တစ္ဆေဘုရင်(၃)
Vol. 32 Ch. 441
မီးခိုးရောင်အရိပ်သည် ဝတ်ရုံနက်နှင့်သူ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်ခါနီးအချိန်တွင် သူတို့နှစ်ယောက်ကြားတွင် တောက်ပသော အဖြူရောင်အလင်းတစ်ခု လင်းလက် ဖြာထွက်သွားသည်။ မီးခိုးရောင်အရိပ်သည် တချက်အော်၍ အလျင်အမြန် ပြန်ရုတ်သည်။ ၎င်းသည် ထိုအဖြူရောင်အလင်းကို အကြီးအကျယ် လန့်နေသည့်အလား။
အသက်ဘေးမှ လွတ်သွားသော ဝတ်ရုံနက်နှင့်သူမှာ ထိုအခိုက်တွင် မင်သက်လို့နေသည်။ ပြီးမှ သူသည် ဝမ်းသာအံ့အားသင့်သွားတော့သည်။ သူ့အကြည့်က ဟန်လိ၏ဘေးတွင် ပေါ်လာသော အနီရောင်အလင်းထံသို့ ရောက်သွားသည်။
ဟန်လိသည် ထိုဝတ်ရုံနက်နှင့်သူကို အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်သည်။ သူသည် နတ်ငှက်တစ်ကောင်နှင့်တူသော အဖြူရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားတာကို ရှင်းလင်းစွာ မြင်ရသည်။ ထိုအလင်းသည် မီးခိုးရောင်အရိပ်ကို ထိတ်လန့်ပြာသွားစေခဲ့သည်။ ဟန်လိသည် ၎င်းအဖြူရောင်အလင်းနှင့် ပတ်သတ်ပြီး အတော်လေး သိချင်စိတ် ဖြစ်မိသည်။
အနက်ရောင်ဝတ်စုံနှင့်သူသည် မျက်နှာပျက်နေဆဲသာ။ သူသည် ခုလေးတင် သေခြင်းတရားထံမှ လက်မတင်လေး လွတ်လာခဲ့သော်လည်း ကြောက်လန့်စိတ်က ကပ်တွယ်နေဆဲသာ။ သူသည် တခြားသူများက ပူးပေါင်းကာ ခရီးနှင်မည်ဟု ပြောစကားများကို လစ်လျူရှိခဲ့ပြီး ကောင်းကင်လေဟာနယ်ခန်းမသို့ အလျင်စလို လာခဲ့သည့်အပေါ် နောင်တရခဲ့ပေသည်။
သို့သော် သူသည် အဖြူရောင်အလင်းက သူ့ကို ကယ်တင်ပေးခဲ့ကြောင်း တွေးမိသည့်အခါတွင် တစုံတခုကို တွေးမိသွားပြီး သူ၏ ဝတ်ရုံထဲထဲသို့ ခပ်မြန်မြန် လက်နှိုက်ကာ ကြေးမုံတစ်ချပ် ထုတ်ယူသည်။
ဟန်လိသည် ထိုပစ္စည်းထံသို့ လှမ်းကြည့်သည်။
ထိုကြေးမုံ၏ ပုံစံသည် ထူးခြားသည်။ ၎င်း၏ စိတ်ဝိညာဉ်ချီကို ဖုံးကွယ်ထား၏။ ၎င်းသည် ရှေးဟောင်းရတနာတစ်ခု ဖြစ်နိုင်သည်လား။
ထိုသို့ စဉ်းစားမိနေစဉ် ဟန်လိသည် အက်ကွဲသံကို ကြားရသည်။
ထိုရှေးဟောင်းကြေးမုံသည် နည်းနည်းလေးမျှ သတိပေးခြင်း မရှိဘဲ အပိုင်းပိုင်းအစစ ကွဲထွက်သွား၏။ ၎င်းတွင် ပါဝင်သော စိတ်ဝိညာဉ်ချီသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ဝတ်ရုံနက်နှင့်သူသည် ထိုသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲတွင် နောင်တရမှုတို့ ပြည့်နှက်သွားသည်။ သူသည် သက်ပြင်းချကာ တစစီဖြစ်သွားသော ကြေးမုံကို လွှတ်ပစ်လိုက်တော့သည်။
