သတ်ဖို့
Vol. 63 Ch. 828
တာအိုရသေ့များမှာ ချင်မူ့အပြုံးထဲတွင် နစ်မျောသွားကြကာ ခင်မင်မိသွားကြသည်။ သူတို့က တာအိုနန်းတော်ဆီသို့ လက်ညှိုးထိုးပြပြီး ပြော၏။ “ကောင်းကင်နတ်ဘုံက သံတမန်တွေ တာအိုနန်းတော်ထဲမှာ ရှိတယ်... သူတို့အဆင့်အတန်းတွေက မြင့်တော့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ဧည့်ခံနေပါတယ်”
ချင်မူ ကျေးဇူးတင်စကား ဆိုပြီး စက်ဝန်းသဏ္ဍာန်စင်မြင့်ထက်ရှိ မြေပုံဆီသို့ ကြည့်လိုက်ရင်း သူ့နှလုံးသားအား ဖြစ်ညှစ်နေသလို ခံစားနေရ၏။ “ဒီဝင်္ကပါမြေပုံက နက္ခတ်တာရာတွေရဲ့ လမ်းကြောင်းတွေအတွက် ခင်းကျင်းထားတဲ့ မြေပုံပဲ... နက္ခတ်တာရာသဘာဝတစ်မျိုးစီ ဥပမာ နေ၊ လတို့အတွက် သုံးတဲ့ ဝင်္ကပါက သေချာပေါက် အများကြီး ပိုရှုပ်ထွေးလိမ့်မယ်... ကြယ်လမ်းကြောင်းတစ်လမ်းနှင့်တစ်လမ်း ခြားနားသလို၊ ကြယ်တစ်ခုနှင့်တစ်ခု စွမ်းအားလည်း ကွဲပြားတာမလို့ ဝင်္ကပါတွေဟာ တူညီမှာမဟုတ်ဘူး... နောင်တော်တို့က အတော်လေး အလုပ်ကြိုးစားနေကြတာပဲ... အမှန်တိုင်းဝန်ခံရရင် ကျွန်တော်က သင်္ချာကျွမ်းကျင်ပါတယ်.. ဒါကြောင့် ပြဿနာတချို့ ရှိနေရင် ကူဖြေရှင်းပေးနိုင်ပါတယ်”
တာအိုရသေ့တစ်ပါးက ခေါင်းယမ်းသည်။ “ကြယ်တွေရဲ့ ဝင်္ကပါကို ခင်းထားပြီးပါပြီ.. ပြန်ဒီဇိုင်းဆွဲစရာ မလိုတော့ဘူး... ကောင်းကင်မြေပုံကို တွက်ချက်ပြီး အပေါက်တွေ ပြန်ဖာဖို့ပဲ လိုတယ်”
တာအိုရသေ့တစ်ယောက်က ခေါင်းယမ်းကာ ပြောသည်။ “မင်း စောစောက သေချာမကြားလိုက်ဘူးမလား.... ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေက ကောင်းကင်မြေပုံကို ပြန်ရေးဆွဲဖို့ လုပ်နေကြတယ်... အထဲမှာ ကောင်းကင်နတ်သိုင်းလည်း ထည့်မယ်ဆိုပဲ”
“အဲဒီလိုလား”
ထိုတာအိုရသေ့သည် အပြုံးတစ်ခုဖြင့် ပြော၏။ “အဲဒါကြောင့် တာအိုကျောင်းတော်က နောင်တော်တွေ ခေါင်းမဖော်နိုင်အောင် အလုပ်များနေကြတာကိုး... ကောင်းကင်မြေပုံထဲက ဝင်္ကပါတွေကို ပြန်ရေးဆွဲနေတာ ဖြစ်နေတာပဲ”
နောက်တစ်ပါးက ပြုံးလိုက်ပြီး ဝင်ပြောသည်။ “ငါ ဂိုဏ်းခေါင်းဆောင်ကို မေးကြည့်တော့ နက္ခတ်တာရာကောင်းကင်နတ်သိုင်းကို ကောင်းကင်မြေပုံထဲ ထည့်သွင်းမယ်တဲ့... အဲဒါမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာလို တိုင်းပြည်တွေ၊ အောက်ဘုံသားတွေ ပုန်ကန်တဲ့အခါ နတ်မင်းလေးပါးဆီက အကူအညီတောင်းနေစရာ မလိုတော့ဘဲ ကောင်းကင်မြေပုံကို