အခန်း (၈၇၀)
Vol. 63 Ch. 870
“မိစ္ဆာလောကလန်က အခုအချိန်မှာ ဝင်ပါစရာမလိုသေးဘူး”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။
“ရွှေအင်မော်တယ်ရယ်မင်ရဲ့ သတင်းတွေကို သိရပြီလား”
ရွှေအင်မော်တယ်ရယ်မင်က ကျူးလင်းမြို့တွင် အသားမဲ့ဝါးတောအုပ်ကို တည်ဆောက်ခဲ့သည်။
ဟန်မူယဲ့၏အမြင်တွင် တစ်ကိုယ်တော်လှုပ်ရှားနေသော ရွှေအင်မော်တယ်တစ်ပါးကို အမှန်တကယ် သတိထားသင့်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းခါသည်။
“အရှင်၊ အဲဒီကျွမ်းကျင်သူရဲ့သတင်းကို အခုထိ မသိရသေးပါဘူး”
သူက ရပ်တန့်လိုက်ပြီး ညင်သာစွာဆက်ပြောသည်။
“တကယ်လို့ ရွေအင်မော်တယ်တစ်ပါးက ခြေရာဖျောက်ထားချင်တယ်ဆိုရင် ကျွန်တော်တို့ကလန်ရဲ့ အကြီးအကဲတွေကတောင် သတိထားမိဖို့ ခက်ပါလိမ့်မယ်”
ရွှေအင်မော်တယ်တစ်ပါးသည် အင်မော်တယ်ကမ္ဘာတွင် လွတ်လပ်စွာသွားလာနိုင်သော ကျွမ်းကျင်သူ ဖြစ်သည်။
အထွတ်အထိပ်ကောင်းကင်အဆင့် ပေါ်မလာသ၍ ရွှေအင်မော်တယ်က အင်မော်တယ်ကမ္ဘာတွင် အသန်မာဆုံးဖြစ်သည်။
ရွှေအင်မော်တယ်များက အင်မော်တယ်ကမ္ဘာ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်သောကြောင့် ကောင်းကင်အင်မော်တယ်များက ရွှေအင်မော်တယ်များနှင့် မယှဉ်နိုင်ကြပေ။
သူတို့၏ ခွန်အားသည် အကန့်အသတ်ကို ကျော်လွန်နေသည်။
ထို့အပြင် ဟန်မူယဲ့က ယခုအချိန်အထိ ကောင်းကင်အင်မော်တယ်အဆင့်သို့ မရောက်သေးပေ။
လွန်ခဲ့သောသုံးနှစ်တွင် သူက ဓားကျင့်ကြံသူများကို ဆက်တိုက်စိန်ခေါ်ခဲ့သည်။
သူက တခြားလူများနှင့် ဆွေးနွေးပြီး လျှို့ဝှက်ချက်များကို သိခဲ့ရသည့်အပြင် အင်မော်တယ်ကမ္ဘာ၏ ဓားနည်းစနစ်အမျိုးမျိုးကိုလည်း နားလည်ခဲ့သည်။
ဖူယွီအင်မော်တယ်ကမ္ဘာတွင် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၏ ဂုဏ်သတင်းသည် မဆိုးဝါးပေ။ ထို့အပြင် အမွေအနှစ်အများအပြားလည်း ရှိနေသည်။
သူချန်ထားခဲ့သော နည်းစနစ်များကို အင်မော်တယ်ကမ္ဘာက တွင်ကျယ်စွာ အသုံးချနေသည်။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း အင်မော်တယ်ဘုရင်က အမွေအနှစ်များကို ဖြန့်ဝေခဲ့သောကြောင့် အထွတ်အထိပ်ကောင်းကင်အဆင့် ကျွမ်းကျင်သူများက အမွေအနှစ်ကို ဖြတ်တောက်ချင်လျှင်ပင် မဖြစ်နိုင်တော့ပေ။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး တာအိုတန်ခိုးရှင်ကို ပြန်သွားခိုင်းလိုက်သည်။ သူ့မျက်နှာထားက တည်ငြိမ်နေသည်။
သူက မိစ္ဆာအနှစ်သာရဂိုဏ်းနှင့် ပြေလည်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် တစ်ခါတည်း အပြတ်ရှင်းလိုက်လျှင် ပိုကောင်းသည်။
“ဝီ”
တုန်ခါသံနှင့်အတူ အစိမ်းရောင်ဓားရှည်တစ်ချောင်း ပေါ်လာသည်။
အင်မော်တယ်ချီနှင့် တောက်ပနေသော ဓားရှည်ဖြစ်သည်။ ထူးခြားသော အင်မော်တယ်အင်းကွက်များကိုလည်း ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က လွန်ခဲ့သောသုံးနှစ်တွင် ဆက်တိုက်စိန်ခေါ်ပြီး ဓားများကို လဲလှယ်ခဲ့သည်။ လွန်ခဲ့သောသုံးရက်တွင် သူက ထို့ပိုင်မြို့၏ ပထမအကြီးအကဲကို အနိုင်ယူပြီး အင်မော်တယ်ရတနာဓားရှည်ကို ရရှိခဲ့သည်။
