တစ္ဆေဘုရင်(၄)
Vol. 32 Ch. 442
အသွင်ပြောင်းထားသော ရေနဂါးနှစ်ကောင်က ၎င်းကို ဖျစ်ညှစ်ပစ်ရန် တာဆူလာတာ မြင်သည့်အခါတွင် ကျားနက်ကြီး၏မျက်လုံးသည် အရောင်တောက်သွားသည်။ ၎င်းက ဟိန်းအော်သံ ထုတ်ဖော်ကာ ပါးစပ်ကို အကျယ်ကြီးဟပြီး တဆက်တည်းမှာ ဦးခေါင်းအရွယ်ရှိ အနက်ရောင်အလင်းစက်လုံးဆယ်ခုကျော်ကို ထွေးထုတ်သည်။
ရေနဂါးတို့က ပထမဆုံးအလင်းလုံးအချို့ကို အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။ သို့သော် ကျန်သည့် အလင်းလုံးများကိုမူ ပိတ်ဆို့နိုင်စွမ်း မရှိချေ။ အော်မြည်သံ ပေးကာ ရေနဂါးသည် တစစီ ဖြစ်သွားပြီး ဓားအသွင် ပြန်ဖြစ်ပေါ်၏။ ဓားများသည် ကျန်သည့် အလင်းစက်ဝန်းများကြောင့် မီတာလေးဆယ်ကျော်လောက်ထိကို လွင့်စင်ထွက်သွားသည်။ ဓားများ၏ မိုးပြာအလင်းသည် ၎င်းတို့၏ စိတ်ဝိညာဉ် ထိခိုက်ခံရသည်နှယ် မှိန်ဖျော့သွား၏။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် နည်းနည်းတော့ နောင်တရသွားမိသည်။ သူက ၎င်းတို့ထံသို့ လက်ညွှန်ကာ အလင်းတန်းများအဖြစ် ပြောင်း၍ အားပြန်ဖြည့်ရန် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားစေသည်။ ထို့နောက်တွင်မူ သူ့တခြားလက်တစ်ဖက်ကို ဝေ့ယမ်းကာ နောက်ထပ် မိုးပြာဓားအလင်းတန်းလေးခုကျော်ကို စေလွှတ်ပြီး ကျားနက်ကြီးထံသို့ ဖြတ်ခနဲ သွားရောက် ထိုးစိုက်စေသည်။
ထိုသည်ကို မြင်သည့်အခါ အနက်ရောင်တစ္ဆေအရိပ်က စိတ်မရှည် ဖြစ်လာဟန် တူ၏။ ၎င်းက အသက်ဝဝရှိုက်သွင်းကာ ရှည်လျား စူးရှသော ဟိန်းသံတစ်ခုကို ထုတ်ဖော်သည်။ နတ်ဆိုးကျားက ၎င်းအသံကို ကြားသည့်အခါ ချက်ခြင်းလက်ငင်း ခေါင်းငုံ့သည်။ ၎င်း၏ လည်တိုင်သည် ရှုံ့တွလိမ်လာပြီး ၎င်း၏ ရှေ့လက်သည်းနှစ်ခုက မြေပြင်ထက်သို့ ထိုးစိုက်သည်။ သည့်နောက်တွင်တော့ ထိတ်လန့်အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်ရလေတော့၏။
ထိုကျားကြီး၏ ဦးခေါင်းဘက်ခြမ်းထံမှ ဖောင်းကြွငေါထွက်လာ၏။ အနက်ရောင်အလင်း လင်းလက်သွားခြင်းနှင့်အတူ ၎င်းသည် ပိုသေးသော နောက်ထပ် ကျားခေါင်းတစ်ခု ဖြစ်လာသည်။ ၎င်း၏ ဒုတိယမြောက် ဦးခေါင်းပေါ်ထွက်လာခြင်းနှင့်အတူ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ နတ်ဆိုးချီသည် မြင့်တက်လာခဲ့သည်။ ခေါင်းနှစ်လုံးအသွင်ပြောင်းသွားသော ကျားကြောင့် ဟန်လိမှာ မျက်မှောင်တင်းကြပ်စွာ ကြုံ့မိသွား၏။
