← Chapters

တောင်ငယ်

Vol. 32 Ch. 448

တောင်ငယ်

Vol. 32 Ch. 448

ဒီလမ်းက ကီလိုမီတာ ရာချီ ရှည်လျားတယ်။ ဒီလမ်းဆုံးရင် အရံအတားတစ်ခု ဝန်းရံထားတဲ့ ချောက်နက်တစ်ခု ရှိတယ်။ ဒီချောက်နက်ဟာ ကျဉ်းမြောင်း ရှည်လျားတယ်။ ချောက်နက်ထဲ ဝင်လိုက်တာနဲ့ မင်းဟာ လုံးဝ မတူညီတဲ့ ချော်ရည်ပူလမ်းတို့ ဖြစ်တယ်။ သလင်းလမ်းဟာ အရိုးထဲထိ အေးစိမ့်နေပြီး မင်းသာ ဂရုမစိုက်ဘူးဆို မင်းရဲ့ ခန္ဓာကိုယ်ဟာ ရေခဲဖြစ်သွားလိမ့်မယ်။ ချောရည်ပူလမ်းကတော့ ချစ်ချစ်တောက်ပူပြီး ပေါ့ဆလိုက်တာနဲ့ မင်းဟာ ပြာဖြစ်သွားနိုင်တယ်။ ဒီချောက်နက်ရဲ့ အဆုံးကို ရောက်တာနဲ့ မင်းဟာ နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို တွေ့လိမ့်မယ်။ မင်း ဒါကို ဖြတ်ကျော်လာတာနဲ့ မင်းဟာ ဒုတိယစမ်းသပ်မှု ဖြစ်တဲ့ မီးနဲ့ရေခဲ စမ်းသပ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး ဖြစ်မယ်။ ကြယ်နန်းတော်က အကြီးအကဲနှစ်ယောက် ပြောတဲ့အတိုင်းပဲ…ဒီချောက်နက်ထဲကို မဝင်ခင် လူတိုင်းက စိတ်ဝိညာဉ်ဆေးပင်တွေရှာဖို့ အချိန်တစ်ရက် ရမယ်။ လူတိုင်းက ဘာကို ရှာတွေ့မလဲကတော့ သူတို့ရဲ့ ကံအပေါ်ပဲ မူတည်တယ်…”

အရိုးသခင်သည် မထူးခြားနားဟန်ဖြင့် ပြောသည်။

ဟန်လိသည် ပါးစပ်ဟန်ပြင်နေမိသည်။ သူသည် တခုခုကို မေးရမလားဟု စဉ်းစားနေ၏။ သို့သော် အရိုးသခင်၏ အမူအရာသည် တင်းမာနေတာ မြင်သည့်အခါ သူက တိတ်ဆိတ်၍သာ နေလိုက်တော့သည်။ သူတို့နောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံမှ အဖြူရောင်အလင်းတန်းသုံးခုသည် လင်းလက်သွားလေ၏။

ရောက်ရှိလာသော ကျင့်ကြံသူများသည် ဟန်လိနှင့် အရိုးသခင်တို့ကို မထူးခြားနားဟန်ဖြင့် တချက် ကြည့်သည်။ ယင်းနောက်မှာတော့ သူတို့သည် အလင်းတန်းများအဖြစ် အကွာအဝေးတစ်ခုရှိ တောင်တန်းများထံ စိတ်လှုပ်တရှား ပျံသန်းသွားကြတော့သည်။ သူတို့အားလုံးသည် ရတနာရှာဖို့အတွက် စိတ်အားထက်သန်နေကြသည်။

ထိုသူများ အဝေးသို့ ပျံသန်းသွားတာကို စောင့်ကြည့်နေရင်း အရိုးသခင်သည် မျက်မှောင်ကြုတ်ကာ ခဏ တွေဝေနေသေးသည်။ ပြီးမှ သူက ဆိုသည်။

“ငါတို့လည်း သွားကြစို့။ ကျိနစ်ယင်တို့ ရောက်လာတာကိုသာ ငါတို့ စောင့်နေရင် ပြဿနာ နည်းနည်း ရှိနိုင်တယ်…”

