တစ္ဆေဘုရင်(၅)
Vol. 32 Ch. 443
ထိုထူးခြားသော အသွင်ပြောင်းလဲခြင်းကြောင့် မင်သက်သွားသော်လည်း ဟန်လိသည် သူ့နောက်ဘက်သို့ အလျင်အမြန် တချက် လှမ်းကြည့်ပြီး တွေ့ရသော မြင်ကွင်းအပေါ် နှာခေါင်းရှုံ့သည်။
မီးခိုးရောင်တစ္ဆေအရိပ်၏ အစိတ်အပိုင်းအများစုသည် ဝါးမြိုခံရပြီး ဖြစ်သည်။ ၎င်း၏ ကျန်နေသေးသော နောက်ဆုံးအစိတ်အပိုင်းမှာလည်း ကုန်ဆုံးတော့မည်ပင်။ ၎င်းသည် ခုချိန်တွင် လွတ်မြောက်ခဲ့လျှင်ပင် ၎င်း၏ မူလချီသည် အပြင်းအထန် ထိခိုက်လိမ့်မည် ဖြစ်ကာ ထပ်မံ၍ တိုက်ခိုက်နိုင်စွမ်း မရှိလောက်တော့ပေ။
ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ထူးခြားသောအင်းဆက်များကြားတွင် မြင့်မားသောအဆင့်နှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်ချီ ဖြစ်စေ သို့မဟုတ် ယင်တစ္ဆေများကို ဖြစ်စေ ဝါးမြိုနိုင်သည် ဖြစ်၍ ကြမ်းလှသည်။ သို့သော် ၎င်းတို့သည် နောက်ပိုင်းတွင် ဝါးမြိုရာတွင် မသိမသာ အရှိန်နှေးလာခဲ့၏။
ဟန်လိသည် ထိုသို့ တွေးမိသည့်အခါ လူမျက်နှာနှင့်ကျား၏ အသွင်ပြောင်းမှုသည် ပြီးမြောက်ကာ ၎င်းသည် နိုးထလာတော့သည်။ ၎င်းက ဟန်လိကို လှမ်းကြည့်သည်။ ဟန်လိ၏ နောက်မှ ဝါးမြိုခံနေရသော မီးခိုးရောင်တစ္ဆေအရိပ်ထံသို့လည်း လှမ်းကြည့်ပြီး ယင်းနောက် သူ့ခန္ဓာကိုယ်ကိုသူ ပြန်ကြည့်သည်။
၎င်းသည် ကြမ်းရှသောလေသံဖြင့် စတင် ရယ်မောပြီး ဆိုးယုတ်စွာ ပြုံးသည်။ ထိုရယ်သံမှာ တဖြည်းဖြည်း ပိုပို ကျယ်လောင်လာပြီး အဆုံးမရှိလေသည့်နှယ် ဆက်တိုက် ဖြစ်လာသည်။ အနီးအနားရှိ တစ္ဆေမြူများသည်ပင် ရယ်သံတုန်ခါမှုများကြောင့် တဖြည်းဖြည်းချင်း စတင် ကြွလိမ့်လာ၏။
ဟန်လိသည် ဤသည်ကို စိတ်ထဲ မထားပုံ ရသည်။ သူက ကျားကြီး၏ လှုပ်ရှားမှုများကိုသာ အေးစက်စက် စိုက်ကြည့်နေသည်။ သို့သော် ခဏအကြာတွင် ဟန်လိ၏ မျက်နှာမှာ ဖြူရော်လာ၏။ သူ့အမူအရာမှာ စိုးရိမ်ဟန် ပေါက်လာသည်။
ထိုကျား၏ ရွှံရှာဖွယ်ရယ်သံသည် ပို၍ ကျယ်လောင်လာသည်သာမက ပဲ့တင်သံပါ ထပ်လာသလို ချီဓာတ်နှင့်လည်း ပြည့်နှက်လာသည်။ ဟန်လိသည် မဟာဖွံ့ဖြိုးခြင်း ပညာရပ်ကို အသုံးပြု၍ သူ့စိတ်ကို ကာကွယ်ထားသည့်တိုင် သူ့နားထဲ မိုးကြိုးထောင်ပေါင်းများစွာ ပစ်ချခံရသကဲ့သို့ အူဝေစွာ ခံစားမိရသည်။
