အသက်ဆက်ရှင်ပါ
Vol. 9 Ch. 28
နာရီပိုင်းလောက်ကြာတော့ ဖရာလီတာပြန်လာပါပြီ။သူ့လက်ထဲမှာတော့ အပြာရောင်ဆေးရည်ပုလင်းငယ်လေးတစ်ခုကို သေချာကိုင်လာတယ်။ သူက မက်ဒါနာတို့နဲ့အတူ ဖရန့်ရှိနေတဲ့အခန်းထဲ လိုက်ဝင်ပြီးတော့ ပြောလိုက်ပါတယ်။
“အသက်ဆက်ဆေးရည်ကတော့ အသင့်ဖြစ်သွားပြီ။အလုပ်ဖြစ်မဖြစ် စမ်းကြည့်မှပဲသိမှာ။” ဒီဆေးရည်က နဂါးပြာကိုပိုင်ဆိုင်ခဲ့တဲ့ ပန်ဒရာဂွန်မိသားစုကျမ်းစာထဲမှာ ပါဝင်တဲ့အရာတစ်ခုဆိုပေမဲ့ ဖရန့်ရဲ့အခြေအနေကို ဖြေရှင်းနိုင်မနိုင်ဆိုတာတော့ မသေချာပါဘူး။
မက်ဒါနာလည်း ဖရာလီတာကို ခေါင်းညိတ်ပြလိုက်တယ်။ ကြည့်ကြသေးတာပေါ့ ဆိုတဲ့သဘောပါ။ လင်ဒါကတော့ အားအလွန်နည်းနေတဲ့ ပန်းသီးလေးကိုပဲ စိုက်ကြည့်နေပါတယ်။ အေမီကတော့ မက်ဒါနာရဲ့နောက်မှာရပ်နေပြီး လီဆာက ပန်းသီးလေးလက်ကိုကိုင်ကာ နှစ်သိမ့်ပေးနေပါတယ်။
“အားလုံး အဆင်ပြေသွားမှာပါ၊ ငါတို့ဒီအထိရောက်လာကြပြီပဲဥစ္စာ။” လီဆာက ပန်းသီးလေးကို ပြောလိုက်တယ်။ ပန်းသီးလေးရဲ့ပင်ပန်းနေတဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်မှုအရိပ်အယောင်တွေကို မြင်နေရတုန်းပဲ။ ဒါပေမဲ့ အခုလောလောဆယ် သူတို့လုပ်နိုင်တာတွေအကုန်လုံးကို လုပ်ခဲ့ပြီးပါပြီ။ ရလဒ်ကို စောင့်ကြည့်နေဖို့ပဲ လိုတော့တာပါ။
ဖရာလီတာကတော့ ကျန်တဲ့သူတွေကို စောင့်မနေတော့ဘဲ ဖန်ပုလင်းရဲထိပ်ကို ဖြတ်လိုက်တယ်။ အဲဒီနောက်တော့ ဖရန့်ရဲ့ပါးစပ်ကို လက်နဲ့ဖိဟလိုက်ပြီး ဆေးရည်ကို တစ်စက်ချင်းစီ ထည့်သွင်းပေးလိုက်ပါတယ်။ ဆေးရည်တစ်စက်ချင်းဆီကနေ ထွက်ပေါ်နေတဲ့ အသက်ဓာတ်က အတော်ပြင်းထန်ပါတယ်။
မကြာခင်ပဲ ဖရက်ရဲ့ခန္ဓာကိုယ်က အဆိပ်လက္ခဏာတွေ စတင်ပြေလျော့လာတယ်။ နားထင်သွေးကြောမှာခဲနေတဲ့ ပြာနှမ်းနှမ်းအဆိပ်တွေရှိမနေတော့ဘူး။ အသားအရေက ပုံမှန်ပြန်ဖြစ်လာတဲ့အပြင် ပိုပြီးတော့ ချောမွေ့လာပါတယ်။ ဒါပေမဲ့ အတော်ကြာတဲ့အထိ ဖရန့်သတိပြန်လည်မလာသေးပါဘူး။
‘ဟမ်...’ ဖရာလီတာက နားမလည်နိုင်စွာနဲ့ ဖရန့်တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်တယ်။ အားလုံးကလည်း စိုးရိမ်စွာနဲ့ ဖရန့်ကိုစောင့်ကြည့်နေပါတယ်။ အတန်ကြာတော့ ဖရာလီတာက မျက်နှာမသာမယာနဲ့ ပြောလိုက်ပါတယ်။
