ကောင်းကင်နတ်ဘုံ၏ စာကြည့်တိုက်မှူး
Vol. 63 Ch. 832
မြောက်နတ်မင်း၏ တပည့်မှာ တာအိုသခင်လင်းရွှမ်ကြောင့် ရုပ်ခန္ဓာ ပျက်စီးသွား၍ မူလဝိညာဉ်ဖြင့်သာ ထွက်ပြေးနေသည်။ အခြားတစ်ဖက်တွင် အရှေ့နတ်မင်းနှင့် အနောက်နတ်မင်း၏ တပည့်များမှာ လင်းရွှမ်၏ ဓားချက်အောက်တွင် ဒဏ်ရာအပြင်းအထန် ရထားကြသည်။
အခြေအနေကြည့်ရသရွေ့ ထိုသုံးယောက်စလုံး ချင်မူ့တတိယမျက်လုံးများဆီမှ ကောင်းကင်အလင်းတန်းများကို ရှောင်နိုင်မည်မဟုတ်ပေ။
ချင်မူ၏ တတိယမျက်လုံးအထဲတွင် ကောင်းကင်ဘုံအလွှာအထပ်ထပ် ပွင့်လာပြီး စုစုပေါင်း ကိုးထပ်ရှိနေ၏။
ဤမျက်လုံးကျင့်စဉ်သည် မျက်ကန်း သင်ပေးထားသော ကောင်းကင်ကိုးဆင့် မျက်လုံးနိုးထကျင့်စဉ် ဖြစ်သည်။ အတိတ်တုန်းက ချင်မူမှာ သိုင်းအဆင့်အကန့်အသတ်ကြောင့် ကျောက်စိမ်းကောင်းကင်ဘုံအထိသာ ဖွင့်နိုင်ခဲ့သော်လည်း ယခုတွင် ကောင်းကင်ဘုံကိုးဆင့်လုံး ဖွင့်နိုင်ချေပြီ။ {အဆင့်ကိုးဆင့်_ ကောင်းကင်မျက်လုံး၊ အစိမ်းရောင်ကောင်းကင်မျက်လုံး၊ အနီရောင်ကောင်းကင်မျက်လုံး၊ အလင်းတောက် ကောင်းကင်မျက်လုံး၊ ကျောက်စိမ်းကောင်းကင်ဘုံမျက်လုံး၊ အဖြူရောင်ကောင်းကင်မျက်လုံး၊ ခရမ်းရောင်ကောင်းကင်မျက်လုံး၊ မီးလျှံကောင်းကင်မျက်လုံး}
မျက်ကန်း၏ ကောင်းကင်ကိုးဆင့် မျက်လုံးနိုးထကျင့်စဉ်က ခိုင်ဧကရာဇ်ခေတ်၏ နံပါတ်တစ်ကောင်းကင်မျက်လုံး ဖြစ်သော နတ်ဘုရားမကျစ်ချင်း၏ နေသူငယ်အိမ်နှင့် လသူငယ်အိမ်တို့မှ အနှစ်သာရကို ရယူနိုင်ခဲ့၏။ ထိုမှတစ်ဆင့် မျက်ကန်း၏ မျက်လုံးစွမ်းရည်က တိုးတက်သွားခဲ့သော်လည်း မျက်ကန်းသည် နေသူငယ်အိမ်အတွက် ဝင်္ကပါသိုင်းကွက်များကိုသာ တတ်မြောက်ထားသဖြင့် နေသူငယ်အိမ်ကျင့်စဉ်ကိုသာ ချင်မူ့ဆီသို့ သင်ကြားပေးနိုင်ခဲ့သည်။
နောက်ပိုင်းတွင် မျက်ကန်းသည် လသူငယ်အိမ်အတွက် ကျင့်စဉ် ဖန်တီးနိုင်ခဲ့သော်လည်း ချင်မူက နေရာတကာ လျှောက်သွားနေခဲ့သောကြောင့် လကောင်းကင်မျက်လုံး သင်ယူရန် အချိန်မရခဲ့ပေ။ နေနှင့်လကိုသာ ပေါင်းစည်းလိုက်ပါက စွမ်းအားသည် ပို၍ပင် အားကောင်းသွားမည်ဖြစ်၏။
ထို့အပြင် ချင်မူက တတိယမျက်လုံးကို သုံး၍ ကောင်းကင်ကိုးဆင့် မျက်လုံးနိုးထကျင့်စဉ်ကို ထုတ်လွှတ်နေသည်။ သူ့မျက်လုံးထဲတွင် နဂါးငွေ့တန်း ဝန်းရံထားသည်မှာ အနက်ရောင်နေတစ်စင်း ဖြစ်နေသောကြောင့် မျက်ကန်း သင်ပေးထားခဲ့သော ကျင့်စဉ်နှင့် မတူပေ။
သူ၏မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးသည် ထူးခြား၏။ ယိုတုသားတော်၏ အဆင့်အတန်းကို ကိုယ်စားပြု၍ မြေအောက်ဘုံအရှင်သခင်၏ ဒေါင်လိုက်မျက်လုံးနှင့် ဆင်သည်။ ယိုတု၏မဟာတာအိုမှ ဖွဲ့တည်လာသော မိစ္ဆာနတ်ဆိုးမျက်လုံးတစ်လုံးလည်း ဖြစ်ပြီး တစ္ဆေသရဲများ၊ နတ်ဘုရားများကို နှင်ထုတ်ချေမှုန်းပစ်နိုင်သည်။