“မကောင်းတော့ဘူး…” ဟန်လိသည် ထိုကျားကို စောင့်ကြည့်နေစဉ် သူက တစုံတခုကို ပြန်စဉ်းစားမိသွားပြီး သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။
ဟန်လိသည် ခပ်မြန်မြန် ခေါင်းမော့၍ လှမ်းကြည့်သည်။ သူသည် အလန့်တကြားဖြစ်ဖွယ် မြင်ကွင်းတစ်ခုကို လှမ်းမြင်ရသည်။ မီးခိုးရောင်တစ္ဆေအရိပ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ။ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာထောင်ချီသည် မြေပေါ်တွင် စွမ်းအားမဲ့စွာ လှဲလျောင်းနေလျက် ၎င်းတို့၏ တောင်ပံများကို တဖျတ်ဖျတ် ခတ်လို့နေသည်။ ယင်းအင်းဆက်များသည် တစ္ဆေများကို ဆက်လက်၍ တက်ကြွစွာ ဝါးမြိုနိုင်ခြင်း မရှိတော့ပေ။
စိတ်ကသိကအောက်ဖြစ်ကာ ဟန်လိသည် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်များထံသို့ ခပ်မြန်မြန် လှမ်းကြည့်ပြီး ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ၎င်းအိတ်များထဲသို့ အလျင်အမြန် သိုလှောင်သည်။ ရယ်သံကို တောင့်ခံထားရင်း သူက တခြားတိုက်ပွဲထံ လှမ်းကြည့်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ဟန်လိသည် စစချင်းတော့ အံ့ဩထိတ်လန့်သွားသည်။ သို့သော် ခဏအကြာတွင် သူ စိတ်အေးမိသွားသည်။
နတ်သမီးခရမ်းဝိညာဉ်နှင့် ဝတ်စုံနက်နှင့်သူတို့သည် တစ္ဆေများနှင့် ကြမ်းတမ်းစွာ တိုက်ပွဲဆင်နွှဲနေသည်။ ဝတ်ရုံနက်နှင့်သူ၏ ကျင့်ကြံမှုမှာ ထိုတစ္ဆေများထက် အများကြီး သာသော်ငြားလည်း သူ့ထံ၌ သူ၏ ကျင့်ကြံမှုပညာရပ်များကြောင့် လွှမ်းမိုးနိုင်စွမ်း မရှိနေပေ။ သူ၏ မှော်ရတနာမှာလည်း အများကြီး အားနည်းနေခဲ့ပြီ မဟုတ်လား။
နတ်သမီးခရမ်းဝိညာဉ်သည် ကျောက်ပြားတစ်ခုကို အသုံးပြုကာ အလင်းဖြာထွက်စေလျက် သူမကိုယ်သူမ ဖုံးကွယ်ကာ ကာကွယ်ရန် ကြိုးစားသည်။
ဟန်လိသည် ထိုနှစ်ယောက်မှာ ထူးခြားသော ရယ်သံကြောင့် သက်ရောက်မှု မရှိတာ မြင်သည့်အခါ နည်းနည်းတော့ စဉ်းစားမရ ဖြစ်သွားသည်။ သို့သော် ခဏ စဉ်းစားပြီးနောက်မှာတော့ ဟန်လိသည် မည်သည့်အတွက်ကြောင့်မှန်း သဘောပေါက်သွားသည်။
