ဘယ်သူ အရင်သေချင်လဲ
Vol. 63 Ch. 830
တာအိုနန်းတော်ထဲတွင် တိတ်ဆိတ်နေသည်။
ကောင်းကင်နတ်ဘုံမှ သံတမန်များလည်း မျက်မှောင်ကြုတ်နေကြ၏။ အောက်ဘုံ၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာဟု ခေါ်သော အသေးအဖွဲ နေရာလေးတစ်နေရာတွင် ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းခဲ့သည့် လောကသခင်ခန္ဓာတစ်ခု ရှိသည့်အကြောင်း လူအများ ပြောနေကြသည်ကို သူတို့ ကြားဖူးကြသည်။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများသည် ဤအကြောင်းကြားလျှင် တဟားဟား ရယ်မောတတ်ကြပြီး မဖြစ်စလောက် နေရာလေးတစ်နေရာမှ လူတစ်ယောက် သွေးနားထင်ရောက်နေသည်ဟု ပြက်ရယ်ပြုတတ်ကြသည်။ အများစုက ထိုကိစ္စကို ဟာသသဖွယ်သာ မြင်ကာ အလေးအနက်ထား၍ ဆွေးနွေးခြင်းမျိုး မရှိခဲ့ကြပေ။
စောစောက ချင်မူဆီမှ လောကသခင်ခန္ဓာဖြစ်သည့်အကြောင်း ကြားလိုက်ရပြီးနောက် သူတို့အားလုံး လှောင်ရယ်မိလုဆဲဆဲ ဖြစ်ခဲ့ကြသည်။ သို့သော် တာအိုဘိုးဘေးကြီး၏ တုံ့ပြန်မှုမှာ သူတို့ ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲနေသည်။
တာအိုဘိုးဘေးကြီးသည် ချင်မူ၏ ဂါဝရပြုမှုကို လက်ခံမည့်အစား သူ့ရုပ်တုကိုသာ ဖျက်စီးခဲ့၏။ ဤလောကသခင်ခန္ဓာက ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ တွေးထင်ထားသလို မရိုးရှင်းလောက်ပေ။
ရုတ်တရက် သံတမန်များအနက် အသက်အငယ်ဆုံး တာအိုရသေ့ပျိုတစ်ယောက်က လက်ခုပ်လက်ဝါးတီး၍ ကျယ်လောင်စွာ ထရယ်သည်။ လက်ခုပ်သံကြောင့် ကျန်ရှိသူများအားလုံး သတိပြန်ဝင်သွားကြသည်။
ထိုလူငယ်က အပြုံးတစ်ခုဖြင့် ပြောသည်။ “အံ့ဖွယ်ပဲ... အမှန်ပဲ အံ့ဖွယ်ပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာက တာအိုဘိုးဘေးကြီးရဲ့ နတ်ဘုရားရုပ်တုကို ဖျက်စီးပစ်ခဲ့တာပါလား... ဂိုဏ်းခေါင်းဆောင်ရဲ့ ရှေ့မှာတင် ဂိုဏ်းရတနာသုံးမျိုးကိုတောင် ဖျက်စီးခဲ့သေးတယ်... လောကသခင်ခန္ဓာ ပီသပါပေတယ်”
အားလုံး သဘောပေါက်သွားကြပြီး တာအိုရသေ့အိုကြီးတစ်ယောက်က ချင်မူ့ဆီသို့ လက်ညှိုးငေါက်ငေါက် ထိုးကာ အော်ဟစ်သည်။ “ကလေကချေကောင်၊ မင်းက ငါတို့ချင်းယွင်ကောင်းကင်ဘုံရဲ့ တာအိုဘိုးဘေးကြီးရုပ်တုကို ဖျက်စီးရဲတဲ့အပြင် အောက်လမ်းအတတ်တွေနဲ့ ငါတို့တာအိုဂိုဏ်းရဲ့ ရတနာသုံးပါးကိုလည်း ဖျက်စီးခဲ့တယ်.... မင်းနဲ့ ငါတို့တာအိုဂိုဏ်း တစ်မိုးအောက်မှာ အတူမရှိနိုင်ဘူး”
