစ္ဆေမြူထဲရှိ အကြွင်းအကျန်များ

Vol. 32 Ch. 438

ဟန်လိသည် အင်မောတယ်လမ်းကို လျှောက်လှမ်းသည် ဖြစ်သော်လည်း သူသည် ကံကြမ္မာအပေါ် ယုံကြည်မှု မရှိနေပေ။ သူ့အမြင်တွင် အင်မောတယ်ကျင့်ကြံခြင်းသည် ထာဝရဘဝနောက်သို့ လိုက်စားသော နည်းလမ်းတစ်ခုမျှသာ။ သူ့အရင်တုန်းက အစစ်အမှန် အင်မောတယ်များ ပေါ်ထွန်းခဲ့ဖူးလျှင် သူသည် လေးစားကြည်ညိုမှု ပြသလိမ့်မည်။ သို့သော် ထိုသူတို့အတွက်တော့ အကြွင်းမဲ့ နာခံသူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

နတ်သမီးခရမ်းဝိညာဉ်နှင့် ကူလီသည် ဟန်လိ၏ ပွင့်လင်းသော စကားများကြောင့် မင်သက်သွားလေသည်။ ယင်းနောက်မှာ သူတို့သည် အရှက်ရသွားဟန် ပေါ်သည်။

အမှန်တိုင်း ပြောရပါမူ ဟန်လိတစ်ယောက်သာ ထိုသို့ အတွေး ရှိသူ မဟုတ်ပေ။ ကျင့်ကြံသူ အများစုသည် ငိုကြွေးဝိညာဉ်သားရဲနှင့် ပတ်သတ်ပြီး ကောလဟာလတစ်ခုနှယ်သာ သဘောထားကြသည်။ တကယ်တော့ ကံကြမ္မာနှင့် ကောင်းကင်ဥပဒေသများနှင့် ပတ်သတ်သည့် ခေါင်းစဉ်များသည် သူတို့၏ စိတ်ထဲ၌သာ တည်ရှိကြသည်။

ထိုအခိုက်တွင် ဝတ်ရုံနက်နှင့်သူသည် ငိုကြွေးဝိညာဉ်သားရဲနှင့်အတူ တစ္ဆေမြူများ၏ အတွင်းနက်ပိုင်းထိ ရောက်သွားခဲ့လေပြီ။ သူသည် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ္ဆေမြူများကို တချက် လှမ်းကြည့်ပြီးနောက်မှာတော့ ဟန်လိက ပြုံးယောင်သမ်း၍ ပြောလိုက်သည်။

“သွားကြစို့၊ ဒီလမ်းကြောင်းကို တစုံတယောက်က ရှေ့ကနေ ကင်းထောက်နေမှတော့ ကျုပ်တို့လည်း မလေးမစား မလုပ်သင့်ဘူးလေ…”

“ရောင်းရင်းဟန်က ဘာကို ဆိုလိုတာများလဲ…” အဘိုးအိုကူးသည် ဟန်လိ၏ စကားကို အပြည့်အဝ နားမလည်ပုံ ရသည်။ တကယ်တော့ သူသည် ဟန်လိ ဆိုလိုတာကို နားလည်သည်။ သို့ရာတွင် သူသည် ဝတ်ရုံနက်နှင့်လူအပေါ် အထင်အမြင်သေးစွာ ရှုမြင်နေတာသာ။ ဝတ်ရုံနက်နှင့်သူ၏ ဦးဆောင်မှု လမ်းကြောင်းအတိုင်း လိုက်သွားခြင်းသည် သူတို့နှစ်ယောက်အနေဖြင့် အမှန်တကယ်တော့ အရှက်ရနိုင်သည့် ကိစ္စတစ်ခု မဟုတ်လား။ သို့ဖြစ်၍ သူက ဟန်လိကို ဦးဆုံး စပြောစေချင်တာသာ။

ဟန်လိက အဘိုးအို၏ စကားကို ကြားသည့်အခါ တမျိုးတမည်သာ ပြုံးပြသည်။ သူက စကားမဆိုဘဲ ရှေ့သို့ လှမ်းကြည့်ပြီး ဝတ်ရုံနက်နှင့်လူ ပျောက်ကွယ်သွားသော အရပ်ထံသို့ လျှောက်လာသည်။ နတ်သမီးခရမ်းဝိညာဉ်ကမူ တွေဝေခြင်းမရှိ သူနှင့် နီးနီးကပ်ကပ် လိုက်ပါလာသည်သာ။