ဟန်မူယဲ့က ဓားရိုးကို ဆုပ်ကိုင်ပြီး ဓားဆန္ဒကို ထုတ်လွှတ်သည်။ အမျိုးမျိုးသော မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။
ဓား၏နာမည်သည် ဆောင်းဦးအလွမ်းဖြစ်ပြီး ကောင်းကင်မြစ်သုံးစင်း၏ ရေနှင့် ကောင်းကင်သစ်ပင်၏ သစ်ကိုင်းကို အသုံးပြု၍ ဖန်တီးထားသည်။
ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် အင်မော်တယ်ကမ္ဘာတွင်ရှိသော ကောင်းကင်သစ်ပင်ကို မြင်လိုက်ရသည်။
ဓားသည် ရေနှင့်သစ်သား၏ နတ်ဘုရားစွမ်းရည်ခုနစ်မျိုးကို ပိုင်ဆိုင်ထားသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းက လုံလောက်မည်ဆိုလျှင် ဓားရှည်ဖြင့် ကမ္ဘာတစ်ခုကို ရေလွှမ်းမိုးပစ်နိုင်သည်။
အင်မော်တယ်ရတနာတစ်ပါးကို ကောင်းမွန်စွာ အသုံးချလျှင် အင်မော်တယ်ကမ္ဘာ၏ နယ်မြေတစ်ခုကို အမှန်တကယ်ပင် ဖိနှိပ်နိုင်သည်။
လူအများစုက အင်မော်တယ်ရတနာကို အသုံးပြုပြီး နေရာလွတ်ကမ္ဘာငယ်များကို ဖိနှိပ်ကြသည်။
ထိုအရာသည်လည်း နယ်မြေတစ်ခုကို ဖိနှိပ်ခြင်း ဖြစ်သည်။
ဟန်မူယဲ့က ဆောင်းဦးအလွမ်းဓားကို ကိုင်ထားပြီး မြင်ကွင်းအမျိုးမျိုးကို မြင်လိုက်ရသည်။
ဤဓားသည် ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာဘုရင်တစ်ပါးဆီမှ ဆင်းသက်လာသည်။ ထိုမိစ္ဆာဘုရင်က အားကောင်းသော ဓားကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။
ထိုဓားကျင့်ကြံသူသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အပြင်ဘက်မှ ရောက်လာခဲ့သည်။
ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာတွင် ငါးနှစ်ခန့်သာ နေရသေးသော်လည်း နှစ်သောင်းချီနေထိုင်ခဲ့သော ကျင့်ကြံသူများထက် ဗဟုသုတပိုရှိသည်။
သူက ဓားအမျိုးမျိုးမှတစ်ဆင့် အင်မော်တယ်ကမ္ဘာ၏ ခမ်းနားမှုကို မြင်ခဲ့သည်။
ကျင့်ကြံသူများသည် ထိုသို့ပင် ဖြစ်သင့်သည်။
ဓားက ညင်သာစွာ အသံပေးနေသည်။ ဟန်မူယဲ့က ဓားကို ပြန်သိမ်းထားလိုက်သည်။
နောက်တစ်ကြိမ်တွင် ထိုဓားကိုအသုံးပြု၍ တခြားကျွမ်းကျင်သူနှင့် လောင်းကြေးထပ်ရမည်။
သူစိန်ခေါ်မည့်လူက လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင်ရှိသော ဓားကျင့်ကြံသူ ဖြစ်သည်။
ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်မူလဝိညာဉ်ဓားက ဖြည်းဖြည်းချင်းပေါ်လာပြီး လှည့်ပတ်နေသည်။
လူသားအင်မော်တယ်အဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော နတ်ဘုရားဘုရင်အဆင့် ဖြစ်သည်။
သူ၏ အင်မော်တယ်ချီ ကျင့်ကြံခြင်းက ထိုအဆင့်တွင် ရှိနေသည်။
ထိုအဆင့်တွင် တခြားကျင့်ကြံသူများက ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကျော်ဖြတ်ရန် စီစဉ်ကြလိမ့်မည်။
သို့သော် ဟန်မူယဲ့က ထိုသို့ မတွေးပေ။