ဤမျက်လုံးမှာ မြေအောက်ဘုံအရှင်သခင်၏ ချိတ်ပိတ်ခြင်းခံခဲ့ရသော်လည်း သူ့အစ်ကိုကြီးချင်ဖုန်းကျင့်ကြောင့် ပြန်လည်ထွက်ပေါ်လာကာ နိုးထသွားခဲ့၏။
ယခုအချိန်တွင် ချင်မူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် အန္တရဝနတ်ဘုရားအသွင် ဆောင်ထားသဖြင့် မည်းနက်နေသော အလင်းတန်းသုံးတန်းက လေကိုခွင်းလျက် တရှိန်ထိုး သွားနေချေပြီ။
အရှေ့နတ်မင်းနှင့် အနောက်နတ်မင်း၏ တပည့်များမှာ သူဆီမှ သိပ်မလှမ်း၍ အချိန်မီမရှောင်နိုင်လိုက်ပေ။ အနက်ရောင်အလင်းတန်းက သူတို့၏မျက်ခုံးနှစ်ဖက်ကြားသို့ ဖောက်ထွက်သွား၏။ တစ်ဖက်တွင် မြောက်နတ်မင်း၏ တပည့်မှာ လင်းရွှမ်ကြောင့် သေဆုံးသွားသဖြင့် မူလဝိညာဉ်သာ ကျန်သည်။ သူက တိုက်ပွဲကွင်းပြင်မှ ထွက်ပြေးသွားပြီး ခပ်လှမ်းလှမ်း ရောက်နေသည်။
သို့သော် အနက်ရောင်အလင်းတန်းသည် အတိုင်းထက်အလွန် မြန်သောကြောင့် သူ့အတွက် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ အလင်းတန်းက သူ့ခန္ဓာကိုယ်အား ထုတ်ချင်းဖောက်သွားသည်။
သူ၏မူလဝိညာဉ်သည် လိပ်နက်မူလဝိညာဉ် ဖြစ်ပြီး အလင်းတန်းက လိပ်ခွံကို ခွင်း၍ မြွေပျံကြီးကိုလည်း ဖောက်ထွက်သွားသည်။ အလင်းတန်း ထိမှန်သွားသည့် နေရာမှစ၍ အမှောင်ထုက ပျံ့နှံ့လာကာ မူလဝိညာဉ်တစ်ခုလုံးသို့ ကူးစက်သွား၏။ လိပ်နက်ဖြစ်စေ၊ မြွေပျံဖြစ်စေ နှစ်ကောင်လုံး မည်းနက်သွားသည်။
ဘန်း
မြောက်နတ်မင်း၏တပည့်မှာ မူလဝိညာဉ် ပြိုကွဲသွားပြီး အနက်ရောင်အမှုန့်များသဖွယ် ပြန့်ကြဲသွားတော့သည်။ ချင်းယွင်ကောင်းကင်ဘုံ၏ လေပြေတစ်ချက် ညင်ညင်သာသာ တိုက်ခတ်လိုက်သည့်အခါ အမှုန်များမှာ လျင်မြန်စွာ မျောလွင့်သွားကာ မမြင်ရတော့ပေ။
ထိုအချိန်တွင် အရှေ့နတ်မင်းနှင့် အနောက်နတ်မင်း၏ တပည့်များက လေပေါ်မှ ထိုးဆင်းလာကာ တာအိုနန်းတော်၏အနားသို့ ပြုတ်ကျသွားကြသည်။ တစ်ယောက်က မြေကြီးအပေါ် လဲကျသွားကာ ကိုက်သုံးရာရှည်လျားသော အစိမ်းရောင်နဂါးတစ်ကောင်အသွင် ပြောင်းသွားပြီး ကျန်တစ်ယောက်သည် အလင်းတန်းများ တောက်ပနေသော ကျားဖြူတစ်ကောင် ဖြစ်သွား၏။
သားရဲကြီးနှစ်ကောင်စလုံး ဒေါသတကြီး ဟိန်းသံများ ထုတ်လွှတ်ရင်း အသက်ထွက်သွားကြသည်။ သူတို့၏ရုပ်ခန္ဓာများက လျင်မြန်စွာ အေးခဲသွားပြီး အလွန်အသက်ဝင်လှသော ကျောက်ရုပ်တုနှစ်ရုပ် ဖြစ်သွားကြသည်။ ရုန်းကန်နေသည့် အသွင်အပြင်များအား မြင်ရသေးလေသည်။
အခြားတစ်ဖက်တွင် တောင်နတ်မင်း၏ တပည့်က ခပ်စူးစူး တစ်ချက်အော်၍ မီးငှက်အသွင် ပြောင်းကာ ထွက်ပြေးသည်။ ကောင်းကင်ယံတွင် မီးတန်းတစ်တန်းသာ ကျန်ခဲ့၏။
