← Chapters

ပြန်စုံစည်းခြင်း

Vol. 32 Ch. 446

ပြန်စုံစည်းခြင်း

Vol. 32 Ch. 446

“ဟား…သူတို့က ကျုပ်တို့ကို ရှာတွေ့သွားခဲ့ရင်လည်း အဆိုးဆုံးမှ ကျုပ်တို့ဟာ တစ္ဆေမြူထဲ ပြန်သွားရုံပေါ့။ စဦးစိတ်ဝိညာဉ်အဆင့်တွေနဲ့ တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိပေမယ့် ကျုပ်တို့လို တစ္ဆေတာအိုကျင့်ကြံသူတွေရဲ့ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို ဘယ်သူကများ ယှဉ်နိုင်ပါ့မလဲ…”

ထိုအမျိုးသားအသံက ငြင်းဆန်သည်။

“မင်း ဘာသိလို့လဲ။ ဒီမှာ စဦးစိတ်ဝိညာဉ်အဆင့် အနည်းဆုံး လေးယောက် ရှိနေတယ်။ သူတို့အားလုံးမှာ ကျုပ်တို့ရဲ့ တစ္ဆေတာအိုပညာရပ်တွေကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နတ်စွမ်းရည်တွေနဲ့ မှော်ရတနာတွေ ပိုင်ဆိုင်ထားကြတယ်။ မင်း သေချင်တယ် ဆိုရင်တော့ ကျုပ်ကို ဆွဲမထည့်နဲ့။ မဟုတ်ရင် ကျုပ်တို့ရဲ့ သဘောတူညီချက်ကို အတင်းအကြပ် ချိုးဖျက်ပြီး မင်းကို ဒီမှာတင် ရှင်းပစ်လိုက်မယ်…”

လူငယ်အသွင်နှင့် အရိုးသခင်သည် ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလေသည်။

“အစ်ကိုကြီး အရိုးသခင်ကလည်း ဒီလောက်ထိ ဒေါသထွက်ဖို့ မလိုပါဘူး။ ကျုပ် ဒါကို ထပ်မပြောတော့ဘူး။ ဒါပေမဲ့ သင့်တော်တဲ့ သက်ရှိခန္ဓာကိုယ်တစ်ခုကို ရှာဖို့ ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ခင်ဗျား ဖျက်လို့ မရဘူး။ မဟုတ်ရင် တစ္ဆေမြူထဲကနေ အေးအေးဆေးဆေး ထွက်လာလို့ ရအောင် ကျုပ်က ကျုပ်ရဲ့ စိတ်ဝိညာဉ်အနှစ်သာရ အရိပ်အမြွက်ကို ခင်ဗျားရှိ ဘာကြောင့်များ ပေးခဲ့ရမှာလဲ…”

ထိုသူသည် အရိုးသခင်၏ ဒေါသကို ကြောက်ပုံတော့ ရသည်။ သို့သော် အဆုံးသပ်တွင် သူသည် သူတို့၏ သဘောတူညီချက်အကြောင်းကို အရိုးသခင်ထံ သတိမပေးမိဘဲ မနေနိုင် ဖြစ်ရလေသည်။

“စိတ်မပူပါနဲ့။ ကျုပ်ရဲ့ သစ္စာဖောက်တပည့် ကျိနစ်ယင်ကို ရင်ဆိုင်ဖို့ ကျုပ်က မင်းရဲ့ အကူအညီလိုအပ်တယ်။ ကျုပ် မလှုပ်ရှားခင် ရုပ်ပိုင်းခန္ဓာကိုယ်တစ်ခုကို ကျုပ်က မင်းကို အရယူပေးရမယ်။ ဒါ့ကြောင့် ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ဖျက်သိမ်းဖို့ဟာ ဘယ်လိုလုပ်များ ဖြစ်နိုင်မှာလဲ…” အရိုးသခင်သည် မထူးခြားနားဟန်ဖြင့် ပြောသည်။

“ဟားဟား…ခင်ဗျားရဲ့ ဒီစကားတွေက ကျုပ်ကို တကယ်ပဲ စိတ်အေးပါစေတယ်…”

ထိုသို့ ပြောပြီးနောက်မှာ ယင်းအသံသည် အရိုးသခင်၏ စိတ်ထဲ၌ ပျောက်ကွယ်သွားတော့သည်။ အရိုးသခင်သည် စိတ်အေးကာ သက်ပြင်းချမိပြီး အပင်ငယ်တစ်ခုရှေ့တွင် ဝင်ထိုင်လိုက်သည်။