ထို့နောက်တွင်တော့ ဟန်လိ၏ တုန့်ပြန်မှုကို စောင့်မနေဘဲ သူသည် အနက်ရောင်တိမ်တိုက်အဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ဦးတည်ပျံသန်းသွားလေသည်။

ဟန်လိ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ စကားမဆိုတော့ဘဲ သူလည်း မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ နောက်မှ လိုက်လာသည်။

ဟန်လိနှင့် အရိုးသခင်တို့ ထွက်လာပြီး သိပ်မကြာခင်မှာပင် ကျိနစ်ယင်၊ ဝမ်ထျန်မင်နှင့် တခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ ပေါ်လာကြသည်။ ဝမ်ထျန်မင် ဦးဆောင်သော လမ်းမှန်တာအို ကျင့်ကြံသူများနှင့် မန်ဟုဇီဦးဆောင်သော မိစ္ဆာတာအိုကျင့်ကြံသူများသည် ဆန့်ကျင်ဘက်မှာ ရပ်နေကြလေသည်။

ကျိနစ်ယင် ပေါ်လာသည့်အခါ သူက ဘေးပတ်လည်သို့ အလျင်အမြန် ဝေ့ဝိုက်ကြည့်ရှုသည်။ ဟန်လိ အနီးဝန်းကျင်တွင် မရှိတာ မြင်သည့်အခါ သူ နည်းနည်းတော့ စိတ်ပျက်မိသွားသည်။ သို့သော် သူ့အမူအရာကမူ နည်းနည်းလေးမျှ ပြောင်းလဲမသွားပေ။ သူက ပညာရှိအဘိုးအိုနှင့် ပုံမှန်အတိုင်းပင် စကားပြောနေလိုက်သေးသည်။

မိန်းမလှဝမ်ကမူ သူတို့ကြား ဆန့်ကျင်ဘက်ဖြစ်နေတာကို မြင်သည့်အခါ သူမက အေးတိအေးစက် ပြောလိုက်သည်။

“ကျမကတော့ စိတ်ဝိညာဉ်ဆေးပင်တွေကို ခူးချင်တယ်။ ကျမ ခူးပြီးတာနဲ့ အဆောက်အဦဆီ ပြန်တော့မှာ။ ရှင်တို့ဘာသာ တိုက်ခိုက်ချင်လည်း တိုက်ခိုက်ကြ။ ဒါပေမဲ့ ကျမကတော့ ရှင်တို့ ကိစ္စမှာ ဝင်မပါဘူး…”

ထိုသို့ပြောပြီး သူမသည် ငွေရောင်အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းကာ လေထဲသို့ ဖြတ်သန်းသွားလေသည်။

ဝမ်ထျန်မင်သည် မိစ္ဆာတာအိုကျင့်ကြံသူများကို ကြည့်လိုက်ပြီး လမ်းမှန်တာအိုဘက်မှ သူ၏ ရောင်းရင်းများကို တီးတိုးစကားတချို့ ပြောသည်။ ယင်းနောက်တွင်တော့ သူတို့ထဲမှ သုံးယောက်သည် ကောင်းကင်ထဲသို့ စကားမဆိုဘဲ သုံးရောင်စုံအဖြစ် ပျံသန်းသွားလေတော့သည်။

ကျန်သည့် မိစ္ဆာတာအိုဘက်မှသူများကမူ မျက်လုံးအပြူးသားဖြင့် ဖြစ်ကုန်သည်။ သူတို့သည် ကြိုမပြင်ထားမိကြပေ။ သို့ဖြစ်၍ ထိုသူများနောက်သို့ လိုက်လံရမည်လား သို့တည်းမဟုတ် သူတို့ကိုယ်ပိုင်ကိစ္စများကို လုပ်ရမည်လား မရေမရာ ဖြစ်ကုန်သည်။ သို့သော သူတို့ မတုန့်ပြန်နိုင်ခင်မှာပင် လမ်းမှန်တာအိုကျင့်ကြံသူများသည် မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ကြလေပြီ။