သူမအောက်ရှိ လင်းရွှမ်က လှမ်းအော်လိုက်သည်။ “မိန်းကလေး၊ ဂိုဏ်းသခင်က မင်းဆရာနဲ့ ရင်းနှီးတာမလို့ မင်းကို မသတ်ဘူးတဲ့”
အနီရောင်ဝတ်ရုံနှင့် မိန်းကလေးက သူ့ကို ဂရုမစိုက်ဘဲ အရှိန်တင်ကာ ချင်းယွင်ကောင်းကင်ဘုံ၏ ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ သူမက အစိမ်းရောင်အလင်းထဲ ဝင်သွား၏။ အစိမ်းရောင်အလင်းမှာ လှိုင်းထသွားပြီး နောက်တခဏတွင် ထိုမိန်းကလေးသည် ပိုက်ကွန်တစ်ခုထဲ၌ ရုန်းလျက်သား ပြန်ပေါ်လာလေသည်။ ကောင်းကင်ပိုက်ကွန်တစ်ခုက သူမကို ဖမ်းချုပ်ထားသည်။
မီးငှက်မှာ ကောင်းကင်ပိုက်ကွန်ထဲမှ ရုန်းထွက်ချင်နေသော်လည်း မထွက်နိုင်ပေ။ ကောင်းကင်ပိုက်ကွန်၏ ထောင့်လေးထောင့်၌ တာအိုရသေ့အိုကြီးတစ်ယောက်စီ ရပ်နေကြပြီး ပိုက်ကွန်စကို တင်းတင်းဆွဲ၍ သူမအား ချုပ်ထားကြ၏။
တာအိုသခင်လင်းရွှမ်က ယင်ယန်တာအိုမျက်လုံးများကို ဖွင့်၍ ကြည့်လိုက်သည့်အခါ ကောင်းကင်ပိုက်ကွန်၏ အလွန်တရာ အနုစိတ်သော တည်ဆောက်ပုံကို မြင်လိုက်ရသည်။ အင်မတန် နက်နဲဆန်းကြယ်လှသည့် သင်္ချာစွမ်းရည်လည်း ကိန်းဝပ်နေသဖြင့် သူ့မှာ တလေးတစား စုပ်သပ်မဆုံး ဖြစ်နေတော့သည်။
“ချင်းယွင်ကောင်းကင်ဘုံက အနုစိတ်သင်္ချာမှာ ကျွမ်းကျင်တာပဲ.... အနုစိတ်သင်္ချာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အသိအမြင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းထက် အများကြီး သာတယ်”
သူသည် အလွန်ဝမ်းသာနေပြီး သူ့ဘေးရှိ တာအိုရသေ့ချာဆီသို့ ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်တို့တာအိုဂိုဏ်းမှာ သူတို့မယှဉ်နိုင်တဲ့ ထိုက်ဝေသင်္ချာကျမ်း ရှိတယ်... အတူတူပူးပေါင်းလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်နဲ့ ကျင့်စဉ်တွေ တရှိန်ထိုး တိုးတက်တော့မှာပဲ”
တာအိုရသေ့ချာသည် ပြောသင့်မပြောသင့် စဉ်းစားနေပြီးနောက် မေး၏။ “တာအိုသခင်၊ ချင်းယွင်ကောင်းကင်ဘုံက ရန်သူလား၊ မိတ်ဆွေလား ပြောဖို့ခက်တယ်... ချင်းယွင်ကောင်းကင်ဘုံ ငါတို့ တာအိုဂိုဏ်းကို ကူညီမှာ သေချာလို့လား... ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းကို အစွန့်ပစ်ခံဂိုဏ်းသားတွေ တည်ထောင်ခဲ့တာ မဟုတ်လား”
“ဂိုဏ်းသခင်ချင် သေချာပေါက် လုပ်နိုင်တယ်” လင်းရွှမ်က ယုံကြည်ချက်အပြည့် ရှိနေသည်။
တာအိုရသေ့ချာမှာ မည်းလိုက်၊ ဖြူလိုက် ပေါက်နေသော သူ့ဆံပင်များကို ကုတ်ရင်း တွေးလိုက်မိ၏။ ‘မင်းက တာအိုသခင်လား၊ သူက တာအိုသခင်လား... ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို မင်း ယုံကြည်တာ နည်းနည်း မများလွန်းဘူးလားဟေ...’
