အခန်း (၈၇၉)
Vol. 63 Ch. 879
ဇောင်ပိုင်ချွမ်ထွက်သွားသောအခါတွင် ဟန်မူယဲ့က မြို့ထဲမှ တိတ်ဆိတ်စွာထွက်လာပြီး မိုင်တစ်ထောင်အကွာတွင်ရှိသော တောင်ကုန်းတစ်ခုတွင် ရပ်တန့်လိုက်သည်။
ဤနေရာတွင် မိုင်းတွင်းတစ်ခု ရှိသည်။
ရွှေအပိုင်းအစပုရွတ်ဆိတ်များ၏ မိုင်းတွင်း ဖြစ်သည်။
သူက ဝိညာဉ်ကိုခွဲထုတ်ပြီး ရွှေအပိုင်းအစပုရွတ်ဆိတ်များပေါ်တွင် ချန်ရစ်ခဲ့သည်။ ယခု ပြန်လည်သိမ်းဆည်းရမည်။
ဟန်မူယဲ့က မိုင်းတွင်းထဲသို့ ရောက်သွားသောအခါတွင် အအေးဓာတ်ကို ခံစားမိသည်။
ရွှေအပိုင်းအစပုရွတ်ဆိတ်များက အရေအတွက်ပိုများလာသောကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအားသည် ထိုပုရွက်ဆိတ်များကို အားဖြည့်ပေးနိုင်ပုံပေါ်သည်။
သူက အတွေးတစ်ချက်ဖြင့် ဝိညာဉ်စွမ်းအားကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ရွှေအပိုင်းအစပုရွတ်ဆိတ်တစ်သန်းမှ ရရှိလာသော ဝိညာဉ်စွမ်းအားသည် ဟန်မူယဲ့၏ နှစ်တစ်ရာကျင့်ကြံခြင်းနှင့် တူညီသည်။
အားကောင်းသော ဝိညာဉ်စွမ်းအားသည် မူလဝိညာဉ်ဓားနှစ်လက်နှင့် ပေါင်းစပ်သွားပြီး ဓားနှစ်လက်ကို တုန်ခါနေစေသည်။
ဝိညာဉ်စွမ်းအားများကို လွယ်ကူစွာရရှိလာသောကြောင့် ဟန်မူယဲ့က ပြုံးလိုက်သည်။
သူက ဤနေရာတွင်ရှိသော ရွှေအပိုင်းအစပုရွတ်ဆိတ်များကို အဆပေါင်းအနည်းငယ်ခန့် တိုးပွားလာစေလျှင် ဝိညာဉ်ကို ကျင့်ကြံနေရန် လိုအပ်တော့မည်မဟုတ်ပေ။
သို့သော် ရွှေအပိုင်းအစပုရွတ်ဆိတ်များက ဆယ်သန်းခန့် ဖြစ်သွားလျှင် တခြားကျင့်ကြံသူများက ရှာတွေ့သွားကြလိမ့်မည်။
မိုင်းတွင်းတချို့ ထပ်ရှာပြီး ရွှေအပိုင်းအစပုရွတ်ဆိတ်များကို ပျိုးထောင်ပေးလျှင် သင့်တော်လိမ့်မည်။
သို့သော် ပိုင်ရှင်မရှိသေးသော မိုင်းတွင်းများက အလွန်ရှားပါးသည်။
ဟန်မူယဲ့က တာအိုတန်ခိုးရှင်တယန်ကို ခေါ်မလာခဲ့သည့်အတွက် နောင်တရသွားသည်။
....