သခင်ကြီးကျိနစ်ယင်က ဤသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲတွင် ထူးခြားသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။ ချောင်းတချက်ဟန့်ကာ သူက အားပါးတရ ပြုံး၍ ပြောသည်။

“အစ်ကိုချင်း…အစ်ကိုမန်…ကျုပ်တို့ ဆေးလုံးသန့်စင်ဖို့အတွက် အရင်ဆုံး စိတ်ဝိညာဉ်ဆေးပင် အချို့ကို အရင်ဆုံး သွားခူးလိုက်ဦးမယ်။ ကျုပ်တို့ ချောက်နက်ဝင်ပေါက်မှာ ပြန်ဆုံကြတာပေါ့…”

ထိုသို့ ပြောပြီးနောက်မှာ သခင်ကြီးကျိနစ်ယင်သည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အနက်ရောင်မြူထုတစ်ခုကို ထုတ်လွှတ်သည်။ ထိုမြူနှင့် ဝူချောင်ကို ရစ်သိုင်းပြီးနောက်မှာ သူတို့သည် လေအေးတချက် ဝေ့ခတ်ခြင်းနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။

မန်ဟုဇီ၏ အမူအရာသည် တင်းမာသွားသည်။ အဘိုးအိုကျင်းကမူ စဉ်းစားနေသည့်ဟန်နှင့် မျက်မှောင်ကြုတ်နေသည်။

“ကျိနစ်ယင်ကတော့ အမြန် ထွက်သွားပြီ။ ကြည့်ရတာ သူ့လှုပ်ရှားမှု ပညာရပ်က တိုးတက်လာတဲ့ ပုံပဲ။ ရောင်းရင်းချင်း…ခင်ဗျား အားတယ်ဆိုရင် ကျုပ်နဲ့အတူ မူလသစ်သီးကို သွားခူးမလား။ ကျုပ်တို့နှစ်ယောက် ခွန်အားနဲ့ဆို အဲ့စိတ်ဝိညာဉ်သစ်ပင်ကို စောင့်ကြပ်နေတဲ့ နတ်ဆိုးသားရဲတွေကို ရင်ဆိုင်နိုင်ဖို့ အများကြီး ပိုသေချာသွားပြီ။ အချိန်ကျလာရင် ကျုပ်က ခင်ဗျားကို ဝေစုခွဲပေးမှာပါ။ ခင်ဗျားလည်း အသက်ကြီးနေပြီ၊ ဒီသစ်သီးက ခင်ဗျားရဲ့ သက်တမ်းကို အများကြီး ပိုတိုးတက်စေလိမ့်မယ်…”

မန်ဟုဇီသည် စဉ်းစားနေသော ပညာရှိအဘိုးအိုကို ထိုသို့ ပြောလိုက်သည်။

ပညာရှိအိုချင်းယီသည် ထိုစကားကို ကြားသည့်အခါ စစချင်းတော့ သူ မင်သက်သွားသေးသည်။ ခဏအကြာတွင် သူသည် အားနာသည့်ဟန်ဖြင့် ပြောလာသည်။

“အစ်ကိုမန်…ကျုပ် တောင်းပန်ပါတယ်။ ကျုပ်မှာ အရေးတကြီး လုပ်စရာ ကိစ္စတချို့ ရှိနေလို့ ခင်ဗျားကို အဖော်မပြုပေးနိုင်တော့ဘူး။ ကျုပ်တို့ ချောက်နက်ဝင်ပေါက်မှာ ထပ်တွေ့ကြတာပေါ့…”

ထိုသို့ ပြောကာ သူသည် လက်နှစ်ဖက်ဆုပ်၍ တောင်းပန်သည်။ ယင်းနောက်မှာတော့ သူ ပျံသန်းထွက်လာ၏။ မန်ဟုဇီသည် မျက်နှာပျက်သွားသည်။