ကျန်တာအိုရသေ့များလည်း ပြစ်တင်ကြိမ်းမောင်းတော့မည့်အချိန် ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ခပ်ဆတ်ဆတ် အော်ဟစ်လိုက်သည်။ “ပိတ်ထားစမ်း”
တာအိုနန်းတော်ထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ တုန်လှုပ်နေဆဲ ဖြစ်၏။ သူ့ရင်ထဲတွင် တုန်လှုပ်မှုသာ ရှိသည်၊ ဒေါသအမျက် စိုးစဉ်းမျှ မရှိချေ။
အဘယ်ကြောင့်ဆိုသော် ဒေါသလည်း မထွက်ရဲသောကြောင့်ပင်။
ကျန်တာအိုရသေ့များထက်ပို၍ သူ အများကြီး ကြိုတွေးထားပြီးချေပြီ။
ချင်မူ၏ သိုင်းအဆင့်က အားမနည်းသည့်အပြင် နတ်ဘုရားအဆင့်အောက်၌ ထိပ်တန်းသိုင်းသမားတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း တာအိုဘိုးဘေးကြီး၏ နတ်ဘုရားရုပ်တုကို မဖျက်စီးနိုင်ပေ။ ဂိုဏ်းရတနာသုံးပါးကိုလည်း ဖျက်စီးနိုင်မည်မဟုတ်။
ချင်းယွင်ဂိုဏ်းရတနာသုံးပါးသည် တာအိုဘိုးဘေးကြီး၏ ရတနာများ ဖြစ်ကြ၏။ သူ၏ရတနာသုံးပါးမှာ နိစ္စဓူဝ အသုံးပြုသော အရာများ ဖြစ်သော်လည်း ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ ပစ္စည်းများ ဖြစ်သည့်အလျောက် သာမန်မဟုတ်ပေ။ ချင်မူအနေဖြင့် ဆန်းကြယ်သော ကောင်းကင်နတ်သိုင်းများ သုံးလျှင်ပင် ဤရတနာသုံးပါးကို ဖျက်စီးရန် မဖြစ်နိုင်သည်သာ။
ထို့အပြင် ချင်မူ တစ်ခုခုလုပ်ခဲ့ပါကလည်း အဆင့်မြင့် သိုင်းပညာရှင်များ၏ မျက်လုံးများအား လှည့်စားနိုင်မည်မဟုတ်။
ရတနာသုံးပါးကို ဖျက်စီးလိုက်သည်မှာ ရတနာသုံးပါးကိုယ်တိုင်သာ ဖြစ်သည်။
ဤရတနာသုံးပါးသည် သူတို့ဘာသာသူတို့ ဖျက်စီးခဲ့ခြင်း ဖြစ်၏။
တာအိုဘိုးဘေးကြီး၏ နတ်ဘုရားရုပ်တုလည်း အလားတူပင်။
တာအိုဘိုးဘေးကြီးသည် ချင်မူ၏ ဂါဝရပြုမှုနှင့် မထိုက်တန်ကြောင်း ပြသလိုသည့်အနေဖြင့် သူ၏နတ်ဘုရားရုပ်တုနှင့် ရတနာသုံးပါးကို ဖျက်စီးခဲ့ခြင်းလည်း ဖြစ်ပေသည်။
“အရိုအသေပေးကြ” ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ရုတ်တရက် ပြောလိုက်သည်။
တာအိုနန်းတော်ထဲရှိ တာအိုရသေ့များ မှင်သက်သွားကြသည်။ သို့သော် ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးခဲ့သည့်အတွက် ပယ်ရှားမရပေ။ သူတို့မှာ ထရပ်ပြီး အတန်းနှစ်တန်း စီကာ ချင်မူ့ကို အရိုအသေပေးလိုက်ကြရသည်။
ချင်မူက ကောင်းကင်နတ်ဘုံမှ သံတမန်များကို တစ်ချက်ကြည့်လိုက်ပြီး စောစောက စကားပြောခဲ့သည့် အငယ်ဆုံးတာအိုရသေ့သည် မျက်မှောင်ကြုတ်နေ၏။ သူက ဘေးရှိ လူငယ်များထံ တစ်ခုခု ကပ်ပြောနေသည်။ သူတို့ မည်သည့်အကြောင်း ပြောနေသည်မှန်း ချင်မူ မသိပေ။
