← Chapters

မတူညီသောလောက

Vol. 32 Ch. 447

မတူညီသောလောက

Vol. 32 Ch. 447

ဟန်လိ၏ မေးခွန်းများကို ရင်ဆိုင်ရသည့်အခါ ထိုအမျိုးသမီးသည် တည်ငြိမ်စွာ ရှိနေသည်။ သူမက ထိုသို့ မေးလာမည်ကို မျှော်လင့်ထားသည့်အလား။ သို့ပေမည့် ဟန်လိ၏ နောက်ဆုံးမေးခွန်းက သူမကို နည်းနည်းတော့ ထိတ်လန့်သွားဟန် ပေါ်သည်။ သူမသည် အားတင်းပြုံး၍ ပြန်ဖြေလာသည်။

“ရောင်းရင်းရဲ့ နောက်ဆုံးမေးခွန်းက အတော်လေး အဓိပ္ပာယ် ရှိပါတယ်။ ကျမက ဘယ်လိုများ စော်ကား ပြဿနာ ရှာနိုင်ပါမလဲ။ ကျမ အစပိုင်းမှာ အကြီးအကျယ် ထိတ်လန့်သွားရတဲ့ အကြောင်းရင်းကတော့…”

သူမ၏ စကားပင် မဆုံးသေး ဟန်လိသည် ကြားဖြတ်ကာ ပြောလိုက်သည်။

“အမျိုးသမီးယွမ်က အမှန်တိုင်း မပြောချင်မှတော့ ထားလိုက်ပါတော့။ ကျုပ်လည်း အနှစ်သာရမဲ့တဲ့ စကားတွေကို မကြားချင်ဘူး…”

“ ရှင်…” ဟန်လိသည် မတုန်မလှုပ် ဖြစ်နေသည်ကို မြင်သည့်အခါ ယွမ်ယောင်သည် နောက်ဆုံးတော့ ဒေါသထွက်သည့်ဟန် အရိပ်အယောင် ဖြစ်ပေါ်လာသည်။ သူမက ခြေဆောင့်ကာ မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။

ထိုအမျိုးသမီး ထွက်ခွာသွားသည့်အပေါ် ဟန်လိ၏ မျက်နှာ၌ မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ပေ။ ခဏအကြာ သူ့အကြည့်က လူငယ်တစ်ယောက်နှင့် စကားစမြည် ပြောနေသော နတ်သမီးခရမ်းဝိညာဉ်ထံသို့ ကျရောက်သွားသည်။ သူမသည် ဟန်လိ လှမ်းကြည့်တာ မြင်သည့်အခါ လှမ်းပြုံးပြပြီး လူငယ်ကို တစုံတခုကို ခပ်တိုးတိုး ပြောသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက သူ့အကြည့်ကို ဖယ်၏။ တခြား မည်သည်မျှ မတွေးခင် သူသည် အရိုးသခင်၏ အသံကို ကြားရသည်။

“မင်း ဘာကြောင့် ဒီလောက်ထိ နောက်ကျနေတာလဲ။ တစ္ဆေမြူလောက်ကို မင်းက ရင်မဆိုင်နိုင်ဘူးဆိုတာ ကျုပ် မယုံဘူး။ မင်းက တစ္ဆေဘုရင်တစ်ကောင်နဲ့ ကြုံခဲ့တာလား…”

အရိုးသခင်၏ အသံသည် မကျေမနပ်ဟန်၊ သံသယဟန်တို့ ပြည့်နေသည်။

ထိုသည်ကို ကြားသည့်အခါ ဟန်လိသည် အဝေးရှိ တစ္ဆေမြူထံသို့ ကျရောက်သွားပြီး မထူးခြားနားဟန်ဖြင့် တုန့်ပြန်သည်။