တစ်ရက်အကြာတွင် ဟန်မူယဲ့၊ ဇောင်ပိုင်ချွမ်နှင့် ရှဲ့ချောင်ယန်တို့က တုံယွမ်မြို့သို့ ရောက်လာကြသည်။
တုံယွမ်မြို့သည် ယွင်လန်မြို့နှင့် မိုင်တစ်သန်းကွာဝေးပြီး သူတို့က လုမင်မြို့မှတစ်ဆင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြု၍ ထွက်လာခဲ့ကြသည်။
ကျောက်ချင်ကျန်းက တုံယွမ်မြို့တွင် ဂုဏ်သတင်းကြီးမားသော်လည်း မြို့တော်၏ အရေးကိစ္စများကို ဂရုမစိုက်ပေ။ သူက တုံယွမ်မြို့နှင့် မိုင်သုံးဆယ်အကွာတွင်ရှိသော တုံယွမ်တောင်တန်းတွင် သီးသန့်နေထိုင်သည်။
တုံယွမ်တောင်သည် ပေတစ်ထောင်ခန့်မြင့်မားပြီး အဝေးမှကြည့်လိုက်လျှင် ခမ်းနားသော နဂါးတစ်ကောင်နှင့် တူညီသည်။
အနီရောင်ပန်းပွင့်များသည် တောင်တန်း၏ နေရာအနှံ့တွင် ရှိနေကြသည်။ သစ်ပင်တိုင်းသည် အနီရောင်ပင်စည်ကို ပိုင်ဆိုင်ထားကြသည်။
အဝေးမှကြည့်လိုက်လျှင် မီးလောင်နေသောသစ်ပင်များနှင့် ဆင်တူသည်။
တောင်ခြေသို့ ရောက်သောအခါတွင် ဇောင်ပိုင်ချွမ်က ကြိုတင်ပြင်ဆင်ထားသော ဖိတ်စာကတ်ပြားကို တောင်ခြေတွင် တာဝန်ကျနေသည့် အစိမ်းရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်ဆီသို့ ပေးလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့်တပည့်က ဖိတ်စာကိုဖတ်ကြည့်ပြီး လျင်မြန်စွာ ဦးညွတ်လိုက်သည်။ ထို့နောက် တောင်ပေါ်သို့ ပြေးတက်သွားသည်။
ခဏအကြာတွင် ထိုတပည့်က ပြန်ရောက်လာပြီး ဦးညွတ်သည်။
“ယွင်လန်ဓားအင်မော်တယ်ကို ဆရာက ဖိတ်ခေါ်လိုက်ပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဇောင်ပိုင်ချွမ်နှင့် တခြားလူများကို တောင်ခြေစံအိမ်တွင် စောင့်ဆိုင်းစေခဲ့သည်။ ထို့နောက် သူက တောင်ပေါ်သို့ တက်သွားသည်။
ကျောက်လှေကားသည် တောင်ပေါ်အထိ တစ်ဆက်တည်းရှိနေသည်။ ဟန်မူယဲ့က ကျောက်လှေကားပေါ်သို့ ခြေချလိုက်သောအခါတွင် မျက်လုံးများ တောက်ပသွားသည်။
ဝင်္ကပါအစီအရင် ....
ကျောက်လှေကားပေါ်တွင် ဝင်္ကပါအစီအရင်တစ်ခု ရှိနေသည်။
ဟန်မူယဲ့က လှေကားပေါ်သို့ တက်လိုက်သောအခါ လှေကားထစ်တစ်ရာခန့်သည် အဆုံးမရှိသော လှေကားထစ်များအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း အပေါ်တက်သွားသည်။
သူက အလွန်လျင်မြန်ပြီး ချက်ချင်းဆိုသလိုပင် လှေကားထစ်တစ်ထောင်သို့ ရောက်သွားသည်။
သို့သော် လှေကားထစ်များသည် အဆုံးမရှိပေ။
ပတ်ဝန်းကျင်တွင် ပန်းပင်များကလည်း မျက်စိတစ်ဆုံး တည်ရှိနေကြသည်။
ဟန်မူယဲ့က လှေကားထစ်များကို ဂရုစိုက်ပုံမရဘဲ ရှေ့ဆက်လျှောက်သွားသည်။
သူက ပတ်ဝန်းကျင်တွင်ရှိသော ပန်းပွင့်နှင့် သစ်ပင်များကို တည်ငြိမ်စွာကြည့်နေသည်။
သူက ခြောက်နာရီကြာသည်အထိ လမ်းလျှောက်ခဲ့သည်။
“ဘုန်း”
