အခန်း (၈၇၁)
Vol. 63 Ch. 871
ပြန်လည်မွေးဖွားခြင်းပုတီးစေ့ ....
ခါးသီးအင်မော်တယ်နယ်မြေမှ ဖီးနစ်သွေးအင်မော်တယ်မိစ္ဆာဘုရင်၏ ပြန်လည်မွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
သူက စန်းဟော်မြို့တွင် ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို လုယူသွားသူဖြစ်ကြောင်း သူ့ရှေ့တွင်ရှိသော လေပြင်းဓားပြက သတိထားမိပုံမပေါ်ပေ။
လေပြင်းဓားပြများသည် ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို အာရုံခံနိုင်မည့် လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားပုံပေါ်သည်။
လေပြင်းဓားပြများက တက်လှမ်းအင်မော်တယ်မိစ္ဆာဘုရင်နှင့် ဆက်စပ်နေပုံပေါ်သည်။
ထို့အပြင် လူသားအင်အားစုတစ်ခုနှင့်လည်း ဆက်သွယ်နေသည်။
အခြေအနေသည် အလွန်ရှုပ်ထွေးသည်။
“ပြန်လည်မွေးဖွားခြင်းပုတီးစေ့လား”
ဟန်မူယဲ့က ဖြည်းဖြည်းချင်းဓားမြှောက်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မင်းတို့မှာ အစွမ်းရှိလား ကြည့်ရတာပေါ့”
သူက မီးစွမ်းအင်အများအပြားကို အသုံးချပြီး ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို အချိန်ကြာမြင့်စွာ ပျိုးထောင်ခဲ့သည်။ အဘယ်ကြောင့် လက်လွှဲပေးရမည်နည်း။
ထို့အပြင် ဤဓားပြအုပ်စုသည် ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ယူသွားနိုင်အောင် အဆင့်မမီသေးပေ။
ဟန်မူယဲ့၏စကားကြောင့် လေပြင်းဓားပြကျွမ်းကျင်သူ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူက အေးစက်စွာနှာမှုတ်လိုက်ပြီး လှံရှည်ဖြင့် ထိုးချသည်။
“အဲဒါဆိုရင် ငါကိုယ်တိုင်လာယူမယ်”
လှံရှည်သည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြင်းစီးစစ်သည်များ၏ ဝင်္ကပါစွမ်းအင်ဖြင့် ပေါင်းစပ်ခဲ့သည်။ ထို့နောက် အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မီးတောက်များကို မှုတ်ထုတ်သည်။
မီးတောက်များက အပူချိန်မရှိသော်လည်း လူတစ်ယောက်၏ဝိညာဉ်ကို ပြာကျသွားစေနိုင်သည်။
ဝိညာဉ်ကို လောင်ကျွမ်းနိုင်သော မီးတောက် ....
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ဓားဖြင့် ခုတ်ချသည်။
“လေဟာနယ်ထဲမှာ မျော့လွင့်နေပြီး အဆုံးမရှိဘူး”
“ဗလာအဖြစ် ပျောက်ကွယ်သွားရမယ်”
ဓားအလင်းသည် ပြန့်ကျဲနေပြီး ပေါက်ကွဲသွားသည်။
မီးတောက်များက ဗလာအဖြစ် ပြောင်းလဲသွားခဲ့သည်။
လေပြင်းဓားပြခေါင်းဆောင်က မှုန်မှိုင်းနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောသည်။
“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားဖြင့်ညွှန်ပြလျက် ပြောသည်။
“ငါက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”
“ငါ့ရဲ့ ဓားချက်သုံးချက်ကို ခုခံနိုင်ရင် မင်းကို လွှတ်ပေးမယ်”
သူက စကားအဆုံးတွင် အငွေ့အသက်များကို စုစည်းလိုက်ပြီး ဓားအလင်းကို ထုတ်လွှတ်သည်။
သူက သုံးနှစ်ဆက်တိုက် ယှဉ်ပြိုင်တိုက်ခိုက်ပြီး အလွန်တိုးတက်လာခဲ့သည်။
သူက လက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး နှလုံးသားတွင်လည်း ဓားတစ်လက်ရှိသောကြောင့် မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။
“ပထမဓားချက်၊ လခုနစ်စင်း”
လခြမ်းကွေးခုနစ်စင်းသည် လေထုထဲတွင် မျောလွင့်နေပြီး အေးစက်သော လရောင်သည် ပေတစ်သောင်းပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။
လရောင်စွမ်းအား ....