ထို့နောက်တွင်တော့ သူက ခေါင်းမော့ကာ ချဉ်းကပ်လာသော ဟန်လိထံသို့ လှမ်းကြည့်သည်။ သူသည် ဟန်လိက သူ့ကို စောစောစီးစီးတည်းက မကူညီပေးခဲ့တာကို ပြန်တွေးမိကာ အေးစက်စက်နှာခေါင်းရှုံ့၍ သူ့အကြည့်ကို တဖက်သို့ လွှဲသည်။
ဝတ်ရုံနက်နှင့်သူ၏ ထိုအပြုအမူများက ဟန်လိကို မင်သက်သွားစေသည်။ သို့သော် ခဏအကြာတွင် သူသည် တစုံတခုကို သဘောပေါက်ကာ ပြုံး၏။ ယင်းနောက်မှာ သူ့အကြည့်သည် တစ္ဆေများထံသို့ ကျရောက်သွားသည်။
နတ်သမီးခရမ်းဝိညာဉ်သည်လည်း ဝတ်ရုံနက်နှင့်သူကို ကြည့်နေပြီး စဉ်းစားသည့်ဟန်ပန် ဖြစ်ပေါ်သည်။ ထိုအခိုက်တွင် ငိုကြွေးဝိညာဉ်သားရဲသည် သူတို့ထံသို့ အပြေးအလွှား ရောက်ချလာ၏။ ၎င်းသည် ဝတ်ရုံနက်နှင့်သူ၏ ပုခုံးထက်သို့ ခုန်တက်ကာ မလှုပ်မယှက်ဖြင့် ထိုင်ချနေသည်။ ထိုငိုကြွေးသားရဲကောင်က အတော်လေး အကင်းပါးလှပုံ ပေါ်သည်။
မီးခိုးရောင်တစ္ဆေအရိပ်သည် အနက်ရောင်တစ္ဆေအရိပ်ဘေးတွင် ပြန်ပေါ်လာသည်။ ယင်းနောက်မှာ မြူပတ်ပတ်လည်မှ ပုံစံတူ၊အရွယ်တူ နတ်ဆိုးတစ္ဆေရှစ်ကောင် ပေါ်လာလေသည်။
ဟန်လိသည် တချက်ကြည့်ရုံဖြင့် ၎င်းတစ္ဆေများကို သိ၏။ သူတို့သည် ဝေဝူဟု သိကြသော ကြမ်းကြုတ်သည့် တစ္ဆေများပင်။
ပုံမှန်အားဖြင့် ၎င်းတစ္ဆေတစ်ကောင် ပေါ်လာတိုင်း အုတ်အော်သောင်းနင်း ဖြစ်ရသည်ပင်။ အခု အုပ်စုလိုက် မြင်ရသည့်အခါတွင် ဟန်လိ၏ အမူအရာသည် ပျက်ယွင်းသွားလေသည်။ ၎င်းတို့၌ ဦးချိုတစ်ခုနှင့် ထက်ရှသောလက်သည်းကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် တစ္ဆေအရိပ်များထက် စာလျှင် မပြောပလောက်သော်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်များထက် စာလျှင်တော့ အများကြီး သာသည်။ ၎င်းတို့သည် ဟန်လိတို့ထံ တဖြည်းဖြည်းချင်း ချဉ်းကပ်လာကာ ကျင့်ကြံသူသုံးယောက်ကို ဝန်းရံသည်။
ထိုအခါ ဟန်လိသည် ခက်ခဲသော တိုက်ပွဲတစ်ခုကို ရှောင်လွှဲ၍ မရတော့မှန်း သိသည်။ သူသည် အမိန့်များပေးသည်။
“မင်းတို့ နှစ်ယောက်က ဝေဝူတစ္ဆေတွေနဲ့ ရင်ဆိုင်ပါ။ ကျုပ်ကတော့ ဟို တစ္ဆေအရိပ်နှစ်ကောင်နဲ့ ရင်ဆိုင်လိုက်မယ်။ ဒီကောင်တွေကို အချိန်ဆွဲထားပါ…”
ဟန်လိ၏အသံသည် လေးနက်တည်ငြိမ်သည်။ ဝတ်ရုံနက်နှင့်သူသည် ဟန်လိအပေါ် မကျေမနပ် ဖြစ်နေသော်လည်း အခြေအနေသည် အရေးကြီးနေတာကို သိသည်။ သို့ဖြစ်၍ သူ့အဖို့ ဟန်လိ၏ အမိန့်ကိုသာ နာခံရုံသာ ရှိတော့သည်။ တကယ်တော့ သူသည် တစ္ဆေအရိပ်နှစ်ကောင်ကို မယှဉ်နိုင်မှန်း သိပြီးပြီ မဟုတ်လား။ ဟန်လိအနေဖြင့် ထိုတစ္ဆေအရိပ်နှစ်ကောင်နှင့် အရင်ဆုံး တိုက်ခိုက်ခြင်းသည် သူ လိုချင်တာ အတိအကျပင်။