ထိုအခိုက်တွင် နတ်ဆိုးကျားဦးခေါင်းနှစ်ခုသည် ၎င်းတို့၏ ပါးစပ်ကို ဟ၍ သိပ်သည်းလှသော အနက်ရောင်အလင်းလုံးများကို ဟန်လိထံသို့ ထွေးထုတ်ပစ်လွှတ်လာသည်။ ဟန်လိသည် မပေါ့ဆဝံ့ပေ။ သူက မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ၏ ဓားလေးလက်ကို လေထဲတွင် အပြင်းအထန် ဝေ့ယမ်းခါစေပြီး ၎င်းတို့ကို ဓားသွားရှစ်ခု ဖြစ်စေသည်။ အလင်းဖြာထွက်ခြင်းနှင့်အတူ ဓားရှစ်လက်ကား အတူတကွ ပေါင်းစည်း၍ ဆယ်မီတာကျော်ရှည်သော မိုးပြာဓားကြီးအဖြစ်သို့ အတူတကွ ပေါင်းစည်းသည်။
ဟန်လိသည် ထိုဓားကို ကြည့်သည့်အခါတွင် သူ၏မျက်လုံးထဲ၌ ထူးခြားသောဟန်အမူအရာ ဖြတ်ခနဲ လင်းလက်သည်။ သူက တွေဝေခြင်းမရှိဘဲ ပါးစပ်ကို ဟကာ မိုးပြာအလင်းတန်းကို ထိုဓားကြီးထံသို့ ထွေးထုတ်လေသည်။ အစစ်အမှန်အနှစ်သာရသည် ထိုဓားကြီးကို အလင်းများ ဖြာထွက်သွားစေသလို ကြည်လင်လှသော မြည်ဟိန်းသံတစ်ခုကိုပါ ထုတ်လွှတ်လေသည်။ယင်းနောက်မှာ ၎င်းသည် အနက်ရောင်အလင်းစက်ဝန်းများထံသို့ ကြမ်းတမ်းစွာ ခုတ်ပိုင်း ပစ်၍ မိုးကြိုးဟိန်းသံများကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လာသည်။
အနက်နှင့်မိုးပြာ အလင်းဖြာထွက်မှုသည် ထိုထိပ်တိုက်တွေ့မှုကြောင့် ပြန့်ကြဲသွားပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်သည်။ ပြင်းထန်သောဖိအားတစ်ခုပါ ရှိလာ၏။
မိုးပြာဓားကြီးသည် ရပ်တန့်မရသော အဟုန်ဖြင့် နတ်ခွန်အားကို ပြသလေပြီ။ ၎င်းဓားကြီးက အလင်းစက်ဝန်းကို ထွင်းဖောက်ဖြတ်သန်းလာသည်။ သို့သော် အနက်ရောင်အလင်းစက်ဝန်းများမှာလည်း အဆုံးမရှိချေ။
ထိုမြင်ကွင်းသည် ဟန်လိ၏ အမူအရာကို ပျက်ယွင်းသွားစေသည်။ မထင်မှတ်စရာပင်။
သူသည် ရန်သူဖြစ်သော အနက်ရောင်တစ္ဆေအရိပ်ကို တခြား မှော်ပညာရပ်များဖြင့် တိုက်ခိုက်ရမလား၊ သို့မဟုတ် နောက်ထပ်ဓားများ စေလွှတ်တိုက်ခိုက်ရမလား စဉ်းစားနေစဉ် သူနှင့် အနောက်ဘက် မီတာသုံးဆယ်လောက်အကွာတွင် မီးခိုးရောင်အရိပ်တစ်ခု ပေါ်လာခဲ့လေသည်။
၎င်း၏ သွေးနီရောင်မျက်လုံးများကလွဲ၍ ၎င်း၏ခန္ဓာကိုယ်သည် တခြားသော ထောက်လှမ်း၍ မရသည့် အော်ရာများ ပါဝင်သည်။ ဟန်လိသည် သူ၏အနောက်မှ မည်သည့်ပုံမှန်မဟုတ်တာကိုမျှ ထောက်လှမ်းမိပုံ မရပေ။
မီးခိုးရောင်အရိပ်သည် ဟန်လိ ဘေးပတ်လည်ရှိ ပိုးတောင်မာများကို တချက်ကြည့်သည်။ ၎င်းက ဟန်လိ၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ခုန်ပေါက်ဝင်လာလေသည်။ ၎င်းက ဟန်လိ၏ ရွှေရောင်အမြုတေကို တစစီ ဖျက်စီးချင်သည့်အလား။
