← Chapters

တစ္ဆေဘုရင် (၂)

Vol. 32 Ch. 440

တစ္ဆေဘုရင် (၂)

Vol. 32 Ch. 440

“တစ္ဆေစိတ်ဝိညာဉ်မြွေ…”

နတ်သမီးခရမ်းဝိညာဉ်သည် သူမ ခံစားလိုက်ရသည်မှာ မည်သည့်တစ္ဆေပညာရပ်မှန်း ချက်ခြင်း သိလိုက်သည်။ ထိုပညာရပ်သည် အဆင့်မြင့်နတ်ဆိုးတစ္ဆေများ၏ မွေးရာပါ ပညာရပ် ဖြစ်ကာ အားနည်းသော ရန်သူများကို တိုက်ခိုက်ဖို့ရာတွင် အသုံးပြုလေ့ရှိသည်။ ကျင့်ကြံမှုအဆင့်နိမ့်သူများသည် ၎င်းပညာရပ်၏ ဒဏ်ကို ခံစားရပါက သူတို့၏ သွေးများသည် ကမောက်ကမ ဖြစ်ကာ သူတို့၏ ခြေလက်များသည်လည်း အလိုလို လှုပ်ခါမည် ဖြစ်သည်။

ထိုအသံကို သူမ စစကြားတုန်းကတော့ ၎င်းအသံကို ပုံမှန် တစ္ဆေအော်ငြီးသံဟုသာ မှတ်ယူခဲ့၍ အခုတော့ သူမသည် တန်ကြေးတစ်ခု ပေးရလေပြီ။ နတ်သမီးခရမ်းဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်က တစ္ဆေငိုငြီးသံထံ ရွှေ့လျားသွားနေတာ မြင်သည့်အခါ အလွန်ကြောက်မိသည်။

“ထိုက်..” ထိုအခိုက်တွင် သူမသည် အမျိုးသားတစ်ယောက်၏ အသံကို ကြားရ၏။ ထိုအသံသည် မကျယ်လှ။ သို့သော် သူမ၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့မှာ တုန်ယင်သွားပြီး သူမ၏ အားပျော့သွားသော ခြေထောက်များကြောင့် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားစေသည်။

သိပ်မကြာခင်တွင် သူမ၏ ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်မှု ရသွားမှန်း တွေ့ရသည်။ စိတ်ထဲ သက်သာသွားပြီး သူမက အသံ ထွက်ပေါ်လာသော ရင်းမြစ်ဖြစ်သည့် ဟန်လိ ရှိနေသော နေရာထံ ကျေးဇူးတင်ဟန်ဖြင့် လှမ်းကြည့်သည်။

“ရောင်းရင်းခရမ်းဝိညာဉ်၊ နင့်ရဲ့ စိတ်ကို စောင့်ကြပ်ဖို့ နင့်ကျင့်ကြံမှုကို အသုံးပြုပါ။ ဒီတစ္ဆေငိုငြီးသံက နင် စိတ်မတည်မငြိမ်ဖြစ်တာကို အခွင့်အရေး မယူသွားစေနဲ့…”

သူမသည် ဟန်လိ၏ တည်ငြိမ်သော စကားသံကို ကြားရ၏။

“ဟုတ်ကဲ့ပါ…” နတ်သမီးခရမ်းဝိညာဉ်သည် ရှက်သွေးဖြန်းသွားပြီး ညင်သာစွာ တုန့်ပြန်သည်။ ထို့နောက်တွင်မူ သူမသည် မြေပြင်ပေါ်ကနေ ရှက်ရွှံ့သည့်ဟန်ဖြင့် ထရပ်လာပြီး စိတ်ကို သတိထားစောင့်ကြပ်၍ ဟန်လိထံသို့ လျှောက်လာသည်။

သူမသည် ဟန်လိ၏ နောက်သို့ ရောက်လာသည့်အခါတွင် ဟန်လိသည် နေရာတွင်သာ မလှုပ်မယှက် ရပ်၍ ရှေ့သို့သာ စိုက်ကြည့်နေသေးတာကို တွေ့ရသည်။ ဟန်လိ ကြည့်နေသော နေရာထံသို့ သူမအကြည့် ရောက်သွားပြီး သူမ၏ စိတ်ကို တင်းကြပ်သွားစေသော မြင်ကွင်းတစ်ခုကို မြင်တွေ့ရသည်။