ကြမ်းကြုတ်လှသော တစ္ဆေများသည် တောက်ပလှသော အကြည့်တစ်ခုကို ထုတ်ဖော်ကြသည်။ ဟန်လိက ဤသည်ကို မြင်သည့်အခါ သူ့လက်ထဲ ကိုင်ထားသော ဝိညာဉ်သားရဲသိုလှောင်အိတ်တစ်ခုကို ချက်ခြင်း ထုတ်လွှတ်သည်။ ရွှေနှင့်ငွေအလင်း တောက်ပနေသော တိမ်တိုက်တစ်ခုသည် လေထဲတွင် ရုတ်တရက် ပေါ်လာသည်။
ထိုအခိုက်တွင် နတ်ဆိုးတစ္ဆေများသည် အမိန့်တစ်ခုကို လက်ခံရသည့်အလား အနက်ရောင်မီးတောက်များ ထွေးထုတ်လျက် သူတို့သုံးယောာက်ထံသို့ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်လာသည်။ တုံ့နှေးခြင်းမရှိ ဝတ်ရုံနက်လူနှင့် နတ်သမီးခရမ်းဝိညာဉ်သည် သူတို့၏ မှော်ရတနာများကို ထုတ်လွှတ်ကာ ၎င်းတို့ကို ပိတ်ဆို့တားဆီးသည်။
ငိုကြွေးဝိညာဉ်သားရဲသည် အထင်ကြီးဖို့ ကောင်းတာတော့ အမှန်ပင်။ ၎င်း၏ နှာခေါင်းထံမှ တောက်ပသောအလင်းတစ်ခု ထိုးထွက်ကာ အနီးအနားရှိ နတ်ဆိုးတစ္ဆေတစ်ကောင်ကို သူ၏ ဝမ်းဗိုက်ထံသို့ ဆွဲငင်ယူပစ်သည်။ သို့ပေမည့် ဤသည်မှာ ၎င်း တတ်နိုင်တာ အကုန်ပင်။ အစိမ်းရောင်အမွှေးညမိစ္ဆာနှစ်ကောင်က သူတို့၏ အရိုးပိုင်းများကို အသုံးပြုကာ ငိုကြွေးဝိညာဉ်သားရဲကောင်ကို တုတ်နှောင်သည်။
ဟန်လိသည် ဝေဝူတစ္ဆေများနှင့် ပတ်သတ်ပြီး စိတ်ဝင်စားမှု ရှိမနေပေ။ သူသည် အကွာအဝေးတစ်ခုရှိ တစ္ဆေအရိပ်နှစ်ခုထံသို့သာ တိုးဝင်သွားလေသည်။ သူ၏နောက်မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာအုပ်ကြီးက နီးနီးကပ်ကပ် ပါလာသည်။
အနက်ရောင်တစ္ဆေအရိပ်သည် ဟန်လိက သူတို့ထံ အရင်ချဉ်းကပ်လာတာ မြင်သည့်အခါ ၎င်း၏ မျက်လုံးနက်ထဲ၌ အစိမ်းရောင်အလင်း တောက်ပသွားသည်။ ထို့နောက်တွင်မူ ၎င်းက ပါးစပ်ဟပြီး အစိမ်းရောင်တောက်ပသော ပုလဲလုံးတစ်ခုကို သူ့ထံသို့ ထုတ်လွှတ်သည်။ ၎င်းဘေးရှိ မီးခိုးရောင်အရိပ်သည် ဝေဝါးသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဟန်လိသည် မျက်မှောင်ကြုတ်ကာ နေရာတွင်သာ မလှုပ်မယှက် ရပ်နေသည်။ သူ၏ လက်ကို တောက်ထုတ်၏။ ဝါးတိမ်အုပ်ဓားနှစ်စင်းသည် အစိမ်းရောင်ပုလဲထံ ပျံသန်းသွားလေ၏။
သူက သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများကိုလည်း သူ့ဘေးပတ်လည်သို့ ဖြန့်ကျက် ပျံဝဲရန် အမိန့်ပေးသည်။
ဘန်း…။ မိုးပြာဓားအလင်းတန်းနှစ်ခုသည် အစိမ်းရောင်ပုလဲနှင့်အတူ တိုက်ကွက်ခြင်း ဖလှယ်ကျတော့၏။ တစ္ဆေပုလဲသည် ယင်ချီများကို ထုတ်လွှတ်လျက် ဓားများကို ချည်နှောင်ရန် ကြိုးစားသည်။
