← Chapters

ခင်ဗျားရဲ့ ဟိတ်ဟန်အာဏာတွေ ပြန်သိမ်းထားလိုက်

Vol. 63 Ch. 829

ခင်ဗျားရဲ့ ဟိတ်ဟန်အာဏာတွေ ပြန်သိမ်းထားလိုက်

Vol. 63 Ch. 829

ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုနန်းတော်ထဲတွင် အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ တာအိုရသေ့တချို့က ကောင်းကင်ထဲတွင် ပျံသန်းနေကြပြီး တချို့က မြေပြင်ပေါ်တွင် ပြေးလွှားရင်း သူခိုးလိုက်ရှာနေကြ၏။ တာအိုကျောင်းတော် အခိုးခံလိုက်ရသည့်ကိစ္စ ပေါ်လာသောအခါ ကျန်ကျောင်းတော်များနှင့် နန်းဆောင်များလည်း တာအိုကျောင်းတော်တစ်ခုတည်းသာ အခိုးခံခဲ့ရခြင်းမဟုတ်မှန်း သဘောပေါက်သွားကြသည်။ သူတို့အားလုံး အခိုးခံလိုက်ရချေပြီ။

သို့သော် ထိုသူခိုးများသည် အင်မတန် လည်၏။ ရတနာတိုက်များအတွင်း၌ တက်တက်ပြောင်ကုန်သော်လည်း မည်သူမျှ သတိမထားမိခဲ့ကြပေ။ တာအိုရသေ့များ၏ ကိုယ်ပေါ်ရှိ ရတနာများ အခိုးခံလိုက်ရမှ ရုတ်ရုတ်သဲသဲ ဆူညံကုန်ခြင်း ဖြစ်ကြသည်။

တာအိုနန်းတော်ပင် အခိုးခံလိုက်ရသည်။ တာအိုရသေ့အိုကြီးများမှာ ရတနာတိုက်ဆီသို့ အပြးအလွှားသွားနေကြ၏။ နတ်ဘုရားအဆင့် တာအိုရသေ့များက အပြင်၌ စောင့်ကျန်ခဲ့ကြပြီး ကျန်ရှိသူများက အတားအဆီးအစီအရင် ဖွင့်နေကြသည်။ ထို့နောက် ရတနာများ ပျောက်သွားပြီလား ကြည့်ရန် ရတနာသိုက်ထဲသို့ ကမန်းကတမ်း ဝင်သွားကြသည်။

တာအိုသခင်လင်းရွှမ်က ဖရိုဖရဲ ဖြစ်နေသော ချင်းယွင်ကောင်းကင်ဘုံ၏ အခြေအနေကို ကြည့်ပြီး ပြုံးလျက် ပြောသည်။ “ဂိုဏ်းသခင်၊ မင်းရဲ့ အဘိုး ငါတို့တာအိုဂိုဏ်းဆီ လာခဲ့တုန်းကလည်း ဒီလိုအခြေအနေပဲ... သူ လာတိုင်း ငါ့တာအိုဂိုဏ်းရဲ့ ဆရာဦးလေးတွေ တောင်တစ်လုံးစလုံး မြေလှန်ပြီး သူ့ကို လိုက်ရှာတတ်ကြတယ်.... သူ့ကို ဖမ်းမိဖို့ အနံ့ခံ ခွေးကြီးတွေတောင် မွေးထားကြသေးတယ်”

ချင်မူမှာ‌ ခေါင်းကိုက်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ “ဘိုးဘိုးထော့ကျိုး သိုင်းအဆင့် မမြင့်တုန်းက မင်းတို့တွေ ဖမ်းမိနိုင်သေးတယ်... အခု သူက နတ်ဘုရားအဆင့် ရောက်နေတဲ့အပြင် ဖန်ဆင်းကျင့်စဉ်တွေလည်း ကျင့်ထားတော့ သူ့ကိုယ်အနံ့ကိုတောင် ဖျောက်နိုင်နေပြီ... သူ့ကို ဖမ်းဖို့က မဖြစ်နိုင်သလောက်ပဲ”

နှစ်ယောက်သား သူတို့နှင့် မည်သို့မျှ မဆိုင်သည့်နှယ် ပြုမူကာ တောင်ပေါ် ဆက်တက်သွားကြသည်။ ကြယ်အရှင်သခင်တို့၏ တပည့်များ သေဆုံးမှုကလည်း သူတို့နှင့် မပတ်သက်သည့်အလား ထင်ရ၏။