အသက်သွင်းလိုက်တာနဲ့ ကပ်ဘေးတွေ အလိုလိုစေလွှတ်နိုင်သွားမှာတဲ့လေ... ကောင်းကင်နတ်ဘုံအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာလို တိုင်းပြည်လေးကို ခေါင်းထဲ ထည့်မနေပေမယ့် တစ်ခါတည်း ဇယားရှင်းတော့ အေးတာပဲမဟုတ်လား... ခဏခဏ ရှင်းနေရရင် အလုပ်ရှုပ်တယ်.... ကောင်းကင်မြေပုံ ဖန်တီးလိုက်တာက အတော်လေး အချိန်ကုန်သက်သာမှာ”
“ဒီတစ်ခေါက် ကောင်းကင်နတ်ဘုံသားတွေ အများကြီး ဆင်းလာတာ အံ့ဩစရာမရှိဘူးပဲ... အတော်များများ ကြည့်ရတာ ကြယ်အရှင်သခင်တွေလက်အောက်က တပည့်တွေ ဖြစ်ပုံရတယ်”
“သူတို့တင်မဟုတ်ဘူး... နတ်မင်းလေးပါးရဲ့ တပည့်တွေလည်း ဒီမှာ ရောက်နေတယ်... အကုန်လုံး တာအိုကျောင်းတော်ထဲမှာ ငါတို့နောင်တော်၊ အစ်မတော်တွေကို နက္ခတ်တာရာဝင်္ကပါ ပြန်ရေးဆွဲဖို့ ညွှန်ကြားနေကြတယ်”
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူ့မှာ ဓားဆွဲထုတ်၍ ဤတာအိုရသေ့များကို ခေါင်းဖြတ်သတ်ပစ်ချင်လာ၏။
‘ကောင်းကင်မြေပုံမှာ ကောင်းကင်နတ်သိုင်း ထည့်မယ့် လုပ်ရပ်က တော်တော် ယုတ်မာတာပဲ... ကောင်းကင်မြေပုံ ပြီးမြောက်သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာတင် မကဘူး... နောက်ပေါ်ထွန်းလာမယ့် ခေတ်တွေအားလုံး ပုန်ကန်နိုင်တဲ့ အင်အားမရှိတော့ဘဲ သူတို့လက်ထဲက ရုပ်သေးရုပ်တွေ ဖြစ်ကုန်လိမ့်မယ်... နောက်ကွယ်က ကြိုးကိုင်နေတာက ကောင်းကင်နတ်ဘုံသားတွေဆိုတော့ ဒီတာအိုရသေ့တွေကို သတ်နေလည်း အလကားပဲ’
ချင်မူ ဤနေရာအထိ တွေးပြီးသည့်အခါ မေးလိုက်သည်။ “နောင်တော်တို့၊ တာအိုကျောင်းတော်က ဘယ်မှာရှိလဲ”
တာအိုရသေ့အိုတစ်ယောက်က လက်ညှိုးထိုးပြသည်။ “တာအိုကျောင်းတော်က တာအိုနန်းတော်အရှေ့မှာ ရှိတယ်.... သံတမန်တွေက တာအိုနန်းတော်ထဲမှာ... လက်အောက်ငယ်သားတွေက တာအိုကျောင်းတော်မှာ”
ချင်မူ ကျေးဇူးတင်၍ တာအိုသခင်လင်းရွှမ်ဆီသို့ တစ်ချက်ကြည့်လိုက်၏။ နှစ်ယောက်သား ဤနေရာမှ ထွက်ခွာလာကြပြီး တာအိုသခင်လင်းရွှမ်က မေးသည်။ “ဂိုဏ်းခေါင်းဆောင်၊ ဘာလုပ်ဖို့ ကြံနေတာလဲ”
ချင်မူက တောင်အပေါ်ရှိ တာအိုကျောင်းတော်ထံ မော့ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “သတ်ဖို့”
တာအိုသခင်လင်းရွှမ် အတန်ကြာ တိတ်ဆိတ်သွားသည်။ “ငါတို့ ချင်းယွင်ဂိုဏ်းခေါင်းဆောင်နဲ့ မတွေ့ရသေးဘူး... မင်း တန်းသတ်တော့မှာလား”
ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “မင်းက ချင်းယွင်ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ချင်သေးတာလား”
တာအိုသခင်လင်းရွှမ်သည် ခေါင်းခါ၍ ခံစားချက်မဲ့စွာ ပြော၏။ “အစတုန်းက တွေ့ချင်ခဲ့မိတယ်... အခု ကောင်းကင်မြေပုံကို မြင်ပြီး မတွေ့ချင်တော့ဘူး”
နှလုံးသားတစ်ခု သေဆုံးသွားခြင်းထက် ပို၍ ဝမ်းနည်းဖွယ်ကောင်းသည့်အရာ မရှိပေ။ လင်းရွှမ်မှာ တစ်ဂိုဏ်းတည်းသားများဖြင့် တွေ့ဆုံရန် မျှော်လင့်ခဲ့သော်လည်း ကောင်းကင်မြေပုံကို မြင်တွေ့ပြီးနောက် သူ၏တာအိုနှလုံးသားမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြန်သည်။
လင်းရွှမ်က ခံစားချက်များကို တည်ငြိမ်စေပြီး ပြောသည်။ “မင်း ကောင်းကင်နတ်ဘုံသားတွေကို သတ်ရင် ချင်းယွင်ကောင်းကင်ဘုံကနေ ပြန်ထွက်နိုင်မှာမဟုတ်ဘူး”
“ဒီလူတွေ ကောင်းကင်မြေပုံကို ဖန်တီးပြီးတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဖြစ်ဖြစ်၊ ကမ္ဘာဦးဘုံဖြစ်ဖြစ် သူတို့စေလိုရာစေ၊ သေလိုရာသေ ရမယ့် သတ္တဝါတွေ ဖြစ်ကုန်လိမ့်မယ်... သူတို့လက်ထဲ ရောက်သွားရင် ငါတို့အတွက် လွတ်လမ်းမရှိတော့ဘူး”
ချင်မူ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါတို့ တိုင်းတာခဲ့တုန်းက ကောင်းကင်က မိုင်တစ်သိန်း မြင့်ပြီး ကိုက်တစ်ထောင်ထူတယ်... အဲဒါကြောင့်ပဲ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ကြတယ်... ကောင်းကင်မဟာမိတ်အဖွဲ့ တည်ရှိနေတာက ကောင်းကင်ကို ပြောင်းပြန်လှန်ပစ်ဖို့ပဲ မဟုတ်လား... အခု အခွင့်အရေးက ငါတို့မျက်စိရှေ့တည့်တည့်မှာ ရှိနေပြီ... ငါတို့အသက်အန္တရာယ်ကိုတော့ ဘေးပို့ထားကြစို့... လုပ်သင့်တာ လုပ်ပြီးမှ ပြောကြမယ်”
ချင်မူ၏ သူရဲကောင်းဆန်မှုက လင်းရွှမ်ဆီသို့ ကူးစက်လာသဖြင့် လင်းရွှမ်သည် ပြုံးလိုက်၏။ “ဂိုဏ်းသခင်ချင်၊ မင်းနဲ့ငါက မိတ်ဆွေတွေ ဆိုပေမယ့် ငါ မင်းကို အမြဲ ဘဝင်မကျ ဖြစ်ခဲ့တယ်.. မင်းက မိစ္ဆာလမ်းစဉ်ဘက်တော်သားလို့ မြင်ခဲ့မိတယ်... ဒါပေမဲ့ မင်းကို ဘာကြောင့် အများကြီးလေးစားမိမှန်း ငါ့ကိုယ်ငါ နားမလည်ဘူး... မင်းလို အကျိုးဆက်တွေ မစဉ်းစားဘဲ၊ တွေးပူမနေဘဲ လုပ်ချင်တာ လုပ်နိုင်ဖို့တောင် စိတ်ကူးယဉ်ဖူးတယ်”
ချင်မူ ကျယ်လောင်စွာ ရယ်လိုက်မိသည်။ “တာအိုသခင်လင်းရွှမ်က သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်အပေါ် အစွဲရှိနေတုန်းလား”