“ကျုပ် ဒီကို လာတဲ့ လမ်းမှာ ကြမ်းလှတဲ့ တစ္ဆေတစ်ကောင်နဲ့ ကြုံခဲ့တယ်။ ဒါပေမဲ့ အဲ့တာက အချိန်သိပ် မကုန်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ဝိညာဉ်စားသုံးသူ စိတ်ဝိညာဉ် အုပ်ကြီးနဲ့ ကြုံခဲ့လို့ အချိန်အများကြီး ကုန်ခဲ့တာပဲ…”

“ ဝိညာဉ်စားသုံးသူ စိတ်ဝိညာဉ်တွေ ဟုတ်လား…” အရိုးသခင်သည် တုန်လှုပ်သည့်ဟန် ဖြစ်ပေါ်သည်။

“ဘာလဲ။ တစ္ဆေတာအိုကို ကျင့်ကြံပေမယ့် စီနီယာက ဒီအရာတွေကို ကြောက်လို့လား…”

ဟန်လိသည် တည်ငြိမ်သောလေသံဖြင့် မေးသည်။ သို့သော် သူ၏ စကားလုံးများတွင်မူ လှောင်ပြောင်သည့်ဟန်တစ်ခု ပါနေသည်။

“ကျုပ်က သူတို့ကို ဘာလို့ ကြောက်ရမှာလဲ။ ဒါပေမဲ့ ဒီအဘိုးအိုက မင်းအနေနဲ့ အဲ့ကပ်ဘေးကနေ လွတ်မြောက်အောင် ဘယ်လိုများ လုပ်နိုင်ခဲ့လဲတော့ ကျုပ် သိချင်မိတယ်…”

အရိုးသခင်သည် တခြား ခေါင်းစဉ်တစ်ခုကို မြန်မြန် လွှဲ၍ ပြောလိုက်သည်။

ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့ပြီး ပြီးစလွယ်ရှင်းပြချက်တစ်ခုကို ပေးသည်။

“ဂျူနီယာမှာ တကယ်ပဲ ထူထူထွေးထွေး ပြောစရာ မရှိပါဘူး။ ကျုပ်တို့က ကံကောင်းခဲ့ရုံပါ။ ကံကောင်းလို့ ဖြတ်ကျော်နိုင်ခဲ့တာပါ…”

“ခွေးကောင်လေး…” အရိုးသခင်သည် ဟန်လိကို စိတ်ထဲကနေ ကျိန်ဆဲမှာ ပြောစရာပင် မလိုပေ။ ခဏ ငြိမ်သက်သွားပြီးနောက်မှာ သူသည် တခြားမေးခွန်းတစ်ခုကို မေး၏။

“ကောင်းပြီ…မင်းက မရှင်းပြချင်မှတော့ ကျုပ်လည်း ဆက်ပြောမနေတော့ဘူး။ ကျုပ် မင်းနဲ့ နောက်တစ်ကြိမ် စကားပြောတဲ့အခါကျရင် ကျုပ်တို့ အရွက်ကိုးလွှာဝိညာဉ်ဂျင်ဆင်းကို အတူတူ အရယူကြတောပေါ့။ ပြီးရင်တော့ ကျုပ်ရဲ့ သစ္စာဖောက်တပည့် ကျိနစ်ယင်ကို ရှင်းထုတ်ပစ်ဖို့အတွက် မင်းက ကျုပ်ကို ကူညီပေးရမယ်…”

“ပြဿနာ မရှိဘူး။ ခင်ဗျားက ကျုပ်ကို အရွက်ကိုးလွှာဂျင်ဆင်း ပေးသရွှေ့ ကျုပ်လည်း ခင်ဗျားကို စွန့်စားပြီး ကူညီပေးမယ်…” ဟန်လိသည် မဆိုင်းမတွ သဘောတူသည်။ သူ့စိတ်ထဲ၌ ပြင်ဆင်ထားပြီး ဖြစ်ပုံရသည်။ ဟန်လိ၏ ပြတ်သားသော အဖြေကြောင့် အရိုးသခင်သည် ကျေနပ်သွားသည်။ ပေါ့ပေါ့ပါးပါး ရယ်မောပြီးနောက်မှာ သူက စကားထပ်မပြောတော့ပေ။