အချိန်တစ်ခု ကြာပြီးနောက်မှာ တစ္ဆေမြူထဲမှ ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်လာကြသော ကျင့်ကြံသူအရေအတွက်သည် ပိုများလာခဲ့သည်။ သူတို့ထဲမှ တော်တော်များများသည် နှစ်ပေါင်းများစွာ ပြန်ကုစားရန် လိုအပ်သော သူတို့၏ မူလချီကိုပါ ထိခိုက်ထားခြင်း ခံရသည်။ ထိုသို့ ပြန်မကုစားခဲ့ပါက ရလဒ်သည် သူတို့ ကျင့်ကြံမှုကို ဆိုးဝါးသွားစေလိမ့်မည်။ သို့သော် ခုကဲ့သို့ အခြေအနေမှာပင် သူတို့အားလုံး၏ မျက်နှာထက်တွင် ဖုံးဖိမရသော ပျော်ရွှင်သည့်ဟန်များ ရှိနေကြသည်။ တကယ်တော့ သူတို့သည် တစ္ဆေမြူစမ်းသပ်ကွင်းကို ဖြတ်ကျော်လာနိုင်သရွှေ့ ရှားပါးလှသော စိတ်ဝိညာဉ်ဆေးပင်များကို တွေ့မြင်နိုင်ခွင့်၊ ရယူနိုင်ခွင့် ရှိလိမ့်မည် မဟုတ်လား။

ဥယျာဉ်ထဲသို့ နောက်ထပ် ကျင့်ကြံသူ ခုနစ်ဆယ်လောက် ရောက်လာပြီးနောက်မှာ အသစ်ရောက်လာသော ကျင့်ကြံသူ အရေအတွက်သည် သိသိသာသာ လျော့နည်းသွားသည်။ လာမည့်နေ့တွင် ရောက်လာသူ ကျင့်ကြံသူ အရေအတွက်သည့် လျော့ပါးသွားခဲ့လေပြီ။

အစောပိုင်းတုန်းက နတ်သမီးခရမ်းဝိညာဉ်နှင့် အတူတူ ရှိနေခဲ့သော လူငယ်သည်လည်း သည်လူအုပ်ထဲတွင် ရောက်နေလေပြီ။ သူ၏ ဝတ်ရုံမှာ ပျက်စီးနေပြီး သူ့မျက်နှာမှာလည်း ဖြူရော်နေသည်။ သူသည် သည်ကို လာသော လမ်းတွင် ခက်ခဲမှုများစွာကို ခံစားခဲ့ရပုံ ရသည်။

ထိုဥယျာဉ်ထဲသို့ ဝင်လာပြီးနောက်မှာ သူက ဥယျာဉ်ထဲ ဝေ့ကြည့်သည်။ နတ်သမီးခရမ်းဝိညာဉ်ကို မမြင်သည့်အခါ သူ၏မျက်နှာထက်တွင် စိတ်ပူပန်ဟန် ပေါ်လာသည်။ သူ၏ အမူအရာသည် ချီတုံချတုံ ဖြစ်လို့နေသည်။

ထိုအခိုက်တွင် သခင်ကြီးကျိနစ်ယင်နှင့် အရိုးသခင်တို့နှစ်ယောက်လုံးမှာလည်း ဟန်လိ ခုထိ ရောက်မလာသေးသည်ကို မြင်ရသည့်အခါ စိတ်မသက်မသာ ဖြစ်နေသည်။

သူတို့နှစ်ယောက်တွင် အရိုးသခင်သည် ပို၍ တည်ငြိမ်သည်။ သူသည် စိတ်ကသိကအောက် ခံစားမိသော်လည်း သူ့မျက်နှာထက်တွင်မူ ငြိမ်းအေးမှု ရှိနေဆဲ ဖြစ်သည်။ သို့ပေမည့် သခင်ကြီး ကျိနစ်ယင်ကမူ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူသည် မျက်လုံးဖွင့်၍ တစ္ဆေမြူရှိနေသော နေရာထံ လှမ်းကြည့်သည်။ သူသည် မတည်ငြိမ်နိုင်တော့ချေ။

အမှန်တော့ သူ၏ သုန်မှုန်မှုသည် သူ စိတ်မရှည် ဖြစ်နေကြောင်းကို ပြသနေလေသည်။ သို့ရာတွင် ဟန်လိသည် သူ၏ ရတနာအမဲလိုက်ပွဲတွင် အခရာ ကျနေသည်။ ဟန်လိ မပေါ်လာခြင်းက သူ့ကို အကူအညီမဲ့သည့် အခြေအနေသို့ စိုက်ရောက်စေလိမ့်မည်။