လှေကားထစ်တစ်သိန်းအရောက်တွင် ကျယ်လောင်သောအသံ ပေါ်ထွက်လာပြီး ဟန်မူယဲ့က ကျောက်သားရင်ပြင်တွင် ခြေချမိသည်။
ပတ်ဝန်းကျင်တွင်ရှိသော သစ်ပင်နှင့် ပန်းပင်များက ပျောက်ကွယ်သွားပြီး ဗလာဖြစ်နေသော တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့် စံအိမ်တစ်လုံးကိုသာ ချန်ရစ်ခဲ့သည်။ တောင်ဝှေးတစ်ချောင်းကိုင်ထားသော ချည်ထည်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က စံအိမ်၏ရှေ့တွင် ရှိနေသည်။
“ငါက တကယ်သိချင်မိတယ်။ လှေကားထစ်တွေ ဆက်ရှိနေရင် မင်းက ဆက်လျှောက်နေမှာလား”
လူအိုကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခြောက်နာရီကြာသည်အထိ လမ်းလျှောက်ခဲ့သည်။
လူအိုကြီးက သူ၏ ဆုံးဖြတ်ချက်ကို အံ့အားသင့်နေသည်။
“လှေကားထစ်တွေရှိနေသ၍ ဆက်သွားနေမှာပဲ”
ဟန်မူယဲ့က လူအိုကြီးကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“ကျွန်တော်က အကြီးအကဲကိုတွေ့ဖို့ ရောက်လာတာပဲ။ ဝင်္ကပါကို ကျော်လွှားဖို့ မဟုတ်ဘူး။ လှေကားထစ်တွေက ကျွန်တော့်ရဲ့ရည်ရွယ်ချက်နဲ့ မဆိုင်ဘူး”
ထိုစကားများကြောင့် လူအိုကြီးက အံ့အားသင့်သွားပြီး ပြုံးသည်။
“ယွင်လန်ဓားအင်မော်တယ်က တကယ်ထူးခြားတာပဲ”
“ဓားတာအိုရဲ့ ကျွမ်းကျင်သူတစ်ဦးကပဲ ဒီလိုစိတ်ဓာတ်မျိုး ရှိနိုင်တယ်”
ဟန်မူယဲ့က သူ့ကို လာတွေ့ခြင်း ဖြစ်သည်။ ဝင်္ကပါက အတားအဆီးတစ်ခုသာ ဖြစ်သည်။ သူက ဝင်္ကပါထဲတွင် ပိတ်မိနေသောကြောင့် လှည့်ထွက်သွားမည်မဟုတ်ပေ။
ထို့အပြင် ကျောက်ချင်ကျန်းက ဟန်မူယဲ့ကို ဝင်္ကပါထဲတွင် အချိန်ကြာမြင့်စွာ ပိတ်မထားနိုင်ပေ။
“လှေကားထစ်ပေါ်ကို ခြေချလိုက်တဲ့အချိန်ကစပြီး ခြေလှမ်းတစ်သိန်း လှမ်းခဲ့တယ်။ ကျွန်တော်မြင်ခဲ့တဲ့ မြင်ကွင်းတိုင်းက ကွဲပြားတယ်”
“မတူညီတဲ့ပန်းပွင့် သုံးသိန်းနှစ်သောင်းကိုလည်း မြင်ခဲ့ရတယ်”
“အမှန်အတိုင်းပြောရရင် အကြီးအကဲရဲ့ ဝင်္ကပါက ပေတစ်သောင်းမြင့်မားတဲ့ တောင်တန်းကို ပေတစ်ထောင်မြင့်မားတဲ့ တောင်တန်းအဖြစ် ဖုံးကွယ်ထားတာပဲ”
“ပေတစ်သောင်းကို ဖုံးကွယ်ထားနိုင်တဲ့ နည်းစနစ်က တကယ်ထူးခြားတယ်”
ထိုဝင်္ကပါက ဟန်မူယဲ့ကိုပင် လှည့်စားနိုင်ခဲ့သည်။ သူက တောင်ပေါ်သို့ တက်မလာခင်အထိ သတိမထားမိခဲ့ပေ။
နှစ်ပေါင်းများစွာကြာသည်အထိ တုံယွမ်မြို့၏ မြင့်မားသောတောင်တန်းကို မည်သူမှ မသိခဲ့ကြပေ။
တောရိုင်းမြေတွင်ရှိသော လူများကလည်း ဤတောင်တန်း၏အကြောင်းကို မပြောကြပေ။
ကျောက်ချင်ကျန်းက မဟာဝင်္ကပါတစ်ခုဖြင့် လူတိုင်းကို လှည့်စားနိုင်ခဲ့သည်။
ထိုကျွမ်းကျင်မှုမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဟန်မူယဲ့၏စကားကြောင့် ကျောက်ချင်ကျန်းက ပြုံးလိုက်သည်။
တုံယွမ်တောင်၏ ဝင်္ကပါသည် သူဂုဏ်အယူရဆုံး လက်ရာတစ်ခု ဖြစ်သည်။