‘အငယ်ဆုံးတစ်ယောက်က သူတို့ရဲ့ခေါင်းဆောင် ထင်တယ်’
ချင်မူ ရှေ့သို့ ကြည့်၍ လက်ခါလိုက်သည်။ “ထကြပါ ကျွန်တော့်ခုံက ဘယ်မှာလဲ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် ခုံတစ်ခုံ သွားယူလိုက်ခိုင်းလိုက်သည်။ သူက ခုံကို မီးလောင်နေသော နတ်ဘုရားရုပ်တု၏ အရှေ့၌ ချခိုင်းသည်။ ထိုနေရာက ကောင်းကင်နတ်ဘုံမှ သံတမန်များထက်ပင် မြင့်သည်။
ချင်မူက ထိုင်ချပြီး ပြုံးရယ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “တာအိုသခင်လင်းရွှမ်က ကျွန်တော်နဲ့ ဝါစဉ်တူ တာအိုမိတ်ဆွေတစ်ယောက်ပါ.... သူ့အတွက်လည်း ထိုင်စရာ ခုံတစ်ခု လိုတယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုတ်သွားကာ နောက်တစ်ခုံ သွားသယ်ရန် ရသေ့တစ်ယောက် လွှတ်လိုက်သည်။
တာအိုသခင်လင်းရွှမ်က ချင်မူ့ဘေးတွင် ထိုင်လိုက်ပြီး ချင်မူက အပြုံးတစ်ခုဖြင့် ပြောသည်။ “အားလုံး ထိုင်ကြပါ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ဦးညွှတ်အရိုအသပေး၍ ကျေးဇူးတင်စကားဆိုပြီးနောက်မှ ထိုင်လိုက်သည်။ တာအိုရသေ့များလည်း ထိုနည်းတူ ထိုင်လိုက်ကြ၏။
ချင်မူမှာ စိတ်သက်သာရာရသွားပြီး သူ့ဘာသာသူ တွေးနေသည်။ ‘တာအိုဘိုးဘေးကြီး မသေသေးတဲ့ပုံပဲ... ပြင်ပကောင်းကင်နတ်ဘုံရဲ့ လက်ထဲ ရောက်နေတာလား... ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ လက်ထဲမှာလား မသိဘူး.. ဒီရသေ့အိုကြီးက တကယ် နားလည်ရခက်တယ်...’
အတိတ်တုန်းက မိတ်ဆွေဆက်ဆံရေးအပေါ် တာအိုရသေ့ကြီး အရေးထားသေးသည်လား သူ မပြောတတ်ပေ။
နဂါးဟန်ခေတ်တွင် ချင်မူသည် တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓကို အနည်းငယ် လမ်းပြပေးခဲ့ပြီး မိတ်ဆွေဖွဲ့ခဲ့၏။ ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားသည့်အခါ နတ်ဘုရားဖြစ်နိုင်မည့်ကျင့်စဉ် ဖြန့်ဝေပေးခဲ့သူမှာ ချင်မူ ဖြစ်ခဲ့သည်။ တာအိုဘိုးဘေးကြီးသည်လည်း နားထောင်သူများအထဲ ပါဝင်ခဲ့လေသည်။
သို့သော် အချိန်၏တိုက်စားမှုကြောင့် မိတ်ဆွေဆက်ဆံရေး ယိုယွင်းသွားပြီလား ချင်မူ မသိပေ။ ကံကောင်းထောက်မစွာဖြင့် တာအိုဘိုးဘေးကြီးက သူ၏ဂါဝရပြုမှုကို လက်မခံခဲ့သောကြောင့် ချင်းယွင်ဂိုဏ်း၏ ဝိုင်းအရိုက်မခံခဲ့ရခြင်း ဖြစ်သည်။
ချင်မူ သံတမန်များကို ကြည့်၍ ပြုံးပြလိုက်သည်။ “ပြင်ပကောင်းကင်နတ်ဘုံက အဆွေတော်တို့၊ ကျေးဇူးပြုပြီး ထိုင်ကြပါ”