ကောင်းကင်ထက်တွင် ချင်မူနှင့် ရှောင်ချွင်းဖုန်းက အမြင့်သို့ တက်သွားကြသည်။ ရှောင်ချွင်းဖုန်း၏ အစွမ်းအစများသည် ထူးခြားသည့်အပြင် သင်္ချာစွမ်းရည်ကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မား၏။
သူက တာအိုဘိုးဘေးကြီး၏တပည့်၊ ကောင်းကင်နတ်ဘုံရှိ တာအိုဂိုဏ်း၏ ဆက်ခံသူတစ်ယောက် မဟုတ်ပါလော။ တာအိုဘိုးဘေးကြီးဆီမှ ကိုယ်တိုင်သင်ကြားမှု မရရှိခဲ့သော်လည်း ရှောင်ချွင်းဖုန်း၏ စွမ်းရည်များကား ထူးချွန်ပြောင်မြောက်ချေသည်။
သူ ထုတ်လွှတ်နေသည်မှာ ဓားသိုင်းမဟုတ်ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတာအိုဂိုဏ်း ကျွမ်းကျင်သည့် ပြိုင်ဘက်ကင်း ပညာရပ်မှာ တာအိုဓားဆယ့်လေးခန်း ဖြစ်သည်။ တာအိုဓားသည် သူတို့ဂိုဏ်း၏ အထင်ကရဓားသိုင်း ဖြစ်ကာ တာအိုသခင်တိုင်း လေ့လာသင်ယူရ၏။ ကျင့်စဉ်ကမူ အပြည့်အစုံမရှိသေးသော ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ် ဖြစ်သည်။ တာအိုရသေ့ချာ ခိုင်ဧကရာဇ်ခေတ်မှ တာအိုဂိုဏ်း၏ ကျင့်စဉ်များကို ယူလာခဲ့ပြီးနောက်မှ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ် ပြည့်စုံခဲ့ရ၏။
သို့သော် တာအိုဓားဆယ့်လေးခန်းဖြစ်စေ၊ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ဖြစ်စေ ထိုကျင့်စဉ်ပညာရပ်နှစ်ခုသည် ထောင်ချီသော ကျင့်စဉ်ပညာရပ်များအထဲမှ နှစ်မျိုးသာ ဖြစ်သေးလေသည်။
တာအိုဘိုးဘေးကြီး တာအိုဂိုဏ်းအား တည်ထောင်ခဲ့သော ရည်ရွယ်ချက်သည် သင်္ချာကို အသုံးပြု၍ စကြဝဠာအတွင်းရှိ အရာအားလုံးကို ရှင်းလင်းဖော်ပြရန်၊ ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကို တွက်ထုတ်ရန် ဖြစ်ခဲ့သည်။ တာအိုဓားက ပညာရပ်များအနက်မှ တစ်ခုသာ ဖြစ်သလို၊ ရှန်းထျန်းထိုက်ရွှမ်သည်လည်း ကျင့်စဉ်များအနက်မှ တစ်ခုသာ ရှိသေးသည်။ အကောင်းဆုံး ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များအဖြစ် မသတ်မှတ်နိုင်သေးပေ။
သို့တိုင်အောင် တာအိုသခင်လင်းရွှမ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထူးချွန်ဆုံးသော သင်္ချာပါရမီရှင်ဟု ဆိုနိုင်၏။ အငယ်မျိုးဆက်တွင် သူနှင့် ယှဉ်နိုင်သူ များများစားစား မရှိပေ။
သို့သော် ရှောင်ချွင်းဖုန်း သင်ယူထားသည်မှာ ကောင်းကင်နတ်ဘုံရှိ တာအိုဂိုဏ်း၏ ပြည့်စုံသော သင်္ချာပညာ ဖြစ်သည်။ ထို့အပြင် သူ့တွင် အကောင်းဆုံးဆရာ ရှိပြီး မဟာလဧကရီ၏ သားတော်၊ မျိုးသန့်သော နတ်ဘုရားတစ်ပိုင်းလည်း ဖြစ်နေသေးသည်။ ကောင်းကင်နတ်ဘုံ၏ မျိုးဆက်တူလူငယ်များအကြားတွင်လည်း ထင်ပေါ်သူဖြစ်ကာ နတ်မင်းလေးပါး၏ တပည့်များထက်ပင် ထူးချွန်သည်။
နှစ်ယောက်စလုံး ကောင်းကင်ထဲတွင် ရွေ့လျားနေကြသည်။ ရှောင်ချွင်းဖုန်း ထုတ်လွှတ်ခဲ့သော ကျင့်စဉ်က ချင်မူ့ကို စိတ်ဝင်စားမိစေသည်။ ဤရသေ့ပျိုလေး၏ အနောက်တွင် နေရာဟင်းလင်းပြင်နှင့် ဆက်သွယ်နေသော ကောင်းကင်တံတားတစ်စင်း ပျံဝဲနေ၏။ သူ၏မူလဝိညာဉ်က တံတားအပေါ်တွင် ရပ်နေသည်။