“ဟက်…ဒီကျွန်းအရှင်က မူလသစ်သီးတချို့ ရဖို့အတွက် မင်းတို့ရဲ့ အကူအညီ လိုအပ်တယ်လို့ တကယ်ကြီး ထင်နေတာလား။ ကျုပ်တို့ အတွင်းပိုင်းခန်းမထဲ ရောက်မှ မင်းတို့နှစ်ယောက် ဘာလုပ်မလဲ ကျုပ် ကြည့်အုံးမယ်…”

မန်ဟုဇီသည် တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ကာ ခြေဆောင့်၍ ကောင်းကင်ထက်သို့ ဦးတည်တက်သွားသည်။ ထို့နောက်တွင်မူ အဝါရောင်အလင်းလင်းလက်ကာ သူသည် ပျောက်ကွယ်သွားတော့သည်။

ဟန်လိသည် အရိုးသခင်၏ တိမ်တိုက်နောက်သို့ လိုက်လံလာတာ လေးနာရီလောက် ရှိလာခဲ့ပေပြီ။ သူတို့အောက်ဘက်ရှိ ကုန်းမြေသည် မြက်ခင်းပြင် ဟုတ်မနေတော့ပေ။

မိုးပြာအလင်းတန်းတစ်ခု၏ အော်ရာ ခြုံလွှမ်းထားလျက် ဟန်လိသည် စကားလှမ်းဆိုသည်။

“ခင်ဗျားပြောတဲ့ နေရာက အတော်လေး ဝေးလှပါလား။ ကျုပ်တို့ ဒီထက်သာ ထပ်ပြီး ပိုပျံသန်းမယ်ဆို ဒီလောကရဲ့ အဆုံးထိတောင် ရောက်သွားလိမ့်မယ်လို့ ကျုပ် ထင်တယ်…”

အရိုးသခင်သည် ပြန်ပြောလာသည်။

“ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းဟာ လွယ်ကူတဲ့ တည်နေရာမှာ တွေ့နိုင်လိမ့်မယ်လို့ မင်း ထင်ထားတာလား။ ဒီဟာကို ရဖို့ မခက်ဘူးဆို ငါတို့တောင် ရနိုင်ဖို့ အခွင့်အရေး မရှိဘူး။ ကောင်လေး…မင်းက ကြီးမားတဲ့ အကျိုးအမြတ် ရချင်တယ်ဆို အရင်ဆုံး စိတ်ရှည်တတ်အောင် သင်ယူထားသင့်တယ်…”

ဟန်လိသည် သင်ခန်းစာပေးသည့် လေသံဖြင့် ပြောလာတာကို ကြားသည့်အခါ သူ၏မျက်လုံးသည် အေးစက်စွာ တောက်ပသွားလေသည်။ သို့သော် သူက ဆိတ်ဆိတ်သာ နေသည်။ တကယ်တော့ ထိုလူအိုကြီးသည် အတွေ့အကြုံများစွာ ရှိလှကာ ယခုကဲ့သို့ လေသံနှင့် ပြောဖို့ အရည်အချည်း ပြည့်မီပေသည်။ သူသည် နည်းနည်းတော့ မပျော်မရွှင် ဖြစ်သွားသော်လည်း အကျိုးမရှိသော စကားများဖြင့် လေကုန်ခံနေမည်တော့ မဟုတ်ပါ။

သို့ပေမည့် ပန်းတိုင်ကို မမြင်ရဘဲ အချိန်ကြာမြင့်စွာ ပျံသန်းလာရခြင်းသည် ဟန်လိကို စိတ်အဆင်မပြေ ဖြစ်စေသည်။ သူသည် ထိုမိစ္ဆာအိုကြီးအပေါ် ပို၍ ဒေါသထွက်လာမိသည်။ သူက ထိုသူ၏ သားကောင် ဖြစ်သွားမလားအပေါ်လည်း စိုးရိမ်မိလာသည်။