လူငယ်များ မျက်မှောင်ကြုတ်သွားကြပြီး အငယ်ဆုံးရသေ့ပျိုက ပြုံးလျက် ပြောသည်။ “စိတ်မပူကြနဲ့ အရင်ဆုံး ထိုင်ကြတာပေါ့... ငါ့အရှေ့မှာ သူ ဘာမှမလုပ်နိုင်ပါဘူး”
သူတို့ ထိုင်လိုက်ကြသည့်အချိန်မှာပဲ တာအိုရသေ့များသည် ပျာယာခတ်နေသော အမူအရာများဖြင့် ကပျာကယာ ပြေးလာကြကာ အထဲပင် မရောက်သေးခင် ကျယ်လောင်စွာ အော်ဟစ်ကြ၏။ “သတင်းဆိုး၊ သတင်းဆိုး.... ကြယ်အရှင်သခင်တွေရဲ့ တပည့်အားလုံး တာအိုကျောင်းတော်ထဲမှာ သေသွားကြပြီ”
“ဘာ”
တာအိုနန်းတော်ထဲ၌ ဆူညံပွက်လောရိုက်သွားသည်။ ယခုမှ ထိုင်လိုက်သော တာအိုရသေ့အိုကြီးများ ဝုန်းခနဲ ပြန်ထပြီး အံ့အားသင့်နေကြသည်။ ကောင်းကင်နတ်ဘုံမှ သံတမန်များလည်း ဒေါသထွက်ပြီး အံ့ဩနေကြသည်။ သူတို့က စားပွဲကို ဒုန်းခနဲ ထုကာ အမျက်တချောင်းချောင်း ထွက်လျက် အော်ဟစ်နေ၏။
ချင်းယွင်ဂိုဏ်းခေါင်းဆောင် ထရပ်ပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ့နဖူးမှ သွေးကြောများ ထောင်လာပြီး သူ့ကျောပြင်တွင် ချွေးများ ရွှဲနေ၏။
ကောင်းကင်နတ်ဘုံမှ အငယ်ဆုံး တာအိုရသေ့က ပလ္လင်အပေါ်၌သာ ဆက်ထိုင်နေရင်း အေးစက်စွာ မေးသည်။ “ဖုယွင်ထျန်း၊ ဘာဖြစ်နေတာလဲ... ချင်းယွင်ကောင်းကင်ဘုံမှာ ကြယ်အရှင်သခင်တွေရဲ့ တပည့်တွေ သေသွားပြီ... မင်း ဒီကိစ္စ ဘယ်လိုရှင်းမလဲ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏ နဖူးမှ ချွေးများ စီးကနေပြီး သူက ဦးညွှတ်အရိုအသေပေးသည်။ “သံတမန်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ... ဒီဂိုဏ်းသားရဲ့ စကားက မရှင်းဘူး.... ကျုပ် အသေအချာ မေးမြန်းပါရစေ”
သူက သတင်းလာပို့သည့် တာအိုရသေ့တစ်ယောက်ကို လှမ်းဆွဲ၍ ခက်ထန်တင်းမာစွာ မေးသည်။ “တာအိုကျောင်းတော်မှာ ကြယ်အရှင်သခင်တွေရဲ့ တပည့်တွေ သေသွားတာ တကယ် ဟုတ်သလား ၊ မဟုတ်ဘူးလား... လွတ်သွားတဲ့သူ ရှိလား... တာအိုကျောင်းတော်ထဲက ရသေ့တွေ ဘာလုပ်နေကြလဲ... လူသတ်သမားကို ရပ်ကြည့်နေကြတာလား... သူတို့ ဘယ်ရောက်နေကြလဲ”
သူ့နှလုံးသားမှာ စိုးရိမ်ထိတ်လန့်မှုတို့ ပြည့်နှက်နေ၍ ပေါက်ကွဲတော့မည့် မီးတောင်ကြီးနှယ် တဒိန်းဒိန်း အော်မြည်နေသည်။ မေးခွန်းထုတ်ခံလိုက်ရသည့် ရသေ့ငယ်များမှာ ကြောက်လန့်သွားပြီး မဖြေတတ်ကြတော့ပေ။
ထိုအခါမှ ချင်းယွင်ဂိုဏ်းခေါင်းဆောင် စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ အလျင်အမြန် ပြန်ချပေးလိုက်သည်။ သူက စိတ်ကို တည်ငြိမ်အောင် ထိန်း၍ ဖြည်းဖြည်းချင်း မေး၏။ “ဖြစ်သွားတဲ့ကိစ္စ ဖြည်းဖြည်းချင်း ပြောပြချည်”