သို့ပေမည့် သူသည် ဟန်လိ၏ လှောင်ပြုံးကိုမူ မျက်လုံးထဲကနေ မထွက်သေးပေ။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေသည်။ ဟန်လိသည် ရုတ်တရက် တခြားသူတစ်ယောက်က သူ့ထံသို့ ကြည့်နေသည်ဟု ခံစားမိသည်။ သူသည် ခေါင်းမော့ကာ လှမ်းကြည့်မိသည်။ ရလဒ်အနေဖြင့် သခင်ကြီးကျိနစ်ယင်သည် သူ့ကို လှမ်းကြည့်နေတာ မြင်ရသည်။ ထိုသူက သူ့ကို ကျားတစ်ကောင်က သားကောင်ကို ကြည့်သည့် အကြည့်မျိုးနှင့် ကြည့်နေခြင်းပင်။

ဟန်လိသည် တဖက်သို့ ခေါင်းပြန်လှည့်သည်။ သူက ခါးသီးစွာ ပြုံးမိလေ၏။ ကြည့်ရသည်မှာ သူနှင့် သခင်ကြီးကျိနစ်ယင်တို့ကြား ပဍိပက္ခက ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ကျိနစ်ယင်သည် အကြောင်းရင်းတစ်ခုကြောင့် သူ့ကို လွှတ်ပေးချင်စိတ် မရှိတာ ထင်ရှားနေသည်။ သို့ရာတွင် ကျိနစ်ယင်တွင် သူ၏ ကိုယ်ပိုင် ဒွိဟ ဖြစ်နေစရာများ ရှိနေပုံ ရသည်။ သူသည် မည်သည့်အတွက်ကြောင့် စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး ခန်းမအတွင်း၌ တချက်လေးမျှ မလှုပ်ရှားဘဲ ရှိခဲ့ရသနည်း။

ဟန်လိသည် မြက်ခင်းတစ်ခုပေါ်တွင် သုန်မှုန်စွာ ထိုင်ချပြီး တရားကျင့်ကြံနေတော့သည်။ သူသည် တစ္ဆေမြူအတွင်း၌ မှော်စွမ်းအား အတော်များများ ကုန်ဆုံးခဲ့ရသည်။ မကြာမီ ရောက်လာတော့မည့် ပြဿနာများအတွက် သူသည် အကောင်းဆုံး အခြေအနေတွင် ရှိနေရန် လိုပေသည်။

အကွာအဝေးတစ်ခုကနေ အမျိုးသမီးယွမ်ယောင်သည် ဟန်လိကို အလိုမကျစွာဖြင့် လှမ်းကြည့်နေသည်။ သူမ၏အကြည့်ထဲ၌ မကျေနပ်မှုသာမက အထီးကျန်မှု အရိပ်ယောင်လည်း ပါဝင်နေလေသည်။ နတ်သမီးခရမ်းဝိညာဉ်ကမူ သူ့အပေါ် စိတ်ပူပေးခဲ့သော လူငယ်နှင့် စကား ပြောနေသော်ငြားလည်း ဟန်လိ ရှိနေသော အရပ်သို့ မသိစိတ်ကနေ လှမ်းလှမ်းကြည့်မိသည်။ သူမသည် စိတ်ပူနေသည့်အလား။ ဟန်လိကမူ တရားထိုင်နေရင်း ထိုအကြည့်နှစ်ခုကို သိမနေပုံ ရသည်။ အချိန်သည် အလျင်အမြန် ကုန်လာခဲ့သည်။ နောက်နေ့သို့ပင် ရောက်လာခဲ့လေပြီ။