ထိုအရာသည် ကောင်းကင်စွမ်းအားဖြစ်ပြီး အရိုးထဲအထိ အေးစက်စေသည်။
လောကတွင် ခွန်အားမတူညီသော စွမ်းအားအမျိုးမျိုး ရှိနေသည်။
သို့သော် အားနည်းသူက အသန်မာဆုံးစွမ်းအားကို ပိုင်ဆိုင်ထားလျှင်ပင် ခွန်အားမဲ့နေလိမ့်မည်။
အားကောင်းသူက အားအနည်းဆုံးစွမ်းအားကို အသုံးပြုမည်ဆိုလျှင်ပင် လောကကို လွှမ်းမိုးနိုင်လိမ့်မည်။
ယခုအချိန်တွင် အေးမြသော လရောင်သည်လည်း ထိုသို့ပင်ဖြစ်သည်။
လခြမ်းကွေးခုနစ်စင်း ပေါ်ထွက်လာသောအခါတွင် ဓားပြခေါင်းဆောင်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
လရောင်သည် သူ၏ နေရာလွတ်ကမ္ဘာငယ်ထဲသို့ ဝင်ရောက်လာသည်။
ထိုလရောင်က တည်နေရာကို ဖြတ်သန်းခဲ့သည်။
‘ကြောက်ဖို့ကောင်းလိုက်တာ’
သူက လေဟာနယ်လမ်းကြောင်းအဆင့်တွင်သာ ရှိသေးသောကြောင့် နေရာလွတ်ကို သယ်မထားဘဲ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ မိုင်ထောင်ချီအကွာတွင် ဖွက်ထားခဲ့သည်။
သို့သော် လခြမ်းကွေးခုနစ်စင်း၏ လရောင်သည် လေဟာနယ်ကို ကျော်ဖြတ်ပြီး သူ၏ လျှို့ဝှက်နည်းစနစ်ကို ချိုးဖောက်၍ နေရာလွတ်ကမ္ဘာငယ်ကို အလင်းပေးခဲ့သည်။
တစ်နည်းပြောရလျှင် ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်သည် သူ၏ ကမ္ဘာငယ်ကို ချက်ချင်းဖျက်ဆီးပစ်နိုင်သည်။
‘သူက ဘယ်လိုဓားကျင့်ကြံသူမျိုးလဲ’
ဓားပြခေါင်းဆောင်က သေချာမစဉ်းစားနိုင်ခင် လခြမ်းကွေးခုနစ်စင်းသည် ဖျတ်ခနဲလှုပ်ရှားပြီး သူ့ရှေ့သို့ ရောက်လာခဲ့သည်။
လခြမ်းကွေးများသည် ထက်မြိနေသော ဓားသွားကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖြတ်တောက်ရန် ရည်ရွယ်ထားသည်။
လခြမ်းကွေးများ၏ စွမ်းအားကြောင့် သူက လှံရှည်ကို မြှောက်လိုက်သည်။
သူက အစွမ်းကုန်ထုတ်မသုံးလျှင် သေဆုံးသွားရလိမ့်မည်။
“သတ်”
သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်သောအခါ လည်ပင်းတွင်ရှိသော ရွှေရောင်ပုတီးစေ့က ပျက်စီးသွားသည်။
ချိပ်ပိတ်ထားသော ကမ္ဘာငယ်၏စွမ်းအားများ ပေါ်ထွက်လာသည်။
လှံရှည်သည် ထိုစွမ်းအားကို အသုံးပြု၍ လှံရိပ်တစ်ထောင်ကို ဖန်တီးပြီး ထိုးချလိုက်သည်။
“ခလွမ် ....”
လှံအရိပ်များသည် လခြမ်းကွေးနှင့် ထိတွေ့ပြီး ပျက်စီးသွားကြသည်။
ချက်ချင်းဆိုသလိုပင် နားအူလောက်သောပေါက်ကွဲသံများ ပေါ်ထွက်လာပြီး လှံအရိပ်များအားလုံးသည် လခြမ်းကွေးခုနစ်စင်းကြောင့် တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။
လခုနစ်စင်း ....