တာအိုရသေ့တစ်ပါးက ကပျာကယာ ရှင်းပြသည်။ “ဂိုဏ်းခေါင်းဆောင်၊ တာအိုကျောင်းတော်ကို ဆရာဦးလေးတစ်ချို့ ရောက်လာခဲ့ပါတယ်... သူတို့ထဲက တစ်ယောက်က ဆရာဦးလေးထျန်းဟုန်ပါ... သူက တာအိုကျောင်းတော်ကို တစ်ပတ်ပတ်ကြည့်ရင်း မြစိမ်းဆိတ်နန်းဆောင်မှာ သူခိုးဝင်ခဲ့တဲ့အကြောင်း ပြောပြတယ်... အဲဒီသူခိုးတွေ တာအိုကျောင်းတော်ထဲ ပုန်းနေလား ကြည့်မလို့ လာတာတဲ့”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က ခေါင်းညိတ်၍ ပြော၏။ “ငါကိုယ်တိုင် သူတို့ကို လွှတ်ပြီး မင်းတို့ဆီ အကြောင်းကြားခိုင်းလိုက်တာ... သူတို့က တာအိုနန်းတော်ရဲ့ အကြီးအကဲတွေပဲ”
တာအိုနန်းတော်သည် ချင်းယွင်ကောင်းကင်ဘုံ၏ အကြီးအကဲများ နေထိုင်ရာ နန်းတော် ဖြစ်ပြီး တာအိုကျောင်းတော်ကမူ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သုတသန ပြုစုရာ နေရာ ဖြစ်သည်။ များသောအားဖြင့် တာအိုကျောင်းတော်တွင် သွက်လက်ဖြတ်လတ်သော ဂိုဏ်းသားငယ်များ ရှိကြ၏။
တာအိုရသေ့က သူ၏ အရိပ်အခြည်ကို ကြည့်ကာ ဂရုတစိုက် ပြောသည်။ “အဲဒီနောက်ပိုင်း တာအိုကျောင်းတော် အခိုးခံလိုက်ရတာပဲ... ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လွှတ်လိုက်တဲ့အထဲက ဆရာဦးလေးထျန်းဟုန်က တရားခံပါ... စစချင်း နောင်တော်တစ်ယောက်က သူ့ရတနာပျောက်သွားမှန်း သတိထားမိတယ်... သူ အခိုးခံလိုက်ရတာ သိတော့မှ ကျန်တဲ့သူတွေလည်း အခိုးခံခဲ့ရမှန်း သိကြတာ... နေ့စဉ်နေ့တိုင်း သုံးတဲ့ အကောင်းဆုံးရတနာတွေအကုန် သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ အခိုးခံလိုက်တာနဲ့ အကုန်လုံး ဆရာဦးလေးတွေကို ထွက်ရှာကြတယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အကုန်လုံး ထွက်ရှာကြတယ်ဟုတ်လား”
ထိုတာအိုရသေ့က ကပျာကယာ ပြောလေသည်။ “ကြယ်တာရာအရှင်သခင်တွေရဲ့ တပည့်တွေကတော့ နက္ခတ်တာရာ ဝင်္ကပါကို အကြမ်းဆွဲဖို့ နေကျန်ခဲ့ကြတာပါ... သူတို့ပစ္စည်းတွေလည်း အခိုးမခံခဲ့ရဘူး.. ကျွန်တော်တို့ အပြင်ထွက်လာတော့ နန်းဆောင်အားလုံး အခိုးခံထားရပြီးပြီ.... ခန်းမနှစ်ဆယ့်လေးခု၊ ကျောင်းတော်နှစ်ဆယ်ကျောင်းစလုံး အခိုးခံထားရတယ်... ကျွန်တော်တို့လည်း လိုက်ရှာကြည့်တော့ ဓမ္မခန်းမရဲ့ ရတနာတိုက်မှာ အဝတ်ဗလာနဲ့ တွဲလောင်းချခံထားရတဲ့ ဆရာဦးလေးထျန်းဟုန်ကို တွေ့ခဲ့ရတယ်... သူ့ပါးစပ်ကို နံစော်နေတဲ့ ခြေအိတ်တွေနဲ့ စို့ထားပြီး သူ့မူလဝိညာဉ်လည်း ချိတ်ပိတ်ခံထားရတယ်...