၎င်းသည် ပိုးတောင်မာများနှင့် ပတ်သတ်၍ အရေးမစိုက်ပုံ ရသည်။ ထိုအခိုက်တွင် မီးခိုးရောင်တစ္ဆေ၏ ခန္ဓာကိုယ်သည် အသွင်သဏ္ဌာန်မဲ့သွားခဲ့လေပြီ။ ပိုးတောင်မာများကို ကြောက်လန့်နေဖို့ မလိုတော့ပေ။ ထိုသို့သော အခြေအနေများအောက်တွင် ၎င်း၏ လက်သည်းများဖြင့် ဟန်လိ မတုန့်ပြန်နိုင်ခင်မှာ ဟန်လိကို အဆုံးသပ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ထိုတစ္ဆေအရိပ်၏ ကျင့်ကြံခြင်းပညာရပ်က ထူးခြားလွန်း၏။ ၎င်းသည် ဟန်လိထံသို့ လေအလျင်အလား တိုးဝင်လာသည်။ အသံတစက်လေးပင် မထွက်ပေ။
မီးခိုးရောင်အရိပ်သည် ဟန်လိ၏ နောက်ကျောသို့ အလျင်အမြန် ချဉ်းကပ်လာစဉ် ရွှေငွေရောင် ပိုးတောင်မာများသည် တဝီဝီအသံပေးကာ ၎င်းအရိပ်ထံသို့ ဦးတည်ဝင်ရောက်လာသည်။ မီးခိုးရောင်အရိပ်မှာ မင်သက်သွား၏။ ၎င်းသည် မတုန့်ပြန်နိုင်ခင်မှာပင် ရွှေငွေပိုးတောင်မာများသည် လမ်းကြောင်းကို ပိတ်ကာ အုံလိုက်ကျင်းလိုက် တိုးဝင်လာခဲ့ပြီ။ ချက်ခြင်းပင် မီးခိုးရောင်အရိပ်သည် ရွှေပိုးတောင်မာများ၏ လွှမ်းခြုံတာကို ခံရသည်။
အလန့်တကြားဖြစ်၊ ဒေါသလည်းဖြစ်ကာ မီးခိုးရောင်အရိပ်သည် သုံးလေးကြိမ်လောက် တုန်ခါသွားပြီး ပိုးတောင်မာများကို ခါထုတ်ပစ်ရန် ကြိုးစားသည်။ သို့သော် သက်ရောက်မှု မရှိတာ အသိသာကြီးပင်။
ခဏ မိန်းမောသွားပြီးနောက်မှာ ၎င်းသည် အောက်သို့ ခေါင်းငုံ့သည်။ ၎င်း၏ သွေးနီရောင်မျက်လုံးထံမှ အကြောက်တရား ဖြစ်ပေါ်နေလေပြီ။
ပိုးတောင်မာများကား ခုခါတွင် ၎င်း၏ ဒြပ်မဲ့သော တစ္ဆေခန္ဓာကိုယ်ကို ဝါးမြိုစားသောက်နေကြပြီ ဖြစ်သည်။
မီးခိုးရောင်အရိပ်သည် အလွန်အမင်း ကြောက်လန့်လာခဲ့လေပြီ။ ၎င်းက ဆက်တိုက် အသွင်ပြောင်းလဲခြင်းကို စတင်တော့သည်။ သည်အခိုက်တွင် ၎င်းသည် မဟူရာမြူအဖြစ်သို့ ပြောင်းလဲသွား၏။ ချက်ခြင်း ကြေးခွံနှင့် အရိပ်တစ္ဆေအဖြစ်သို့ ပြောင်းပြန်သည်။ သို့သော် မည်သို့ပင် အသွင်ပြောင်းလဲပါစေ ပိုးတောင်မာအုပ်များက ၎င်း၏ ခန္ဓာကိုယ်တွင် ခိုင်မာစွာ တွယ်ငြိနေပြီး ဖြစ်ကာ ၎င်းမီးခိုးရောင်တစ္ဆေသည် ပိုးတောင်မာများကို မချိုးဖျက်နိုင် ဖြစ်နေသည်။
အချိန်တိုအတွင်း သူ့ခန္ဓာကိုယ်ကို အင်းဆက်ပိုးတောင်မာ ထောင်ချီက ဝါးမြိုခဲ့လေပြီ။ ထိုအခိုက်တွင် ဟန်လိသည် နောက်ဆုံး၌ မီးခိုးရောင်အရိပ်ထံသို့ အေးစက်စက်ဖြင့် ခေါင်းလှည့်ကြည့်လာခဲ့ပြီ။