ထိုအရာသည် လခုနစ်စင်းဓားနည်းစနစ်၏ စွမ်းအား ဖြစ်သည်။
လခြမ်းကွေးခုနစ်စင်းသည် ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားသောကြောင့် ရန်သူက ထွက်မပြေးနိုင်တော့ပေ။
“ဘန်း”
အစစ်အမှန်လှံရှည်သည် လခုနစ်စင်းနှင့် ထိတွေ့သွားသည်။ လခုနစ်စင်းက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး လျင်မြန်စွာလှုပ်ရှားနေသည်။ လေဟာနယ်သည် အနက်ရောင်မျဉ်းကြောင်းများနှင့်အတူ အက်ကွဲသွားသည်။
ဓားပြခေါင်းဆောင်၏ ပတ်ဝန်းကျင်တွင်ရှိသော တည်နေရာသည် ထိုးခွဲခံလိုက်ရသည်။
ထို့အပြင် ထိုစွမ်းအားသည် မိုင်ထောင်ချီအကွာတွင်ရှိသော သူ၏ ကမ္ဘာငယ်ကိုလည်း ထိခိုက်သွားစေသည်။
ထိုဓားချက်သည် မခုခံနိုင်သော လေဟာနယ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
မျက်နှာဖြူဖျော့နေသော ဓားပြခေါင်းဆောင်က ပိတ်ဆို့ခံထားရသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ထားသည်။
“မြန်မြန် ထွက်ပြေးကြတော့”
ပြေး ....
သို့သော် အောက်တွင်ရှိနေသော လေပြင်းဓားပြများက ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြပေ။ ရှေ့ဆုံးတွင်ရှိနေသော မြင်းစီးဓားပြက မျက်နှာဖုံးကို ချွတ်လိုက်ပြီး ရင့်ရော်နေသောမျက်နှာကို ဖော်ပြသည်။
“ခေါင်းဆောင်ကို ကယ်ကြ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့နောက်တွင် သွေးနှင့်ချီများ စုစည်းလာပြီး မီးခိုးရောင်ဝံပုလွေတစ်ကောင် ဖြစ်သွားသည်။
တခြားဓားပြများကလည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က ချီနှင့်သွေးကို စုစည်းလိုက်ပြီး ပေတစ်ထောင်မြင့်မားသော ဝံပုလွေကို ဖန်တီးသည်။ ဝံပုလွေက ဟန်မူယဲ့ကို ခုန်အုပ်လိုက်သည်။
ဟန်မူယဲ့က တည်ငြိမ်နေသည်။ လခုနစ်စင်းက လှုပ်ရှားလိုက်ပြီး မျဉ်းတစ်ကြောင်းအဖြစ် စုစည်းသွားသည်။ လပြည့်ဝန်းတစ်ခု ပေါ်လာသည်။
“လရှစ်စင်း”
“ရွှပ် ....”
လည်ပတ်နေသော လပြည့်ဝန်းသည် မီးခိုးရောင်ဝံပုလွေကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။
မြင်းစီးဓားပြများအားလုံးက သွေးအန်လိုက်ရပြီး နောက်ဆုတ်ကြသည်။
ဓားနည်းစနစ် နှစ်ခု ....
လခုနစ်စင်းနှင့် လရှစ်စင်း ....