“အဲဒီသူခိုးက သူ့ကိုယ်သူ ဆရာဦးလေးထျန်းဟုန်အသွင် ပြောင်းပြီး ကျွန်တော်တို့ချင်းယွင်ကောင်းကင်ဘုံကို ဓားပြတိုက်ခဲ့တာပါ... အဲဒါနဲ့ ကျွန်တော်တို့ ချင်းယွင်ကောင်းကင်ဘုံကို အဝင်အထွက်ပိတ်ပြီး အဲဒီသူခိုးကို လိုက်ရှာရင်း တာအိုကျောင်းတော်ကနေ ဖြတ်သွားတော့ တံခါးအဟထဲကနေ သွေးတွေစီးကျနေတာ မြင်ခဲ့ရတယ်... တံခါးဖွင့်ကြည့်တော့ ကောင်းကင်နတ်ဘုံက နောင်တော်၊ အစ်မတော်တို့အားလုံး သေနေကြပါပြီ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင် အံတင်းတင်းကြိတ်၍ အေးစက်စက် ပြော၏။ “ရန်သူကို မျှားထုတ်သွားတာပဲ... ဒီသူခိုးက ကောင်းကင်နတ်ဘုံက သံတမန်တွေကို သတ်ဖို့ မင်းတို့ကို မျှားထုတ်ခဲ့တာ... သူခိုးကို ဖမ်းမိပြီလား”
“မမိသေးပါဘူး... ကျွန်တော်တို့ စောစောက လိုက်ရှာနေတုန်း လူတစ်ယောက်က ဆရာဒေါ်လေးယွီရှောင်ရဲ့ မူလဝိညာဉ်ကို ပိတ်သွားပြီး အတွင်းခံနဲ့ သူ့ပါးစပ်ထဲ ဆို့ခဲ့တယ်တဲ့အကြောင်း ကြားလိုက်ရတယ်... သူ့ကို မတ်တပ်မြေမြှုပ်ပြီး ခေါင်းပေါ်မှာတော့ ကောက်ရိုးတွေ တင်ထားခဲ့တယ်တဲ့”
နောက်ဆုံးတော့ ချင်းယွင်ဂိုဏ်းခေါင်းဆောင် ဒေါသမထိန်းနိုင်တော့ဘဲ ပေါက်ကွဲတော့မည့်အချိန် ချင်မူက ချောင်းဟန့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးစွာဖြင့် မှင်သေသေ ပြောလေသည်။ “ဂိုဏ်းခေါင်းဆောင်၊ ခင်ဗျားရဲ့ ချင်းယွင်ကောင်းကင်ဘုံမှာ သူခိုးမွှေနေတာ မှန်ပါတယ်... ကျွန်တော်တို့တောင် အခိုးခံလိုက်ရသေးတယ်... ဒါပေမဲ့ ကြယ်တာရာအရှင်သခင်တွေရဲ့ တပည့်တွေကို သတ်ခဲ့တာက သူခိုးမဟုတ်ဘူး.. ကျွန်တော်နဲ့ တာအိုသခင်လင်းရွှမ်ပဲ”
သူ ထိုသို့ပြောလိုက်သည့်အခါ တာအိုနန်းတော်တစ်ခုလုံး အုံးအုံးကြွက်ကြွက် ထသွားတော့သည်။
ချင်းယွင်ဂိုဏ်းခေါင်းဆောင် မိုက်ခနဲ ဖြစ်သွားပြီး မူးဝေသွား၏။
ချင်မူက ပလ္လင်ပေါ်တွင် ထိုင်၍ လက်ရန်းအပေါ်ရှိ နဂါးခေါင်းကို အသာအယာ ပွတ်နေသည်။ “ကျွန်တော်က ဒီကို ဧည်သည့်အဖြစ် လာတာ... တာအိုသခင်လင်းကလည်း သူ့အမျိုးတွေကို တွေ့ဖို့ အလည်လာတာ... အိမ်ရှင့်ရဲ့ အိမ်ထဲမှာ လူမသတ်သင့်ပေမယ် အဲဒီလူတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးဖို့ ကောင်းကင်မြေပုံတစ်မျိုး တီထွင်နေကြတယ်... သူတို့က ကျွန်တော်တို့အပေါ် အရင်ရက်စက်မှတော့ ကျွန်တော်တို့လည်း မလှုပ်ရှားလို့ ဘယ်ဖြစ်ပါ့မလဲ... ကျွန်တော်တို့က လူမှန်တွေ၊ မဟုတ်တာ မလုပ်ဘူး... အခု ကောင်းကင်နတ်ဘုံရဲ့ အဲဒီခွေးတွေကို သတ်ခဲ့တာက ကျွန်တော်တို့ ဖြစ်တဲ့အကြောင်း ဂိုဏ်းခေါင်းဆောင်ကို အသိပေးနေတာပါ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်၏ အတွေးများ ကယောက်ကယက် ဖြစ်နေပြီး ကျန်တာအိုရသေ့များလည်း ပြောစရာစကား ရှာမရတော့ပေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် ငေးကြောင်စွာ ကြည့်၍ ချင်းယွင်ဂိုဏ်းခေါင်းဆောင် စကားပြောမည်ကို စောင့်နေကြသည်။