“ဆေးရည်က အလုပ်ဖြစ်တယ်၊ ကျမ်းစာထဲမှာ ပြောထားသလိုပဲ သူ့ခန္ဓာကိုယ်ကို အများကြီးကြံ့ခိုင်လာစေတယ်။ ဒါပေမဲ့... တိတိကျကျပြောရရင် ဒီဆေးက ဖြေဆေးမဟုတ်ဘူးလေ။ သူ့ခန္ဓာကိုယ်ကြံခိုင်လာလို့ သေဘေးကနေ လွတ်သွားရုံပဲရှိသေးတာ။”
မက်ဒါနာက ခေါင်းကုတ်လိုက်တယ်။ ဖရာလီတာ ပြောတဲ့အတိုင်းဆိုရင် ဘာရွန်ရဲ့အဆိပ်က ဆက်ရှိနေသေးပြီးတော့ ဖရန့်ကိုဖိနှိပ်ထားတုန်းပဲ။ အသက်ကို ထိခိုက်လောက်တဲ့အထိ မပြင်းထန်တော့တာပဲရှိတာ။
“ဒါဆိုရင် သူက တစ်သက်လုံး ကိုမာဝင်နေတော့မှာလား။” မက်ဒါနာက သူ့အတွေးကိုထုတ်ပြောတယ်။ ဖရာလီတာကလည်း စိတ်ဓာတ်ကျစွာနဲ့ ခေါင်းကိုခါယမ်းလိုက်မိတယ်။
သူတို့ထင်မထားတာက ပန်းသီးလေးရှေ့ထွက်လာမှာကိုပါ။ လီဆာက ပန်းသီးလေးလက်ကိုကိုင်ထားရင်းကနေမှ ပန်းသီးလေးကို ကြည့်လိုက်ပါတယ်။
“ပန်းသီးလေး၊ နင်ဘာလုပ်မလို့လဲ။”
ပန်းသီးလေးကတော့ ကုတင်ပေါ်မှာ အခုထိသိစိတ်ကင်းမဲ့စွာ လဲလျောင်းနေတဲ့ ဖရန့်ကိုလက်ညိုးထိုးပြီးတော့ ပြောလိုက်ပါတယ်။ “ဖရန့်ကို ကယ်မလို့။”
မက်ဒါနာနဲ့ဖရာလီတာလည်း ပန်းသီးလေးကို ကြည့်လိုက်ပါတယ်။ တကယ်တော့ ဖရန့်ကိုကယ်ဖို့ သူတို့တွေနည်းလမ်းအားလုံးကို အသုံးပြုပြီးသွားပါပြီ။ ခုလိုမျိုး အချိန်မရွေးသေနိုင်တဲ့ အခြေအနေကနေပြီး လွတ်မြောက်လာတာကိုက အောင်မြင်မှုလို့ပြောရမှာပါ။ ဒါပေမဲ့...
ပန်းသီးလေးက ရှေ့ကိုဆက်သွားနေပြီး ဖရန့်ရဲ့နဖူးပေါ်ကို လက်ဝါးတင်ကာ ကြင်နာစွာပြုံးလိုက်တယ်။ နောက်တော့ ဖရန့်နဲ့နဖူးနဲ့ပန်းသီးလေးရဲ့လက်ဝါးထိစပ်နေတဲ့ နေရာကြားကနေ အစိမ်းရောင်အလင်းမှုန်တွေ ဖြာထွက်လာပြန်တယ်။
“ပန်းသီးလေးရဲ့ကုသနိုင်စွမ်းလား၊ သူက ဖရန့်ကို ကုသပေးဖို့လုပ်နေတာလား။” မက်ဒါနာက ကြည့်နေရင်းကနေ ပြောလိုက်တယ်။ အခုမက်ဒါနာတို့က ဖရန့်ရဲ့ခန္ဓာကိုယ်ကို ကြံခိုင်လာအောင် လုပ်ပေးပြီးပြီဖြစ်တာမလို့ ဖရန့်ရဲ့ကိုယ်ခံအားကလည်း တိုးလာပါပြီ။ ဖရန့်သာ အလုံးစုံပြန်ကောင်းသွားရင် အဆိပ်ကိုပြန်တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားမျိုးရှိလာနိုင်တယ်။