ထိုတစ္ဆေမြူနှင့် မနီးမဝေးတွင် ထူထဲသော မြူခိုးနက်တစ်ခုသည် အဆုံးမရှိလေသည့်နှယ် တလိမ့်လိမ့် ရှိနေ၏။ အနီရောင်၊ အစိမ်းရောင်များသည် တဖြတ်ဖြတ် တောက်ပနေပြီး သူမကို ဒုက္ခရောက်သွားစေခဲ့သော တစ္ဆေငိုငြီးသံနှင့်အတူ ခပ်အုတ်အုတ် အသံများကို ကြားရလေသည်။

ထိုမြူနက်အတွင်း အနက်ရောင်ဝတ်စုံနှင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် ထူးခြားသော မီးတူတစ်လက်ကို ထိန်းချုပ်လျက် မရေမတွက်နိုင်သော အပြာရောင် မီးတောက်များကို ထုတ်လွှတ်နေသည်။ ထိုမီးတောက်များသည် ခုလက်ရှိတွင် မပြတ်မသား တစ္ဆေအရိပ်တစ်ခုနှင့် ဆန့်ကျင် တိုက်ခိုက်နေသည်။ ထိုတစ္ဆေမြူအရိပ်ကို မြူဖြင့် ခြုံလွှမ်းထားပြီး မဟူရာအရောင်ရှိသည့် ယင်ချီကို ထုတ်လွှတ်နေသော အစိမ်းရောင်ပုလဲလုံးတစ်ခုကို ထိန်းချုပ်နေသည်။ ဝတ်ရုံနက်နှင့်သူသည် ၎င်းပုလဲ၏ ချီတွင် ပိတ်မိနေပြီး ခံဘက်မှ ဖြစ်နေပုံ ရသည်။

ငိုကြွေးဝိညာဉ်သားရဲကမူ အစိမ်းရောင်အမွေးအမျှင်များ ဖုံးလွှမ်းထားသော တစ္ဆေအရိပ်နှစ်ခုနှင့် လုံးထွေးနေသည်။

၎င်းအရိပ်နှစ်ခု၏ ချွန်မြန်မြဦးခေါင်းနှင့် ၎င်းတို့၏ လက်များတွင် ဆုပ်ကိုင်ထားသော လက်မအနည်းငယ် အရှည်ရှိ အဖြူရောင်အရိုးပိုင်းများကလွဲ၍ ၎င်းအရိပ်တို့သည် သာမန်အစိမ်းရောင်အမွေးဖြင့် ဖုတ်ကောင်များနှင့် အတိအကျ တူနေပေသည်။ ထိုအခိုက်တွင် ၎င်းတို့၏ အဖြူရောင်အရိုးပိုင်းသည် အစိမ်းရောင်မီးတောက်အမျှင်များကို ထုတ်လွှတ်ကာ ငိုကြွေးဝိညာဉ်သားရဲကို တိုက်ခိုက်သည်။

ငိုကြွေးသားရဲကလည်း ၎င်း၏ နှာခေါင်းမှ အဝါရောင်အလင်းကို မှုတ်ထုတ်ကာ မီးတောက်အမျှင်တန်းများကို တုန့်ပြန်သည်။ မီးတောက်အမျှင်တန်းများသည် ၎င်း၏ နှာခေါင်းထဲသို့ လုံးဝ စုပ်ယူခြင်း ခံရသည်။

အမှုမဲ့အမှတ်မဲ့ ကြည့်ပါက ငိုကြွေးဝိညာဉ်သားရဲသည် အသာစီး ရနေပုံ ပေါ်လိမ့်မည်။ အကြောင်းမှာ အမွေးပွ တစ္ဆေများက အကွာအဝေးတစ်ခုကနေသာ မီးတောက်အမျှင်တန်းများနှင့် တိုက်ခိုက်ရုံ ရှိပြီး ထိုသားရဲနားသို့ မချဉ်းကပ်ဝံ့ဘဲ ဖြစ်နေသည်ကို တွေ့ရသောကြောင့်ပင်။ သို့သော် အမှန်တွင်မူ ငိုကြွေးဝိညာဉ်သားရဲကို ထိုမွန်းစတားတစ္ဆေများက ချည်နှောင်ထားတာသာ ဖြစ်ပြီး ၎င်းသည် ဝတ်ရုံနက်နှင့်သူကို အကူအညီမပေးနိုင်ဘဲ ရှိနေသည်။