ထိုသည်ကို မြင်သည့်အခါ ကူလီသည် စစချင်းတော့ မင်သက်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူသည် ဟန်လိတို့နောက်သို့ မျက်နှာနီနီဖြင့်သာ လိုက်ပါလာတော့သည်။

မီးခိုးရောာင်တစ္ဆေမြူများက ၎င်းထံ သက်ရှိလူများ လျှောက်လှမ်းလာသည်ကို ခံစားမိသည်နှင့် ၎င်းသည် အသက်ရှိသည့်နှယ် ရုတ်တရက် လင်းဖြာပြီး သူတို့သုံးယောက်ထံသို့ တလိမ့်လိမ့် စတင် ဝင်ရောက်လာသည်။

သာမန်သေမျိုးများကသာ ထိုမြူများ၏ ထွေးခြုံခြင်း ခံရပါက သူတို့၏ သွေးအနှစ်သာရသည် ချက်ခြင်း ခမ်းခြောက်သွားကာ အလောင်းများအဖြစ် သွေ့ခြောက်သွားပေလိမ့်မည်။ ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်များသည် တစ္ဆေမြူ၏ တစိတ်တပိုင်းဖြစ်သွားကာ တစ္ဆေများ ဖြစ်သွားမည့် ကံကြမ္မာကနေ လွတ်လပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ သို့ပေမည့် ဟန်လိတို့မှာ ကျင့်ကြံသူများဖြစ်၍ သူတို့သည် ထိုတစ္ဆေမြူများ၏ တိုက်စားမှုကို ကြောက်ဖို့ မလိုချေ။

ဖြတ်ခနဲ အလင်းများ ဖြာထွက်လျက် သူတို့၏ ခန္ဓာကိုယ်များကို ကိုယ်ပိုင်အကာအကွယ်နည်းလမ်းများဖြင့် ထွေးခြုံပြီး ဖြစ်လေ၏။

ကူးလီသည် သူ့လက်ကို ပင့်မြှောက်၍ အနီရောင်ထီးငယ်တစ်ခုကို ထုတ်လွှတ်သည်။ ၎င်းထီးငယ်က သူ့ဦးခေါင်းအထက် သုံးမီတာလောက်တွင် လည်ပတ်နေလျက် ထိုအဘိုးအိုကို အနီရောင်အလင်းတန်းတစ်ခုက ထွေးခြုံသည်။ တစ္ဆေမြူသည် ထိုအနီရောင်အလင်းနှင့် ထိမိသည့်အခါ ထူးခြားသော မိုးပြာအခိုးအငွေ့အမျှင်တန်းကို ထုတ်လွှတ်သည်။ တစ္ဆေငြီးသံများကိုပါ ကြားရ၏။ တစ္ဆေမြူများက ဤသည်ကို မြင်သည့်အခါ အနီရောင်အလင်းနား မတိုင်ခင်ထိသာ ကပ်လာဝံ့တော့သည်။ ထိုအနီရောင်အလင်းတို့ထံ ထပ်မံ၍ ချဉ်းကပ်လာခြင်း မရှိတော့ပေ။

နတ်သမီးခရမ်းဝိညာဉ်ကမူ လက်သီးစုပ်ခန့် အရွယ်ရှိသော အလုံးလေးလုံးက သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်၍ သုံးမီတာမျှ ဗြက်ရှိသော ကန့်သပ်နယ်တစ်ခုကို ဖန်တီးထားသည်။ ထိုကန့်သတ်နယ်က သူမထံ ချဉ်းကပ်လာသော တစ္ဆေမြူတို့ကို ဖယ်ရှားပေးသည်။