“ပန်းသီးလေး၊ နင်ဘာလုပ်နေတာလဲ။ နင့်မှာ စွမ်းအားဘယ်လောက်မှ ကျန်တော့တာမဟုတ်ဘူးလေ။”
လီဆာကတော့ စိုးရိမ်တကြီးနဲ့ ပန်းသီးလေးရဲ့ပခုံးကို ဆုပ်ကိုင်လိုက်တယ်။ ဒီတော့မှ ဖရာလီတာနဲ့မက်ဒါနာတို့လည်း လက်ရှိအခြေအနေအပေါ်ကို ပြန်ပြီးသတိလည်လာကြတယ်။
“ဟုတ်သားပဲ၊ ပန်းသီးလေးက လီဆာကိုကုပေးခဲ့ကတည်းက အားနည်းပြီး ပျောက်ကွယ်သွားတော့မလိုဖြစ်နေတာ။”
မက်ဒါနာက ဝါကျင်နေတဲ့ ပန်းသီးလေးရဲ့ခေါင်းက သစ်နွယ်ဆံပင်တွေကို ကြည့်လိုက်တယ်။ အခုဆိုရင် အဲဒီနွယ်တွေက ပိုမိုခြောက်သွေ့လာပြီးတော့ သေဆုံးတော့မယ့် သစ်ပင်တွေအတိုင်းပဲ။ ပန်းသီးလေးရဲ့အရေပြားကလည်း ခြောက်သွေ့လာပါပြီ။
“သူ့က တစ်ချိန်လုံးဖရန့်ကို အားဖြည့်ပေးနေခဲ့တာ။ သူ့မှာစွမ်းအားဘယ်လောက်မှရှိတာမဟုတ်ဘူး။ ဒီအတိုင်းထားရင် သူ့အတွက်အသက်အန္တရာယ်ရှိလာနိုင်တယ်။” ဖရာလီတာကလည်း ကြောက်လန့်နေတဲ့ မျက်နှာထားနဲ့ ပန်းသီးလေးရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ဖရာလီတာက ပန်းသီးလေးရဲ့လက်ကို ဖရန့်ဆီကနေ ဖယ်ဖို့ကြိုးစားပေမဲ့ ပန်းသီးလေးက ဆက်ပြီးဖရန့်ကိုကုသနေဆဲပါ။
“မက်ဒါနာ၊ ငါ့ကိုလာကူဦး။ ဖရန့်ရဲ့မြင်းပျံက ဆိုးလ်တိုက်ပွဲမှာ သေသွားတာ။ ဒါကြောင့် ပန်းသီးလေးသာဂရုမစိုက်ဘဲ လျှောက်လုပ်နေရင် သေသွားနိုင်တယ်။”
အမှန်ပဲ၊ ဆင့်ခေါ်ကောင်တွေလည်း သေနိုင်သေးတယ်။ အခုပန်းသီးလေးလုပ်နေတဲ့အရာက သူ့ကိုယ်သူစတေးပြီး ဖရန့်ကိုကယ်ဖို့လုပ်နေတာပါ။ မက်ဒါနာလည်း ပန်းသီးလေးရဲ့ပခုံးကိုဆုပ်ကိုင်ပြီး ဖရန့်ဆီကနေ ဆွဲဖယ်ဖို့ကြိုးစားပေမဲ့ ပန်းသီးလေးက ကြမ်းပြင်မှာ အမြစ်တွယ်နေသလိုမျိုးရှိနေပါတယ်။ လီဆာတောင်မှ ဆွဲဖယ်လို့မရဘူး။
“ပန်းသီးလေးကို ကယ်မနေပါနဲ့တော့၊ ပန်းသီးလေး ဆုံးဖြတ်ပြီးသွားပြီ။” တစ်စတစ်စ အားအင်ချိနဲ့လာနေတဲ့ ပန်းသီးလေးဆီကနေ စကားသံထွက်ပေါ်လာတယ်။ မြေပြင်ကနေ နွယ်ပင်တွေထွက်ပေါ်လာပြီး ဖရာလီတာ၊ လီဆာ၊ မက်ဒါနာနဲ့ အေမီတို့ကို ရစ်ပတ်သွားတယ်။ တစ်ဖက်မှာတော့ အစိမ်းရောင်အလင်းကတော့ ပိုပြီးတော့ အားကောင်းလာနေပါတယ်။