တာအိုရသေ့တချို့က ကောင်းကင်ထက်မှ အပြေးအလွှား ဆင်းလာကြကာ သူတို့လက်အောက်ရှိ နတ်ဘုရားနိုင်ငံတော်များဆီမှ နတ်ခွေးကြီးများ၊ နတ်ကြွက်ကြီးများ လိုက်ငှားနေကြသည်။ လူဆိုးထိန်းများကိုပင် ဖိတ်ခေါ်ကာ လိုက်ရှာနေကြလေသည်။

ချင်မူနှင့် တာအိုသခင်လင်းရွှမ်က စကားပြောပြီးနောက် ဖြေးဖြေးမှန်မှန် ခြေလှမ်းများဖြင့် တောင်ပေါ်သို့ တိတ်ဆိတ်စွာ တက်နေကြသည်။ တာအိုရသေ့ချာ၊ နဂါးချီလင်နှင့် ရေချီလင်တို့က သူတို့အနောက်မှ လိုက်လာကြ၏။ လမ်းတွင် တာအိုရသေ့တချို့က သူတို့ကို တား၍ မေးခွန်းတချို့ မေးမြန်းပြီးနောက် သွားခွင့်ပေးကြသည်။

“လန်ယွီထျန်း အဆင်ပြေပါ့မလား” တာအိုသခင်လင်းရွှမ်က မေးသည်။

“ပြေပါတယ်”

ချင်မူမှာ ဤသို့ ပြောလိုက်သော်လည်း ခေါင်းနပန်းကြီးနေသည်။ “လန်ယွီထျန်းက အတိတ်မေ့နေတာဆိုတော့ စက္ကူရွက်ဖြူလိုပဲ ... အလှဆုံးပန်းချီကားကို ရေးခြယ်နိုင်ပေမယ့် အမည်းစက်တစ်စက်ကြောင့် အကုန် ပျက်စီးသွားနိုင်တယ်... သူခိုးအတတ်ပါ တတ်သွားရင် ဒုက္ခပါပဲ”

“ခိုးတတ်သွားရုံနဲ့ ပြဿနာ အဲ့ဒီလောက် ကြီးသလား” တာအိုသခင်လင်းရွှမ်က အပြုံးတစ်ခုဖြင့် မေးလေသည်။

“ဘိုးဘိုးထော့ကျိုးရဲ့ စည်းမျဉ်းအရ သူခိုးတစ်ယောက်ဟာ ဘယ်တော့မှ လက်ဗလာနဲ့ မပြန်ဘူးတဲ့”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “လှုပ်ရှားပြီ ဆိုတာနဲ့ အကောင်းဆုံးပစ္စည်းကို ခိုးယူဖို့ လိုတယ်.. ငါတို့အားလုံးဆီက သူ ခိုးသွားပေမယ့် လန်ယွီထျန်းကိုယ်ပေါ်မှာ ဘာမှမရှိမှန်း တွေ့လိုက်လို့ သူ့ကိုပဲ ခေါ်သွားတာ... အသက်အန္တရာယ်ကို ငါ စိတ်မပူဘူး... လူပေါင်းမှားပြီး ပျက်စီးသွားမှာပဲ စိတ်ပူတာ”

“သူခိုးနတ်ဘုရားက လန်ယွီထျန်းကို ခေါ်ပြီး ချင်းယွင်ကောင်းကင်ဘုံကနေ ထွက်သွားပြီမလား”

“ထွက်သွားပြီဟုတ်လား.. မဖြစ်နိုင်တာကြီး... ဘိုးဘိုးထော့ကျိုးက ဆူဆူညံညံ ဖြစ်နေပြီး စိတ်လှုပ်ရှားနေရတာကို ကြိုက်တဲ့သူ... သူ အခု တာအိုနန်းတော်မှာပဲ ရှိနေလိမ့်မယ်... ရုပ်ပြောင်းထားပြီး အဲဒီတာအိုရသေ့ကြီးတွေနဲ့အတူ သူခိုးလိုက်ဖမ်းနေလောက်ပြီ”

နောက်ဆုံးတော့ နှစ်ယောက်သား ‌တောင်ထိပ်အပေါ်ရှိ တာအိုနန်းတော်ဆီ ရောက်လာကြသည်။ တာအိုနန်းတော်မှာ အန္တရာယ်များသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ တာအိုရသေ့များ ဝင်ချည်၊ ထွက်ချည်ဖြင့် ရှုပ်ယှက်ခတ်နေ၏။ သူတို့က ရတနာပေါင်းစုံ ထုတ်ထားကြပြီး မှန်ကဲ့သို့သော ရတနာများဖြင့် ပိုက်စိတ်တိုက် လိုက်ရှာနေကြသည်။