ကျားခေါင်းနှစ်ခု၏ စက်ဆုပ်ဖွယ်ရယ်သံ၏ စွမ်းအားသည် နေရာငယ်တစ်ခုတွင်သာ အကန့်အသတ် ရှိပုံ ရသည်။ ထို့အတွက်ကြောင့် ၎င်းသည် သူ၏ ပိုးတောင်မာများကို မီးခိုရောင်တစ္ဆေအရိပ်ထံမှ ခွာကျသွားစေသော ချောက်ချားဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိခဲ့တာ ဖြစ်သည်။ ထိုထူးခြားသော အင်းဆက်များသည် ခုထိ ၎င်းတို့၏ အင်ပြည့်အားပြည့် အခြေအနေသို့ မရောက်သေးသော်လည်း ထူးခြားသောအလင်း၏ခွန်အားကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေသည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ စိတ်ဝိညာဉ်စုစည်းခြင်းသက်ရောက်မှုကြောင့်သာ မဟုတ်ပါက ထိုထူးခြားသော ရယ်သံကြောင့် သူသည် တမျိုးတမည် ခံစားလာရကာ သေသည့်အထိ စောင့်နေရုံသာ ရှိပေလိမ့်မည်။
သူက ထိုသို့ ပိုတွေးမိလေလေ ပင့်သက်ရှိုက်မိလေပင်။ ဟန်လိသည် ၎င်းမှာ စဦးစိတ်ဝိညာဉ်အဆင့်လောက် မဟုတ်သော်ငြား ကျိန်းသေပေါက် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ထက်တော့ အားနည်းလိမ့်မည် မဟုတ်မှန်း ဆုံးဖြတ်ပြီး ဖြစ်သည်။ ဟန်လိသည် ၎င်းမှာ တစ္ဆေဘုရင်ဟု ခေါ်သော ဖြစ်တည်မှုတစ်ခုဟု သံသယ ရှိမိသည်။ ထိုအခိုက်တွင် ၎င်းသည် ထူးခြားသော ရယ်သံက ဟန်လိအပေါ်သို့ သက်ရောက်မှု မရှိတာကို သတိပြုမိပုံ ပေါ်သည်။ ၎င်းက တဖြည်းဖြည်း ထရပ်လာကာ ဟန်လိထံသို့ ၎င်း၏ ဦးခေါင်းနှစ်ခုထံသို့ မသတီစရာကောင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ဟန်လိသည် ထိုသို့ အကြည့်ခံရသည့်အခါ မလွယ်ကူမှုကို ခံစားမိသည်။ သို့သော် သူသည် မျက်မှောင်ကြုံ့လျက် ၎င်း၏အကြည့်ကို ရဲတင်းစွာ ပြန်ကြည့်သည်။
ထိုအခိုက်တွင် ဆိုးဆိုးဝါးဝါး ထိခိုက်ခံထားရသော မီးခိုးရောင်အရိပ်သည် ခေါင်းနှစ်လုံးနှင့် ကျားလူ၏ နောက်တွင် ပေါ်လာသည်။ ၎င်းသည် ထိုကျားထံသို့ ရပ်တန့်မည့် အရိပ်အယောင် မရှိဘဲ တန်းမတ်စွာ တိုးဝင်လာသည်။
“ဒီတစ္ဆေအရိပ်က အသွင်ပြောင်းလဲထားပြီးပဲ။ ဘာကြောင့် ဒီကောင်က အကွာအဝေးတစ်ခုမှာ သွားပြီး ပုန်းမနေဘဲ ပြန်ပေါ်လာခဲ့ရတာလဲ…”
ဟန်လိသည် စဉ်းစားမရ ဖြစ်နေစဉ် သူသည် သူ စိတ်ကူး၍ပင် မကြည့်နိုင်သော တစ်စုံတစ်ခုကို တွေ့မြင်သည်။ ထိုကျား၏ မျက်လုံးများသည် ထူးခြားစွာ လင်းလက်တောက်ပလာပြီး မီးခိုးရောင်အရိပ်ကို ဖမ်းဆုပ်သည်။ ထို့နောက်တွင်မူ ကျားနက်ကြီး၏ ဦးခေါင်းသည် ၎င်း၏ ပါးစပ်ကို အကျယ်ကြီးဟကာ မီးခိုးရောင်အရိပ်ကို အလျင်အမြန် ဝါးမြိုပစ်သည်။