ပန်းသီးလေးက သူတို့ကို လူနာဆောင်ထဲကနေပြီး ဆွဲထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။ နွယ်ပင်တွေက မက်ဒါနာတို့အုပ်စုကို အလုံးစုံဖုံးလွှမ်းလာနေတယ်။ အေမီက ဝတ်စုံဝတ်ဖို့ကြိုးစားပေမဲ့ သူ့လက်တွေခြေတွေကိုနွယ်တွေက တုပ်ထားလိုက်တယ်။ လီဆာကအားသန်လို့ နွယ်ပင်တချို့ကို အော်ဟစ်ပြီးပိုင်းဖြတ်ပစ်ပေမဲ့ ပိုကြီးတဲ့နွယ်ပင်တွေက လီဆာကိုဖုံးလွှမ်းသွားတယ်။ နောက်ဆုံးတစ်ကိုယ်လုံးတစ်နေရာမှ မမြင်ရတော့တဲ့အထိပဲ။
“ပန်းသီးလေး၊ ငါတို့မှာ သူ့ကိုကူညီပေးနိုင်မယ့်နည်းတစ်ခုခု ရှိဦးမှာပါ။” မက်ဒါနာက ပြောလိုက်ပေမဲ့ ပန်းသီးလေးက ခေါင်းခါပြတယ်။
“ဖရန့်ကိုကယ်နိုင်တဲ့သူက ပန်းသီးလေးပဲရှိတော့တယ်။”
“ဒါပေမဲ့၊ နင်ထာဝရ ပျောက်ကွယ်သွားမှာလေ။”
မက်ဒါနာက သူ့ခန္ဓာကိုယ်လေထဲမြောက်တက်နေတာကို ခံစားမိတယ်။ ဒီစကားကိုပြောလိုက်တော့ ပန်းသီးလေးရဲ့ပါးပြင်ပေါ်ကို မျက်ရည်စက်လေးတစ်စက် စီးကျလာတယ်။ ဒါပေမဲ့ သူတို့တားဖို့နောက်ကျသွားပြီး ပန်းသီးလေးက ဆေးရုံခေါင်မိုးကိုနွယ်တွေနဲ့ဖောက်ပြီး သူတို့ကိုဆေးရုံအပြင်ဘက် ပစ်ထုတ်လိုက်ပါပြီ။
...
“နိုးပါပြီလား၊ သခင်။” ဖရန့်က မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ရင်းနှီးနေတဲ့ ကျောင်းဆေးရုံခေါင်မိုးနဲ့အတူ ပန်းသီးလေးရဲ့နုပျိုတဲ့မျက်နှာကို သူမြင်လိုက်ရတယ်။ သူ့လက်က အလိုလို ပန်းသီးလေးရဲ့မျက်နှာကို ထိကိုင်လိုက်မိတယ်။
“အင်း၊ ကောင်းကောင်းအိပ်ခဲ့ရပါတယ်။ ငါ့ကြောင့် နင်ထက်ပြီး ပင်ပန်းသွားရပြန်ပြီ။”
ဒီလိုနေ့မျိုးက ဥရောပဟီးရိုးကျောင်းမှာတက်နေတဲ့ ဖရန့်အတွက်တော့ ပုံမှန်နေ့လေးတစ်နေ့ပါပဲ။ ဒီနေ့လည်း ကျောင်းတော်ရဲ့အတော်ဆုံးကျောင်းသားဖြစ်တဲ့ လူကန်ကို ရန်စပြီးတော့ စုတ်ပြတ်နေအောင် အရိုက်ခံခဲ့ရတာ။
“သခင်က ဘာဖြစ်လို့ လူကန်ကိုမှ ရန်သွားစတာလဲ။ သခင်က သူ့ကိုမမုန်းဘူးမဟုတ်လား။”
“ဟားဟား...” ဖရန့်က ရယ်မောလိုက်တယ်။ အဲဒီနောက်တော့ ပန်းသီးလေးကို ဖရန့်က ခေါင်းပုတ်ပေးလိုက်ပါတယ်။