သူက ကောင်းကင်ကိုဆန့်ကျင်ပြီး အင်မော်တယ်ဖြစ်လာချင်သည်။
သူက ကောင်းကင်ကိုဆန့်ကျင်ပြီး အင်မော်တယ်ဖြစ်လာလျှင် အပိုင်သိမ်းပြီးသားဖြစ်သော နေရာလွတ်ကမ္ဘာငယ်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ လျင်မြန်စွာရောက်လာလိမ့်မည်။
ထိုအချိန်တွင် သူက ရွှေအင်မော်တယ်ကိုပင် တိုက်ခိုက်ရဲလိမ့်မည်။
“အချိန်ရှိပါသေးတယ်။ အလျင်မလိုပါဘူး”
ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး ညင်သာစွာပြောသည်။
အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းသုံးဆယ်၊ လူသားလောကတွင် နှစ်ပေါင်းသုံးထောင် ....
အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်သွားသောအချိန်တွင် သူက လူသားလောကသို့ ပြန်လိမ့်မည်။
လူသားလောကတွင် သူ၏ တာအိုလက်တွဲဖော်၊ မိတ်ဆွေနှင့် ဂိုဏ်းတူတပည့်များ ရှိနေကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ သတင်းအရ အင်အားစုများသည် အင်မော်တယ်တက်လှမ်းစင်မြင့်အတွက် တိုက်ခိုက်နေကြသည်။
အဆိုးဆုံးဖြစ်ရပ်တွင် သွေးစစ်ပွဲဂိုဏ်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဆက်လက်ချုပ်ကိုင်ထားနိုင်လိမ့်မည်။ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာပြီး သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူများ ဆင်းသက်လာခဲ့လျှင် တိုက်ပွဲကြီးတစ်ခု ဖြစ်သွားလိမ့်မည်။
သူက အင်မော်တယ်တက်လှမ်းစင်မြင့် တိုက်ပွဲတွင် ပါဝင်ရန် အဆင့်မမီသေးပေ။
သို့သော် သူက အကောင်းဆုံးကြိုးစား၍ ကျင့်ကြံဆင့်ကို မြှင့်တင်ပြီး အင်မော်တယ်တက်လှမ်းစင်မြင့် ဖွင့်သောအခါတွင် ပြန်သွားမည်။
တစ်ရက်အကြာတွင် ဟန်မူယဲ့က ထို့ပိုင်မြို့မှ ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူက စိန်ခေါ်ရန်မသွားပဲ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများမှတစ်ဆင့် လုမင်မြို့သို့ သွားလိုက်သည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို လွယ်ကူစွာမတည်ဆောက်နိုင်ပေ။ ယခုအချိန်တွင် ယွင်လန်မြို့က လုမင်မြို့နှင့်သာ တိုက်ရိုက်ဆက်သွယ်နိုင်သေးသည်။
နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနှစ်ဆယ်ကို နှစ်တစ်ရာအတွင်း၌ တည်ဆောက်ရန် စီစဉ်ထားသည်။
“လုမင်မြို့နဲ့ ကျန်းချောင်မြို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက ပျက်စီးနေတယ်။ လုမင်မြို့ကိုရောက်ဖို့ သုံးလကြာမယ်တဲ့လား”
ဟန်မူယဲ့က လုမင်မြို့နှင့် မိုင်သုံးသိန်းဝေးသော ကျောက်ချောင်မြို့သို့ ရောက်သောအခါတွင် သတင်းကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ ကျောက်ချောင်မြို့ကို လေပြင်းဓားပြတွေက တိုက်ခိုက်သွားကြတယ်။ ကျွမ်းကျင်သူတချို့က မြို့ထဲကိုဝင်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးသွားတယ်”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို စောင့်ကြပ်နေသော စစ်သည်တစ်ယောက်က ဦးညွတ်လျက် ပြောသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုနိုင်သောလူများသည် အခြေခံအုတ်မြစ်အဆင့်တွင်သာရှိသော သူတို့လို အဆင့်နိမ့်ကျင့်ကြံသူများ ရန်စနိုင်သည့်လူမျိုး မဟုတ်ပေ။