လင်းရွှမ် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတော့ ငါ့အတွက် ပြောင်းလဲနိုင်ဖို့ ခက်တယ်... ဒါပေမဲ့ ဂိုဏ်းသခင်ချင်နဲ့ တွေ့ပြီးနောက်ပိုင်း သမာသမတ်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ်တွေကို သိပ်အရေးမထားတော့ပါဘူး... ဂိုဏ်းသခင်ရဲ့ လုပ်ရပ်တွေက ထူးဆန်းတယ် မြင်ပေမယ့် မင်းမှာ မွေးကင်းစကလေးတစ်ယောက်ရဲ့ စိတ်နှလုံးမျိုး ရှိတာကိုလည်း မြင်ရတယ်... အဲဒါကြောင့် သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်အပေါ် အစွဲလည်း ပိုလို့တောင် လျော့ကျသွားပါတယ်... ကြုံတွေ့ဖန်များလာတဲ့အခါ မင်းရဲ့အပြူအမူတွေ၊ မင်းရဲ့လုပ်ပုံကိုင်ပုံတွေကို ငါ မရှုံ့ချနိုင်တော့ပါဘူး”
ချင်မူ ချီးကျူးလိုက်၏။ “အရင်တာအိုသခင်ကြီး မင်းကို တာအိုသခင်အသစ်အဖြစ် ရွေးချယ်ခဲ့တာ အမှန်တကယ် အမြော်အမြင်ကြီးတာပဲ”
“ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် မင်းကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်အဖြစ် ရွေးချယ်ခဲ့တာကလည်း အမှန်တကယ် အမြော်အမြင်ကြီးပါတယ်”
နှစ်ယောက်လုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး စကားတပြောပြောဖြင့် ကျောက်လှေထားထစ်များအတိုင်း တက်သွားကြသည်။
ဤသို့ဖြင့် တာအိုကျောင်းတော်ဆီသို့ ရောက်မှန်းမသိ ရောက်လာခဲ့၏။ တာအိုကျောင်းတော်ထဲတွင် နန်းဆောင်များ အထပ်ထပ် ရှိနေသည်။ ထိုစဉ် တာအိုရသေ့အိုများက ပျာတီးပျာတာ ထွက်လာကြကာ အော်ဟစ်နေကြသည်။ “သူခိုး၊ သူခိုး.. မြစိမ်းဆိတ်ခန်းမ အခိုးခံလိုက်ရတယ်... ရတနာတွေ အများကြီး ပါသွားပြီ”
ချင်မူ ခြေလှမ်းများကို ရပ်၍ တာအိုရသေ့တစ်ယောက်အား မေးလိုက်သည်။ “ရသေ့ကြီး၊ ချင်းယွင်ကောင်းကင်ဘုံမှာ သူခိုး ရောက်နေတာလား”
ထိုတာအိုရသေ့အိုကြီးက ခေါင်းညိတ်ပြသည်။ “ဘာတွေဖြစ်သွားမှန်း မသိလိုက်ပေမယ့် သူခိုးက ငါတို့ရဲ့ နံရံဖြတ်လျှောက်အတတ်ကို ကျင့်ထားတဲ့ပုံပဲ... မြစိမ်းဆိတ်ခန်းမရဲ့ အတားအဆီးအစီအရင်တွေအားလုံး ခြေရာလက်ရာတောင် မပျက်ဘူး၊ ရတနာတစ်ခုမကျန် အခိုးခံလိုက်ရတယ်... အဝတ်အစားတွေ အချွတ်ခံထားရပြီး သစ်ပင်ကနေ တွဲလောင်းကျနေတဲ့ တာအိုရသေ့တွေတောင် ရှိသေးတယ်... သူတို့ရဲ့ ရွှေနဂါးကြိုးနဲ့သူတို့ ပြန်တုပ်ခံထားရလို့ မရုန်းထွက်နိုင်ကြဘူး... ဒီသူခိုးက ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲ ဖြစ်ရမယ်”