လူအများစုသည် သူ၏ ထိုအမူဟန်ပန်များကို သတိမပြုမိကြသော်လည်း သူ့အနီးအနားတွင် တရားထိုင်နေသော ပညာရှိအဘိုးအိုကမူ ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူက ချောင်းဟန့်ကာ လှမ်းမေးသည်။

“တာအိုရောင်းရင်းက တစ်ယောက်ယောက်ကများ ခုထိ မပေါ်လာသေးတဲ့အတွက် စိတ်မအေး ဖြစ်နေတာလား…”

ထိုအဘိုးအိုသည် သခင်ကြီးကျိနစ်ယင်ထံသို့ သံသယစိတ်ဖြင့် စိုက်ကြည့်သည်။

ကျိနစ်ယင်သည် ထိုစကားကို ကြားသည့်အခါ သူ၏ အမူအရာသည် တဖန် ပြန်တည်ငြိမ်သွားသည်။ သူက မထူးခြားနားဟန်ဖြင့် တုန့်ပြန်သည်။

“ပူပန်နေတာတော့ မဟုတ်ဘူး။ ကျုပ် အရင်တုန်းက တခါ ဆုံခဲ့ဖူးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂျူနီယာတစ်ယောက်ပါပဲ…”

ပညာရှိအဘိုးအို၏ မျက်လုံးထဲတွင် ထူးခြားသောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက ဆန်းကြယ်စွာ ပြုံး၍ ပြောသည်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ ဂျူနီယာတစ်ယောက် ဟုတ်လား။ ရောင်းရင်းဝူက သူ့ကို ကျုပ်နဲ့ မိတ်ဆက်ပေးမှ ဖြစ်မယ်။ ကျုပ်လည်း အလားအလာ ရှိပြီး အတွေ့အကြုံ မကြွယ်တဲ့ ဂျူနီယာတွေကို စိတ်ဝင်စားတဲ့သူပဲလေ…”

“မြေခွေးအိုကြီး…ခင်ဗျားက စပ်စုလွန်းနေပြီ…” ကျိနစ်ယင်သည် ဟန်လိ အခုထိ မပေါ်လာသေးသည့်အပေါ် လွန်စွာ စိတ်ပူနေသော်ငြားလည်း ထိုအဘိုးအို၏ အကြံအစည်များနှင့် ပတ်သတ်ပြီး ဖြေရှင်းချင်စိတ် ရှိမနေပေ။ ထိုအခါ သူသည် မျက်လုံး ပြန်မှိတ်၍ ဆက်ပြီး ကျင့်ကြံနေတော့သည်။

တချိန်တည်းမှာ အရိုးသခင်၏စိတ်ထဲ၌ အသံ ထပ်ကြားရပြန်သည်။

“အရိုးသခင်…ခင်ဗျားရဲ့ အကူအညီက ခုထိ ရောက်မလာသေးပါလား။ သူ တစ္ဆေတွေရဲ့ ဝါးမြိုတာများ ခံလိုက်ရပြီလား။ အဲ့လို အကူအညီမျိုးဟာ အားနည်းလွန်းတဲ့အတွက် အသုံးမတည့်လောက်ဘူး…”

ထိုလေသံတွင် အထင်သေးမှုတို့ ပါဝင်နေသည်။

အရိုးသခင်သည် သက်ပြင်းချမိသည်။ သူ့အဖို့ ထိုအသံပိုင်ရှင်ကို ဆက်ပြီး အသံတိတ်နေအောင်လုပ်ဖို့ မဖြစ်နိုင်တော့ပေ။ ထိုအသံပိုင်ရှင်ကို သတ်ဖို့အတွက်လည်း မဖြစ်နိုင်ပေ။ ၎င်းက သူ့အတွက် အလွန်အသုံးဝင်နေသည် မဟုတ်လား။

ခုချိန်ထိ သူ့အပေါ် သံသယဖြင့် ကြည့်လာသော တစ်စုံတစ်ယောက်မျှလည်း ရှိမနေသေးပေ။ သူတို့၏ စကားပြောဆိုမှုကို မည်သူကမျှ သံသယဝင်ပုံ မရပေ။