သို့ရာတွင် ဟန်လိ၏ အကာအကွယ်ကတော့ အထူးခြားဆုံး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထံမှ မိုးပြာအလင်းလွှာတစ်ခု ထုတ်လွှတ်ထားခြင်းကလွဲ၍ သူသည် မည်သည့် မှော်ရတနာများကို ထုတ်ဖော်ထားခြင်း မရှိပေ။ တစ္ဆေမြူသည် ဟန်လိ၏ ခန္ဓာကိုယ်နားသို့ ရောက်လာသည်နှင့် အလင်းစက်ဝန်းများသည် ထိုးထွက်လေကာ ၎င်းမြူများကို အငွေ့ပျံသွားစေသည်။

ထိုထူးခြားသော မြင်ကွင်းက ကျန်နှစ်ယောက်ကို အံ့အားသင့် တုန်လှုပ်သွားစေသည်။ သို့သော် သူတို့နှစ်ယောက်က ယဉ်ကျေးမှုရှိစွာဖြင့် ဘာမျှတော့ မေးတာမြန်တာ မပြုလုပ်ချင်ကြပေ။

နတ်သမီးခရမ်းဝိညာဉ်ကတော့ ကောင်းကင်လျှပ်စီးဝါးအကြောင်းကို မသိမသာ ပြန်စဉ်းစားမိလိုက်သေးသည်။ သို့သော် သူမက မသေချာသလို ခံစားမိ၏။

ဟန်လိသည် သူ့အပေါ် ထိုနှစ်ယောက်၏ အာရုံစိုက်တာကို သတိမပြုမိသည့်အလား ရှေ့ဆုံးကနေ ဆက်လျှောက်လာသည်။ သို့သော် ဤသို့ ပြုမူခြင်းမှာ သူသည် သူရဲကောင်း ဆန်ချင်လွန်း၍ ဟုတ်မနေပေ။ သည်ဧရိယာတစ်ခုလုံးတွင် တစ္ဆေမြူများက ပြည့်နှက်လျက် ရှိ၏။ သို့ဖြစ်၍ ရှေ့မှာနေနေ၊ နောက်မှာနေနေ ဘာမျှ ကွဲပြားမှု ရှိလိမ့်မည် မဟုတ်ချေ။

မိုးပြာအလင်းလွှာကမူ ဝါးတိမ်အုပ်ဓားများ၏ ချီဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ရလဒ်တစ်ခုမျှသာ။ သူ၏ မိုးပြာအနှစ်သာရဓားပညာရပ်၏ အကာအကွယ်ဓားအရံအတား နတ်စွမ်းရည်ကို အသုံးပြုခြင်းဖြင့် သူ၏ မှော်ရတနာများကို မထုတ်လွှတ်ရဘဲ သူ့ဓားခွန်အားကို ထုတ်သုံးနိုင်စွမ်း ရှိပေသည်။ ဤသည်မှာ သိပ်မကြာသေးခင်ကမှ ဟန်လိ သဘောပေါက်ခဲ့သော ပညာရပ်တစ်ခုပင်။ ထို့အပြင် ရွှေရောင်ကောင်းကင်လျှပ်စီးဝါး၏ မိစ္ဆာဒုက္ခပေးခြင်း စွမ်းရည်များနှင့်ဆို သည်တစ္ဆေမြူများမှာ ဟန်လိကို ချိန်းခြောက်နိုင်စွမ်း မရှိတော့ပေ။

တကယ်တော့ ဟန်လိသည် ရွှေရောာင်လျှပ်စီးဝါး၏ စွမ်းအားကုန်ကို ထုတ်ဖော်ထားခြင်း မရှိပေ။ သို့ဖြစ်၍ လျှပ်စီးစက်ဝန်းများက အဖြူရောင်ခပ်သဲ့သဲ့သာ ထုတ်လွှတ်နေတာ ဖြစ်သည်။ သည့်အတွက်ကြောင့် သူသည် တခြားသူများက ရွှေရောင်လျှပ်စီးဝါးမှန်း သိသွားကြမည့်အပေါ် စိုးရိမ်နေရန် မလိုတော့ပေ။ ထို့အပြင် သူက သည်တစ္ဆေမြူများထဲ ဝင်လာသည်နှင့် သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံကို ထုတ်ဖော်ထားပြီး ဖြစ်၏။ တကယ်တော့ သူတို့သည် သိပ်သည်းလှသော တစ္ဆေမြူများကို ပကတိမျက်လုံးသပ်သပ်ဖြင့် ဖြတ်၍ မမြင်နိုင်ကြပါ။