တာအိုရသေ့ပျိုတစ်ယောက်သည် နန်းတော်ထဲမှ သုတ်တီးသုတ်ပျာ ထွက်လာပြီး ချင်မူနှင့် တာအိုသခင်လင်းရွှမ်ကို မြင်လျှင် မှင်သက်သွား၏။ သူက အသံကိုနှိမ့်ကာ မေးလေသည်။ “မင်းတို့ကောင်တွေ တောင်ပေါ် ဘာလာလုပ်တာလဲ... ငါ အခုလေးတင် မင်းတို့ လာတဲ့အကြောင်း ဂိုဏ်းခေါင်းဆောင်ဆီ လျှောက်တင်လိုက်ပေမယ့် တာအိုနန်းတော် အခိုးခံလိုက်ရလို့ ဂိုဏ်းခေါင်းဆောင်မှာ မင်းတို့နဲ့တွေ့ဖို့ အချိန်မရှိဘူး”

ထိုတာအိုရသေ့ကား ယွီချိန်အပြင် တခြားလူမဟုတ်ပေ။

ချင်မူက အံ့အားသင့်သွားဟန်ဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာနဲ့ တာအိုဂိုဏ်း တာအိုသခင်လင်းရွှမ် ချင်းယွင်ဂိုဏ်းခေါင်းဆောင်နဲ့ ကောင်းကင်နတ်ဘုံရဲ့ သံတမန်အပေါင်းနဲ့ ဆုံတွေ့ဖို့ ရောက်လာပါပြီ... ချင်းယွင်ဂိုဏ်းခေါင်းဆောင်၊ ခင်ဗျားက တာအိုဂိုဏ်းရဲ့ အခွဲလေးတစ်ခုသာ ဖြစ်ပြီး ဘာကြောင့် ကျွန်တော်တို့ကို ထွက်မကြိုတာလဲ”

သူ့အသံက ချင်းယွင်ကောင်းကင်ဘုံ၏ လေထဲတွင် ဟိန်းထွက်သွားပြီးနောက် တောင်ခြေသို့ ဖြာဆင်းကာ တာအိုနန်းတော်နှင့် ခန်းမမနှစ်ဆယ့်လေးဆောင်တစ်လျှောက် ပျံ့နှံ့သွားလေသည်။

သူခိုးလိုက်ရှာနေသော တာအိုရသေ့များမှာ သူ့အသံကို ကြားလျှင် ရပ်လိုက်ကြပြီး လှမ်းကြည့်ကြသည်။ တခဏအတွင်း အခြေအနေမှာ တင်းမာလေးလံသွားတော့သည်။

တာအိုရသေ့ယွီချိန် မျက်နှာပျက်သွားသည်။

တာအိုရသေ့လင်းရွှမ်သည် မတုန်မလှုပ် ကျောက်ရုပ်သဖွယ်သာ ရှိ၏။ ချင်မူ ဤသို့ ပြုမူမည်မှန်း ကြိုသိထားသဖြင့် သူက အေးအေးလူလူ ပြောသည်။ “ဂိုဏ်းသခင်ချင်က ထာဝရတစ်လျှောက်လုံး ပြိုင်ဘက်ကင်းတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာမှန်း လူတွေ သိသွားပြီဆိုတော့ တာအိုနန်းတော်ထဲမှာ မင်းကို သတ်ချင်နေတဲ့လူ များလောက်တယ်”

ချင်မူက ပြုံးလိုက်ပြီး ပြောသည်။ “တစ်လောကလုံးမှာ ငါ့ကို သတ်ချင်ကြတဲ့လူတွေ အများကြီး ရှိတာတောင် ငါ အသက်ရှင်နေသေးတယ်မဟုတ်လား... ငါက လောကသခင်ခန္ဓာဆိုပေမယ့် ဒီဘွဲ့ကို အလကားရခဲ့တာ မဟုတ်ဘူး... တိုက်ခိုက်ပြီးမှ ရခဲ့တာ... ငါ့ကို မင်း စိတ်မပူသင့်ဘူး... မင်းကိုယ်မင်းသာ စိတ်ပူ... ချင်းယွင်ဂိုဏ်းကို မင်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲလို့ ခေါ်ခဲ့တာဆိုတော့ ချင်းယွင်ဂိုဏ်းက မင်းကို အလွှတ်ပေးပါ့မလား”

တာအိုသခင်လင်းရွှမ်သည် မြင်းမြီးယပ်ကို လှုပ်ခါ၍ တဟားဟား ရယ်လိုက်၏။

တာအိုရသေ့ယွီချိန် မျက်မှောင်ကြုတ်သွားကာ ခပ်တိုးတိုး ပြောလေသည်။ “မင်းတို့တွေ မင်းတို့နေရာမင်းတို့ မသိဘူးပဲ.. ငါတို့က တစ်ဂိုဏ်းတည်းသားလို့ သဘောထားပြီး မင်းကို တောင်ပေါ် ခေါ်လာခဲ့တာ... မင်းတို့တွေ တိတ်တိတ်ကလေး တက်လာရင် ဂိုဏ်းခေါင်းဆောင်ကလည်း မင်းတို့ကို တိတ်တိတ်ကလေး တွေ့ပြီး လက်ဆောင်တွေတောင် ပေးနိုင်သေးတယ်.... အခုလို နာမည်တွေ ထုတ်ပြောလိုက်တော့ ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေ မင်းတို့ကို သည်းခံမယ်ထင်လား”