ရှောင်ချွင်းဖုန်း၏ မူလဝိညာဉ်က ဖားပြုတ်အသွင်သဏ္ဍာန်နှင့် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူက မတ်တပ်ရပ်လျက် ကျည်ပွေ့တစ်ချောင်းဖြင့် လက်တစ်ဖက်ထဲရှိ ဆေးများကို ကြိတ်ချေနေပြီး ကျန်တစ်ဖက်တွင် သစ်သားပုဆိန် ကိုင်ထားသည်။ သူ့ပါးစပ်ထဲ၌မူ သစ်သားချောင်းတစ်ချောင်း ရှိနေ၏။
ဤမူလဝိညာဉ်က ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို အသက်သွင်းလိုက်သဖြင့် ချင်းယွင်ကောင်းကင်ဘုံထဲရှိ ကြယ်တာရာများ အဆက်မပြတ် လှည့်ပတ်လာကာ သူ၏ကောင်းကင်နတ်သိုင်းကို ပိုမိုအားကောင်းပြင်းထန်လာစေသည်။
တခဏအတွင်း ရှောင်ချွင်းဖုန်းက မတူညီကွဲပြားသော စနစ်များမှ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်လိုက်၍ ချင်မူ့မျက်စိအရှေ့တွင် အလင်းရောင်တို့ လင်းလက်နေ၏။
ဤကောင်းကင်နတ်သိုင်းများအတွင်း၌ သုံးရာခြောက်ဆယ်သော ကြယ်များမှ မဟာတာအိုတို့ ပါဝင်ပြီး မဟာနေဧကရာဇ်နှင့် မဟာလဧကရီ၏ ကောင်းကင်နတ်သိုင်းများပင် ကိန်းဝပ်နေသည်။
မဟာတာအိုအတွင်းရှိ ကြယ်အရှင်သခင်များအားလုံးတွင် ကိုယ်ပိုင်ဓာတ်သတ္တိများ ရှိကြ၍ တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်တိုက်ခိုက်နေကြသည်။ သို့သော် ရှောင်ချွင်းဖုန်းက စိတ်တိုင်းကျ လှုပ်ရှားနိုင်သေးချေရာ ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသည် ဤမဟာတာအိုတို့၏ ကောင်းကင်နတ်သိုင်းများကို ခွဲခြားစိတ်ဖြတ်ပြီး ပြန်လည်တည်ဆောက်ထားကြောင်း ပေါ်လွင်နေ၏။
ထိုမျှသာမက ရှောင်ချွင်းဖုန်းက ရွှမ်တုမဟာတာအို၊ ယိုတုမဟာတာအိုနှင့် ယွမ်တုမဟာတာအိုတို့၏ ကောင်းကင်နတ်သိုင်းများကိုပင် ထုတ်လွှတ်နေသည်။ ထုတ်လွှတ်နေရင်း ယိုတု၏ ကောင်းကင်နတ်သိုင်းများသည် ချင်မူ့အပေါ် သက်ရောက်မှုမရှိကြောင်း လျင်မြန်စွာ သတိထားမိ၏။
ချင်မူက ယွမ်တု၏ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းတွင်လည်း အလွန်ကျွမ်းကျင်သည်။ ထို့ကြောင့် ရှောင်ချွင်းဖုန်းသည် ရွှမ်တု၏ ကောင်းကင်နတ်သိုင်းကို ကပျာကယာ အသုံးချကာ ကြယ်တာရာများဖြင့် ချင်မူ့ကို တိုက်ခိုက်၏။
လူရိပ်နှစ်ခု မြင့်သထက် အမြင့်သို့ တက်သွားသည်။ ချင်းယွင်ကောင်းကင်ဘုံ၏ ကောင်းကင်ထဲရှိ လူလုပ်နေ၊ လူလုပ်လနှင့် လူလုပ်ကြယ်များ၏ စွမ်းအားများမှာ ရှောင်ချွင်းဖုန်း၏ မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် အသက်ဝင်လာကြသည်။ ကြယ်တာရာများ အဆက်မပြတ် တုန်ခါလာပြီး အလင်းတန်းများက ချင်မူ့အပေါ် ပစ်ချကြသည်။