သူက မဟာဝင်္ကပါကို အသုံးပြုပြီး ဤတောင်တန်းကို ဖုံးကွယ်ထားခဲ့သည်။ ထို့နောက် ကျောက်တုံးနှင့် မြေကြီးများကို တိတ်ဆိတ်စွာ ရွှေ့ပြောင်းပြီး ပေတစ်သောင်းမြင့်မားသော တောင်တန်းအဖြစ် ဖန်တီးခဲ့သည်။
“ယွင်လန်ဓားအင်မော်တယ်က တကယ်တော်တာပဲ”
ကျောက်ချင်ကျန်း၏ အကြီးအကဲအငွေ့အသက်က ပျောက်ကွယ်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။ သူက ရယ်လိုက်သည်။
“မင်းက ထူရန်စစ်နဲ့ လော့ယန်ရဲ့ဝင်္ကပါကို ဖျက်ဆီးခဲ့တယ်။ ငါက မင်းရဲ့ ဝင်္ကပါကျွမ်းကျင်မှုကို စမ်းသပ်ကြည့်ဖို့ စီစဉ်ထားခဲ့တယ်။ အခု မင်းရဲ့ကျွမ်းကျင်မှုကို ငါယုံသွားပါပြီ”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အပြာရောင်ကျောက်စားပွဲတစ်ခုနှင့် ကျောက်ထိုင်ခုံများကို ပေါ်လာစေသည်။
“ထိုင်ပါ”
ကျောက်ချင်ကျန်းက ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက ဝိညာဉ်သစ်သီးတစ်လုံးကို ကောက်ယူပြီး တစ်ချက်ကိုက်လိုက်သည်။
“ယွင်လန်မြို့သခင်က ဘယ်လိုဝင်္ကပါမျိုးကို တည်ဆောက်ချင်တာလဲ”
ဟန်မူယဲ့က ကျောက်ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ဝိညာဉ်သစ်သီးတစ်လုံးကို ကောက်ယူသည်။
သူက ပါးစပ်ထဲတွင် မွှေးရနံ့တစ်ခုကို ခံစားလိုက်ရပြီး အင်မော်တယ်ချီသည် သူ့ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားသည်။
သစ်သီးက အရသာကောင်းသည်။
“ရွှေအင်မော်တယ်တွေကို တားဆီးနိုင်တဲ့ ဝင်္ကပါ”
ဟန်မူယဲ့က ပြောသည်။
ကျောက်ချင်ကျန်းက သစ်သီးကို ဆက်မဝါးနိုင်တော့ပေ။
“ရွှေအင်မော်တယ်လား။ ယွင်လန်မြို့သခင်၊ ဘယ်လိုမျိုးပြောလိုက်တာလဲ”
“တောင်ရိုင်းမြေမှာ ဘယ်မြို့တော်က ရွှေအင်မော်တယ်ကို တားဆီးနိုင်လို့လဲ”
သူက အင်္ကျီလက်စကို ခါယမ်းပြီး ခေါင်းခါသည်။
“မင်းက ငါ့ကို တွန်းအားပေးနေတာပဲ”
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။
“ဒီနေရာက ရွှေအင်မော်တယ်တွေကို တားဆီးနိုင်တယ်မဟုတ်လား”
ထိုစကားများကြောင့် ကျောက်ချင်ကျန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။
သူက ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“ပြိုင်ဘက်ကင်းမြို့သခင်က ဝင်္ကပါပညာရှင်တစ်ဦးပဲ”
သူက တစ်ဝက်ကိုက်ထားသောသစ်သီးကို စားပွဲပေါ်တွင်ချလိုက်ပြီး အဖြူရောင်နှင့်အနက်ရောင် ကျားစေ့များကို ထုတ်ဘူသည်။
“တကယ်လို့ ပြိုင်ဘက်ကင်းမြို့သခင်က ငါ့ရဲ့ဝင်္ကပါကို ဝင်္ကပါနဲ့ ချိုးဖျက်နိုင်ရင် ရွှေအင်မော်တယ်တွေကို တားဆီးနိုင်မယ့် ဝင်္ကပါတစ်ခု တည်ဆောက်ဖို့ စဉ်းစားပေးမယ်”
သူက ဝင်္ကပါကို တည်ဆောက်မပေးနိုင်ခြင်းမဟုတ်ပဲ တည်ဆောက်မပေးလိုခြင်း ဖြစ်သည်။
ကျားစေ့များက ပျံသန်းထွက်လာပြီး ပတ်ဝန်းကျင်ကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်ပြီး ကျားစေ့တစ်ခုကို ဖိချလိုက်သည်။