သူ ထိုသို့ပြောလိုက်သည့်အချိန် တာအိုနန်းဆောင်မှ အသက်ကြီးကြီးအသံတစ်သံ ထွက်လာသည်။ “ချိန်ကျစ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းက မိတ်ဆွေလေးလင်းနဲ့ လောကသခင်ခန္ဓာချင်ကို အထဲခေါ်လာခဲ့”

တာအိုရသေ့ယွီချိန်မှာ မတတ်နိုင်တော့သဖြင့် ခေါင်းညိတ်လိုက်ရသည်။ “ငါ့နောက်က လိုက်ခဲ့... မင်းတို့တွေတော့ ဒုက္ခပဲ ... အသက်ရှင်ပါ့မလားတောင် မသိဘူး..”

ချင်မူက ပြုံး၍ ပြောလိုက်၏။ “နောင်တော်ယွီချိန်၊ ကျွန်တော်တို့က ချမ်းသာချင်လို့ လာတဲ့ သူဖုန်းစားတွေ မဟုတ်ပါဘူး... ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေကို ဘာအရေးစိုက်စရာလဲ.... ကောင်းကင်နတ်ဘုံရဲ့ မင်းသားချိုးမင်တောင် ကျွန်တော့်ဓားချက်နဲ့ သေခဲ့ရတာမဟုတ်လား... နောင်တော်က တိကျန်းစီရင်စုမှာတုန်းက ဉာဏ်ကောင်းပြီး အမြင်ကျယ်ခဲ့ပါတယ်... ဘာလို့ တာအိုဂိုဏ်းထဲ ပြန်ရောက်မှ အခုလို ဖြစ်နေတာလဲ”

တာအိုရသေ့ယွီချိန်က မှုန်ကုပ်စွာဖြင့် တာအိုနန်းတော်ဆီသို့ ခေါ်သွားသည်။ သူက ခေါင်းယမ်းကာ ပြော၏။ “မင်းတို့တွေ ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိပါဘူး”

နှစ်ယောက်လုံး ပြုံးလိုက်ကြပြီး အားလုံး၏ မျက်စိအရှေ့တွင် တာအိုနန်းတော်ထဲသို့ ဝင်သွားကြသည်။

တာအိုနန်းတော်ထဲတွင် ခန်းမသည် ကိုက်သုံးရာကျော် ကျယ်ဝန်း၏။ ထူးဆန်းသည်မှာ အမိုးမရှိပေ။ ဟောင်းလောင်းပွင့်နေသော နေရာမှ နေရောင်ခြည်များ ဖြာကျနေသည်။

ချင်မူ အကဲခတ်ကြည့်လိုက်သည့်အခါ အမိုးမရှိသောကြောင့် နေ၊ လနှင့် ကြယ်များဆီမှ အလင်းရောင်များ ဖြာကျနိုင်ကြောင်း မြင်တွေ့ရသည်။ ထို့အပြင် ဤနေရာရှိ နေရာဟင်းလင်းပြင်မှာလည်း အတော်လေး ထူးဆန်းသည်။ နေဝင်သွားသည်နှင့် လအလင်းတန်းများ ကျရောက်လာတတ်၍ တာအိုနန်းတော်အား အမြဲတစေ ထွန်းလင်းစေလိမ့်မည်။

ကောင်းကင်ထဲရှိ လူလုပ်ကြယ်များနှင့် နဂါးငွေ့တန်းမှာမူ အလင်းရောင်များ စုဝေးလာပြီးနောက်တွင် အခြားနေရာများထက် များစွာ ကြီးမားလာသယောင် ထင်ရ၏။ ကောင်းကင်နတ်သိုင်းမပါဘဲ ပကတိမျက်စိဖြင့်ပင် ကြယ်တာရာများအပေါ်ရှိ နန်းဆောင်များကို ခပ်‌ရေး‌ရေးမျှ မြင်ရလေသည်။

ကြယ်များက တောက်ပနေပြီး အရောင်အသွေး စုံလင်နေသောကြောင့် လှပသောမြင်ကွင်းတစ်ခုကို ဖန်တီးနေ၏။