ချင်မူမှာ မှင်သက်သွားတော့သည်။
ရုတ်တရက် ထိုတာအိုရသေ့အိုကြီးသည် ပြန်လှည့်လာကာ သူတို့ကို အကဲခတ်ပြီးနောက် သတိအနေအထားဖြင့် မေးလေ၏။ “မင်းတို့မျက်နှာတွေက စိမ်းနေတယ်... ဘယ်က လာတာလဲ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ချင်မူပါ... ဒီဖက်က လူကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းရဲ့ တာအိုသခင်ပါ... ချင်းယွင်ဂိုဏ်းက တာအိုဂိုဏ်းခွဲတစ်ခုဆိုတာ ကြားလို့ အလည်လာတာပါဗျ”
တာအိုရသေ့အိုကြီးသည် သူတို့ကို ဘယ်မှတစ်ချက်၊ ညာမှတစ်ချက် ကြည့်ပြီးနောက် နှစ်ပတ်ပတ်ကြည့်၏။ သူက သရော်တော်တော် ပြောတော့သည်။ “ဒီတော့ မင်းတို့က ချမ်းသာဖို့ ဒီကို ရောက်လာတဲ့ တောရွာက သူဖုန်းစားတွေပေါ့.... မင်းတို့ကြည့်ရတာ ဘာအစွမ်းအစမှ မရှိတဲ့ပုံပဲ”
ချင်မူက ပြုံးနေပြီး မည်သည်ကိုမျှ ပြန်မပြောဖြစ်ပေ။
ထို့နောက် တာအိုရသေ့အိုကြီးက အလျင်အမြန် ထွက်သွား၍ ချင်မူ ကြောင်သွားသည်။ သူ သူ့ခါးကို ကပျာကယာ ထိကြည့်လိုက်သည့်အခါ မျက်နှာအမူအရာ အကြီးအကျယ် ပျက်သွားတော့၏။ ထိုတာအိုရသေ့ကြီးနောက် လိုက်ရန် ပြင်လိုက်သော်လည်း အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ချင်မူမှာ ရပ်လိုက်ပြီး မျက်လုံးထောင့်စွန်းများ တွန့်နေတော့သည်။
တာအိုသခင်လင်းရွှမ်က အူကြောင်ကြောင်ဖြင့် မေးသည်။ “ဘာဖြစ်လို့လဲ ဂိုဏ်းသခင်ချင်”
“ငါ့ထောင်ကျယ်အိတ်တစ်အိတ် ပျောက်သွားတယ်”
ချင်မူ့မျက်နှာသည် စိမ်းပုပ်နေပြီး သူက အံတင်းတင်းကြိတ်နေ၏။ “စောစောက ရသေ့ကြီး ခိုးသွားတာ”
လင်းရွှမ်မှာ အလန့်တကြား ထခုန်ကာ မေးသည်။ “ဒါက ကမ္ဘာဦးဘုံရဲ့ နတ်ဘုရားတစ်ပိုင်း လုပ်နိုင်တဲ့ အရာမျိုး မဟုတ်လောက်ဘူး... ဂိုဏ်းသခင်ရဲ့ အဘိုးတစ်ယောက်ပဲ အဲဒီလိုခိုးတတ်တာ မဟုတ်လား... ဒါပေမဲ့ အဲဒီတာအိုရသေ့အိုကြီးက ဂိုဏ်းသခင်ရဲ့ အဘိုးနဲ့လည်း မတူပါလား... နေဦး ငါလည်း တစ်ခုခုပျောက်သွားသလိုပဲ”
တာအိုရသေ့ချာလည်း သူ့ကိုယ်သူ ထိကြည့်ပြီး တအံ့တဩ ထအော်သည်။ “ငါ့ဒေါက်ချာထဲက ခက်ရင်းခွလည်း မရှိတော့ဘူး”
“ကျွန်တော့်စွမ်းအင်ဆေးလုံးတွေလည်း အများကြီး လျော့သွားပြီ” နဂါးချီလင်က အမျိုးတစ်ယောက် သေသွားသလို အော်ငိုနေသည်။