ဟန်လိသည် အံ့ဩထိတ်လန့်စွာဖြင့် စောင့်ကြည့်နေမိသည်။ သို့သော် နောက်ထပ် ဖြစ်ပွားလာသည့်အရာက သူ၏ သံသယများကို ပယ်ဖျက်ပေးသွားသည်။
ထိုကျားသည် ကောင်းကင်ထက်သို့ မော့၍ ဟိန်းအော်သံ ပြုနေရင်း ၎င်း၏ လည်တိုင်မှ နောက်ထပ် ငေါထွက်လာပြန်သည်။ ၎င်းသည် မီးခိုးရောင်လူသားမျက်နှာနှင့် ကျားဦးခေါင်းအသွင် ပေါ်သည်။ ထိုတတိယမြောက်ကျား၏ မျက်နှာသည် မိန်းမတစ်ယောက်၏ မျက်နှာဟု ယူဆ၍ ရနိုင်သည်။
ခဏ တုန်လှုပ်သွားပြီးနောက်မှာ ဟန်လိသည် သူ၏ တည်ငြိမ်သော အမူအရာကို ပြန်အရယူသည်။ မီးခိုးရောင်ကျားခေါင်း ပေါ်လာသည့်အခါ ၎င်းက မျက်လုံးမှေးစင်းနေသည်။ ၎င်း၏ မျက်နှာသည် သေလောက်အောင် ဖြူရော်လျက်။ ၎င်းသည် အပြင်းအထန် ဒဏ်ရာ ရထားသည့်အလား။ သို့သော် သိပ်မကြာခင်တွင် ၎င်းက ၎င်း၏ သွေးနီရောင်မျက်လုံးများကို ဖွင့်ဟလာကာ ဟန်လိထံသို့ အလွန်မကျေနပ်သည့်ဟန်ဖြင့် လှမ်း၍ စိုက်ကြည့်သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့ခန္ဓာကိုယ်၌ ကြက်သီးမွေးညှင်း ထသွားသည့်နှယ် ခံစားလိုက်ရသည်။ သူ့စိတ်ထဲ တုန်ရင်သွားမိ၏။
ယင်းအခိုက်မှာ အလယ်ရှိ လူသားမျက်နှာနှင့် ဦးခေါင်းသည် ကြမ်းကြုတ်သော အော်မြည်သံတစ်ခုကို ထုတ်ဖော်သည်။ ထို့နောက်မှာမူ သည်ခေါင်းသုံးလုံးကျားသည် အကြောက်အလန့်ကင်းစွာဖြင့် ဟန်လိထံသို့ ခုန်ဝင်လာ၏။
ခြေလှမ်းလိုက်တိုင်း အနက်ရောင်အလင်းတစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်ထံမှ လင်းလက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ဖောင်းကြွလာစေသည်။ ခြေဆယ့်နှစ်လမ်းလောက် လှမ်းပြီးသည့်နောက်မှာ ထိုကျားကြီးသည် သုံးထပ်အဆောက်အဦတစ်ခုလောက်ကို မြင့်မား ရှည်လျားလာသည်။ ထိုမြင်ကွင်းသည် ဟန်လိကို ကြောက်ရွှံ့မှုကြောင့် မျက်နှာ သွေးဆုတ်သွားစေသည်။
စဉ်းပင် စဉ်းစားမနေတော့ဘဲ ဟန်လိသည် သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ သူ့ဘေးပတ်လည်သို့ လူဝံရုပ်သေးတစ်ရာကျော်ကို ဆင့်ခေါ်လိုက်သည်။ ထိုရုပ်သေးများသည် ၎င်းတို့၏ ပါးစပ်များကို ဟ၏။ ကောင်းကင်ထက်တွင် ရောင်စုံအလင်းမျိုးစုံ ပြည့်နှက်ကုန်၏။