ထိုအတွေးဖြင့် အရိုးသခင်သည် မပျော်မရွှင်ဖြင့် ပြောသည်။

“ဒီလူက ထူးခြားတယ်။ သူက ငယ်ရွယ်ပြီး သူ့ကျင့်ကြံမှုအဆင့်ဟာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ဖြစ်ပေမယ့်လည်း ဒီတစ္ဆေတွေလက်ချက်ကြောင့်တော့ သေသွားဖို့ဟာ မဖြစ်နိုင်ဘူး။ မင်း‌တောင် သူနဲ့ ကြုံခဲ့ရင် အမြှီးကုပ်ပြီး ထွက်ပြေးသွားရလိမ့်မယ်။ သူ့ကို လျှော့မတွက်နဲ့…”

“အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်လား။ အရိုးသခင်က ကျုပ်ကို အတော်လေး အထင်သေးနေတာလား။ အဲ့လို ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ဖို့ဟာ ကျုပ်အတွက် ပါးစပ်လေးတစ်ချက်ဟ လိုက်ရုံပဲ။ သူ့သွေးအနှစ်သာရပါ စုပ်ယူခံရလိမ့်မယ်…”

ထိုအသံပိုင်ရှင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောသည်။

“မင်းက ငါ့ရဲ့ မိစ္ဆာဖယ်ရှားခြင်းမြားရဲ့ လက်ချက်ကို ခံစားခဲ့ရတဲ့အပေါ် ကျေနပ်ခဲ့ရဲ့လား။ သူ့မှာလည်း ရွှေလျှပ်စီးဝါးကနေ သန့်စင်ဖန်တီးထားတဲ့ ဓားတွေ ပိုင်ဆိုင်ထားခဲ့မယ်ဆို မင်း ဘာလုပ်မလဲ…”

ထိုအသံပိုင်ရှင်သည် ခဏတော့ တိတ်သွားသည်။ ပြီးမှ သူက စကားဆက်သည်။

ရွှေလျှပ်စီးဝါးနဲ့ ပြုလုပ်ထားတဲ့ ဓားတွေ ဟုတ်လား။ ခင်ဗျား နောက်နေတာလား။ ရွှေလျှပ်စီးဝါးက တစ်ပင်ပဲ ရှိခဲ့တာမလား။ အဲ့ဝါးကိုလည်း ခင်ဗျားက မိစ္ဆာဖယ်ရှားခြင်းမြားအဖြစ် သန့်စင်ပစ်ခဲ့ပြီးပြီလေ။ ဒါ့ကြောင့် နောက်ထပ် ရွှေလျှပ်စီးဝါးမှော်ရတနာတစ်ခုက ဘယ်လိုလုပ် ရှိနိုင်ပါတော့မလဲ…”

“ဟားဟား…ကျုပ် ပြောတဲ့ဟာက မှန်၊မမှန် မင်း အနှေးနဲ့အမြန် သိရတော့မှာပါ။ ပြီးတော့ ကျုပ်က မင်းကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့။ သူ့မှာ ရွှေလျှပ်စီးဝါးအပြင် တခြား ဒုက္ခပေးနိုင်တဲ့ မှော်ပညာရပ်အချို့လည်း ပိုင်ဆိုင်နိုင်တယ်။ မဟုတ်ရင် ကျုပ်လို အရိုးသခင်ဟာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်တစ်ယောက်နဲ့ ဘယ်လိုလုပ် ပူးပေါင်းပါ့မလဲ…”

ထိုသို့ ပြောပြီးနောက်မှာ အရိုးသခင်သည် နောက်ထပ် စကားထပ်ပြောဖို့ အာရုံမလာတော့ပေ။ သူက မျက်လုံးမှိတ်၍သာ ကျင့်ကြံနေတော့၏။

ထိုအသံပိုင်ရှင်မှာလည်း ငြိမ်သက်သွားသည်။ သူသည် အရိုးသခင် ပြောတာ ဟုတ်၏၊ မဟုတ်၏ နှင့်ပတ်သတ်ပြီး စဉ်းစားနေသည်။

နောက်ထပ် ခြောက်နာရီလောက် ကြာပြီးသည့်နောက်မှာ အရိုးသခင်သည် စိတ်ဂနာမငြိမ် ဖြစ်လာခဲ့ပေပြီ။ သူက ဟန်လိ မည်သည့်အတွက်ကြောင့်များ ခုလောက်ကြာသည့်အထိ မရောက်လာသနည်းဟု စဉ်းစားနေသည်။ ထိုအခိုက်တွင် တစ္ဆေမြူဧရိယာသည် လှုပ်ရှားသွားကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သည်။ ထိုလမ်းကြောင်းမှ လူသုံးယောက်သည် ဘေးချင်းယှဉ်၍ လှမ်းလျှောက်လာသည်။ ထိုသုံးယောက်မှာ ဟန်လိတို့ အုပ်စု ဖြစ်လေ၏။