“ညမိစ္ဆာတစ္ဆေတွေ…” ထိုအမွေးများနှင့် တစ္ဆေနှစ်ကောင်ကို မြင်သည့်အခါ နတ်သမီးခရမ်းဝိညာဉ်သည် လေအေးတချက် ရှိုက်သွင်းမိသွားသည်။

ဟန်လိ၏ စိတ်ထဲ မတည်ငြိမ် ဖြစ်သွား၏။ သူက ခေါင်းလှည့်မကြည့်ဘဲ မေးလိုက်သည်။

“ဘာလဲ။ ရောင်းရင်း ခရမ်းဝိညာဉ်က ဒီကောင်တွေကို သိလို့လား…”

“ဟုတ်လောက်မှာပါ။ ကျမက ဒီကောင်တွေကို ခုမှ ပထမဆုံး မြင်ဖူးတာ ဆိုပေမယ့်လို့ သူတို့ကို ဖော်ပြထားတဲ့အတိုင်း အတိအကျအသွင်ပုံစံ ရှိကြတယ်။ ဒီကောင်တွေဟာ နေရောင်အောက်မှာပါ သွားလာနိုင်တဲ့ ရှားပါးတဲ့ ဖုတ်ကောင်အမျိုးအစားတစ်မျိုးပဲ။ သူတို့က ငိုကြွေးဝိညာဉ်သားရဲရဲ့ အစွမ်းနဲ့ ရင်ဆိုင်ရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာနဲ့အမျှ သူတို့ဟာ ငိုကြွေးဝိညာဉ်သားရဲရဲ့ ဝိညာဉ်စုပ်ယူခြင်းအလင်းကနေ အကွာအဝေးတစ်ခုခြားပြီး အဲ့သားရဲကို ဖိနှိပ်နိုင်စွမ်း ရှိကြလိမ့်မယ်။ တကယ်တော့ ငိုကြွေးဝိညာဉ်သားရဲမှာ ကျွမ်းကျင်မှု အများအပြား ကင်းမဲ့ပုံ ရတယ် မဟုတ်လား။ ဒီသားရဲကောင်မှာ ၎င်းရဲ့ ဝိညာဉ်စုပ်ယူခြင်းအလင်းကလွဲလို့ တခြား ပိုင်ဆိုင်ထားတဲ့ စွမ်းရည် ဘာမှ မရှိဘူးထင်တယ်…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် မည်သည့်ပုံမှန်မဖြစ်မှုကိုမျှ မပြပေ။ သို့သော် သူသည် သက်ပြင်းရှည်ကြီး ချမိ၏။ ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှပေ။ သို့သော် သူမ၏ ဗဟုသုတများကတော့ သူကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ယောက်ထက် အများကြီး သာလွန်ပေသည်။ အဝါရောင်မေပယ်တောင်ကြားတွင် ရှိခဲ့ချိန်တုန်းက သူသည် မှတ်တမ်းမှတ်ရာ အများအပြားကို ဖတ်ဖူးခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်လှသဖြင့် အမှန်တကယ် တန်ဖိုးရှိသော လျှို့ဝှက်အချက်အလက်များကိုမူ ဖတ်ခွင့် မရခဲ့ပေ။

ပြန့်ကြဲကြယ်ပင်လယ်များသို့ သူ ရောက်လာသည့်အခါတွင် မှတ်တမ်းများစွာကို ဝယ်ယူခဲ့သေးသည်။ သို့သော် အချက်အလက်များကမူ ဂိုဏ်းတစ်ခုက စုစည်းထားတာလောက် ပြည့်ပြည့်စုံစုံ ဟုတ်မနေပေ။ သူသည် ထိုသို့သော အချက်အလက်များကိုတော့ သေချာ ကြည့်ရှုခဲ့မှာ မဟုတ်တာ သဘာဝပင်။ သို့သော် အခုကဲ့သို့ အရေးကြီးလှသော အခိုက်အတန့်တွင် သူ၏ ဗဟုသုတအသိအမြင်မှာ ကင်းမဲ့နေတာ သိသာသည်။ သူသာ သည်နေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခဲ့ပါက ပြင်းပြတေးသံဂိုဏ်းသို့ သွား၍ သူတို့၏ မှတ်တမ်းများကို သွားကြည့်ရဦးမည်။ ပြင်းပြတေးသံဂိုဏ်းသည် သူတို့၏ အကြီးအကဲဖြစ်သော သူ့ကို မငြင်းဆန်ဖို့က များပါသည်။