ထိုအချိန်တွင် ကျင့်ကြံသူအများစုသည် စိတ်မရှည် ဖြစ်နေကြလေပြီ။ သူတို့သည် ကျောက်စိမ်းအဆောက်အဦများ၏ အလယ်တွင် လှဲလျောင်းနေသော ကျောက်ပြားလွတ်တစ်ခုနားတွင် ဝိုင်းနေသည်။ သည်ကို ပထမဆုံး ရောက်လာကြသော ကျင့်ကြံသူများကတော့ ထိုကျောက်ပြားသည် အဖြူရောင်လင်းလက်နေသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုမှန်း မြင်သိရသည့်အခါ တုန်လှုပ်အံ့အားသင့်ကြသည်။

ထိုအခိုက်တွင် ကြယ်နန်းတော်မှ အဖြူရောင်ဝတ်ရုံဖြင့် အကြီးအကဲနှစ်ယောက်သည် ၎င်းကျောက်ပြားထံ တည်ငြိမ်စွာ လှမ်းလာကြသည်။ ၎င်းကို စူးစမ်းကြည့်ပြီးနောက်မှာတော့ ကြင်နာတတ်သည့်ဟန်မျက်နှာနှင့် အကြီးအကဲ အဘိုးအိုတစ်ယောက်က ဖြည်းဖြည်းချင်း ပြောလာသည်။

“ဒီအစီအရင်က မင်းတို့ကို ဒုတိယစမ်းသပ်ကွင်း မတိုင်ခင် မီးနဲ့‌ရေခဲ လမ်းကြောင်းဆီ ရောက်သွားစေလိမ့်မယ်။ ဒုတိယစမ်းသပ်ကွင်းထဲ မဝင်ခင် ပထမ စမ်းသပ်ကွင်းကို ဖြတ်ကျော်လာတဲ့ ဆုလဒ်အဖြစ် စိတ်ဝိညာဉ်သစ်သီးတွေနဲ့ ဆေးပင်တွေကို ရယူနိုင်ဖို့ အချိန်တခု ရလိမ့်မယ်။ နောက်ထပ် စမ်းသပ်ကွင်းက အန္တရာယ်များပြားလွန်းတယ်လို့ မင်းတို့ ခံစားရတယ်ဆိုရင် အဲ့ကနေ ပြန်လှည့်နိုင်တယ်။ တစ်လအတွင်း မင်းတို့ကို ပင်မခန်းမဆီ ပြန်ခေါ်ပေးသွားနိုင်မယ့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ပေါ်လာလိမ့်မယ်…”

“ဒါပေမဲ့လို့ ဒုတိယစမ်းသပ်ကွင်းကို ဆက်သွားတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြန်လှည့်တာပဲ ဖြစ်ဖြစ် မင်းတို့မှာ စိတ်ဝိညာဉ်ဆေးပင်တွေကို ခူးဆွတ်ဖို့ဟာ တစ်ရက်ပဲ အချိန်ရမှာ ဖြစ်တယ်။ အဲ့အချိန် ပြည့်တာနဲ့ ဘာမှ ပေါ်လာတော့မှာ မဟုတ်ဘူး။ မင်းတို့ အဲ့မှာပဲ ပိတ်မိနေကြမှာ ဖြစ်တယ်။ ကျုပ် သိသလောက်ဆို အဲ့မှာ ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေဟာ ကောင်းကင်လေဟာနယ်ခန်းမ ပြန်ဖွင့်တဲ့အခါကျရင် နောက်ထပ် ဘယ်တော့မှ ပြန်ရောက်လာလေ့ မရှိကြဘူး။ ဒီဆေးပင်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းရင်းကိုတော့ ဒီကနေ့ထိ မသိကြဘူး…”

အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို၏အသံသည် မကျယ်လှပေ။ သို့သော် သူ့အသံက ပဲ့တင်ထပ်ကာ သည်နေရာရှိ လူတိုင်းသည် ကောင်းစွာ ကြားရသည်။ ထိုအကြောင်းကို သိပြီးသားသူများကမူ မည်သည့်မျှ မတုန့်ပြန်ကြသော်လည်း မသိသေးသူများကတော့ အံ့ဩဘနန်း ဖြစ်ရသည်။ ထိုသို့ ပြောပြီးနောက်မှာ အကြီးအကဲနှစ်ယောက်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေလှမ်းသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ထိုအခါတွင် တခြားကျင့်ကြံသူများသည်လည်း တုံ့နှေးမနေကြပေ။ သူတို့ တစ်ယောက်ချင်းစီသည် အလျင်စလို ပြေးဝင်ကြသည်။ တကယ်တော့ အချိန်က အကန့်အသတ် ရှိသည် မဟုတ်လား။

ဟန်လိသည် အရိုးသခင်ထံသို့ အကြည့်ရောက်သွားသေးသည်။ ထို့နောက်မှ သူသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ အလျင်စလို တိုးဝင်နေကြသော ကျင့်ကြံသူအုပ်ထဲသို့ ခပ်မြန်မြန် လှမ်းဝင်သည်။ သို့သော် သူ အစီအရင်ထံ လျှောက်လှမ်းခါနီးတွင် ဟန်လိသည် သခင်ကြီးကျိနစ်ယင်၏ အာသာငမ်းငမ်းအကြည့်ကို ထပ်မံခံစားမိသည်။ သူ့စိတ်ထဲ ဒေါသကော၊ စိတ်ကသိကအောက်ကော ဖြစ်မိသွားသည်။ ဟန်လိသည် အဖြူရောင်အလင်းတန်းကို ဖြတ်ကျော်နေရင်း စိတ်အချဉ်ပေါက်ကာ မျက်နှာရှုံ့မဲ့နေသည်။

တစ်စုံတစ်ယောက်သည် သူ့ထံသို့ မကောင်းသည့်သဘောဖြင့် ကြည့်နေတာ သိသော်လည်း သူသည် ၎င်းနှင့် ပတ်သတ်ပြီး ဘာမျှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။ နှစ်ပေါင်းများစွာ သူ မေ့နေခဲ့ပြီ ဖြစ်သော အကူအညီမဲ့သည့် ခံစားချက်တစ်ခုသည် ပြန်နိုးထလာတော့သည်။

ထိုအလင်း လွင့်ပါးသွားပြီးနောက်မှာတော့ ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံမှ ခြေလှမ်းအနည်းငယ် လှမ်းလာသည်။ သူ့ ဘေးပတ်လည်သို့ ကြည့်ရှုစစ်ဆေးသည်။ သူ တွေ့မြင်ရသည့် မြင်ကွင်းကြောင့် ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ကောင်းကင်သည် အပြာရင့်ရောင်ဖြစ်ကာ တိမ်များနှင့် ပြည့်လို့နေသည်။ သူ့ဘေးပတ်ပတ်လည်တွင် မြစိမ်းရောင်မြက်များက ခြုံလွှမ်းလျက်။ လေနှင့်အတူ သစ်ပင်ပန်းမန် ရနံ့တစ်ခုကို သယ်ဆောင်လို့နေသည်။ အဝေးတွင် ခပ်ရေးရေး မြင်နေရသော တောင်တန်းတစ်ခုလည်း ရှိသည်။

ထိုနေရာသည် ကောင်းကင်လေဟာနယ်ခန်းမအတွင်း၌ မည်သို့မည်ပုံ ရှိနေရသနည်း။ သည်ကြည့်ကောင်းလှသော ဝန်းကျင်သည် ကုန်းမြေတစ်ခု ပိုင်ဆိုင်ထားတာ သိသာပါသည်။ အချိန်အတော်ကြာသည့်အထိ ဟန်လိသည် ငြိမ်သက်စွာ ငေးမောနေသည်။

ထိုအခိုက်တွင် အရိုးသခင်သည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ လှမ်းထွက်လာသည်။ ဟန်လိ၏ တုန်လှုပ်နေသော ဟန်အမူအရာကို ကြည့်ကာ သူက ပြောလိုက်သည်။