ရေချီလင်၏အမူအရာ ပြောင်းလဲသွားကာ သူ့စွမ်းအင်ဆေးလုံးများကို ကပျာကယာ စစ်ကြည့်လိုက်သော်လည်း ရှိနေသေးလေသည်။ ရုတ်တရက် သူ သတိဝင်သွားသည်။ “ငါ့သခင် ဘယ်ရောက်သွားလဲ... ငါ့ကျောပေါ်မှာ ရှိနေတာကနေ ဘယ်ရောက်သွားတာတုန်း”
အားလုံး ကမန်းကတန်း လှည့်ကြည့်လိုက်သည့်အခါ ရေချီလင်၏ ကျောပေါ်၌ ရှိနေခဲ့သော ကောင်းကင်နတ်အရှင်ယွီ ပျောက်ချင်းမလှ ပျောက်သွားကြောင်း တွေ့လိုက်ရသည်။
ဘယ်အချိန်က ကောင်းကင်နတ်အရှင်ယွီ ပျောက်သွားသနည်း။
သူတို့တစ်ယောက်မှ သတိမထားမိခဲ့ပေ။
အားလုံး တုန်လှုပ်နေကြသည်။
ချင်မူ သေသေချာချာ တွေးကြည့်ပြီး စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက သရော်တော်တော် ပြောလေသည်။ “အဲဒီ သူခိုးအိုကြီး တစ်ခါထရင် ဘယ်တော့မှ လက်ဗလာနဲ့ မပြန်ဘူး... သူက မကြာခဏ ခိုးလေ့ရှိတော့ သူ့မျက်နှာအစစ်ကို ဘယ်တော့မှ မပြတတ်ဘူး... သူ့ရုပ်ပြောင်းရုပ်လွှဲအတတ်ကလည်း အဆင့်မြင့်တယ်.. အရိုးတွေကိုတောင် ပြောင်းလဲနိုင်ပြီး မျက်နှာ၊ အရပ်အမောင်း၊ ကိုယ်အလေးချိန် ပြောင်းနိုင်တယ်... ငါ သူ့ကို သင်ပေးခဲ့တဲ့ ဖန်ဆင်းကျင့်စဉ်အရဆို မိန်းမအဖြစ် ပြောင်းပြီး ငါ့အရှေ့မှာ ရပ်နေရင်တောင် ငါ သူ့ကို မှတ်မိမှာမဟုတ်ဘူး”
တာအိုသခင်လင်းရွှမ်တွင် ထူးဆန်းသော အမူအရာရှိပြီး သူက ချောင်းဟန့်သည်။ “ငါ့တာအိုဂိုဏ်းကိုလည်း ဒီဆရာကြီး ခဏခဏ လာဖူးတယ်”
“တော်တော်စိတ်ပူရအောင် လုပ်တဲ့ အဘိုးကြီးပဲ... အနှေးနဲ့အမြန် ဖမ်းမိပြီး ခြေဖြတ်ခံရတော့မှာ”
ချင်မူမှာ သူ့ကို မုန်းမရသောကြောင့် တာအိုကျောင်းတော်ဆီသို့သာ ဆက်လျှောက်သွားသည်။ “ဒီသူခိုးအိုကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာတခွင် ပြဲပြဲစင်အောင် လျှောက်ခိုးပြီး သူပဲ သူခိုးမဟုတ်သလို ဘိုးဘိုးမျက်ကန်းနဲ့အတူ နေ့တိုင်း အလှူဒါနတွေ လုပ်တတ်တယ်... အခု ကမ္ဘာဦးဘုံလည်း ပြန်ဖွင့်လာပြီတော့ သူ အပျော်ဆုံး ဖြစ်နေမှာသေချာတယ်... မြို့တော်မှာ သူ့ကို မတွေ့ခဲ့တာလည်း အံ့ဩစရာမရှိဘူး... ကြည့်ရတာ ချင်းယွင်ကောင်းကင်ဘုံက သူ့လက်ချက်မိသွားတဲ့ ပထမဆုံးနေရာ မဖြစ်နိုင်ဘူး... ဒီသူခိုးအိုကြီး အထွတ်အမြတ်မြေတွေနဲ့ ကောင်းကင်နတ်ဘုံတွေကဆီက ဘယ်လောက်တောင် ခိုးခဲ့ပြီးပြီလဲ ဘုရားပဲ သိလိမ့်မယ်... ဟုတ်သား၊ မင်း ဘာပျောက်သွားတာလဲ”
တာအိုသခင်လင်းရွှမ်၏ မျက်နှာ မည်းမှောင်သွားပြီး မည်သည်ကိုမျှ မပြောပေ။ သို့သော် သူ လမ်းလျှောက်နေသော ပုံစံကို ကြည့်ရသလောက် အတွင်းခံအခိုးခံလိုက်ခြင်း ဖြစ်လိမ့်မည်။