ဤအချိန်၊ တာအိုနန်းတော်၏ ခန်းမထဲတွင်

ဖျာများ လွင့်မျောနေကြောင်း မြင်ရသည်။ တာအိုရသေ့အိုကြီးများက ဖျာများအပေါ်တွင် ထိုင်နေကြပြီး မှုန်ဝါးနေသည့် မျက်လုံးများကို ဖွင့်လိုက်ကြကာ တည်ကြည်လေးနက်နေသည့် အမူအရာများ ရှိကြသည်။

သူတို့၏မျက်လုံးများက မှုန်ဝါးနေသော်လည်း တစ်ချက်တစ်ချက် ကြောက်မက်ဖွယ်ရာအလင်းရောင်များ ထွက်ပေါ်လာတတ်၏။ သူတို့၏သိုင်းအဆင့်မှာ တိုင်းတာမရလောက်အောင် နက်ရှိုင်းကြလိမ့်မည်။

ငယ်ရွယ်သော အသွင်အပြင်နှင့် တာအိုရသေ့တချို့ကိုလည်း မြင်တွေ့ရသည်။ သို့သော် တာအိုရသေ့အိုကြီးများနှင့် ယှဉ်လိုက်လျှင်သာ ငယ်ရွယ်မည့်ပုံပေါ်ခြင်း ဖြစ်လေသည်။ အားလုံး ခေါင်းမွှေးများ ဖြူနေကြချေပြီ။ အဝတ်အစားများမှာလည်း ဖန်တရာတေအောင် လျှော်ဖွတ်ထားသောကြောင့် ဖြူဖတ်နေကြသည်။ တချို့၏ တာအိုဝတ်ရုံများမှာ ‌ပေါက်ပြဲနေကြသည့်အပြင် ဖိနပ်များလည်း စုတ်ပြတ်နေသောကြောင့် ခြေချောင်းများပင် ပေါ်နေကြသည်။

ချင်မူ လှည့်ပတ်ကြည့်လိုက်ရင်း သစ်လွင်သော အဝတ်အစားများဖြင့် လူတချို့ကို သတိထားမိလိုက်၏။

သူတို့ထဲက တစ်ယောက်က အဝါရောင်‌ဒေါက်ချာ ဆောင်းထားပြီး ခရမ်းရောင်ကျစ်ကြိုးတစ်ချောင်းဖြင့် တံဆိပ်တစ်ခုအား ကိုယ်ပေါ်တွင် ချိတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူ့လက်ထဲတွင် မြင်းမြီးယပ်တစ်ချောင်း ရှိပြီး ခါးတွင် ဓားတစ်လက် ရှိနေ၏။ သူကား ချင်းယွင်ကောင်းကင်ဘုံ၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ဟန်တူသည်။

အခြားသူများက ကောင်းကင်နတ်ဘုံမှ ဧည့်သည်များ ဖြစ်လိမ့်မည်။ အားလုံး ငယ်ရွယ်ကြပြီး လမ်းလျှောက်ဝင်လာသည့် ချင်မူနှင့် တာအိုသခင်လင်းရွှမ်ကို စူးစမ်းနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

ထူးဆန်းသည်ကား ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် အမြင့်ဆုံးနေရာ၌ ထိုင်မနေပေ။ သူတို့၏အောက် တစ်ဆင့်နိမ့်သော နေရာတွင် ထိုင်နေရာ ထိုလူငယ်များထက် အဆင့်အတန်း အနည်းငယ် နိမ့်ကြောင်း သိသာ၏။

ထိုလူငယ်များကလည်း အမြင့်ဆုံးတွင် ထိုင်နေခြင်းမဟုတ်ပေ။ အမြင့်ဆုံးနေရာတွင် တာအိုဘိုးဘေးကြီး၏ နတ်ဘုရားရုပ်တု ရှိသည်။ ၎င်းသည် ရှေးလွန်လေပြီးသောအခါတုန်းက ထုဆစ်ခဲ့သော သစ်သားရုပ်တု ဖြစ်ပုံရသည်။

သစ်သားရုပ်တုက ကိုက်သုံးဆယ် ရှည်လျားပြီး ကျောတွင် မြင်းမြီးယပ်တစ်လက် ထိုးထားသည့် ပေစုတ်စုတ် တာအိုရသေ့တစ်ပါးအသွင် ဖြစ်သည်။ သူ့လက်ထဲတွင် ထူးဆန်းသော သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားပြီး သံလိုက်အိမ်မြှောင်ကို ကြည့်နေသော အသွင်ရှိသည်။

သစ်သားရုပ်တုမှာ အလွန်အသက်ဝင်လှပေသည်။

‘တကယ် သူပဲ’