“ဒါက အံ့အားသင့်ဖို့ မကောင်းဘူးလား။ ငါ ဒီကို ပထမဆုံးအကြိမ် လာခဲ့တုန်းကဆို ငါလည်း မင်းနဲ့ သိပ်မခြားလှပါဘူး။ ဒါပေမဲ့ ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး။ တကယ် တည်ရှိမှုပဲ။ ဒီနေရာမှာ စိတ်ဝိညာဉ်ချီ ပေါကြွယ်ပြီး ဖော်ပြလို့ မရနိုင်တဲ့ သဘာဝရဲ့ စစ်မှန်တဲ့ ရနံ့အငွေ့အသက်ကြောင့် ဒီနေရာဟာ အပြင်လောကမှာ တည်ရှိနိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး…”

ထို့နောက်တွင်မူ သူသည် အသက်ဝဝရှိုက်သွင်းပြီးမှ ပြောလာသည်။

“ဒီလောကငယ်ဟာ ကပ်ဘေးခေတ်တုန်းက ကျင့်ကြံသူတချို့ရဲ့ ကြီးမြတ်တဲ့ နတ်စွမ်းရည်ရဲ့ ရလဒ်တစ်ခု ဖြစ်နိုင်တယ်မလား။ ကံမကောင်းစွာနဲ့ ကျုပ်တို့ နောက်ပိုင်းမျိုးဆက်တွေဟာ ဒီကြီးမြတ်ပြီး အံ့ဖွယ်ဘနန်းဆန်လှတဲ့ စွမ်းရည်တွေကို မြင်တွေ့ခွင့် မရကြတော့ဘူး…”

အရိုးသခင်သည် သက်ပြင်းချသည်။ သူသည် ရှေးဟောင်းကျင့်ကြံသူများကို မျက်မြင်တွေ့ချင်စိတ်ကို ဖော်ပြလာသည်။

“လူတစ်ယောက်ကြောင့် ကောင်းကင်နဲ့မြေကြီးဟာ နှစ်ပိုင်းကွဲထွက်ရတယ်လား…”

ဟန်လိသည် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

ဟန်လိ ဘာတွေးနေသလဲကို ရိပ်စားမိသော အရိုးသခင်သည် တည်ငြိမ်စွာ ဆက်ပြောပြသည်။

“ဒါက ဘာမှ ထူးခြားမနေဘူး။ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ နတ်စွမ်းရည်တွေဟာ ငါတို့ စိတ်ကူးနိုင်တာထက် အများကြီး ပိုလွန်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိရဘဲ အဲ့ဒီရှေးဟောင်းကျင့်ကြံသူတွေဟာ ဒီလောကကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ငါတို့ရဲ့ ကိုယ်ပိုင်သေးနုပ်လှတဲ့ ကျင့်ကြံခြင်းလောကဟာ တည်ရှိလာခဲ့တာပဲ…”

ဟန်လိသည် ထပ်မမေးတော့ပေ။ သူ့အကြည့်က ရုတ်တရက် သူ့ရှေ့ရှိ လမ်းငယ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

ထိုလေများ တိုက်ခတ်နေသော လမ်းငယ်တွင် အမျိုးအမည် မသိရသော အပင်ရိုင်းများ ပေါက်နေသည်။

ဟန်လိ၏ အမြင်တွင် ပျောက်ကွယ်သွားတာ ကြာပြီ ဖြစ်သော ရှေးဟောင်းကျင့်ကြံသူများ၏ နတ်စွမ်းရည်များသည် သူ့လက်ဝယ်တွင် ရှိမနေပေ။ ခု သူ ကိုင်တွယ်နိုင်သည့် ကိစ္စအပေါ်တွင် အာရုံစိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။ သည့်နောက်မှ သူသည် ရှေးဟောင်းကျင့်ကြံသူများနှင့် ပတ်သတ်သည့် ကိစ္စများကို စဉ်းစားကြည့်နိုင်သည် မဟုတ်လား။

All Chapters