ထို့နောက်တွင်မူ ဟန်လိသည် မိုးပြာဓားကြီးထံသို့ လက်ညွှန်ပြီး ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် တရပ်စက် ထိုးနှက်တိုက်ခိုက်သည်။ ဦးခေါင်းသုံးခုနှင့် ကျားကြီးက ဤသည်ကို မြင်သည့်အခါ အလယ်ရှိ ဦးခေါင်းသည် ထိတ်လန့်သွားဟန် ပေါ်သည်။ သို့သော် ခဏအကြာတွင် ၎င်းက နှာခေါင်းရှုံ့၏။
ဘယ်နှင့်ညာမှ ဦးခေါင်းတို့မှာလည်း ပါးစပ်အကျယ်ကြီး ဟလာ၏။ လူမျက်နှာနှင့် မဟုတ်သော ကျားခေါင်းသည် အနက်ရောင်အလင်းစက်ဝန်းများကို စတင် ထွေးထုတ်လာစဉ် မီးခိုးရောင်အမျိုးသမီး၏ ဦးခေါင်းသည် မီးခိုးရောင်တစ္ဆေမီးတောက်အမျှင်တန်းများနှင့် ပြည့်နှက်သွားသည်။
မီးတောက်အမျှင်တန်းများနှင့် အလင်းလုံးများ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလင်းတန်းများစွာကို ပိတ်ဆို့တားဆီးသည်။ အလင်းတန်းအနည်းငယ်က ဖြတ်သန်းထွင်းဖောက်လာနိုင်သော်လည်း လုံးဝ သက်ရောက်မှု မရှိလေပေ။
ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်မိသွားသည်။ သူက ရုတ်တရက် ဓားမန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးသည်။ အလင်းများက ပို၍ပင် ဖြာထွက်သွားပြီး မိုးပြာအလင်းတန်းတစ်ခုသည် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ထိုးထွက်သွားသည်။
ရုပ်သေးများ၏ တိုက်ခိုက်မှုများကို ခြုံလွှမ်းလျက် ထိုဓားကြီးသည် ချက်ခြင်းပင် မီးတောက်အမျှင်တန်းများနှင့် အလင်းစက်ဝန်းများကို အရှိန်အဟုန် ပြင်းစွာဖြင့် ထွင်းဖောက်လာလေသည်။ ၎င်းသည် ကျားသားရဲ၏ ခါးပိုင်းနားသို့ ပျံသန်းလာကာ ၎င်းကို ဖြတ်တောက်ပစ်ရန် ကြိုးစားလာခဲ့သည်။
သို့သော် နောက်ထပ် တွေ့မြင်ရသော အရာကြောင့် ဟန်လိသည် ပြောစရာ စကားမဲ့သွားတော့သည်။ ဦးခေါင်းသုံးလုံးနှင့်ကျားကြီးသည် အံ့ချီးဖွယ်ကောင်းလှသော ဟိန်းအော်သံတစ်ခုကို ထုတ်ဖော်ကာ ၎င်း၏ လက်သည်းနှစ်ခုဖြင့် တအားလွှဲရိုက်လာသည်။ ထိုရိုက်ချက်ကား မြန်လှ၏။ သည့်အတွက် ဓားကြီးသည် ၎င်း၏ လက်သည်းနှစ်ခုကြားတွင် ပိတ်မိသွားတော့သည်။