သူတို့ကြား မဟာမိတ်ပြုထားခြင်းမှာ လုံးဝ မခိုင်မာလှပေ။ ဟန်လိသည် အတိတ်တုန်းက အကြောင်းရင်းတစ်ခုမျှ မရှိဘဲ ထိုအရိုးသခင်သည် ထွက်ပြေးသွားခဲ့တာ ဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။ သူသည်စိတ်ဝိညာဉ်ဆေးပင်များကို ရှာချင်နေခဲ့၏။ သူ ဖြတ်သန်းလာစဉ် လမ်းတစ်လျှောက်မှာ စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသော တောင်တန်းတချို့ကို မြင်ခဲ့ရသည်။ ယင်းတောင်တန်းများ၏ စိတ်ဝိညာဉ်သိပ်သည်းမှုကို သူ ရှင်းလင်းစွာ အာရုံခံမိပေသည်။ ထိုတောင်များပေါ်ရှိ စိတ်ဝိညာဉ်ဆေးပင်များသည် အလွန်အမင်းရှားပါးလှမှာ သေချာ၏။

ဟန်လိသည် အရင်တုန်းက ကောင်းကင်လေဟာနယ်ခန်းသို့ လာခဲ့သော ခရီးစဉ်တွင် ထိုအရိုးသခင်သည် မည်သည့်အတွက်ကြောင့်များ သည်စိတ်ဝိညာဉ်ဆေးပင်များကို လစ်လျူရှုခဲ့သလဲအပေါ် အတော်လေး သံသယ ဖြစ်နေမိသည်။

အရိုးသခင်သည် ဟန်လိသည် သံသယဝင်နေ၍လော၊ သို့မဟုတ် စိတ်အလိုမကျ ဖြစ်နေ၍ ငြိမ်သက်နေသည်လော မသေချာသော်လည်း သူက တိုင်းတိုင်းဆဆ လေသံဖြင့် ပြောလာသည်။

“ငါ ဒီကို နှစ်ကြိမ် ရောက်ဖူးတယ်။ ငါ ဒီကို ပထမဆုံးအကြိမ် ရောက်လာတုန်းကတော့ ကံကောင်းစွာနဲ့ ရွက်လွှာကိုးခုဂျင်ဆင်းကို ရှာတွေ့ခဲ့တယ်။ အဲ့အချိန်တုန်းက ငါဟာ ဓားဆူးတောင်သားရဲ တစ်ကောင်နောက်ကို လိုက်လံနေရင်း ဒီဂျင်ဆင်းပင်ကို တွေ့ခဲ့တာပဲ။ တကယ်တော့ ဒီအင်မောတယ်အမယ်တွေဟာ ဒီနေရာမှာ မပေါ်လာသင့်ဘူးလို့ ဆိုနိုင်တယ်…”

“ငါ့အထင်တော့ ဒီစိတ်ဝိညာဉ်ဂျင်ဆင်းဟာ ဒီတစ်ဝက်တစ်ပျက် ချိပ်ပိတ်ခံထားရတဲ့ လောကမှာ သိပ်သည်းလှတဲ့ စိတ်ဝိညာဉ်ချီတွေကြောင့် နှစ်ပေါင်းများစွာ ကြာလာတဲ့နောက်မှာ ကောင်းကင်နဲ့မြေကြီးကနေ အမှတ်မထင် ဖြစ်ထွန်းလာခဲ့ပုံပဲ။ ဒါက ရှေးဟောင်းကျင့်ကြံသူတွေ မျှော်လင့်ထားမဲ့ အရာ မဟုတ်လောက်ဘူး။ ဟားဟား…ခုတော့ မင်းအတွက်ကျတော့ အဆင်သင့် ဖြစ်သွားတာပေါ့လေ…”

အရိုးသခင်၏ နောက်ဆုံးစကားများတွင် မနာလိုမှုနှင့် နှမြောတသမှုတို့ ပါဝင်နေပေသည်။

“ဒီလိုကို…”

ဟန်လိသည် သံသယရှိနေဆဲ၊ ထိုသူ့အပေါ် စောင့်ကြည့်နေဆဲ ဖြစ်သော်လည်း အများကြီးတော့ ပိုစိတ်သက်သာသွားသည်။