ကောင်းကင်နတ်ဘုံမှ အငယ်ဆုံးတာအိုရသေ့က ငေါက်ခနဲ ထရပ်ကာ အေးစက်စက်ပြောသည်။ “ဖုယွင်ထျန်း၊ ကြယ်တာရာအရှင်တွေရဲ့ တပည့်တွေ ချင်းယွင်ကောင်းကင်ဘုံမှာ သေခဲ့ရပြီ... မင်း ဒီပြစ်မှုအတွက် တာဝန်ယူနိုင်မှာမဟုတ်ဘူး... အခု လူသတ်သမားကို သိနေပြီပဲ ဘာတွေ စောင့်နေတာလဲ... ချင်းယွင်ကောင်းကင်ဘုံ ဖယ်ရှားသုတ်သင်ခံရမှာ စောင့်နေတာလား”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်သည် လက်သီးတင်းတင်းဆုပ်၍ ချင်မူ့ထံ လှည့်ကြည့်၏။
ချင်မူက မှင်သေသေ ပြောသည်။ “တာအိုဘိုးဘေးကြီးက ဘာမှတောင်မပြောသေးဘူး... ဂိုဏ်းခေါင်းဆောင်က ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချတော့မှာလား.. ဘာလို့ တာအိုဘိုးဘေးကြီးကို မမေးကြည့်တာလဲ”
အငယ်ဆုံးတာအိုရသေ့က ချင်မူ့ဆီသို့ လှမ်းကြည့်ကာ ဟက်ခနဲ ရယ်လိုက်သည်။ “တာအိုဘိုးဘေးကြီးရဲ့ နတ်ဘုရားရုပ်တုကို မင်း ဖျက်စီးလိုက်ပြီလေ၊ သူ ဘယ်လိုလုပ်ပြီး တာအိုဘိုးဘေးကြီးနဲ့ ဆက်သွယ်နိုင်တော့မှာလဲ... လောကသခင်ခန္ဓာချင်မူ၊ မင်းက တာအိုဘိုးဘေးကြီးရဲ့ နတ်ဘုရားရုပ်တုကို အရင်ဖျက်စီးခဲ့ပြီး သူ့ရတနာသုံးပါးကို ပြာချခဲ့တဲ့အပြင် အခု ကြယ်တာရာအရှင်သခင် သုံးရာခြောက်ဆယ်ပါးရဲ့ တပည့်တွေကို သတ်ပြီး ချင်းယွင်ကောင်းကင်ဘုံအပေါ် အပြစ်တင်ဖို့ ကြိုးစားနေတယ်... မင်းက တယ်ဉာဏ်နီဉာဏ်နက်များတာပဲ... မင်းလိုကောင်မျိုး သေသင့်တယ်”
ချင်မူ တဟားဟား ရယ်လိုက်ကာ အေးအေးလူလူ ပြောလိုက်သည်။ “ဂိုဏ်းခေါင်းဆောင်မှာ တာအိုဘိုးဘေးကြီးနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ် ဟုတ်တယ်မလား... မဆက်သွယ်တော့ဘူးလား”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်မှာ မကြံတတ်တော့၍ အံတင်းတင်းကြိတ်ထားရသည်။ သူက ချာခနဲ လှည့်၍ ခက်ထန်စွာ ပြောသည်။ “ငါ တရားထိုင်တဲ့နေရာမှာ တာအိုဘိုးဘေးကြီးရဲ့ ပန်းချီရှိတယ်... သူ့အမြင် သွားမေးပါရစေ.. ကျန်တဲ့သူတွေကိုတော့...”
သူက ရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေသည်။ “စောင့်ကြည့်ထား.. ချင်းယွင်ကောင်းကင်နတ်ဘုံအပြင် ခြေတစ်လှမ်းတောင် မချစေနဲ့”
တာအိုရသေ့အိုကြီးတစ်ယောက်က ခပ်တိုးတိုး မေး၏။ “ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေရော...”
“ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေလည်း ပါတယ်” ချင်းယွင်ဂိုဏ်းခေါင်းဆောင် ခပ်သုတ်သုတ် ထွက်သွားသည်။
ချင်မူက ထရပ်ပြီး သိမ်းလိုက်သည်။ သူက လှေထားထစ်များအတိုင်း ဆင်း၍ နန်းတော်အပြင် ထွက်သွားရင်း ပြံးလျက် ကဗျာရွတ်လိုက်သည်။ “လေနှင်ရာ လွင့်မျောလို့၊ ချင်းယွင်ဘုံဆီ ငါ ရောက်လာခဲ့... ဒီဘုံဆီက ခြေတစ်လှမ်းတက်လို့ အထက်ဘုံဆီ တက်နိုင်မည်လော..” ...