မည်သည့်အပိုစကားမျှ မပြောလေဘဲ သူက ကောင်းကင်ထက်သို့ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်နှစ်ခုကျော်ကို ပစ်လွှတ်ပြီး နောက်ထပ် ပိုးတောင်မာအုပ်နှစ်ခုကို လေထဲသို့ ဆင့်ခေါ်လိုက်သည်။ ထိုပိုးတောင်မာအုပ်နှစ်ခုသည် မီးခိုးရောင်တစ္ဆေကို ဝါးမြိုနေသော အရင်ပိုးတောင်မာများနှင့် ပူးပေါင်းသည်။
မီးခိုးရောင်တစ္ဆေသည် အနက်ရောင်တစ္ဆေအရိပ်ထံသို့ အကြောက်အကန် လှမ်း၍ အကူအညီတောင်းခံတော့သည်။
အနက်ရောင်အရိပ်သည် ထိုအသံကို ကြားသည့်အခါ နားလည်သည့်သဘော ပြသသည်။
၎င်းက ကျားကြီးနှင့် နင်လာငါလား သူတင်ကိုယ်တင် ဖြစ်နေသော မိုးပြာရောင်ဓားကြီးထံသို့ တချက် လှမ်းကြည့်သည်။ ၎င်းက တွေဝေနေပုံ ရသည်။ သို့သော် ခဏအကြာတွင် ၎င်း၏ မျက်လုံးသည် အစိမ်းရောင်တောက်ပလာကာ တစ္ဆေတိမ်တိုက်တစ်ခုအဖြစ်သို့ အသွင်ပြောင်း၍ နတ်ဆိုးကျားခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။ ကျားနက်ကြီးသည် ချက်ခြင်းပင် နာကျင်ပြင်းထန်သော ဟိန်းသံတစ်သံကို ထုတ်ဖော်၏။ ထို့နောက်တွင်မူ ၎င်း၏ခန္ဓာကိုယ်သည် ထောင်မတ်လာပြီး အသွင်ပြောင်းသည်။ ၎င်း၏ ရှေ့ဘက်ခြေတံလက်တံများက ကြုံ့လာပြီး ၎င်း၏ နောက်ဘက်ရှိ ခြေတံလက်တံများက ပိုကြီးမားလာသည်။
ကျားခေါင်းနှစ်ခုထဲမှ တစ်ခု၏ မျက်နှာသည် ဝေဝါးလာပြီး ခဏအကြာတွင် အမွေးစုတ်ဖွားနှင့် အမျိုးသားမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းသည်။ ထိုမျက်နှာကို သိပ်သည်းလှသော အနက်ရောင်ချီဖြင့် ဖုံးလွှမ်းထား၏။ တခြားကျားခေါင်း၏ မျက်လုံးများကမူ ပို၍ အရိုင်းဆန်လာသည်။
“စိတ်ဝိညာဉ်ပိုင်စိုးခြင်းပညာရပ်…” ဟန်လိသည် လေအေးတချက် ရှိုက်သွင်းမိပြီး ထိုမှော်ပညာရပ်၏ အမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
ထိုပညာရပ်သည် လူတစ်ယောက်က သက်ရှိလူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်သော မဟာပိုင်စိုးခြင်းပညာရပ်နှင့် ဆင်သည်။ သို့သော် အသုံးပြုမှုကတော့ လုံးဝ ကွဲပြား၏။
မဟာပိုင်စိုးခြင်းပညာရပ်သည် လူတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးနိုင်ရုံသာမက မူလခန္ဓာကိုယ်၏ ခွန်အားကိုပါ အသုံးပြုစေနိုင်သည်။ ၎င်းပညာရပ်သည် ခန္ဓာကိုယ်တစ်ခုကို အလွန်ဝေးကွာသော နေရာမှ ထိန်းချုပ်နိုင်သည်။ ၎င်းကို အသုံးပြုသည့်အတွက် အကျိုးဆက်အများစု မရှိနေပေ။ စိတ်ဝိညာဉ်ပိုင်စိုးခြင်းပညာရပ်ကမူ တခြားကျင့်ကြံသူတစ်ယောက်အပေါ် အသုံးမပြုနိုင်ချေ။ ၎င်းသည် အသိဉာဏ်များစွာ မရှိသော နတ်ဆိုးသားရဲများအပေါ်တွင်သာ အသုံးပြုနိုင်၏။