သူတို့နှစ်ယောက်သည် အချိန်တခု ကြာသည့်အထိ ဆက်၍ ပျံသန်းလာခဲ့သည်။ ယင်းနောက်မှာတော့ အနက်ရောင်တိမ်တိုက် (ဝါ) အရိုးသခင်သည် ရုတ်တရက် ရပ်သည်။

အရိုးသခင်သည် အောက်သို့ ငုံ့ကြည့်သည်။ သူသည် ဖြည်းဖြည်းမှန်မှန်လေသံဖြင့် ပြောသည်။

“ကျုပ်တို့ ရောက်ပြီ။ ဒါပေမဲ့လည်း မင်း မပေါ့နဲ့။ ရွက်လွှာကိုးခုဝိညာဉ်ဂျင်ဆင်းဟာ အင်မတန် အာရုံခံစားနိုင်မှု ကောင်းတယ်။ တခုခု မူမမှန်ဘူးလို့ ခံစားမိတာနဲ့ ဒီအပင်ဟာ တောင်တန်းတွေကြား တူးဆွပြီး ပျောက်ကွယ်သွားလိမ့်မယ်။ မင်း မလှုပ်ရှားခင် သေချာတော့ စဉ်းစား။ မဟုတ်ရင် ကျုပ်တို့ လက်ဗလာနဲ့ လှည့်ပြန်ရလိမ့်မယ်…”

“ဒီနေရာဆိုတာ စီနီယာ သေချာရဲ့လား။ ဒီမှာ စိတ်ဝိညာဉ်အရာဝတ္ထုတစ်ခု ရှိနေတာလား…”

ဟန်လိသည် အောက်ဘက်သို့ ငုံ့ကြည့်သည်။ သူ့အမူအရာမှာ တမျိုးတမည် ဖြစ်သွားသည်။

သူတို့နှစ်ယောက်အောက်တွင် မထင်မရှား တောင်ငယ်တစ်ခုသာ ရှိလို့နေသည်။ ၎င်းတောင်မှာ တောင်ကတုံး ဖြစ်နေရုံသာမက စိတ်ဝိညာဉ်ချီလည်း ကျဲပါးလှသည်။ ၎င်းပတ်လည်တွင်တော့ တောင်တန်းကြီးများနှင့် ထိစပ်မှု ရှိ၏။

ဟန်လိသည် ထိုကဲ့သို့သော တောင်၌ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်း ရှိနေမည့်အပေါ် ယုံကြည်ရ ခက်နေသည်။

အရိုးသခင်၏ တိမ်တိုက်နက်သည် တဖြည်းဖြည်း ပြန့်ကျဲကာ သူ၏ခန္ဓာကိုယ် လှစ်ဟပေါ်လာသည်။ သူက ဟန်လိကို ဆန်းကြယ်သည့်အပြုံးဖြင့် လှမ်းပြောသည်။

“ဟားဟား…ကောင်လေး…မင်းက တော့်တော့်ကို အံ့အားသင့် လွယ်တာကို။ ကျုပ်လည်း ဒီရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းကို မျက်လုံးနဲ့ မမြင်ခဲ့ရချိန်တုန်းကတော့ အံ့အားသင့်ခဲ့တာပဲ။ ဒါပေမဲ့ ဒီတောင်ဟာ ဒီဂျင်ဆင်း ရှိနေတဲ့ နေရာ အမှန်ပဲ…”

အရိုးသခင်သည် ထိုသို့ ပြောနေစဉ် ဟန်လိသည် ငြိမ်သက်နေသည်။ သူသည် အောက်ဘက်သို့သာ ငုံ့ကြည့်နေ၏။

အရိုးသခင်သည် ဟန်လိကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။ သူလည်း အောက်ဘက်သို့ လှမ်းကြည့်သည်။ သူ၏မျက်လုံးထဲတွင် သွေးအလင်း ရုတ်တရက် လင်းလက်သွားသည်။ သည့်အတွက် ဟန်လိမှာ မင်သက်သွားရ၏။

All Chapters