ချင်မူ ပြုံးလိုက်မိသည်။ ဤပေစုတ်စုတ် တာအိုရသေ့သည် ကျောက်စိမ်းရေကန်တွေ့ဆုံပွဲတွင် သူ ဆုံတွေ့ခဲ့ရသည့် တာအိုရသေ့ဖြစ်၏။ သူနှင့်အတူ တွေ့ဆုံပွဲ လာတက်ခဲ့သူမှာ ငယ်ရွယ်သော ဗြဟ္မဗုဒ္ဓငယ် ဖြစ်လေသည်။

ထိုစဉ်တုန်းက တာအိုရသေ့သည် ဘာအလုပ်မှ မလုပ်ဘဲ သင်္ချာသာ ‌နေ့တိုင်း ထိုင်တွက်နေ၏။ ဗြဟ္မဗုဒ္ဓက စွမ်းအင်ဆေးလုံးများ အလှူခံထွက်ပြီး စွမ်းအင်ဆေးလုံးများကို အားကိုး၍ နှစ်ယောက်လုံး အသက်ဆက်ခဲ့ကြရသည်။ ထို့အပြင် ဗြဟ္မဗုဒ္ဓသည် အလိုရှိသော ပမာဏထက်ပို၍ တောင်းခံခြင်းမျိုး မလုပ်ခဲ့‌ပေ။ သူ့ကျင့်ကြံခြင်းအား ဖျက်စီးရာကျလိမ့်မည်ဟု ပြောခဲ့ဖူးသည်။

“အောက်ဘုံရဲ့ တာအိုဂိုဏ်းက တာအိုဂိုဏ်းရဲ့ စွန့်ပစ်ခံဂိုဏ်းသားတွေ တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ... သူတို့က တစ်ခါတုန်းက ခိုင်ဧကရာဇ်ခေတ်မှာ ခိုင်ဧကရာဇ်ကို ကူညီပေးခဲ့ပြီး ပုန်ကန်ခဲ့ကြတဲ့အတွက် အပြစ်ရှိတယ်”

ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏နေရာသည် အလွန်မြင့်မား၍ လင်းရွှမ်နှင့် တာအိုရသေ့ချာကို အထက်စီးမှ ငုံ့ကြည့်နေ၏။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်း၏ မူလဇစ်မြစ်ကို ရှင်းပြပြီးနောက် အေးအေးလူလူ ဆက်ပြောသည်။ “အခြားတစ်ဖက်မှာ ငါ့ချင်းယွင်ကောင်းကင်ဘုံကတော့ ချင်းယွင်ဂိုဏ်းလို့လည်း ခေါ်တယ်.. တာအိုသခင်ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ ဂိုဏ်းသားတွေ ဒီနေရာမှာ လာရောက်နေထိုင်ပြီး တည်ထောင်ထားတဲ့ ဂိုဏ်းပဲ... ခိုင်ဧကရာဇ်ရဲ့ ပုန်ကန်မှုပြီးတော့ ချင်းယွင်ဂိုဏ်းက ကမ္ဘာဦးဘုံရဲ့ ကောင်းကင်ထဲမှာ နေပြီး ကောင်းကင်နတ်ဘုံရဲ့ အမိန့်တော်အတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်ကို ပိတ်လှောင်ခဲ့တယ်... ကောင်းကင်နတ်ဘုံရဲ့ စည်းမျဉ်း‌တွေအရ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းကို ဖယ်ရှားရှင်းလင်းပစ်ရမှာ ဆိုပေမယ့် ငါက မင်းတို့အတွက် ကောင်းကင်နတ်ဘုံမှာ အသနားခံပေးခဲ့တယ်... မိတ်ဆွေလေးချင်၊ မင်းက အခုလေးတင် ငါ့ချင်းယွင်ကောင်းကင်ဘုံက မင့်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲလို့ ပြောခဲ့တယ်.... အခု ဇာတ်လမ်းအမှန် သိပြီလား”

သူ့ဘေးရှိ တာအိုရသေ့အိုကြီးတစ်ယောက်က သရော်သလို ပြောသည်။ “မိတ်ဆွေလေးလင်း၊ ဂိုဏ်းခေါင်းဆောင်ကို ဂါဝရမပြုတော့ဘူးလား”

တာအိုသခင်လင်းရွှမ်က အရိုအသေပေး၍ ချင်းယွင်ဂိုဏ်းခေါင်းဆောင်အား နှုတ်ဆက်သည်။ “နောင်တော်”

တာအိုရသေ့အားလုံး မျက်မှောင်ကြုတ်သွားကာ အော်ဟစ်ကြ၏။ “တယ်ရိုင်းပျချက်ပဲ... ဘာလို့ ဒူးမထောက်တာလဲ”