အမွေးအမျှင်များ ပါသော ထိုကျားလက်သည်းနှစ်ခုသည် ဓားအလင်း၏ ထက်ရှမှုကို မဖြုံလေသည့်အလား။ ထိုဓားသည် ၎င်း၏လက်သည်းများကြား အဆက်မပြတ် ဝေ့ယမ်းနေသော်လည်း ၎င်းသည် မချိုးဖျက်နိုင်ဘဲ ရှိသည်။ ဟန်လိသည် မည်သို့လုပ်ရမှန်းမသိ ဖြစ်နေသည်။ ဝါးတိမ်တိုက်ဓားသည် အချိန်အတော်ကြာ မသန့်စင်ရသေးဘဲ စွမ်းအား အများအပြား မပါဝင်သော်လည်း လက်သည်းများ၏ ချုပ်ကိုင်ဖမ်းစီးခြင်းကို ခံရတာကတော့ သိပ်အဆင်ပြေမနေပေ။
ထိုလက်သည်းများကား မှော်ရတနာတစ်ခုအဖြစ် သန့်စင်ထားပြီး ဖြစ်သလား။
ထိုခေါင်းသုံးလုံးကျားကြီးသည် ဟန်လိ၏ ဓားပျံများကို ချုပ်နှောင်ပြီးသည့်အခါတွင် ၎င်း၏ ခေါင်းသုံးလုံးသည် ကြမ်းကြုတ်ရက်စက်လိုဟန် လှစ်ဟပေါ်သည်။ အလယ်ရှိ ဦးခေါင်းသည် မကောင်းဆိုးဝါးဆန်စွာ ပြုံး၏။ ၎င်း၏ ပါးစပ်ကို ဟပြီး အနက်ရောင်ယင်ချီများကို ရုန်းကန်နေသော ဓားထံသို့ စေလွှတ်သည်။ တဖြည်းဖြည်းဖြင့် ဓားအလင်းသည် လွင့်ပါးလာသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့စိတ်နှလုံး ပြိုလဲမတတ် ခံစားရလေ၏။
၎င်းခေါင်းသုံးလုံး၏ နည်းလမ်းများသည် ကြမ်းလှ၏။ ၎င်း၏ ကျင့်ကြံမှုမှာလည်း ပေါ့သေးသေး မဟုတ်နေပေ။ အခုပုံတိုင်းသာ သူ ဆက်သွားပါက အဆုံးသပ် ကောင်းတော့မည် မဟုတ်ချေ။ သူ ရဲရဲဝံ့ဝံ့ စွန့်စားမှ ဖြစ်တော့မည်။ တတ်နိုင်သမျှ မြန်မြန် သည်တိုက်ပွဲကို အဆုံးသပ်မှ ဖြစ်မည်။
ထိုအတွေးဖြင့် ဟန်လိသည် အခြားသူများထံသို့ ခေါင်းလှည့်ကြည့်သည်။ ဝတ်ရုံနက်နှင့် နတ်သမီးခရမ်းဝိညာဉ်တို့သည် နတ်ဆိုးသားရဲများအပေါ် အာရုံစိုက်၍ တိုက်ခိုက်နေလျက် ရှိကာ ဟန်လိရှိနေသော နေရာထံ လှမ်းကြည့်ဖို့ အချိန်မရှိပေ။ ဟန်လိ၏မျက်လုံးထဲ ထူးခြားသည့်ဟန် ဖြတ်ခနဲ ပေါ်သည်။ သူက တဖြည်းဖြည်း တဖက်သို့ ခေါင်းပြန်လှည့်ကြည့်သည်။
ခေါင်းသုံးလုံးကျား၏ ဘယ်နှင့်ညာရှိ ခေါင်းနှစ်လုံးသည် ရုပ်သေးများ၏ တရပ်စက်ထိုးနှက် တိုက်ခိုက်မှုများကို ရင်ဆိုင်နေရင်း အလုပ်များနေသည်။ အလယ်ရှိ ဦးခေါင်းကမူ သူ၏ ဝါးတိမ်အုပ်ဓားများကို ဖျက်စီးတိုက်စားဖို့ငှာ အနက်ရောင်ချီကို ထွေးထုတ်လို့နေသည်။
“မင်း သေချင်နေတာပဲ…” ဟန်လိ၏ စိတ်နှလုံးထဲ သတ်ဖြတ်ချင်စိတ်ဖြင့် အော်ဟစ်သည်။ တုံ့နှေးမနေဘဲ သူသည် ထူးခြားသော ဓားမန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး သူ၏ ဓားပျံထံသို့ ခပ်ကြမ်းကြမ်း လက်ညွှန်လိုက်သည်။