လခုနစ်စင်းသည် မယိုင်လဲနိုင်ပေ။ လရှစ်စင်းသည် လွှမ်းမိုးနိုင်စွမ်းရှိသည်။
ဟန်မူယဲ့က လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်သည်။
သူက တတိယမြောက်ဓားချက်ကို သုံးနိုင်သည်။
ဓားပြခေါင်းဆောင်က ဟန်မူယဲ့၏ လက်လှုပ်ရှားမှုကို ကြည့်လိုက်ပြီး ဖြူဖျော့သွားသည်။
တတိယမြောက် ဓားချက်သည် သူနှင့် လက်အောက်ငယ်သားများအားလုံးကို သတ်ပစ်လိမ့်မည်။
ယွင်လန်ဓားအင်မော်တယ်သည် မခုခံနိုင်လောက်အောင် သန်မာသည်။
ဓားပြခေါင်းဆောင်က အချိန်မဆွဲရဲပေ။ သူက လက်ထဲတွင်ရှိသော လှံရှည်ဖြင့် ဟန်မူယဲ့ကို ပစ်ပေါက်လိုက်ပြီး အောက်သို့ ဆင်းလာသည်။
လှံရှည်က သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဟိန်းဟောက်သည်။
“ပြေး’
ဓားပြခေါင်းဆောင်၏ သွေးနှင့်ချီသည် မြင်းစီးဓားပြများ၏ ဝင်္ကပါနှင့် ချိတ်ဆက်သွားသည်။ ဓားပြခေါင်းဆောင်က လေပြင်းစွမ်းအားကို အသက်သွင်းပြီး ထွက်ပြေးသွားသည်။
သူတို့က အလွန်လျင်မြန်သောကြောင့် အစိမ်းရောင်ပုံရိပ်ကိုသာ မြင်လိုက်ရသည်။
ထိုအရာသည် လေပြင်းဓားပြများ၏စွမ်းအား ဖြစ်သည်။ သူတို့က ဝင်္ကပါကို အသုံးပြု၍ အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်သည်။
ခါးသီးအင်မော်တယ်နယ်မြေတွင် မိစ္ဆာဘုရင်တစ်ပါး လှုပ်ရှားလာခဲ့လျှင်ပင် လေပြင်းဓားပြများကို အပြတ်ရှင်းထုတ်ရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က သူတို့၏နောက်သို့ လိုက်မသွားပေ။ သူက လက်ကို လှုပ်ရှားလိုက်သောအခါတွင် လပြည့်ဝန်းက သွေးနီရောင်နဂါးကို လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
သူက ဓားချက်သုံးချက်ဟု ပြောခဲ့သော်လည်း ဓားပြခေါင်းဆောင်က ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။ မြင်းစီးဓားပြများ၏ ဝင်္ကပါကလည်း ဒုတိယဓားချက်ကို မခုခံနိုင်ပေ။
သူက တတိယဓားချက်ကို အသုံးပြုခဲ့လျှင် သူတို့အားလုံး သေဆုံးသွားကြလိမ့်မည်။
သို့သော် ဟန်မူယဲ့၏အမြင်တွင် လေပြင်းဓားပြများက အရေအတွက်ကြောင့် နာမည်ကြီးသည့်အတွက် ရှင်းထုတ်ရန် ခက်ခဲသည်။ သူတို့ကို သတ်ဖြတ်လိုက်လျှင် တခြားလေပြင်းဓားပြများ၏ နှောင့်ယှက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်။
အထူးသဖြင့် ယွင်လန်မြို့ ဖြစ်သည်။
အလွန်ဒုက္ခများသည်။
သို့သော် ဟန်မူယဲ့က လှံရှည်ကိုတော့ လွှတ်ပေးမည်မဟုတ်ပေ။
“ဝီ”
သွေးနဂါးက တုန်ခါနေပြီး လှံရှည်အဖြစ် ပြန်ပြောင်းသွားသည်။
လှံသည် ရှစ်ပေရှည်လျားပြီး အေးမြသောလှံဦးချွန်ကို ပိုင်ဆိုင်ထားသည်။ လှံ၏ကိုယ်ထည်တွင် မှိန်ပျပျအလင်းရောင် စီးဆင်းနေပြီး အင်မော်တယ်အင်းကွက်များကိုလည်း မြင်နိုင်သည်။
အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ဖြစ်သည်။
သို့သော် ထိုရတနာသည် ဓားပြခေါင်းဆောင်၏ ကမ္ဘာငယ်နှင့် ဆက်သွယ်နေပုံရသည်။ လှံရှည်က ကမ္ဘာငယ်၏စွမ်းအားဖြင့် ဆက်တိုက်ရုန်းကန်နေသည်။
ဟန်မူယဲ့က အေးစက်စွာနှာမှုတ်သည်။ သူက လက်ညှိုးညွှန်လိုက်သောအခါ လခြမ်းကွေးတစ်ခုသည် လေဟာနယ်ကို ထိုးဖောက်သွားသည်။
မိုင်တစ်ရာအကွာတွင် ထွက်ပြေးနေသော ဓားပြခေါင်းဆောင်က ရုတ်တရက် သွေးတစ်လုပ်အန်လိုက်ရသည်။
“တကယ့်ကို ရက်စက်တာပဲ”
သူက ကြောက်ရွံ့နေသောမျက်နှာထားဖြင့် အံကြိတ်ထားသည်။
သူ၏အငွေ့အသက်က မတည်မငြိမ် ဖြစ်နေသည်။
သူ၏ အသက်ရတနာနှင့် ဆက်သွယ်မှုပြတ်တောက်သွားသောကြောင့် သူ၏ အခြေခံအုတ်မြစ်က ပျက်စီးသွားသည်။
ထို့အပြင် သူ၏ ကမ္ဘာငယ်နှင့် ဆက်သွယ်မှုအားနည်းသွားကြောင်း လျင်မြန်စွာခံစားနေရသည်။
”ခေါင်းဆောင်”
ချပ်ဝတ်ဓားပြတစ်ယောက်က မျက်နှာထားပြောင်းလဲသွားပြီး နောက်လှည့်ကြည့်သည်။
ယခုအချိန်တွင် ဓားပြခေါင်းဆောင်၏ အရှိန်အဝါသည် ကောင်းကင်အဆင့်အောက်သို့ ကျသွားသည်။
“ပြိုင်ဘက်ကင်းဟန်က ငါ့ရဲ့ ကမ္ဘာငယ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားအောင် လုပ်လိုက်ပြီ။ ငါက စစ်ပွဲဝိညာဉ်လှံရှည်ကို မထားခဲ့သင့်ဘူး ....”