ထိုသို့ ပိုင်စိုးပြီးနောက်မှာ အသုံးပြုသူ၏ ကျင့်ကြံမှုနှင့် ပစ်မှတ်၏ ကျင့်ကြံမှုတို့သည် ပေါင်းစည်းသွားရုံသာမက သူတို့၏ အသက်များသည်လည်း တပေါင်းတစည်းတည်း ဖြစ်သွားပေလိမ့်မည်။ တစ်ယောက်ယောက် အသက်ခံရပါက တခြားတစ်ယောက်ပါ လိုက်ပါ သေဆုံးမည် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းပြီးလျှင်လည်း အသစ်ဖြစ်ပေါ်လာသော တစ်ယောက်သည် နှစ်ဦးလုံး၏ အတွေ့အကြုံများ၊ မှတ်ဉာဏ်များကို ပိုင်ဆိုင်သွားပေလိမ့်မည်။
ထိုစိတ်ဝိညာဉ်ပိုင်စိုးခြင်းသည် အစပိုင်းတွင် အချိန်တိုတောင်းသော်လည်း ၎င်းပညာရပ်ကို ပို၍ အသုံးပြုလေလေ ပိုင်စိုးခြင်းက ပိုကြာပေလိမ့်မည်။ တဖြည်းဖြည်းဖြင့် အသစ်ဖြစ်ပေါ်လာသော တစ်ယောက်၏ အသိစိတ်မှာ လွှမ်းမိုးလာပေလိမ့်မည်။ ထိုပညာရပ်ကို ပြန်၍ ပြောင်းလဲလို့ မရနိုင်တော့တာ ဖြစ်လာနိုင်သည်။
ထိုအတူ ထိုလူတစ်ဝက်၊ နတ်ဆိုးတစ်ဝက် မွန်းစတားကောင်သည် ကျင့်ကြံမှုမြင့်မားလာသော်ငြားလည်း ၎င်း၏ သက်တမ်းကမူ တိုတောင်းသွားပေလိမ့်မည်။ ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားက ၎င်း၏ကိုယ်ပိုင် အသက်အနှစ်သာရ တစိတ်တပိုင်းကို စုပ်ယူမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် စိတ်ဝိညာဉ်ပိုင်စိုးခြင်း ပညာရပ်ကို အသုံးပြုသော ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များသည် အသူတရာချောက်ထဲ၌ ထာဝရ လှည့်လည်သွားလာနေရမည် ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိတော့ဟူသည့် ကောလဟာလလည်း ရှိပေသည်။
သို့ပေမည့် စိတ်ဝိညာဉ်ပိုင်စိုးခြင်းပညာရပ်နှင့် ပတ်သတ်ပြီး ကျင့်ကြံသူ အနည်းငယ်ကသာ သိရှိထားကြသည်။ ၎င်းကို ကျင့်ကြံသူ အရေအတွက်ကတော့ သာ၍ပင် နည်းပါးသေး၏။ တကယ်တော့ ၎င်းပညာရပ်သည် လူတစ်ယောက်ကို လူသားတစ်ဝက်၊ မိစ္ဆာတစ်ဝက်အဖြစ်သို့ ပြောင်းလဲစေခြင်းဖြင့် အဆုံးသပ်သွားစေနိုင်၏။
တစ္ဆေအရိပ်နှင့် နတ်ဆိုးကျားတို့၏ ပေါင်းစည်းသွားသော အသွင်အပြင်သည် ဝိညာဉ်ပိုင်စိုးခြင်းပညာရပ်နှင့် အတိအကျကို တူနေပေ၏။ သို့ပေမည့် ထိုလျှို့ဝှက်ပညာရပ်သည် ကျင့်ကြံသူများကသာ အသုံးပြုနိုင်စွမ်း ရှိသည်။ နတ်ဆိုးတစ္ဆေများက ၎င်းကို အသုံးပြုနိုင်သည်ဟူ၍ ဟန်လိအနေဖြင့် မကြားဖူးခဲ့ပေ။ သို့သော် အံ့အားသင့်စရာ အကောင်းဆုံးကတော့ ထိုတစ္ဆေအရိပ်သည် ၎င်း၏ ဖန်တီးစိတ်ဝိညာဉ်နှင့် ပေါင်းစည်းခြင်းကို ပြုလုပ်ခဲ့တာပင်။
ဟန်လိ၏ မျက်နှာထက်တွင် သံသယများ ဖြစ်ပေါ်လာပြီး သူ့စိတ်ထဲတွင်လည်း သတိထားမှုက မြင့်တက်လာသည်။