ဟန်လိသည် ထိုသို့ တွေးမိနေစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ မီးတူ၏ အပြာရောင်အလင်းများမှာ တစ္ဆေအရိပ်၏ အစိမ်းရောင်ပုလဲမှ ထုတ်လွှတ်သော အနက်ရောင်ချီနှင့် ခြုံလွှမ်းခြင်းကို ခံထားရပေသည်။ သူ၏ ကိုယ်ပိုင်မီးတောက်များ ငြှိမ်းသေသွားတာကို မြင်သည့်အခါ ဝတ်ရုံနက်နှင့်သူသည် ဒေါသလည်းထွက်သွားသလို အထိတ်အလန့်လည်း ဖြစ်မိသည်။

သူသည် ငိုကြွေးဝိညာဉ်သားရဲ၏ အကူအညီဖြင့်ဆို သည်ပထမဆုံး စမ်းသပ်မှု ဖြစ်သော အငြှိုးတစ္ဆေအမဲလိုက်ခြင်းကို လွယ်ကူစွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ပေသည်။ ထို့ကြောင့် သူသည် တခြားသူများ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့တာ ဖြစ်သည်။ သို့သော် အခု သည်လို အငြှိုးစိတ်ဝိညာဉ်တစ်ကောင်နှင့်မှ တည့်တည့်လာတိုးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ အခု သူသည် အန္တရာယ်များလှသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

သူသည် သူ့စိတ်ဆန္ဒနှင့်အတူ သူ၏ မိစ္ဆာမီးတူ၏ ခွန်အားနှင့်ထည်ဝါမှုတို့သည် အားနည်းလာတာကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သူက သည်နေရာတွင် သေဆုံးသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြောက်ရွှံ့စွာ တွေးမိသည်နှင့် သူ၏ စိတ်နှလုံးမှာ အေးစက်လာကာ အလွန်အမင်း ကြောက်လန့်နေလေပြီ။

ထိုအခိုက်အတန့်တွင် ဟန်လိသည် အလျင်အမြန် ချဉ်းကပ်လာလေ၏။ သူက ဝတ်ရုံနက်နှင့်သူကို ကယ်တင်ပေးဖို့ အခွင့်အရေးတစ်ခုကို ရှာလေသည့်အလား။ သို့ပေမည့် မကြာခင်မှာပင် ထိုသူသည် သူ့ကို ကယ်တင်ပေးတော့မည် အထင်နှင့် ကျေနပ် ပျော်ရွှင်နေရာကနေ ဒေါသအဖြစ်သို့ ပြောင်းသွားပြီး သွေးအန်ထွက်သည့်အထိပင်။

သူ့အနေဖြင့် အလွန်အန္တရာယ်များနေပြီ ဖြစ်သော်ငြားလည်း ဟန်လိက သူ့ကို ကူညီပေးဖို့ ရည်ရွယ်ချက် ရှိမနေပုံ ပေါ်သည်။ ထိုအစား သူက တိုက်ပွဲကို အကွာအဝေးတစ်ခုကနေသာ မထူးခြားနားဟန်ဖြင့် လှမ်းကြည့်နေသည်။ ထိုအခိုက်တွင် ဝတ်ရုံနက်နှင့်သူသည် ဟန်လိအပေါ် အင်မတန် မုန်းတီးကာ အံတင်းတင်းကြိတ်မိသည့်အထိပင်။