ရှောင်ချွင်းဖုန်းက နေရာကောင်း၊ အချိန်ကောင်းတွင် ဖြစ်၍ ရေထဲက ငါးတစ်ကောင်ပမာ လှုပ်ရှားနိုင်သည်။ တခြားနေရာတွင်သာ ဆိုလျှင် ထိုမျှစွမ်းအားမပြင်းထန်နိုင်သော်လည်း ချင်းယွင်ကောင်းကင်ဘုံ၌ ဖြစ်နေသည့်အတွက် သူကား ပြိုင်ဘက်ကင်းနေ၏။
တာအိုသခင်လင်းရွှမ်က နဂါးငွေ့တန်းထဲတွင် တိုက်ခိုက်နေကြသော သူတို့နှစ်ယောက်ကို ကြည့်နေသည်။ ရှောင်ချွင်းဖုန်း၏ လက်ထဲရှိ ကောင်းကင်နတ်သိုင်းများကို မြင်လျှင် လင်းရွှမ် သက်ပြင်းချမိသည်။
“သူက တာအိုဂိုဏ်းရဲ့ တကယ့် ဆက်ခံသူပဲ”
ရှောင်ချွင်းဖုန်းက သူ့ခံစားချက်များကို အလှုပ်ခတ်စေဆုံး ဖြစ်သည်။ ဤခရီးတွင် သူ့ကို အံ့အားအသင့်စေဆုံးမှာလည်း ရှောင်ချွင်းဖုန်းသာ ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းသည် တစ်လောကလုံးတွင် လမ်းအမှန်ဆုံးဂိုဏ်းဟု အမြဲကြေညာခဲ့၏။ သို့သော် ကောင်းကင်နတ်ဘုံရှိ တာအိုဂိုဏ်းမှ အစွန့်ပစ်ခံခဲ့ရသော ဂိုဏ်းသားများ တည်ထောင်ထားခြင်း ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတို့က ကောင်းကင်နတ်ဘုံနှင့် တုယှဉ်ပြိုင်ရန် တာအိုဂိုဏ်းကို တည်ထောင်ခဲ့ခြင်းဖြစ်ချေသည်။
ထိုသို့ဖြစ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းသည် ၎င်း၏ရန်သူတော်ကြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် ရည်ရွယ်ချက်ချင်း တူညီနေလေသည်။ သို့သော်လည်း အကြောင်းပြချက်မရှိဘဲ နှစ်နှစ်သောင်းတိုင် တိုက်ခိုက်ခဲ့ကြ၏။
အခြားတစ်ဖက်တွင် နက္ခတ်တာရာအတုမှာ တာအိုဂိုဏ်းခွဲ ၊ ချင်းယွင်ဂိုဏ်းမှ ဖန်တီးထားခြင်း ဖြစ်နေခဲ့သည်။ ယင်းက သူ၏တာအိုနှလုံးသားအပေါ် အတော်လေး ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။
ယခုတွင် တာအိုဂိုဏ်း၏ စစ်မှန်သော ပြိုင်ဘက်ကင်း ပညာရပ်များနှင့် စစ်မှန်သော သင်္ချာအလှတရားကိုပါ မြင်ရချေရာ လင်းရွှမ် မည်သို့ခံစားနေရမည်မှန်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်လိမ့်မည်။
‘ဂိုဏ်းသခင်တော့ ပြိုင်ဘက်နဲ့ တွေ့ပြီ’
သူ့အတွေး ဤနေရာအရောက်တွင် ကောင်းကင်ထဲရှိ ကြယ်တာရာများ အထိန်းအချုပ်ကင်းမဲ့စွာ လည်လာသည်။ ကြယ်များ၏ အလယ်ရှိ နေက တောက်ပလာ၏။
နောက်တခဏတွင် ကြယ်အားလုံးကား ကောင်းကင်နယ်စားမင်း၏ အသွင်သဏ္ဍာန်အဖြစ် ဖွဲ့တည်သွားကြသည်။
ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုရသေ့များမှာ အပေါ်သို့ မော့ကြည့်ပြီး တုန်လှုပ်ချောက်ချားကုန်ကြသည်။ အလင်းရောင်များမှ ဖွဲ့တည်နေသော ကောင်းကင်နယ်စားမင်း၏ အသွင်သဏ္ဍာန်ကို သူတို့ မြင်ကြရ၏။ လူလုပ်နေများကား လူလုပ်ကောင်းကင်နယ်စားမင်းကို ဖန်တီးနေချေပြီ။
“ဘယ်သူ ကြယ်တွေကို ထိန်းချုပ်နေတာလဲ” တာအိုရသေ့အိုကြီးတစ်ယောက် ကြောက်ရွံ့ထိတ်လန့်စွာ အော်သည်။
မည်သူမှ သူ့ကို ပြန်မဖြေ။