“ငါသူ့ကို မမုန်းပါဘူး။ ဒါပေမဲ့ ငါသူ့ကိုနိုင်ရင် ဟောဒီ့ကျောင်းကြီးရဲ့နံပါတ်တစ်ဖြစ်လာမှာလေ။ ဒါဆိုရင်ငါ့မိသားစုအတွင်းမှာ မျက်နှာမငယ်ရတော့ဘူးပေါ့။”
“ဒါပေမဲ့ သခင်က လူကန်ကို ဘယ်တော့မှမနိုင်နိုင်ဘူးလေ။ အခုလည်း နံရိုးတွေကျိုးကုန်ပြီး ပန်းသီးလေး အကုန်လုံးကို ပြန်ဆက်ပေးထားရတာ။”
ပန်းသီးလေးပြောလိုက်တော့ ဖရန့်ရှက်သွားတယ်။ ဖရန့်ဘာဆက်ပြောရမှန်းကိုမသိဘူး။ အဲဲဒီအချိန်မှာပဲ တံခါးပွင့်လာပြီးတော့ လူကန်ဝင်လာတယ်။ လူကန်က သူ့ခါးမှာ ဆေဘာတစ်လက်ကိုချိတ်ထားပြီး ဖရန့်ကို လက်ညိုးထိုးကာ ပြောလိုက်ပါတယ်။
“လက်စသတ်တော့ ငါ့ကိုစိန်လာခေါ်ခေါ်နေတာ ဒါကြောင့်ပေါ့ အရူးကောင်။ မင်းငါ့ကို နိုင်ချင်တယ်ဆိုရင် ဒီထက်ဆယ်ဆကြိုးစားမှရမယ်။ နေ့တိုင်းမုန့်စားပြီး ငါ့ကိုစိန်ခေါ်နေရုံနဲ့တော့ မဖြစ်ဘူးနော်။”
ရုတ်တရက် လူကန်က အခန်းထဲဝင်လာတဲ့အတွက် ဖရန့်ခေါင်းရှုပ်သွားတယ်။ ဒါကြောင့် သူ့ကိုရှင်းပြမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပန်းသီးလေးကိုကြည့်လိုက်တော့ ပန်းသီးလေးက ပြုံးပြလိုက်ပါတယ်။
“သခင်အရိုက်ခံရပြီးတဲ့နောက် သခင်လေးလူကန်က သခင့်ကိုဆေးခန်းရောက်တဲ့အထိ ကုန်းပိုးပြီး လိုက်ပို့ပေးခဲ့တာပါ။ ပြီးတော့ သခင်သတိမရမချင်း အပြင်မှာ ထိုင်စောင့်နေခဲ့တာပါ။”
“.....” ဖရန့်က လူကန်ကို မယုံနိုင်စွာကြည့်လိုက်ပါတယ်။ လူကန်ကတော့ ဖရန့်ကို ပြုံးပြီးတော့ကြည့်နေပါတယ်။
“မင်း... ငါ့ကိုမမုန်းဘူးလား။” ဖရန့်က မေးလိုက်တော့ လူကန်က ဗိုက်နှိပ်ပြီး ရယ်မောလိုက်တယ်။ “ငါက မင်းကိုဘာလို့မုန်းရမှာလဲ ဒါက သာမန်လက်ရည်စမ်းပွဲတစ်ခုပဲဥစ္စာ။ ငါတို့က ဂုဏ်သရေရှိ ဥရောပဟီးရိုးကျောင်းသားတွေလေ။ အပြိုင်အဆိုင်ရှိမှ တိုးတက်မှာပေါ့။”
“အင်း၊ ဒီလိုကျတော့လည်း အဓိပ္ပါယ်ရှိသား။” ဖရန့်က ခေါင်းညိတ်လိုက်တယ်။ လူကန်ကတော့ ဖရန့်ကို ကြည့်လိုက်ပြီးတော့
“တကယ်လို့ မင်းငါ့ကိုအနိုင်ယူချင်တယ်ဆိုရင် ငါနဲ့နေ့တိုင်း လာလေ့ကျင့်ပေးနိုင်မလား...”