လွန်ခဲ့သောရက်တွင် အစောင့်တစ်ဦးက လုံလောက်စွာ လေးစားမှုမပြသောကြောင့် လက်တစ်ချက်ဝှေ့ယမ်းပြီး အသတ်ခံလိုက်ရသည်။
ထိုကိစ္စနှင့်ပတ်သတ်၍ ဘာမှမတတ်နိုင်ပေ။
အဆင့်နိမ့်ကျင့်ကြံသူများသည် ပုရွက်ဆိတ်များလောက်ပင် တန်ဖိုးမရှိကြပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားသည်။
မိုင်သုံးသိန်းအကွာအဝေးကို ပျံသန်းသွားရန် အချိန်ယူရမည်မဟုတ်ပေ။
သူ၏ ဓားအလင်းက အလွန်လျင်မြန်ပြီး စွန့်ပစ်မြေတွင်ရှိသော လူအနည်းငယ်သာ အမီလိုက်နိုင်ကြသည်။
“လေပြင်းဓားပြတွေလား။ ကြည့်ရတာ ခါးသီးအင်မော်တယ်နယ်မြေက လှုပ်ရှားတော့မယ့်ပုံပဲ”
ဟန်မူယဲ့က မြို့ထဲမှ ပျံသန်းထွက်လာပြီး တောရိုင်းမြေကိုကြည့်၍ တီးတိုးပြောသည်။
လေပြင်းဓားပြများသည် ခါးသီးအင်မော်တယ်နယ်မြေတွင် ပြန့်ကျဲနေပြီး အဖွဲ့ခွဲ၍ နေရာတိုင်းတွင် လုယက်နေကြသည်။
သူတို့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နယ်မြေသို့ ရောက်လာကြသည်။
တခြားနယ်မြေများတွင်လည်း သူတို့၏ အရိပ်အယောင်ကို မြင်ရသည်။
ထို့ကြောင့် လေပြင်းဓားပြများ၏ နောက်ကွယ်တွင် လူသားအင်အားစုတစ်ခု ရှိနေလိမ့်မည်။ သို့သော် ထိုအင်အားစုကို အတိအကျ မသိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း မဟုတ်ပေ။
‘တာအိုဂိုဏ်းများလား’
‘ဒါမှမဟုတ် သွေးစစ်ပွဲဂိုဏ်းလား’
‘ကောင်းကင်အလင်းဂိုဏ်းလား’
ဟန်မူယဲ့က ဓားအလင်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်ထက်တွင် ပျံသန်းနေသည်။
သူ့နောက်တွင်ကျန်ခဲ့သော မြို့တံတိုင်းတွင် လူနှစ်ယောက် ပေါ်လာသည်။
“အကြီးအကဲလော့ယန်၊ အဲဒီကလေးက ထောင်ချောက်ထဲကို ရောက်သွားပြီ။ သူ့ကို အမိဖမ်းနိုင်ဖို့ မင်းအပေါ်မှာပဲ မူတည်တယ်”
ခရမ်းရောင်ဝတ်စုံနှင့် အရပ်ရှည်သော တာအိုတန်ခိုးရှင်က ရှေ့သို့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူ့ဘေးတွင် အနီရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက် ရှိနေသည်။
အကြီးအကဲလော့ယန်က မိစ္ဆာအနှစ်သာရဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဝင်္ကပါပညာရပ်တွင် ကျွမ်းကျင်သည်။ တိုက်ခိုက်နိုင်စွမ်းလည်း ကောင်းသည်။
အရပ်ရှည်သော တာအိုတန်ခိုးရှင်က မိစ္ဆာအနှစ်သာရဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
သူက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်မော်တယ်တစ်ယောက်သည် အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်တာအိုနှင့် ထိတွေ့နေပြီဖြစ်သည်။ သူ၏ ကမ္ဘာငယ်လေးသည် လောကနှင့် ပေါင်းစပ်နေပြီး စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