ခဏအကြာတွင် နတ်သမီးခရမ်းဝိညာဉ်သည် အပြေးအလွှား ရောက်လာ၏။ သူမက တစ္ဆေဝိညာဉ်နှင့် တိုက်ခိုက်နေသော ဝတ်ရုံနက်နှင့်သူထံ ခါးသီးစွာ ကြည့်နေမိပြီး ဟန်လိက မည်သည့်အတွက်ကြောင့် ကူမပေးသလဲအပေါ် စဉ်းစားမရ ဖြစ်နေသည်။ ဝတ်ရုံနက်နှင့်သူ၏ အစောပိုင်းတုန်းက အပြုအမူကြောင့် ဟန်လိသည် ထိုသူ့ကို သေသည့်အထိ ထိုင်ကြည့်ချင်နေတာများလား။

သူမက ဟန်လိသည် ထိုကဲ့သို့ အမြင်မကျယ်သူဟု မခံစားမိ၍ ပို၍ စဉ်းစားမရ ဖြစ်လာခဲ့သည်။ အစောလေးတုန်းကမှ ဟန်လိသည် သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် သူမ၏ သံသယများကို လှမ်းပြောခြင်းက မသင့်တော်သည် ဖြစ်၍ သူမသည် တစ္ဆေအရိပ်နှင့် တိုက်ခိုက်နေသော ဝတ်ရုံနက်အဘိုးအိုကို တိတ်တဆိတ်သာ စောင့်ကြည့်နေရုံ ရှိသည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝတ်ရုံနက်နှင့်သူသည် ဆက်၍ တောင့်မခံနိုင်တော့ပေ။ သူ၏ တူမှာလည်း ယင်ချီတို့ဖြင့် ထွေးခြုံခြင်းကို ခံရကာ ၎င်း၏ မိစ္ဆာမီးတောက်များအားလုံး ငြှိမ်းသေလျက် လေထဲတွင် ခိုင်မာစွာ ပိတ်မိနေလေပြီ။ ယင်းနောက်မှာ အနက်ရောင်တစ္ဆေအရိပ်က ကြုံ့သွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဝတ်ရုံနက်နှင့်သူ၏ နှလုံးနေရာထံ တိုးဝင်လာလေသည်။

မိစ္ဆာကျင့်ကြံသူ၏ အမူအရာကို သူ့ဝတ်ရုံဖြင့် ဖုံးကွယ်ထားသော်ငြားလည်း သူသည် မျက်လုံးမှိတ်၍ သေရမည့် အဖြစ်ကို ရပ်ပြီး စောင့်နေလေသည်။

ဝတ်ရုံနက်နှင့်သူသည် သူ၏ခန္ဓာကိုယ် အပြင်ပိုင်းကို အကာအကွယ် မှော်ပညာရပ်များဖြင့် ကာကွယ်ထားသော်လည်း အငြှိုးစိတ်ဝိညာဉ်အတွက်မူ စက္ကူစတစ်ခုထက် သာရုံလောက်သာ ဖြစ်ပေလိမ့်မည်။ သူ၏ တူသည် ၎င်းကို ပိတ်ဆို့နိုင်လောက်၏။ သို့သော် ၎င်းကို ရန်သူက ချုပ်နှောင်ထားလေပြီ ဖြစ်ရာ ကျန်သည့် သူ၏ အကာအကွယ်များသည် အလွယ်တကူ ချိုးဖျက်ခံရမည်သာ။ အခု သူ တတ်နိုင်တာဟူ၍ သေခြင်းကို စောင့်နေရုံသာ။

ထိုကဲ့သို့ သေရေးရှင်ရေး ဖြစ်နေချိန်အတွင်း ဘေးကနေ မထူးခြားနားဟန်ဖြင့် စောင့်ကြည့်နေသော ဟန်လိသည် ရုတ်တရက် နည်းနည်းလေးမျှ သတိပေးခြင်း မရှိဘဲ ရုတ်တရက် လှုပ်ရှားလာသည်။

သူ၏ လက်တစ်ဖက်ကို ဝေ့ယမ်းကာ မိုးပြာဓားချီတန်းငါးခုကို ထိုးထွက်သွားစေပြီး မျက်စိတမှိတ်အတွင်း အနက်ရောင်အရိပ်၏ သေကွင်းသေကွက်နေရာများထံ ရောက်ရှိသွားသည်။

ထိုအရိပ်နက်သည် ဓားချီတန်းများကို လစ်လျူရှု၍ ဝတ်ရုံနက်နှင့်သူကိုသာ သတ်ဖို့ အာရုံစိုက်ခဲ့လျှင် အောင်မြင်နိုင်ပေလိမ့်မည်။ သို့ပေမည့် အပြန်အလှန်အားဖြင့် ၎င်း၏ သလင်းအမြုတေသည်လည်း ဓားချီတန်းများကြောင့် တစစီ ဖြစ်သွားမည်သာ။