“ဟမ်...” ဖရန့်က လူကန်ရဲ့စကားကို နားမလည်နိုင်လောက်အောင်ဖြစ်ပြီး အံ့ဩသွားတယ်။ လူကန်ကတော့ သက်ပြင်းချလိုက်ပြီး
“ငါက အာ့ခ်မိသားစုကလေ။ ဒီကျောင်းမှာအတော်ဆုံးဆိုပေမဲ့ လက်ရည်စမ်းတိုင်း ဘယ်သူမှ ငါ့ကိုမီးကုန်ယမ်းကုန် တိုက်ကြတာမျိုးမရှိဘူး။ သူတို့က ကျောင်းရဲ့အိမ်ရှေ့စံမင်းသားလေးကို ဒဏ်ရာရအောင်လုပ်မိပြီး အာ့ခ်မိသားစုကို ရန်စမိမှာကြောက်နေတာလေ။”
လူကန်ရဲ့ကျောင်းသားဘဝက အထီးကျန်တာတော့ အမှန်ပဲ။ လူတိုင်းက သူ့ကိုချီးမြှောက်ကြပေမဲ့ တကယ့်သူငယ်ချင်းဆိုတာတော့ ရှားပါတယ်။ ဖရန့်က လူကန်ရဲ့ဖိတ်ခေါ်မှုကြောင့် သဘောတကျပြုံးလိုက်ပါတယ်။
“တစ်နည်းအားဖြင့် မင်းကိုတကယ်ဆော်မယ့်လူကို အလိုရှိနေတာပေါ့။ ကောင်းပြီလေ၊ နှစ်မကုန်ခင် မင်းကို ငါအနိုင်ရအောင်လုပ်ပြမယ်။”
ဖရန့်က လက်သီးကိုဆုပ် လက်သီးလက်မောင်းတန်းပြတယ်။ လူကန်ကတော့ ဖရန့်လက်သီးကို သူ့လက်သီးနဲ့တိုက်လိုက်ပါတယ်။ ဒီတော့မှ မထင်ထားတဲ့ ဖရန့်လည်း သူ့လက်ကို ပြန်ဆုတ်လိုက်တယ်။
“မင်း... မင်းဘာလုပ်တာလဲ။”
“မသိဘူးလေ၊ မင်းလက်သီးချင်း တိုက်ချင်လို့မဟုတ်ဘူးလား။” လူကန်က အခုလိုပြောလိုက်တော့ ဖရန့်ရှက်သွားပြီး
“မဟုတ်ရပါဘူး။” ချက်ချင်းပြန် ခွန်းတုံ့ပြန်တယ်။
....
“ဟား... ကျောင်းပြီးတာတောင်မှ အဆင့် (၂) တဲ့လားကွာ။ သုံးနှစ်လုံး မင်းကိုတိုက်ပြီးတာတောင် တစ်ပွဲမှမနိုင်ခဲ့ဘူးပဲ။”
လူကန်က မြှောက်ပစ်ပြီးတဲ့ ဘွဲ့ဦးထုပ်ကို မြေပြင်ကနေ ပြန်ကောက်လိုက်ရင်း ခေါင်းခါလိုက်တယ်။ လူကန်ကို အကြိမ်ကြိမ်စိန်ခေါ်ခဲ့ပေမဲ့ သူမနိုင်ခဲ့ပါဘူး။ ပန်းသီးလေးကတော့ လက်ထဲမှာ ဗင်နီလာရေခဲချောင်းလေးကိုင်ပြီးစားရင်း သူတို့နှစ်ယောက်ကို ရပ်ကြည့်နေခဲ့ပါတယ်။
“ဒါပေမဲ့ မင်းနောက်ကျရင် အခွင့်အရေးရရင်ရမှာပေါ့။” လူကန်က ဖရန့်ကို နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ဖရန့်ကိုထပ်မေးပါတယ်။
“ဖရန့်၊ ကျောင်းပြီးပြီဆိုတော့ မင်းဘာဆက်လုပ်မှာလဲ။ အိပ်မက်လေးဘာလေးမရှိဘူးလေ။”
ဖရန့်က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ကိုလက်ညိုးထောင်ပြလိုက်တယ်။ “ငါက နိုက်သူရဲကောင်းတွေရဲ့စိတ်ဓာတ်နဲ့ အားနည်းသူတွေကို ကာကွယ်ပေးမယ့် သူရဲကောင်းဖြစ်လာမှာကွ။”
“မဆိုးပါဘူး...” လူကန်က ဖရန့်ပေါတောတောလုပ်နေတာကိုကြည့်ရင်း သဘောတကျပြုံးရင်းကနေ ချီးကျူးလိုက်တယ်။ အဲဒီနောက် သူက ဆေဘာဓားပေါ်ကို လက်တင်ရင်း ဖရန့်ကိုပြောလိုက်တယ်။
“စကားမစပ်၊ မင်းအိမ်မပြန်ခင် ငါနဲ့ခနလိုက်ခဲ့လို့ရတယ်မဟုတ်လား...”
“အင်းလေ၊ ဘယ်ကိုသွားမှာလဲ။ ငါအိမ်မပြန်ဖို့ဆုံးဖြတ်ပြီးပြီ။ မင်းကိုအနိုင်မယူနိုင်မချင်း မင်းနောက်လိုက်ပြီး နေ့တိုင်းစိန်ခေါ်နေမှာ။”
လူကန်က ဆေဘာဓားရိုးကို ပိုတင်းတင်းဆုပ်ကိုင်လိုက်ရင်း သူ့မျက်နှာထားက ခက်ထန်သွားတယ်။ “အေး၊ တခြားမဟုတ်ပါဘူး။ ငါသွားမယ့်နေရာက အာ့ခ်မိသားစုအိမ်တော် ဖြစ်နေလို့ပါပဲ။”
ဖရန့်ကလည်း လူကန်ရဲ့မျက်နှာအပြောင်းအလဲကို သတိထားမိသွားပြီး မေးလိုက်တယ်။ “တစ်ခုခုဖြစ်လို့လား...”