“စိတ်ချပါဂိုဏ်းချုပ်။ အရင်တစ်ခေါက်မှာ သူက ရတနာကို အသုံးပြုပြီး စတုတ္ထညီလေးရဲ့ အငြိုးအတေးဝင်္ကပါကို ဖျက်ဆီးသွားခဲ့တယ်။ ဒီတစ်ခေါက်မှာ ဘယ်လိုလုပ်မလဲ ကြည့်ကြတာပေါ့”
အနီရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်လော့ယန်က ပုံရိပ်ယောင်အလင်းကို ထုတ်လွှတ်နေပြီး အေးစက်စွာပြောလိုက်သည်။
မိစ္ဆာအနှစ်သာရဂိုဏ်းသည် အငြိုးအတေးစွမ်းအင်ကို နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်နိုင်ပြီး အငြိုးအတေးဝင်္ကပါသည် အသန်မာဆုံး ဖြစ်သည်။
ထူရန်စစ်၏နည်းလမ်းများက မဆိုးသော်လည်း သူက နတ်ဘုရားအမည်စာရင်းနှင့် ရင်ဆိုင်လိုက်ရပြီး ယွင်လန်မြို့တွင် အကျဉ်းကျနေသည်။
ထိုဖြစ်ရပ်သည် မိစ္ဆာအနှစ်သာရဂိုဏ်းကို အရှက်ရစေသည်။
ဤတစ်ကြိမ်တွင်လည်း တာအိုတန်ခိုးရှင်လော့ယန်က အငြိုးအတေးဝင်္ကပါကို အသုံးပြုပြီး ဟန်မူယဲ့ကို ထောင်ချောက်ဆင်ထားသည်။
“ဘုန်း”
မိုင်ထောင်ချီအကွာတွင် ပေါက်ကွဲသံကို ကြားနိုင်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းမော့ကြည့်လိုက်ကြသည်။
ဓားအလင်းများသည် ကောင်းကင်ထက်တွင် စုစည်းလာကြသည်။
“လူတစ်ယောက် တောရိုင်းမြေထဲမှာ တိုက်ခိုက်နေတယ်။ မဟာဓားကျင့်ကြံသူတစ်ယောက်ပဲ”
လူတစ်ယောက်က ညင်သာစွာပြောလိုက်ပြီး လေထုထဲသို့ ပျံသန်းသွားသည်။
တိုက်ပွဲကို စပ်စုရန်အတွက်သာ မဟုတ်ပေ။
ကျင့်ကြံသူများ၏ တိုက်ပွဲသည် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများကို သယ်ဆောင်ထားနိုင်သည်။
ယခင်က ကွမ်ယွဲ့မြို့တိုက်ပွဲတွင် ပြိုင်ဘက်ကင်းဟန်က ကွမ်ယွဲ့မြို့သခင်၏ နေရာလွတ်ကမ္ဘာငယ်ကို ဝေမျှပေးခဲ့သည်။
“ဘုန်း”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားရှည်က အစိမ်းရောင်လှံရှည်ကို တားဆီးလိုက်သည်။ သူက အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ် ကောင်းကင်အင်မော်တယ်ကို တည်ငြိမ်စွာကြည့်သည်။
လှံ၏အငွေ့အသက်သည် လူတစ်ယောက်၏ဝိညာဉ်ကို အေးခဲသွားစေနိုင်သည်။
“လေပြင်းဓားပြတွေလား”
ဟန်မူယဲ့က အောက်သို့ ကြည့်လိုက်သည်။ အစိမ်းရောင်ချပ်ဝတ်နှင့် ပြုံးနေသော အနက်ရောင်မျက်နှာဖုံးများကို တပ်ဆင်ထားသည့် မြင်စီးစစ်သည်များက ဝင်္ကပါဖွဲ့စည်းလျက် အသင့်ရှိနေကြသည်။
ထိုလူများက တစ်ရာခန့်သာရှိသော်လည်း သူတို့၏ ချီနှင့်သွေးသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။
ထိုကျွမ်းကျင်သူများသည် လူသားလောကတွင် နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်ကြသည်။
အစိမ်းရောင်လှံရှည်နှင့် ကျွမ်းကျင်သူက မီးတောက်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အစိမ်းရောင်တံဆိပ်ပြားတစ်ခုကို ကိုင်ထားသည်။
သူက တိုက်ခိုက်လိုစိတ်များဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ပေးလိုက်”