သို့ပေမည့် ဝတ်ရုံနက်နှင့်သူ၏ လမ်းကြောင်းအတိုင်း လိုက်လာခြင်းက သာ၍ လွယ်ကူနေပေသည်။ ထိုသူ သွားခဲ့သော လမ်းကြောင်းတွင် သုံးမီတာမျှ ဗြက်ရှိ‌သော ပိုပါးလှပ်သည့် မြူများကို ချန်ထားခဲ့ပေသည်။ ၎င်း ပါးလှပ်သော မြူများအတိုင်း သူတို့က ရှေ့ဆက်လာခဲ့ကြတာပင်။

ထိုသို့သော လမ်းကြောင်းခြေရာ ကျန်ခဲ့ခြင်းသည် ဝတ်ရုံနက်နှင့်သူ၏ ပညာရပ် သို့မဟုတ် ငိုကြွေးဝိညာဉ်သားရဲကြောင့်လားကိုတော့ ဟန်လိက နည်းနည်းလေးမျှ အရေးမစိုက်ပေ။

ထိုငိုကြွေးဝိညာဉ်သားရဲက ပို၍ ကြမ်းလေလေ သူတို့အတွက် ၎င်းလမ်းကြောင်းအတိုင်း လိုက်လံခြင်းက ပို၍ အကျိုးများလေပင်။

ဟန်လိသည် ဘေးဘီသို့ အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေရင်း သူက ဂရုတစိုက် ရှေ့ဆက်နေသည်။ သူ့အနေဖြင့် သူ့ခြေထောက်၌ စိုစိုထိုင်းထိုင်း ဖြစ်သလိုလည်း ခံစားမိရသည်။

ထိုသို့ဖြင့် သူတို့သည် မည်သည့်အခက်အခဲမျှ မတွေ့ရသေးဘဲ အချိန်မည်မျှ ကြာမှန်းမသိ ဆက်လျှောက်လာခဲ့ကြသည်။ သို့ပေမည့် တစ္ဆေမြူများထဲ၌ ဝတ်ရုံနက်နှင့်သူ၏ လမ်းကြောင်းအတိုင်း ဆက်လိုက်လံလာနေရင်း တစ္ဆေမြူ၏ အရောင်သည် တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလာခဲ့သည်။ ထိုအခါ ဟန်လိ၏ အမူအရာသည် မသိမသာ ဖြည်းဖြည်းချင်း သုန်မှုန်လာသည်။ ယင်းနောက်မှာ သူက မျက်မှောင် စကြုံ့သည်။

အက်ကွဲသံတစ်ခုနှင့်အတူ ဟန်လိသည် ရုတ်တရပ် ရပ်ကာ သူ့ခေါင်းကို ငုံ့ကြည့်သည်။ နတ်သမီးခရမ်းဝိညာဉ်နှင့် အဘိုးအိုတို့သည်လည်း ရှေ့၌ မည်သည့်အရာ ရှိလေသနည်းဟု မြင်ချင်စိတ်ဖြင့် လျှောက်လာသည်။ ဟန်လိသည် မျက်မှောင်ကြုံ့နေသည်။ သို့သော် သူ့အမူအရာကမူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူသည် အရိုးပုံတစ်ခုပေါ်သို့ ခြေလှမ်းနင်းမိခဲ့၍ အက်ကွဲသံ ထွက်သွားခဲ့တာပင်။ ထိုအရိုးစုသည် မိုးပြာအလင်းတန်းတစ်ခုဖြင့် ခြုံလွှမ်းထားသော ဝတ်စုံကို ဝတ်ထားပြီး ပုံမှန်မဟုတ်သည့်ပုံ ပေါ်လွင်နေသည်။ ၎င်းအရိုးပုံ၏ ဘေးတွင်မူ ဓားအပိုင်းအစများ ရှိနေသည်။ ၎င်းဓားအပိုင်းအစများက တောက်ပနေလေရာ ၎င်းထံ၌ စိတ်ဝိညာဉ်သဘာဝတစ်ခု ပိုင်ဆိုင်ထားဆဲ ဖြစ်နေသည့်အလား။