လူကန်က ခေါင်းညိတ်ပြရင်းကနေ “အေး၊ ဟီးရိုးမိသားစုအမည်ခံပြီး သူရဲကောင်းမပီသတဲ့လူတွေကို ရှင်းထုတ်ပစ်မလို့။”
...
ဖရန့်က လူကန်ကို တစ်နေ့မှာအနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားလေရာလျှောက်လိုက်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ လူကန်ကိုအနိုင်မယူနိုင်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ရည်ကြောင့် ဥရောပဟီးရိုးအစည်းအရုံးတွေမှာ ပြိုင်ဖက်ကင်းနှစ်ယောက်တွဲဟီးရိုးအဖွဲ့အဖြစ် နာမည်ကြီးလာခဲ့တယ်။ မကြာခင်မှာပဲ ဥရောပသမဂ္ဂရဲ့အထူးဟီးရိုးအဖွဲ့ဝင်တွေဖြစ်လာခဲ့တယ်။
ကမ္ဘာ့နံပါတ်တစ်ဒုစရိုက်အဖွဲ့ မြူတန့်သိပ္ပံနောက်ကိုလိုက်ရင်းကနေ သူတို့တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးလာကြပြီး ဖရန့် လူကန်ကိုထပ်စိန်မခေါ်ဖြစ်တော့တဲ့အထိပဲ။ ဖရန့်အတွက်တော့ လူကန်က ပြိုင်ဖက်ကင်းတဲ့ အစ်ကိုကြီးတစ်ယောက်လိုပါပဲ။
ဒါပေမဲ့...
တစ်နေ့မှာတော့ လူကန်ကိုရော သူ့ရဲ့မြင်းပျံကြီးကိုရောဆုံးရှုံးခဲ့ရတယ်။ သူ့နှလုံးသားတစ်ခုလုံး ကြေမွသွားခဲ့တယ်။
...
“သခင်...” ပန်းသီးလေးရဲ့စကားသံကြောင့် ဖရန့်မျက်လုံးကို ဖွင့်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေနဲ့ပြည့်နှက်နေတယ်။ သိပ်ကိုချိုမြိန်ပေမဲ့ အဆုံးသတ်ဆိုးဝါးတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်လာခဲ့ရသလို သူခံစားရတယ်။
“ပန်းသီးလေး... မင်းပဲငါ့အနားမှာ အမြဲရှိနေပေးခဲ့တာ။” လိပ်နက်ရဲ့ထိန်းချုပ်မှုအောက်မှာ သူရှိနေခဲ့တဲ့ အချိန်မှာရော ပန်းသီးလေးကပဲ သူ့ကိုရင်ဆိုင်နိုင်မဲ့ ခွန်အားတွေပေးခဲ့တာလေ။
ဖရန့်ရဲ့လက်တွေက ပန်းသီးလေးရဲ့မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ ပါးပြင်ပေါ်ကိုရောက်သွားပြီး စိုစွတ်နေတဲ့ပါးပြင်ပေါ်က မျက်ရည်စက်တွေကို ဖယ်ရှားပေးလိုက်တယ်။
“ဘာလို့မင်းလဲ...” ဖရန့်ရဲ့အသံတွေက ကွဲအက်နေတယ်။ ဒါပေမဲ့ ကွဲအက်နေပြီဖြစ်တဲ့ ပန်းသီးလေးရဲ့မျက်နှာက အရေပြားတွေနဲ့ယှဥ်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။ ပန်းသီးလေးရဲ့ခန္ဓာကိုယ်က သေလုဆဲဆဲ အပင်တစ်ပင်လိုမျိုးဖြစ်နေပြီး သူ့ရဲ့သစ်ပင်ပန်းပင်တွေကလည်း ခြောက်သွေ့နေခဲ့ပါပြီ။
“ကျွန်မက သခင့်ကို ဘာပဲဖြစ်ဖြစ် အသက်ရှင်စေချင်ခဲ့လို့ပါ။ ဒါမှ သခင်ဖြစ်စေချင်တဲ့ဆန္ဒတွေ ပြည့်ဝမှာလေ။”
ဖရန့်က အိပ်ရာကနေ ထလိုက်တယ်။ အဲဒီနောက်တော့ ပန်းသီးလေးရဲ့နူးညံ့လွန်းလို့ ကွဲကြေမလိုဖြစ်နေခဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်တယ်။ သူ့မျက်လုံးက မျက်ရည်တွေက ပန်းသီးလေးရဲ့ပခုံးပေါ်ကိုကျဆင်းလာတယ်။
“မဟုတ်ဘူး... ငါ့မှာကျန်ရှိတဲ့ တစ်ခုတည်းသောဆန္ဒက မင်းနဲ့ထာဝရနေခွင့်ရဖို့ပါပဲ။”
ပန်းသီးလေးကလည်း ဖရန့်ရဲ့ကျောပြင်ကို လက်နဲ့ထိကိုင်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ညာလက်က ဖုန်မှုန့်တွေလိုပဲ လေနဲ့အတူလွင့်ပါသွားခဲ့တယ်။
“သခင်ပဲ အားနည်းတဲ့သူတွေကို ကာကွယ်ပေးမယ့် သူရဲကောင်းဖြစ်ချင်ခဲ့တယ်ဆို...”