ဤလူလုပ်ကောင်းကင်နယ်စားမင်းကို မထိန်းချုပ်နိုင်တော့သဖြင့် ကြယ်တာရာများအပေါ်ရှိ ခန်းမများထဲ၌ ကျင့်ကြံနေကြသော တာအိုရသေ့များ ပျာယာခတ်ကုန်ကြသည်။ သူတို့မှာ ကြယ်များအတွင်းမှ ကပျာကယာ ထွက်လာကြကာ အိုးနင်းခွက်နင်း ဖြစ်နေကြတော့၏။
ချင်မူနှင့် ရှောင်ချွင်းဖုန်းက တိုက်ခိုက်ရင်း ကြယ်များအထဲသို့ ရောက်သွားကြသည်။ ဤအခိုက်အတန့်တွင် ကြယ်များဖြင့် ဖွဲ့တည်ထားသည့် ကောင်းကင်နတ်စားမင်းဆီမှ တုန်ခါလှိုင်းများကြောင့် သူတို့ခန္ဓာကိုယ်များမှာလည်း မငြိမ်မသက်ဖြစ်လာကြသည်။
ချင်းယွင်ကောင်းကင်ဘုံထဲရှိ အားလုံး၏ မျက်စိရှေ့တွင် ဤလူလုပ်ကောင်းကင်နယ်စားမင်းသည် ဖြည်းဖြည်းချင်း ထရပ်နေ၍ ချင်းယွင်ကောင်းကင်ဘုံတစ်ဘုံလုံး ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေ၏။ မိုင်တစ်သိန်းကျယ်ဝန်းသော ဤကောင်းကင်ဘုံမှာ သူ၏စွမ်းအားကို တောင့်မခံနိုင်၍ ပြိုကွဲတော့မည့်ပုံပေါ်လာသည်။
တာအိုနန်းတော်မှာလည်း ယမ်းခါနေတော့သည်။
တောင်ပေါ်ရှိ လူများမှာ မလဲကျသွားအောင် ထိန်း၍ ကြည့်နေကြစဉ် ကောင်းကင်နယ်စားမင်းသည် အရပ်ရှည်သထက် ရှည်လာပြီး ဖြည်းဖြည်းချင်း ခေါင်းမော့နေသည်ကို တွေ့နေရ၏။ ကောင်းကင်နယ်စားမင်း၏ မျက်လုံးများက တောက်ပလာပြီး ကြယ်ရောင်များလည်း ပိုမိုလင်းလက်လာသည်။
တာအိုသခင်လင်းရွှမ်က ကိုယ်ကိုထိန်းပြီး ချင်မူနှင့် ရှောင်ချွင်းဖုန်းကို ရှာရန် ပြင်နေစဉ် တာအိုနန်းတော်ထဲမှ ထွက်လာသော ချင်းယွင်ဂိုဏ်းခေါင်းဆောင်ကို မျက်ဝန်းထောင့်စွန်းနေ၍ မြင်လိုက်ရသည်။
“နောင်တော်”
တာအိုသခင်လင်းရွှမ်က မေးတော့မည့်အချိန် ချင်းယွင်ဂိုဏ်းသခင်၏အသံ ထွက်လာသည်။ “မိတ်ဆွေလေးလင်း၊ ငါ တာအိုဘိုးဘေးကြီးနဲ့ ဆက်သွယ်ပြီးသွားပြီ... တာအိုဘိုးဘေးကြီးက ဆုံးဖြတ်ချက်မချခင် မင်းတို့နဲ့ တွေ့ချင်တယ် ပြောတယ်... သူ ကောင်းကင်နတ်ဘုံထဲမှာ စောင့်နေတာ ကြာပြီ”
တာအိုသခင်လင်းရွှမ် အကြီးအကျယ် အံ့အားသင့်သွားကာ အော်လိုက်မိသည်။ “အဲဒါဆို ကောင်းကင်ထဲက ကောင်းကင်နယ်စားမင်းက...”
သူ စကားမဆုံးခင် ကောင်းကင်နယ်စားမင်း၏ မျက်လုံးများမှ အလင်းတန်းနှစ်တန်း ဖြာထွက်လာသည်။ အလင်းရောင်သည် ကြယ်များအတွင်းသို့ ရောက်နေသည့် ချင်မူနှင့် ရှောင်ချွင်းဖုန်းအပေါ် ဖြာကျသွားပြီး ပိုက်ကွန်ထဲတွင် ပိတ်မိနေသော တောင်နတ်မင်း၏ တပည့်ဆီသို့လည်း ရွေ့လျားသွား၏။ နောက်ဆုံးအလင်းတန်းက လင်းရွှမ်ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ သူတို့လေးယောက်လည်း မရှိတော့ပေ။
ကောင်းကင်ထဲရှိ ကောင်းကင်နယ်စားမင်းသည် ရုတ်တရက် ကြယ်များအဖြစ် ပြိုကွဲပြန့်ကြဲသွားကာ ကြယ်အားလုံး သူ့လမ်းကြောင်းသူ ပြန်ရောက်သွားကြသည်။
ကောင်းကင်မှာ ပြန်လည်ငြိမ်သက်သွားပြီး ချင်းယွင်ကောင်းကင်ဘုံထဲ၌ တုန်ခါနေမှုများလည်း ရပ်တန့်သွားသည်။