လင်းရွှမ် နှုတ်ဆက်လိုက်သောပုံစံသည် ဝါစဉ်တူသည့် လူတစ်ယောက်ကို နှုတ်ဆက်သော ပုံစံဖြစ်၏။ စည်းကမ်းများအရ အငယ်တစ်ယောက်မှ အကြီးတစ်ယောက်အား နှုတ်ဆက်ခြင်းသည် သုံးကြိမ် ဒူးထောက်၍ ကိုးကြိမ် ဂါဝရပြုခြင်း ဖြစ်လေသည်။

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နှစ်ယောက်စလုံး တာအိုဂိုဏ်းကပဲ မဟုတ်လား... သူ ခင်ဗျားကို ဒူးထောက်ဂါဝရပြုရင် ခင်ဗျားက တာအိုဘိုးဘေးကြီးတောင် မဟုတ်ဘဲ လက်ခံနိုင်လို့လား”

“ငါ့မှာ တာအိုဘိုးဘေးကြီး အမွေပေးခဲ့တဲ့ ရတနာသုံးမျိုး ရှိတယ်... တာအိုဘိုးဘေးကြီးကို ကိုယ်စားပြုတဲ့ မြင်းမြီးယပ်၊ တာအို‌ခြေနင်းနဲ့ တာအိုဒေါက်ချာပဲ... ဒါကြောင့် ငါ မိတ်ဆွေလေးလင်း ဒူးထောက်ဂါဝရပြုတာကို လက်ခံနိုင်တယ်”

ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ချင်မူ့ကို ကြည့်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ လောကသခင်ခန္ဓာချင်မူလို့လည်း အသိများတဲ့သူ.... မိတ်ဆွေလေးလင်းက တစ်ဂိုဏ်းတည်းသားလည်း ဖြစ်၊ ငါ့ညီအဖြစ်လည်း အသိအမှတ်ပြုထားတော့ ငါ့ကို ဂါဝရမပြုလည်း ရတယ်... ဒါပေမဲ့ မင်းက ဘာလို့ ငါ့ကို ဂါဝရမပြုတာလဲ”

ချင်မူမှာ ဆွံ့အသွားပြီး တဟားဟား ထရယ်သည်။ “ခင်ဗျားမပြောနဲ့ ... တာအိုဘိုးဘေးကြီးကိုယ်တိုင် ဆင်းလာရင်တောင် ကျွန်တော် ဂါဝရပြုတာ လက်ခံနိုင်မှာမဟုတ်ဘူး... ကျွန်‌တော် ဂါဝရပြုလိုက်ရင် ခင်ဗျား အသက်တိုသွားလိမ့်မယ်”

ချင်းယွင်ဂိုဏ်းခေါင်းဆောင်က မြင်းမြီးယပ်ကို လှုပ်ခါ၍ အေးအေးလူလူ ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ... မဖြစ်စလောက် နိုင်ငံငယ်လေး... ငါ့ချင်းယွင်ကောင်းကင်ဘုံအောက်က နတ်ဘုရားနှစ်ဆယ့်လေးနိုင်ငံထဲက နိုင်ငံလေးတစ်နိုင်ငံကတောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အားမနည်းဘူး... မင်းက မဖြစ်စလောက် နိုင်ငံလေးရဲ့ နှာခေါင်းပေါက်လောက် ဂိုဏ်းသေးသေးလေးက ဂိုဏ်းသခင်တစ်ယောက်ပဲ... ငါ မင်း ဂါဝရပြုတာ လက်ခံနိုင်တယ်”

သူက လှမ်းပြုံးပြသည်။ “ငါ့အနောက်က လူတွေက ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေကပဲ... သူတို့က ကောင်းကင်နတ်ဘုံကို ကိုယ်စားပြုတယ်... ကောင်းကင်နတ်ဧကရာဇ်ရဲ့ အာဏာကိုလည်း ကိုယ်စားပြုတော့ သူတို့လည်း မင်း ဂါရပြုတာ လက်ခံနိုင်တယ်.. လောကသခင်ခန္ဓာချင်၊ အခု ဒူးထောက်ပြီး ဂါဝရပြုနိုင်ပါပြီ”

ကောင်းကင်နတ်ဘုံမှ လူငယ်များသည် ပလ္လင်များအပေါ်၌ ထိုင်၍ ချင်မူ့အား စိတ်ဝင်တစား ကြည့်နေကြ၏။

ချင်မူ ကျယ်လောင်စွာ ရယ်ပြီး ခေါင်းယမ်းလိုက်မိသည်။ “ဂိုဏ်းခေါင်းဆောင်က ကျွန်တော့်ကို ဂါဝရပြုစေချင်နေမှတော့ ကျွန်တော့်အနေနဲ့ တာအိုဘိုးဘေးကြီးကို အရင်ဂါဝရပြုသင့်ပါတယ်... ကောင်းကင်နတ်ဘုံက ပေါက်စလေးတွေ နောက်ဆုတ်၊ တာအိုဘိုးဘေးကြီးကို ပိတ်မထားနဲ့”