ကောင်းကင်နတ်ဘုံမှ အငယ်ဆုံးတာအိုရသေ့လည်း ထ၍ သူ့နောက်မှ လိုက်လာသည်။ သူက အပြုံးတစ်ခုဖြင့် ပြော၏။ “ခြေတစ်လှမ်းနဲ့ အထက်ဘုံဆီ ရောက်နိုင်သလို၊ ခြေချော်ပြီး ငရဲထဲ ကျသွားနိုင်ပါတယ်”
တာအိုသခင်လင်းရွှမ်က တာအိုရသေ့ချာဆီ မျက်စပစ်ပြပြီး နှစ်ယောက်သား တာအိုနန်းတော်အပြင် ထွက်လိုက်ကြသည်။
“မင်းရဲ့ အဟန့်အထည်က သူများနဲ့ မတူဘူး... မင်းကို ဘယ်လိုခေါ်ရမလဲ” ချင်မူက တာအိုနန်းတော်၏အပြင်သို့ ထွက်ပြီး အငယ်ဆုံးတာအိုရသေ့ဆီ မေးလိုက်သည်။
“ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်း၊ တာအိုဘိုးဘေးကြီးရဲ့ တပည့်အရင်း ရှောင်ချွင်းဖုန်း”
ထိုရသေ့ငယ်က မှင်သေသေ ပြော၏။ “ငါက တာအိုဘိုးဘေးကြီးရဲ့ တပည့်ဆိုပေမယ့် တာအိုဘိုးဘေးကြီးနဲ့ တစ်ခါမှ မတွေ့ဖူးဘူး... ငါ တာအိုဂိုဏ်းထဲ ဝင်ခဲ့တဲ့ အကြောင်းရင်းက ကောင်းကင်နတ်သိုင်းတွေ၊ မှော်အစီအရင်တွေ လေ့လာဖို့ ဘွဲ့နာမည်လေးတစ်ခု ရဖို့အတွက်ပဲ... ငါ့မိသားစုရဲ့ အဆင့်အတန်းနဲ့ဆို ငါ တာအိုဘိုးဘေးကြီးရဲ့ တပည့်ဖြစ်နေတာနဲ့တင် တာအိုဘိုးဘေးကြီးအတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ မေးလိုက်သည်။ “နောင်တော်က ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ သားတော်လား”
ရသေ့ငယ်သည် အံ့အားသင့်သွားပြီး ချီးကျူး၏။ “လောကသခင်ခန္ဓာချင်က ကြားထားရတဲ့အတိုင်းပါပဲ... ဟုတ်တယ်၊ ငါက မဟာလဧကရီရဲ့ သားတော်ပဲ”
“မျိုးရိုးက ရှောင် ဖြစ်နေတာ ဒါကြောင့်ကိုး... မိခင်ရဲ့ မျိုးရိုးကို ယူထားတာပဲ”
ချင်မူက ပြုံးလျက် ပြောသည်။ “မဟာလဧကရီက လရဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ... မဟာနေဧကရာဇ်နဲ့ တန်းတူရှိတယ်... ဒါပေမဲ့ မင်းက ငယ်ငယ်လေး ရှိသေးတာဆိုတော့ မဟာလဧကရီက တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး မင်းကို မွေးဖွားခဲ့တာ ဖြစ်မယ်”
ရှောင်ချွန်ဖုန်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။
ချင်မူသည် အပြုံးပန်းများ ဝေဆာနေ၏။ “စောစောက တာအိုသခင်လင်းနဲ့အတူ ကြယ်တာရာအရှင်သခင်တွေရဲ့ တပည့်တွေကို သတ်ခဲ့တုန်းက နတ်မင်းလေးပါးရဲ့ တပည့်တွေ မတွေ့ခဲ့ရဘူး... သူတို့ ဘယ်ရောက်နေလဲ မေးခွင့်ရှိမလား”
“ငါတို့ ဒီမှာပဲ” သူ့အနောက်မှ ကောင်းကင်နတ်ဘုံ၏ လူငယ်၊ မိန်းမငယ်လေးများက အေးစက်စက် ပြောကြသည်။
ချင်မူက လှည့်၍ မေးလိုက်သည်။ “ဘယ်တစ်ယောက်က တောင်နတ်မင်းကျူချွဲရဲ့ တပည့်လဲ”
အနီရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်က ဖြေ၏။ “ငါပဲ”
ချင်မူ ဤမိန်းကလေးကို အကဲခတ်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “တောင်နတ်မင်းနဲ့ ငါက ရင်းနှီးတာ ကြာပြီ... မင်းကို မသတ်ဘူး... ကောင်းကင်နတ်ဘုံက နောင်တော်တို့၊ လောကသခင်ခန္ဓာက ဒီ ရောက်နေပါပြီ... ဘယ်သူ အရင်သေချင်လဲ”