ကျက်သရေရှိလှသော အမျိုးသမီး ယွမ်ယောင်ကမူ သူမ၏ အသက်ရှုမှားလောက်သည့် အလှကို ဝတ်ရုံနက်ဖြင့် ကွယ်ဖုံးထားသည်။ ဟန်လိသည် သည်နေရာ၌ လူများစွာ ရှိနေတာကို မြင်သည့်အခါ ခဏတော့ မင်သက်သွားမိ၏။

သိပ်မကြာခင် သူက ထိုမြင်ကွင်းကို တချက်ကြည့်ပြီး လူသူကင်းမဲ့သော နေရာလွတ်တစ်ခုထံ တုံ့နှေးခြင်းမရှိ လျှောက်လာသည်။ နတ်သမီးခရမ်းဝိညာဉ်နှင့် ယွမ်ယောင်တို့ကမူ တစ်ယောက်နှင့်တစ်ယောက် တချက်လှမ်းကြည့်ပြီး သူတို့ကိုယ်ပိုင်လမ်းကြောင်းများကို ရွေးကာ လူခွဲသည်။

ထိုအချိန်တွင် ဖြတ်ခနဲ အရိပ်တစ်ခု ပေါ်လာသည်။ ကြည့်ကောင်းလှသော မိုးပြာအပေါ်ထပ် ဝတ်ရုံနှင့်လူငယ်က နတ်သမီးခရမ်းဝိညာဉ်ထံ အပြေးလှမ်းလာကာ သူမထံ အလောတကြီး စကားဆိုသည်။

“သိပ်ကောင်းတယ်။ ခရမ်းဝိညာဉ်၊ မင်း ဘေးကင်းတယ်မလား။ ကျုပ် တကယ်ပဲ စိတ်ပူနေမိတာ…” ထိုသို့ ပြောပြီးသည့်နောက်မှာ သူက သူမနားသို့ အလျင်စလို ချဉ်းကပ်လာပြီး သူမ မည်သည့်ဒဏ်ရာများ ရလေသနည်းဟု သေချာ စစ်ဆေးကြည့်သည်။

“အစ်ကိုလီ…ကျမ အဆင်ပြေပါတယ်…” နတ်သမီးခရမ်းဝိညာဉ်က သူ့ကို မြင်သည့်အခါ ခြေလှမ်းတာ ရပ်၍ အတင်းအကြပ် ပြုံးပြရသည်။ သူမ၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။

ယွမ်ယောင်သည် ထိုနှစ်ယောက်ထံသို့ တချက် လှမ်းကြည့်ပြီးနောက်မှာတော့ သူမသည် တခြားနေရာတစ်ခုထံသို့ သွားသည်။

လူရှင်းသော နေရာတွင် ရပ်နေသော ဟန်လိသည် တဖက်သို့ လှည့်ကြည့်သည်။ ယွမ်ယောင်က သူ့ထံသို့ လာနေတာကို မြင်သည်။ နည်းနည်း အံ့အားသင့်သွားခြင်းနှင့်အတူ သူက မျက်မှောင်ကြုတ်ကာ ပြောသည်။

“အမျိုးသမီးယွမ်…ကျုပ်တို့ တစ္ဆေမြူထဲကနေ ထွက်လာခဲ့ကြပြီးပြီလေ။ ဘာကိစ္စကြောင့်များ ကျုပ်နောက်ကို ထပ်လိုက်လာသေးတာလဲ…”

ထိုအမျိုးသမီးမှာ အသက်ရှုမှားလောက်အောင် လှ၍ သူ့စိတ်နှလုံးကို ထိမိစေခဲ့သော်လည်း ဟန်လိသည် တခြား သူစိမ်းများနှင့် အတူတူ လှုပ်ရှားလုပ်ဆောင်ဖို့ အစီအစဉ် ရှိမနေပေ။ သူက ချက်ခြင်းပင် သူမအား အေးစက်စက်သည့်သဘောဖြင့် ငြင်းဆိုသည်။

ဟန်လိ၏ တည့်တိုးဆန်လှသော စကားလုံးများက ယွမ်ယောင်ကို ဒေါသမထွက်သွားစေပေ။ ထိုအစား သူမက သက်ပြင်းချ၍ ပြောသည်။

“ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ အစ်ကိုဟန်၊ ကျမက ရှင့်နောက်ကို လိုက်လာတာဟာ တခြား ရွေးချယ်စရာ မရှိလို့ပါ။ တစ္ဆေဘုရင်နဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက ကျမရဲ့ မှော်ရတနာဟာ အများကြီး ထိခိုက်သွားခဲ့တာကို အစ်ကိုဟန်လည်း သိထားပြီး မဟုတ်လား။ ပြီးတော့ ကောင်းကင်လေဟာနယ်ခန်းမထဲမှာက အန္တရာယ်များလွန်းတယ်လေ။ ကျမ သိတဲ့သူဆိုလို့လည်း အစ်ကိုဟန် တစ်ယောက်ပဲ ရှိတာ။ ဒီကို လာခဲ့တာက ကျမအတွက်တော့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ကျမကို ဒီမှာ မသေခိုင်းပါနဲ့…”

ထိုသို့ ပြောကာ ဝတ်ရုံနက်နှင့်အမျိုးသမီး၏ မျက်လုံးတို့သည် မသိမသာ နီမြန်းသွားသည်။ သူမသည် ငိုတော့မည့်အလား။ ထိုမြင်ကွင်းက ဟန်လိကို ပို၍ မျက်မှောင်ကြုတ်သွားစေသည်။

“အမျိုးသမီးယွမ်…ခင်ဗျားက အဲ့လို ပြောမှတော့ ကျုပ်လည်း မေးခွန်းအချို့ မေးဖို့ လိုလာပြီ။ အရင်ဆုံးတော့ ကျုပ်ဟာ ဖြောင့်မတ်မှန်ကန်လှတဲ့သူ မဟုတ်ဘူး။ ကျုပ် စိတ်ထဲမှာလည်း ချစ်ခြင်းမေတ္တာတွေ ပြည့်နေတာ မဟုတ်ဘူး။ အထူးသဖြင့် ကျုပ်က ဘာအကျိုးအမြတ်မှ မရှိဘဲ ဘာမှ မလုပ်ပေးချင်ဘူး…”

ဟန်လိသည် ထိုအမျိုးသမီး၏ ဝမ်းနည်းသည့်ဟန်ပန်အမူအရာကို မမြင်သည့်အလား တည်ငြိမ်စွာ ပြောလာသည်။

“တာအိုရောင်းရင်းဟန်…ကျေးဇူးပြုပြီး မေးသာမေးပါ။ ဘာမှ ထိန်ချိန်မထားပါနဲ့။ ကျမ စိတ်ကျေနပ်အောင် ကျိန်းသေပေါက် ဖြေပေးပါ့မယ်…”

ထိုအမျိုးသမီးသည် ဟန်လိက မည်သည့်သနားမှု သို့မဟုတ် တပ်မက်မှုတို့ကိုမျှ မဖော်ပြသည့်အပေါ် စိတ်တော့ ပျက်မိသည်။ သို့ပေမည့် သူမ ရကိုရရမည့် ပစ္စည်းအမယ်များ ရှိနေပေသည်။ သူမအဖို့ သဘောတူရန်ကလွဲ၍ တခြား ရွေးချယ်စရာ ရှိမနေပေ။

လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟန်လိသည် ထိုအမျိုးသမီးကို ဖြည်းဖြည်းမှန်မှန်လေသံနှင့် မေးလေသည်။

“ကျုပ်ရဲ့ မေးခွန်းတွေက အတော်လေး ရိုးရှင်းပါတယ်။ ရောင်းရင်းယွမ်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ ဆက်ပြီး ဘယ်စမ်းသပ်ကွင်းအထိ စိန်ခေါ်ဖို့ စိတ်ကူးရှိပါသလဲ။ ပြီးတော့ ခင်ဗျားဟာ အစောပိုင်းတုန်းက အလွန်အမင်း ကြောက်လန့်ဟန် ပေါ်ခဲ့ပေမယ့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံ ရတယ်။ ခင်ဗျားနဲ့ ပတ်သတ်ပြီး ဘာပြဿနာတွေများ ပါလာသလဲ။ ခင်ဗျားနဲ့ ပူးပေါင်းခဲ့ရင်လည်း ခင်ဗျားရဲ့ ရန်ငြှိုးရန်စတွေထဲမှာ ကျုပ်က ပါဝင်ပတ်သတ်ချင်စိတ် မရှိဘူးနော်…”

All Chapters