ချင်းယွင်ဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုတ်၍ ပလ္လင်ပေါ်မှ ထလိုက်သည်။

ကောင်းကင်နတ်ဘုံမှ လူငယ်များကလည်း လှောင်သလို ရယ်ပြီး ဖယ်ပေးကြသည်။

ချင်မူက ရှေ့သို့ လျှောက်သွားပြီး ပေစုတ်စုတ် တာအိုရသေ့ကြီး၏ သစ်သားရုပ်တုကို မော့ကြည့်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ရသေ့ကြီး၊ မူ ခင်ဗျားဆီ အလည်လာတယ်.... ခင်ဗျားတပည့်တွေက ကျွန်တော့်ကို ခင်ဗျားဆီ ဂါဝရပြုပေးဖို့ တောင်းဆိုနေလို့ အခု ဂါဝရပြုမယ်”

သူ အင်္ကျီစ မြှောက်လိုက်ရုံသာ ရှိစဉ် တာအိုဘိုးဘေးကြီး၏ သစ်သားရုပ်တုမှာ ဖောင်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။

တာအိုနန်းတော်ထဲရှိ ရသေ့အိုကြီးများ အလန့်တကြား ထခုန်မိကြသည်။ တာအိုဘိုးဘေးကြီး၏ သစ်သားရုပ်တု ပေါက်ကွဲသွားပြီးနောက် တာအိုမီးတောက်များ ဝုန်းခနဲ ထတောက်ကာ သစ်သားရုပ်တုကို ပြာချပစ်လိုက်သည်။

ချင်မူက တဟားဟား ရယ်နေပြီး ဒူးမထောက်ပေ။ သူက ချင်းယွင်ဂိုဏ်းခေါင်းဆောင်ဘက်သို့ လှည့်၍ မျက်နှာချင်းဆိုင်ကာ ကျယ်လောင်စွာ ပြောသည်။ “ရသေ့ကြီး ခင်ဗျားတပည့်က ကျွန်တော့်ကို ခင်ဗျားရဲ့ တာအိုဒေါက်ချာ၊ တာအိုခြေနင်းနဲ့ မြင်းမြီးယပ်ကို ဂါဝရပြုစေချင်နေတယ်... ဒီရတနာသုံးပါးကို ဂါဝရပြုတာက ခင်ဗျားကို ဂါဝရပြုတာပဲ မဟုတ်လား.... ကဲ ဒါဖြင့် ကျွန်တော် ခင်ဗျားကို ဂါဝရပြုမယ်”

သူ ဒူးထောက်ရန် ပြင်လိုက်သည့်အခါ ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏ ခေါင်းပေါ်ရှိ တာအို‌ဒေါက်ချာသည် ဖောက်ခနဲ ကြေမွသွား၏။ လက်ထဲရှိ မြင်းမြီးယပ်တွင်လည်း မီးစွဲလောင်လာပြီး သူ့ခြေထောက်ရှိ တာအိုခြေနင်းများ ပြာကျသွားသည်။

ချင်မူက ကိုယ်ကို ပြန်မတ်၍ ကူကယ်ရာမဲ့နေသော ချင်းယွင်ဂိုဏ်းခေါင်းဆောင်ဆီသို့ ကြည့်သည်။ သူက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလေသည်။ “ချင်းယွင်ဂိုဏ်းခေါင်းဆောင်၊ အခု ကျွန်‌တော် ဂါဝရပြုတာကို ခင်ဗျား ဘာလို့လက်ခံမရမှန်း သိပြီလား.... တာအိုဘိုးဘေးကြီးတောင် လက်မခံနိုင်ဘူး... ခင်ဗျားရဲ့ ဟိတ်ဟန်အာဏာတွေကို ပြန်သိမ်းထားလိုက်”

ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ ဆံပင်များ ဖွာလန်ကြဲနေပြီး ပြာကျသွားသော မြင်းမြီးယပ်ကို လွှတ်ချလိုက်ရင်း ဘာလုပ်ရမှန်း မသိတော့ဘဲ ခြေဗလာဖြင့် ရပ်နေတော့၏။

ကျန်တာအိုရသေ့အိုကြီးများလည်း အံ့အားသင့်ကာ ဆွံ့အနေကြသည်။ ‘လောကသခင်ခန္ဓာက အဲဒီလောက် တန်ခိုးကြီးတယ်လား... တာအိုဘိုးဘေးကြီးတောင် သူ ဂါဝရပြုတာ လက်မခံရဲတာလား’

All Chapters