သူတို့ တာအိုကျောင်းတော်ထဲ ဝင်ရုံရှိသေးသည်၊ တာအိုရသေ့တစ်အုပ် ထွက်လာကာ အော်ဟစ်နေကြသည်။ “မင်းတို့တွေ ဒီတာအိုရသေ့အိုကြီးတွေကို မြင်မိသေးလား.. သူတို့လာပြီးတော့ ငါတို့တာအိုကျောင်းမှာ ပစ္စည်းတွေအများကြီး ပျောက်သွားတယ်... ကောင်းကင်နတ်ဘုံက ဧည့်သည်တွေတောင် အခိုးခံလိုက်ရတယ်”
ချင်မူက လက်ညှိုးထိုးပြလိုက်သည်။ “အဲဒီရသေ့ကြီးတွေ ဟိုဖက်ထွက်သွားတယ်”
“ကျေးဇူးပဲ”
တာအိုရသေ့များ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အုပ်လိုက်ကြီး ထွက်သွားကြသည်။ “အဲဒီတာအိုရသေ့တွေကို လိုက်ရှာကြ... ထွက်မပြေးနိုင်အောင် ခြေထောက်တွေ ရိုက်ချိုးပစ်ရမယ်”
“အဲဒီတာအိုရသေ့ကြီးတွေက ကျွန်တော်တို့ တာအိုနန်းတော်ရဲ့ ဆရာဦးလေးတွေလေ... ခြေထောက်ချိုးပစ်လို့ ဖြစ်ပါ့မလား”
“ငါတို့တာအိုကျောင်းတော်ဆီက ခိုးရဲမှတော့ ခြေထောက်ရိုက်ချိုးသင့်တာပေါ့ကွ”
...
မကြာမီ အတော်များများ တာအိုကျောင်းတော်ထဲမှ ထွက်သွားကြ၍ ထူးဆန်းသော အသွင်အပြင်ရှိသည့် နတ်ဘုရားတစ်ပိုင်းများသာ ကျန်ခဲ့ကြသည်။ သူတို့က ချင်မူတို့ဆီသို့ လှမ်းကြည့်နေကြ၏။
ချင်မူက နောက်လှည့်၍ နဂါးချီလင်နှင့် ရေချီလင်ကို တာအိုကျောင်းတော်၏ အပြင်အား စောင့်ကြည့်ခိုင်းထားပြီး ကျောင်းတံခါး ပိတ်လိုက်သည်။ သူက ဤနတ်ဘုရားတစ်ပိုင်းများကို ပြုံးပြကာ ပြောလိုက်သည်။ “လူကြီးမင်းများနဲ့ အမျိုးသမီးတို့၊ ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်ပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်လို့လည်း အသိများကြတယ်... ကျွန်တော့်ဘေးက တစ်ယောက်ကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းရဲ့ တာအိုသခင်လင်းရွှမ်ပါ... ကျွန်တော်တို့ကို ကြားဖူးကြလားဗျ”
ဤနတ်ဘုရားတစ်ပိုင်းများတွင် ရှေးဟောင်းကြယ်အရှင်သခင်အမျိုးမျိုး၏ အသွင်သဏ္ဍာန်များ ထင်ဟပ်နေကြသည်။ စနေဂြိုဟ်အရှင်သခင်၏ တပည့်များတွင် လူခေါင်း၊ မြွေခန္ဓာများ၊ အင်္ဂါဂြိုဟ်အရှင်သခင်၏ တပည့်များ၌ နွားခေါင်း၊ လူခန္ဓာ ရှိကြပြီး မဟာနေဧကရာဇ်၏တပည့်များတွင် ငှက်ခေါင်း၊ ခြေသုံးချောင်း ရှိကြသည်။ အသွင်သဏ္ဍာန်များက အသီးသီးကွဲပြားနေကြကာ လူစစ်စစ် အသွင်မရှိကြပေ။