ထိုအရိပ်နက်သည် ဤသို့‌သော အခြေအနေမျိုးကို လက်သင့်ခံမည် မဟုတ်တာ သဘာဝပင်။ ၎င်း၏ခန္ဓာကိုယ်သည် သုံးလေးကြိမ်လောက် ဝေဝါးသွားပြီး ၎င်း၏ မူလနေရာသို့ ပြန်ရောက်ရှိသည်။ ၎င်းသည် အစိမ်းရောင်အလင်း ဖြာထွက်နေသော မျက်လုံးတို့ဖြင့် ဟန်လိထံသို့ လှမ်း၍ စိုက်ကြည့်နေသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံးထဲ၌ ထူးခြားသောအလင်း ဖြတ်ပြေးသွားသည်။ သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်ပြီး သူက ဝိညာဉ်သားရဲသိုလှောင်အိတ်ငယ်တစ်ခုကို ထုတ်ယူသည်။

သူသည် ထိုသိုလှောင်အိတ်ကို ချက်ခြင်း မထုတ်လွှတ်ပေ။ သူ၏ တခြားလက်တစ်ဖက်ဖြင့် မိုးပြာအလင်းတန်းဆယ်ခုကျော်ကို အမွေးပါသော ညမိစ္ဆာတစ္ဆေနှစ်ကောင်ထံသို့ ပစ်လွှတ်သည်။

ထိုတစ္ဆေနှစ်ကောင်သည် အတော်လေး အကင်းပါးလှသည်။ ဟန်လိက သူတို့ကို လျှပ်တပြတ် တိုက်ခိုက်လာတာ မြင်သည့်အခါ သူတို့၏ ခန္ဓာကိုယ်များသည် လေးငါးကြိမ်လောက် ဝေဝါးသွားပြီး အခိုးအငွေ့အမျှင်တန်းနှစ်ခုအဖြစ်သို့ လွင့်ကွယ်ပျောက်သည်။ ယင်းနောက်မှာ ၎င်းတို့သည် ဟန်လိထံသို့ အစွယ်ဟပြကာ ချွန်မြပြီး မဲဝါနေသော သွားများကို ထုတ်ဖော်ပြ၏။

တစ္ဆေအရိပ်က အာရုံပြောင်းသွားတာကို အခွင့်ကောင်းယူကာ ဝတ်ရုံနက်နှင့်ကျင့်ကြံသူသည် သူ့မှော်စွမ်းအား အားလုံးကို အိတ်သွန်ခွန်မှောက် စုစည်း၍ သူ၏ မှော်ရတနာကို ထိန်းချုပ်ရန် ကြိုးစားသည်။ ခဏချက်ခြင်း သူ၏ ချုပ်နှောင်ခံထားရသော တူရတနာသည် သူ့ထံသို့ အနီရောင်အလင်းတန်းအဖြစ် ပြောင်းကာ ပျံသန်းလာသည်။ သူ ကြီးစွာ ကျေနပ်အားရသွားသည်။

ထိုအခိုက်အတန့်တွင် ဟန်လိ၏ မျက်နှာမှာ တောင့်တင်းသွားပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဂရုစိုက်…တခြား တစ္ဆေတွေ ရှိသေးတယ်…”

ဝတ်ရုံနက်နှင့်သူသည် မင်သက်လို့သွားသည်။ သည်အခိုက်မှာပင် အကောင်အထည်မဲ့လုနီးနီး မီးခိုးရောင်အရိပ်တစ်ခုသည် တစ္ဆေမြူ၏ တခြားတစ်ဖက်ကနေ ထိုးထွက်ကာ ချက်ခြင်းလက်ငင်း ဝတ်ရုံနက်နှင့်သူ၏ ရှေ့သို့ ရောက်လာသည်။ ဝတ်ရုံနက်နှင့်သူ၏ မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်သွားလေပြီ။ သူ့အဖို့ ရှောင်တိမ်းရန် နောက်ကျသွားခဲ့လေပြီ။

All Chapters