“မဟုတ်ဘူး... အခုငါကာကွယ်ချင်တဲ့သူက မင်းတစ်ယောက်တည်းပါပဲ။” ဖရန့်က ပန်းသီးလေးရဲ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာပဲ ပန်းသီးလေးက တစ်စစီပြိုကွဲနေပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မလိုပါပဲ။
“ပန်းသီးလေးလည်း သခင်နဲ့ထာဝရနေချင်ခဲ့တာပါ။ ဒါပေမဲ့ သတိမရှိတဲ့သခင့်အနားမှာ ထာဝရရပ်နေပြီးတော့ မနေချင်ဘူး။ အဲဒီအစား ကျန်းမာတဲ့သခင်ကိုထားခဲ့ပြီး ပန်းသီးလေးပျောက်ကွယ်သွားတာကမှ ပိုပြီးဖြစ်သင့်ပါတယ်။”
“မဟုတ်ဘူး... မဖြစ်သင့်ဘူး... ငါလက်မခံနိုင်ဘူး... ငါ့မှာမင်းပဲကျန်တော့တာ...” ဖရန့်ရဲ့မျက်လုံးကနေ မျက်ရည်တွေက အတားအဆီးမဲ့စီးကျလာနေတယ်။ ပန်းသီးလေးက ဖရန့်ကိုသူ့ရင်ခွင်ကနေ ဖယ်ရှားလိုက်တယ်။ အဲဒီနောက် သူ့ခေါင်းမှာပေါက်နေတဲ့ သစ်ခွပန်းလေးကို ခူးပေးလိုက်ပြီး ဖရန့်ရဲ့နားကြားထဲ ထိုးညှပ်ကာ ပန်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကျန်နေသေးတဲ့ သူ့ဘယ်လက်က ပျောက်ကွယ်သွားခဲ့တယ်။
“ပန်းသီးလေးရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ပြောတယ်၊ သစ်ခွပန်းဖြူက လူမမာတွေကို မြန်မြန်ပြန်ကောင်းလာစေတယ်တဲ့။ သခင်လည်း ကျန်းမာရေးဂရုစိုက်ပြီး မြန်မြန်နေကောင်းလာအောင်လုပ်တော့နော်။”
ပန်းသီးလေးက ပြုံးလိုက်တယ်။ အဲဒီအပြုံးက တစ်ခနတာဆိုပေမဲ့ ဖရန့်အတွက်တော့ ထာဝရရင်ထဲမှာ ဆွဲကျန်ရစ်မယ့် အရာတစ်ခုပါ။ ပြီးတဲ့နောက်တော့ လေတစ်ချက်အဝေ့မှာပဲ ပန်းသီးလေးဟာ ဘယ်တုန်းကမှ မတည်ရှိဖူးသလိုမျိုး ပျောက်ကွယ်သွားလေတော့တယ်။ ဖရန့်ကတော့ အရူးတစ်ယောက်လို ငိုကျွေးနေရင်းကနေ ပန်းသီးလေးကျန်ရစ်ခဲ့တဲ့ ပြာပုံကိုဆုပ်ကိုင်ရင်းအော်ဟစ်နေတော့တယ်။
“ပန်းသီးလေး... ပန်းသီးလေး... ပန်းသီးလေး...”