ဤနတ်ဘုရားတစ်ပိုင်းများက ချင်မူနှင့် တာအိုသခင်လင်းရွှမ်ကို လှမ်းကြည့်သည်။ ဝံပုလွေခေါင်း၊ လူခန္ဓာနှင့် နတ်ဘုရားတစ်ပိုင်းသည် သစ်သားဝံပုလွေခွေ့ကြယ်အရှင်သခင်၏ တပည့်ဖြစ်ဟန်တူ၏။ သူက မှင်သေသေ ပြောလေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ ဟုတ်လား... တစ်ခါမှ မကြားဖူးဘူး”
ကျန်ခဲ့သည့် ချင်မူ၏ထောင်ကျယ်အိတ်ထဲမှ ဓားစက်လုံးသည် ဖြည်းဖြည်းချင်း ထွက်လာ၍ ချင်မူက အသာအယာ ဖမ်းဆုပ်လိုက်သည်။ ဓားစက်လုံးက သူ့လက်ထဲတွင် မြင်းမြီးယပ်အသွင် ပြောင်းသွားပြီး ချင်မူ့မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။ “ဒီကလူတိုင်း ကျွန်တော့်အကြောင်း ကြားရတော့မှာပါ... ဒါပေမဲ့ နောက်ဆုံးအကြိမ် ကြားရမှာလည်း ဖြစ်လိမ့်မယ်”
တာအိုသခင်လင်းရွှမ်က မြင်းမြီးယပ်ကို သိမ်း၍ ဓားထုတ်လိုက်သည်။ ဓားရောင်သည် တမုဟုတ်ချင်း ဖြာထွက်သွားပြီး ဆယ့်လေးခန်းမြောက်တာအိုဓားကွက်ကို ဖွဲ့တည်လိုက်၏။
တာအိုက ကောင်းကင်ဘုံအားလုံးရဲ့ ရင်းမြစ်မြေကို ထောက်ပံ့ပြီး သဘာဝတရားအားလုံးကို မွေးထုတ်ပေးတယ်၊ လောကကြီးတစ်ခုလုံးက မူလကို ပြန်သွားရမယ်…
တစ်ချိန်တည်းမှာပင် ချင်မူ့လက်ထဲရှိ မြင်းမြီးယပ်ကလည်း ပြန့်ကားလာသည်။ အမျှင်များက လျင်မြန်စွာ ဆန့်ထွက်သွားပြီး ပိန်သွယ်သော နဂါးပျိုများသဖွယ် ဓားမျှင်မျှင်များ ဖြစ်လာ၏။ ဓားတို့က တာအိုကျောင်းတော်၏ အတွင်းရှိ နန်းဆောင်တိုင်း၊ စင်္ကြံတိုင်း ထွင်းဖောက်သွားသည်။
မြင်းမြီးယပ်၏ အမျှင်များက ဓားသဖွယ် ပြုမူလျက် မတူညီသော ဓားကွက်များကို ထုတ်ဖော်နေသည်။
တာအိုရသေ့ချာမှာ ခက်ရင်းခွ အခိုးခံထားရသဖြင့် ဤအခြေအနေကို ပတ်ဝန်းကျင် သတိမထားမိအောင် ထိန်းသိမ်းပေးနေသည်။
တာအိုကျောင်းတော်ထဲ၌ ဒေါသတကြီး အော်ဟစ်သံများ ဆူညံနေပြီး ကြယ်တာရာအသွင်သဏ္ဍာန်များသည် တာအိုကျောင်းတော်၏အပေါ်ရှိ ကောင်းကင်ထဲသို့ မြောက်တက်သွားကြ၏။ ၎င်းတို့ မြောက်တက်သွားပြီး နဂါးငွေ့တန်းတစ်ခု ဖွဲ့တည်နိုင်တော့မည့်အချိန်တွင် သံလိုက်ဆွဲအားတစ်လှိုင်းက တရှိန်ထိုး ထွက်လာကာ နဂါးငွေ့တန်းကို မြေကြီးဆီသို့ ဆောင့်ဆွဲချလိုက်သည်။ မည်သည့်အသွင်သဏ္ဍာန်မှ တာအိုကျောင်းတော်ထဲမှ ထွက်မသွားနိုင်ကြပေ။
တခဏကြာသော် အရာအားလုံး ပြန်လည်အေးချမ်းသွားသည်။
ချင်မူက တာအိုကျောင်းတော်၏ တံခါးကို ပြန်ဖွင့်၍ လင်းရွှမ်နှင့်အတူ ထွက်လာသည်။ တာအိုရသေ့ချာက သူတို့နောက်မှ လိုက်လာပြီး တံခါးကို ပြန်လှည့်ပိတ်လိုက်၏။ တံခါး၏ အဟကြားမှတစ်ဆင့် စီးဆင်းနေသော သွေးများကို မြင်ရလေသည်။