ဟန်လိ၏ မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွားသည်။ သူ့လက်နှစ်ဖက်ဖြင့် ဓားမန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ ဓားနှစ်စင်းသည် အရွယ်အစား ကြီးမားလာပြီး ဆယ်မီတာမျှ ရှည်လျားသော မိုးပြာရေနဂါးနှစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသည်။ ထိုရေနဂါးနှစ်ကောင်သည် အနက်ရောင်ချီ ခြုံလွှမ်းမှုကို ချိုးဖျက်လျက် အစိမ်းရောင်တစ္ဆေပုလဲထံသို့ ကြမ်းတမ်းစွာ တိုးဝင်လာသည်။
ထိုတစ္ဆေအရိပ်၏ အေးတိအေးစက် အမူအရာသည် အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သည်။
အစိမ်းရောင်တစ္ဆေပုလဲသည် သေဆုံးသွားပြီးသော ကျင့်ကြံသူတစ်ယောက်၏ အကာအကွယ် မှော်ရတနာ ဖြစ်၍ ၎င်းမှာ ပျမ်းမျှသာ ဖြစ်သည်။ သို့သော် နတ်ဆိုးတစ္ဆေက ၎င်းကို ရခဲ့ပြီး လေးနက်ယင်ချီနှင့် နှစ်ပေါင်းရာချီ ပျိုးထောင်နေခဲ့ပြီးနောက်မှာတော့ ၎င်း၏ချီနှင့် ချည်နှောင်ခံရသော မှော်ရတနာတစ်ခုသည် လွတ်မြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိရသော်လည်း ဟန်လိ၏ ဓားများသည် ထိုယင်ချီတို့၏ ချည်နှောင်ခြင်းကို အကြောက်အလန့် မရှိပုံ ပြသည်။ မိုးပြာရေနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီးနောက်မှာ ထိုဓားများသည် ယင်ချီကို ဆုတ်ဖြဲပစ်လေသည်။
တစ္ဆေအရိပ်သည် ဤသည်ကို မြင်သည့်အခါ မကြောက်လန့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ နှစ်ပေါင်းရာချီအတွင်း ၎င်းသည် ထိုသို့သော မြင်ကွင်းမျိုးကို လုံးဝ ဖြစ်မလာခဲ့ဖူးပေ။
ခဏ ချိတုံချတုံ ဖြစ်နေပြီးနောက်မှာ ၎င်းသည် ၎င်း၏ လက်သည်းကို ပင့်မြှောက်ကာ အစိမ်းရောင်ပုလဲထံသို့ လက်ဆန့်ထုတ်သည်။ ထို့နောက်တွင်မူ ပုလဲသည် လင်းထင်းသွားပြီး ဆယ်မီတာလောက်ထိ နောက်ပြန်ဆုတ်သည်။ ယင်းနောက်မှာ ၎င်းက ထိုနေရာတွင် လှည့်ပတ်နေရင်းကနေ ပုလဲသည် အနက်ရောင်နတ်ဆိုးကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုကျားသည် ကြီးမားလှကာ ဉာဏ်ရည်ရှိသော မျက်လုံးအကြည့်ကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ဟိန်းသံပေးလျက် အစိမ်းရင့်ရောင်သွေးအမျှင်တန်းများကို ထွေးထုတ်သည်။
သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုကျား၌ ဟန်လိ၏ ဓားကနေ အသွင်ပြောင်းထားသော ရေနဂါးများကဲ့သို့ ခန္ဓာကိုယ်သည် ဗလာလွတ် ဖြစ်မနေခြင်းပင်။ ထိုအစား ၎င်း၏ ခန္ဓာကိုယ်သည် အထည်ဒြပ်ရှိကာ အတော်လေး ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သည်။