ထိုအရိုးပုံမှာ သည်နေရာတွင် သေဆုံးခဲ့သော ကျင့်ကြံသူတစ်ယောက်၏ အရိုးများ ဖြစ်ရမည်။ ဟန်လိက ခေါင်းယမ်းလိုက်ပြီး သူ၏ မျက်လုံးထဲ၌ စိတ်ခံစားချက်တစ်ခုဖြင့် ဖြတ်ခနဲ တောက်ပသွားသည်။

ထိုမှော်ရတနာ အစိတ်အပိုင်းများသည် နှစ်ပေါင်းများစွာ ကြာပြီးသည့်အထိ တောက်ပနေတုန်း ဖြစ်၍ ၎င်း၏ ပိုင်ရှင် ကျင့်ကြံသူသည် အထင်ကြီးဖွယ်ကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့ဖို့များသည်။ သို့ပေမည့် ထိုသူ၏ ခန္ဓာကိုယ်သည် သေဆုံးပြီးနောက်မှာ ပိုင်ရှင်မဲ့ ဖြစ်ကျန်ခဲ့ရပေသည်။ ဤသည်မှာ အမှန်တကယ် သနားစရာ ကောင်းလှသည်။ အင်မောတယ်လမ်းသို့ လျှောက်လှမ်းသူများသည် ပေါ့ဆမိခဲ့လျှင် သူတို့သည် ဆိုးဝါးစွာ အဆုံးသပ်သွားနိုင်ပေသည်။

ထိုကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကမူ တစ္ဆေမြူ၏ တစိတ်တပိုင်း ဖြစ်လာမည် သို့မဟုတ် ရန်ငြှိုးစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းအဖို့ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းထဲ ဝင်ရောက်ဖို့ပင် အတော်လေး ခက်ခဲနိုင်သည်။

ဟန်လိက တခြားနှစ်ယောက်ထံသို့ လှမ်းကြည့်သည်။

နတ်သမီးခရမ်းဝိညာဉ်၏ မျက်နှာသည် ဖြူရောသွားသည်။ သူမက ဟန်လိ သူမထံသို့ လှမ်းကြည့်နေတာ မြင်သည့်အခါတွင်တော့ အားတင်း၍ ပြုံးသည်။

ကူလီ၏ အမူအရာသည် တမျိုးဖြစ်သွားသည်။ သူသည် မျက်မှောင်ကြုတ်၍ ထိုမိုးပြာဝတ်စုံကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ သူက ရုတ်တရက် သူ့လက်ချောင်းကို တောက်ထုတ်သည်။ ကြက်ဥအရွယ်ခန့် မီးလုံးတစ်လုံးသည် ထိုအကြွင်းအကျန်များထံ တိုးဝင်သွားသည်။ အကြွင်းအကျန်များနှင့် ထိမိသည်နှင့် ထိုမီးလုံးသည် ဖြတ်ခနဲ ပျောက်ကွယ်သွားပေသည်။

“ဟူး…တကယ်ပဲ သူပဲကို…” ကူလီသည် ခေါင်းမော့ကာ ဝမ်းနည်းသည့်ဟန်ဖြင့် တကိုယ်တည်း တီးတိုးရေရွတ်သည်။

“ရောင်းရင်းကူက သူ့ကို သိလို့လား…” ဟန်လိသည် ထိုအရိုးစုကို ကြည့်လျက် မထူးခြားနားဟန်ဖြင့် မေးလိုက်သည်။ နတ်သမီးခရမ်းဝိညာဉ်သည်လည်း သိချင်စိတ် ဖြစ်မိနေသည်။