ပုံရိပ်ယောင်ဆန်သော ပတ်ဝန်းကျင်က ချက်ချင်းပျက်စီးသွားသည်။
သူက ကျားစေ့ကို ကိုင်ထားပြီး ကျောက်ချင်ကျန်းကို ကြည့်သည်။
“ဒီလောကမှာ မပျက်စီးနိုင်တဲ့ဝင်္ကပါ မရှိဘူး”
“ပြိုင်ဘက်ကင်းတဲ့လူကပဲ အမြဲအနိုင်ရလိမ့်မယ်”
ကျောက်ချင်ကျန်း၏မျက်နှာထားက လေးနက်နေသည်။
ဟန်မူယဲ့၏စကားသည် မှန်ကန်သည်။ သူက မည်သည့်ဝင်္ကပါကိုပင် တည်ဆောက်ပါစေ အဆုံးတွင် ဖြိုခွဲခံရလိမ့်မည်။
ဟန်မူယဲ့က ကျားစေ့ကို ကိုင်ထားသကဲ့သို့ ဖြစ်သည်။
ကျောက်ချင်ကျန်းက ဝင်္ကပါကို မည်သို့ပင် တည်ဆောက်ပါစေ ဟန်မူယဲ့က ကျားစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသ၍ ဝင်္ကပါတွင် ချို့ယွင်းချက် ရှိနေလိမ့်မည်။
သို့သော် သူက ဟန်မူယဲ့၏ကျားစေ့ကို လုမယူနိုင်ပေ။
ထိုအရာသည် ခွန်အားကြောင့် ဖြစ်သည်။
ဟန်မူယဲ့က ခွန်အားကောင်းသောကြောင့် ကျားစေ့ကို ဆုပ်ကိုင်ထားနိုင်သည်။
“ငါက အတွေးတိမ်သွားတယ် ....”
ကျောက်ချင်ကျန်းက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းခါသည်။
သူက ကောင်းကင်အင်မော်တယ်အဆင့်တွင်ရှိသော ဝင်္ကပါပညာရှင်တစ်ဦး ဖြစ်သည်။ အင်အားစုတိုင်းက သူ့ကို လေးစားကြသည်။
သို့သော် အမှန်တကယ်လေးစားခြင်း မဟုတ်ပေ။
သူက ဝင်္ကပါပညာရှင်တစ်ယောက်သာဖြစ်ပြီး အစစ်အမှန်ခွန်အားကို မပိုင်ဆိုင်ပေ။
“ယွင်လန်ဓားအင်မော်တယ်၊ ငါက မင်းကိုကူညီပြီး ဝင်္ကပါတည်ဆောက်ပေးရင် ဘာရမှာလဲ”
ကျောက်ချင်ကျန်းက တောက်ပသောမျက်လုံးများဖြင့် တီးတိုးပြောသည်။
“ခင်ဗျားက ဘာလိုချင်လဲ”
ဟန်မူယဲ့က သူ့ကို ကြည့်သည်။
ကျောက်ချင်ကျန်းက အသက်ပြင်းပြင်းရှူသွင်းသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါ့ကို တစ်ခုကူညီပေးပါ”
“ငါက အကြီးအကဲတစ်ယောက် ချန်ထားခဲ့တဲ့ ဝင်္ကပါကို လေ့လာကြည့်ချင်တယ်။ ဒါပေမဲ့ ခုခံနိုင်စွမ်း အရမ်းကောင်းလို့ ငါက ဘာမှမတတ်နိုင်ပဲ ဖြစ်နေရတယ်”
အကြီးအကဲတစ်ယောက် ချန်ထားခဲ့သော ဝင်္ကပါကို လေ့လာချင်သည်။
ကျောက်ချင်ကျန်း လေ့လာချင်သော ဝင်္ကပါသည် အရေးကြီးလိမ့်မည်။
ထိုထဲတွင် အဖိုးတန်ရတနာများ ရှိနေနိုင်သည်။
“ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော့်ကို ကူညီစေချင်တာလဲ။ တောရိုင်းမြေမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်”
ဟန်မူယဲ့က မေးသည်။
ကျောက်ချင်ကျန်းက ဟန်မူယဲ့ရောက်လာသည်အထိ ဝင်္ကပါကိုလေ့လာရန် စောင့်ဆိုင်းနေမည်မဟုတ်ပေ။
“ဟားဟား၊ အပြင်လူတွေက မယုံရဘူးလေ”
“ယွင်လန်ဓားအင်မော်တယ်ကတော့ ဝင်္ကပါအမွေအနှစ်ကို စိတ်ဝင်စားမှာမဟုတ်ဘူး”
ကျောက်ချင်ကျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ရယ်သည်။