တာအိုရသေ့များမှာ တာအိုနန်းဆော်ဆီသို့ အပြေးအလွှား ပျံသွားကြသည်။ တာအိုရသေ့အိုကြီးတစ်ယောက်က ရသေ့ပျိုတစ်ယောက်ကို ခေါ်၍ မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကပျာကယာ မေးလေသည်။ “ဂိုဏ်းခေါင်းဆောင်၊ သူတို့ ဘယ်ရောက်သွားလဲ”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က တာအိုနန်းတော်၏အရှေ့တွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်နေသည်။ “သူတို့ ကောင်းကင်နတ်ဘုံထဲက အစောင့်ရှောက်အဆောင်ဆီ သွားပြီ... တာအိုဘိုးဘေးကြီးက သူတို့ကို အဲဒီမှာ တွေ့ချင်နေတယ်”
“ကောင်းကင်နတ်ဘုံထဲက အစောင့်ရှောက်အဆောင်တဲ့လား.... “ ထိုတာအိုရသေ့အိုကြီး အနည်းငယ် မှင်သက်သွားသည်။
ချင်းယွင်းဂိုဏ်းခေါင်းဆောင်က ခေါင်းညိတ်၍ မနာလိုအားကျနေသော အမူအရာ ရှိနေသည်။ “အစောင့်ရှောက်အဆောင်က ကောင်းကင်နတ်ဘုံ စာအုပ်တွေ ထိန်းသိမ်းထားတဲ့နေရာပဲ... တာအိုဘိုးဘေးကြီးက အဲဒီမှာ တော်ဝင်မိသားစုအတွက် စာအုပ်မျိုးစုံ စောင့်ရှောက်ပေးနေတဲ့ အဆောင်မှူး လုပ်နေတယ်... ထူးဆန်းတယ်”
သူ ရုတ်တရက် အံ့အားသင့်သွားပြီး ရသေ့အိုနှင့် ရသေ့ပျိုကို လှည့်ကြည့်ကာ မျက်လုံးများ မှေးကျဉ်းသွား၏။ “ညီလေး ဖေးဟယ်၊ မင်း ဘာလို့ ဒီလောက် မြန်နေတာလဲ... ကျန်တဲ့နောင်တော်တွေ၊ ညီတော်တွေတောင် မရောက်သေးဘူး... မင်းက ဒီရောက်နေပြီ”
သူ့အရှိန်အဝါသည် တမုဟုတ်ချင်း ဖြာထွက်လာကာ တာအိုရသေ့အိုကြီးကို ချုပ်လိုက်၏။ သူက အေးစက်စက် ပြောလေသည်။ “မင်းက ဖေးဟယ်မဟုတ်ဘူး... ဘယ်သူလဲ... ငါ့ချင်းယွင်ကောင်းကင်ဘုံမှာ ဘာကြောင့် ခိုးခဲ့တာလဲ”
ထိုတာအိုရသေ့အိုကြီးက တဟားဟား ထရယ်ပြီး ရသေ့ပျိုလေးကို သယ်ကာ ထွက်သွားလေသည်။ သူ့အမြန်နှုန်းကြောင့် ချင်းယွင်ဂိုဏ်းခေါင်းဆောင် မှင်သက်နေ၏။
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည့်အခါ ဓားပျံက အလင်းတန်းတစ်တန်းပမာ လေကို ခွင်းသွားသည်။ သူ၏ဓားပျံက မြန်သော်လည်း ရသေ့အိုကြီးဆီမှ ဝေးသထက် ဝေး၍ ကျန်ခဲ့လေသည်။
ချင်းယွင်ဂိုဏ်းသခင် ခေါင်းမွှေးများ ထောင်သွားပြီး လှမ်းအော်သည်။ “နောင်တော်တို့၊ ညီတော်တို့ သူ့ကို တားကြ... သူက သူခိုးပဲ”
မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများနှင့် အရောင်စုံနတ်လက်နက်များက တာအိုရသေ့အိုကြီးနောက်မှ လိုက်လာနေရာ အလွန်ခမ်းနားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။ သို့သော် အကုန်လုံး ထိုရသေ့အိုကြီး၏ ဖုန်လုံးထဲတွင် ကျန်ရစ်ခဲ့၏။
“ချင်းယွင်ကောင်းကင်ဘုံကို ပိတ်လိုက်” ချင်းယွင်ဂိုဏ်းသခင်က အော်ဟစ်သည်။
ချင်းယွင်ကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် ကောင်းကင်ပိုက်ကွန်တစ်ခု ရုတ်တရက် ပေါ်လာသော်လည်း အရိပ်တစ်ခုက ဖျတ်ခနဲ ကျော်ဖြတ်သွား၏။ ထိုနေရာ၌ စောင့်နေသော ရသေ့များမှာ မည်သည်ကိုမှ မဖမ်းမိလိုက်ပေ။
“သရဲ သရဲ” ရသေ့ကြီးများ အော်ဟစ်နေကြသည်။