“ဒီလူက တာအိုသခင်ယုပဲ။ ကျုပ်နဲ့ အရင်က လေးငါးခေါက်လောက် ဆုံဖူးတယ်။ သူက ကျုပ်ထက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အရင်စောပြီး ဝင်ရောက်ခခဲ့တာ။ သူ့ရဲ့ မီးတွန်းကန်အားဝတ်ရုံဟာ နှစ်ပေါင်းတစ်ရာရေခဲပိုးသားကနေ သန့်စင်ပြုလုပ်ထားတာ။ ဒါ့ကြောင့် ပုံမှန်မီးတောက်တွေက ဒီဝတ်ရုံပေါ် သက်ရောက်မှု မရှိဘူး။ ဒီဝတ်စုံက နာမည်တစ်ခုနဲ့။ သူက ကောင်းကင်လေဟာနယ်ခန်းမကို ဒီမတိုင်ခင် နောက်ဆုံးအကြိမ် ဖွင့်ခဲ့တဲ့အချိန်တုန်းက ဝင်ရောက်ခဲ့တယ်လို့ ကျုပ် ကြားခဲ့ရတယ်။ ဒါပေမဲ့ သူ လုံးဝ ပြန်မလာခဲ့ဘူး။ ကျုပ်လည်း သူ ဒီမှာ သေသွားခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ သူက ပထမစမ်းသပ်မှုကိုတောင် ဖြတ်ကျော်ဖို့ လုံလောက်အောင် ကံမကောင်းခဲ့ဘူးပဲ…”

ကူလီသည် သက်ပြင်းရှည်ကြီး ချ၍ ပြောလေ၏။

ဟန်လိသည် အချိန်တခုကြာ တိတ်ဆိတ်နေသည်။ ယင်းနောက်မှာတော့ သူက ထိုအဘိုးအိုကူကို တုန်လှုပ်သွားစေသော မေးခွန်းတစ်ခုအား မေးသည်။

“တာအိုရောင်းရင်းယုရဲ့ မှော်ရတနာနဲ့ ကျင့်ကြံခြင်းက ခင်ဗျားထက် အများကြီး သာလား…”

ကူလီသည် ဟန်လိ၏ ဆိုလိုရင်းကို သဘောပေါက်ဟန် တူသည်။ သူက ခဏ စဉ်းစားပြီးမှ သေချာသည့်ဟန်ဖြင့် ပြောလာသည်။

“တာအိုသခင်ယုက ကျုပ်လိုပဲ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်တစ်ယောက် ဖြစ်ပေမယ်လို့ အဲ့အချိန်တုန်းက သူဟာ အလယ်အဆင့်ကို ချိုးဖျက်ခါနီးလို့ ပြောနိုင်တယ်။ ဒါ့အပြင် သူဟာ ရှားပါးလှတဲ့ ရေခဲဓာတ် ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားတဲ့သူပဲ။ သူ့ကျင့်ကြံမှု ပညာရပ်တွေဟာ ကျုပ်ထက် အများကြီး သာတာပေါ့။ သူ့မှော်ရတနာ အကြောင်းကိုတော့ သူ တိုက်ပွဲမှာ အသုံးပြုတာကို မမြင်ဖူးခဲ့လို့ ကျုပ် သေချာ မသိခဲ့ဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ မှော်ရတနာထက်တော့ ဘယ်လိုမှ အားနည်းစရာ အကြောင်း မရှိဘူး…”

ထိုအဘိုးအိုက ဤသို့ ပြောနေရင်း သူ့အမူအရာသည် ပို၍ ပျက်ယွင်းလာသည်။

“ဒီလိုဆိုမှတော့ ဒီအနီးအနားမှာ အလေးအနက်ထားရမယ့် ရန်သူတစ်ယောက် ရှိမှာ သေချာပြီ။ ငိုကြွေးဝိညာဉ်သားရဲရဲ့ လမ်းအတိုင်း ကျုပ်တို့ လိုက်လံခဲ့တဲ့ အချိန်ကစလို့ ကျုပ်က ဒါကို အတော်လေး ထူးခြားသလို ခံစားမိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ တစ္ဆေမြူတွေကလွဲလို့ ကျုပ်တို့က ဘာတစ္ဆေ၊ ဒါမှမဟုတ် ဘာရန်ငြှိုးစိတ်ဝိညာဉ်တွေကိုမှ မကြုံခဲ့ရဘူးလေ။ ဝတ်ရုံနက်သူက ကျုပ်တို့ကိုယ်စား အမြဲတမ်းလမ်းရှင်းပေးလိမ့်မယ်လို့တော့ ကျုပ်တို့ မျှော်လင့်ထားလို့ မရနိုင်ဘူး…”

ဟန်လိသည် အလေးအနက်ဟန်ပန်ဖြင့် ပြောသည်။

All Chapters