ခဏ တုန်လှုပ်သွားပြီးနောက်မှာတော့ ဟန်လိသည် မျက်လုံးမှေးစင်းသွားသည်။
“ဖန်တီးထားတဲ့ စိတ်ဝိညာဉ်တစ်ခုလား…”
ဖန်တီးထားသော စိတ်ဝိညာဉ်ဟူသည် နတ်ဆိုးသားရဲ၏ ရှေးဦးစိတ်ဝိညာဉ်ကို မှော်ရတနာထဲသို့ ချိပ်ပိတ် သန့်စင်ထားသော အရာ ဖြစ်လေသည်။ ရန်သူနှင့် ရင်ဆိုင်နေရစဉ် စိတ်ဝိညာဉ်အနှစ်သာရနှင့် မှော်ရတနာသည် ပေါင်းစပ်သွားလိမ့်မည် ဖြစ်ပြီး ၎င်းမှော်ရတနာကို စွမ်းအားများစွာ ပိုတိုးပွားလာသော ဖန်တီးစိတ်ဝိညာဉ်ပုံစံအဖြစ်သို့ အသွင်ပြောင်းလဲပေလိမ့်မည်။
သို့သော် မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ ထိုမှော်ရတနာသည် ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်သည် ဖြစ်စေ၊ မသန့်စင်နိုင်သည် ဖြစ်စေ ဖန်တီးစိတ်ဝိညာဉ်တစ်ကောင်ကို ရဖို့အတွက် တစ်ကြိမ်သာ ပြုလုပ်နိုင်သည်။ ဒုတိယအကြိမ် ကြိုးစားခဲ့လျှင် မှော်ရတနာသည် ရှေးဦးစိတ်ဝိညာဉ်၏ စိတ်ဝိညာဉ်အနှစ်သာရကို စုပ်ယူနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဖန်တီးစိတ်ဝိညာဉ်ချိပ်တံဆိပ်များကို ပြုလုပ်ဖို့ အောင်မြင်နိုင်ခြေကို ခန့်မှန်းရ ခက်ပေသည်။ ပုံသေဟူ၍ ရှိမနေပေ။ သို့ပေမည့် သေချာမှု တချို့တလေတော့ ရှိ၏။ သို့ပေမည့် ဖန်တီးစိတ်ဝိညာဉ်တစ်ခုအဖြစ် ချိပ်ပိတ်ဖို့အတွက် ရှေးဦးစိတ်ဝိညာဉ်သည် ပိုအားကောင်းလေလေ အောင်မြင်နိုင်ခြေက နိမ့်ပါးလေပင်။ ထိုဖန်တီးစိတ်ဝိညာဉ်၏ စွမ်းအားသည် နိမ့်ကျလွန်းခဲ့လျှင် ၎င်းသည် မှော်ရတနာ၏ စွမ်းအားကို အနည်းအကျဉ်းမျှသာ တိုးတက်စေနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ကျင့်ကြံသူ အများစု၏ မှော်ရတနာများတွင် ဖန်တီးစိတ်ဝိညာဉ်များ မပိုင်ဆိုင်ကြတာ ဖြစ်၏။
ထို့ကြောင့် ဟန်လိသည် ဖန်တီးစိတ်ဝိညာဉ်တစ်ခု ပါဝင်သော တစ္ဆေပုလဲကို မြင်သည့်အခါ သူသည် မမင်သက်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ခဏအကြာတွင်တော့ ဟန်လိသည် တည်ငြိမ်သွား၏။ ယင်းနောက်မှာ သူက သူ၏ ဝါးတိမ်အုပ်ဓားနှစ်လက်ကနေ အသွင်ပြောင်းထားသော ရေနဂါးနှစ်ကောင်ကို နတ်ဆိုးကျားနှင့် ရင်ဆိုင်တိုက်ခိုက်ရန် လက်ညွှန်သည်။ ဟန်လိသည် တခြား မည်သည့်အရာမျှ မပြုလုပ်ခင် သူသည် အရင်ဦးဆုံး နတ်ဆိုးကျားဖန်တီးစိတ်ဝိညာဉ်၏ ခွန်အားကို စမ်းသပ်ကြည့်ဦးမည် ဖြစ်၏။
သူ၏ ဓားများတွင်မူ မည်သည့် ဖန်တီးစိတ်ဝိညာဉ်မျှ မပါဝင်ပေ။ ၎င်းတို့သည် ရေနဂါးအဖြစ်သို့ အသွင်ပြောင်းလဲထားသော်လည်း မည်သည့်နတ်စွမ်းရည်ကိုမျှ မပိုင်ဆိုင်ပေ။