သူက စကားမဆုံးခင် နောက်ထပ်သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သူ့အငွေ့အသက်က ပိုမိုအားနည်းလာသည်။ သူက ရေရွတ်လိုက်သည်။
“မြန်မြန်ပြေးကြ ....”
သို့သော် စကားအဆုံးတွင် သူက မျက်လုံးပြူးသွားသည်။
သူ့ရှေ့တွင် အနီရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦး ရှိနေသည်။
တာအိုတန်ခိုးရှင်က ခပ်ဟဟရယ်ပြီး ကျောက်စိမ်းဝင်္ကပါပြားကို အသက်သွင်း၍ လေပြင်းဓားပြများကို လွှမ်းခြုံလိုက်သည်။
ဝင်္ကပါ၏ မီးတောက်အလင်းသည် မြင်းစီးဓားပြတစ်ရာကို လောင်ကျွမ်းသွားစေသည်။
ဟန်မူယဲ့ကြောင့် ဒဏ်ရာရထားသော မြင်းစီးဓားပြတစ်ရာက ထိုတိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။ သူတို့အားလုံး၏ သွေးချီက လောင်ကျွမ်းခံလိုက်ရပြီး လူသားမီးတိုင်များအဖြစ် ပြောင်းလဲသွားကြသည်။
“မင်းရဲ့ဝိညာဉ်ကို ထိန်းသိမ်းထားချင်ရင် ငါ့ကို မင်းရဲ့သွေးချီ ပေးလိုက်”
တာအိုတန်ခိုးရှင်လော့ယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှုပ်ရှားနိုင်သေးသော ဓားပြခေါင်းဆောင်ကို ကြည့်သည်။
ဓားပြခေါင်းဆောင်က ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ခဲ့သည်။ ကျန်ဓားပြများကဲ့သို့ လွယ်ကူစွာ လောင်ကျွမ်းသွားမည်မဟုတ်ပေ။
“မိစ္ဆာအနှစ်သာရဂိုဏ်း၊ မင်းက ငါတို့လေပြင်းဓားပြတွေနဲ့ အဆုံးအထိ တိုက်ခိုက်ချင်နေတာလား”
လေပြင်းဓားပြခေါင်းဆောင်က အံတင်းတင်းကြိတ်ပြီး လက်သီးဆုပ်ထားသည်။
သူ၏အငွေ့အသက်က တက်လိုက်ကျလိုက်ဖြစ်နေပြီး မတည်ငြိမ်တော့ပေ။
“ငါတို့ မိစ္ဆာအနှစ်သာရဂိုဏ်းက လှုပ်ရှားပြီးဆိုရင် ဆွေးနွေးဖို့ အခွင့်အရေးမပေးဘူး”
နောက်ထပ်ပေါ်ထွက်လာသော အသံသည် မီးလောင်မှုကြောင့် နာကျင်စွာအော်ဟစ်နေသော ဓားပြများ၏အသံကို ဖုံးလွှမ်းသွားသည်။
သူ့နောက်တွင် ရုတ်တရက်ပေါ်လာသော မိစ္ဆာအနှစ်သာရဂိုဏ်း၏ ဂိုဏ်းချုပ်က လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
‘ဘန်း”
သွေးအလင်းတစ်ခု ပေါက်ကွဲထွက်သွားသည်။