← Chapters

အားလုံးထက် သာလွန်ခြင်း

Vol. 106 Ch. 1101

အားလုံးထက် သာလွန်ခြင်း

Vol. 106 Ch. 1101

ဖန်တီးရှင်သခင်ဖြစ်လာရင် ဘာလုပ်မလဲ။

ဟန်ကျွယ်ဟာ သူ့တာအိုနှလုံးသားရဲ့ မေးခွန်းကြောင့် ဝေခွဲမရ မဖြစ်ပါဘူး။ အစကနေ အဆုံးအထိ ဟန်ကျွယ်ဟာ ပြတ်သားပြီးသားပါ။

“ငါ အထူးတလည် ဘာမှမလုပ်ဘူး၊ ငါ လုပ်ချင်တာ ငါလုပ်မယ်၊ ပြိုင်ဘက်ကင်းပြီဆိုမှတော့ ဘာလို့ စည်းကမ်းတွေ ထားနေဦးမှာလဲ”

ဟန်ကျွယ်ရဲ့ အဖြေကို နောက်မှပေါ်လာတဲ့ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။

တကယ် ပြိုင်ဘက်ကင်းတဲ့လူက အနှောင်အဖွဲ့ လွတ်ကင်းရပါမယ်။ စည်းမျဉ်းစည်းကမ်း၊ စွမ်းအား၊ ကိုယ်ကျင့်တရား ဒါမှမဟုတ် တခြား ဘာအကန့်အသတ်မှ မရှိရပါဘူး။

နောက်မှာပေါ်လာတဲ့ ဟန်ကျွယ်က ထပ်မေးပါတယ် “မင်း ဆက်ပြီးတော့ ကျင့်ကြံဦးမှာလား”

“ကျင့်ကြံဦးမှာပေါ့၊ ငါ ဒီထက်မြင့်မားတဲ့ အမြင့်ကို ဆက်ပြီးတော့ တက်နေဦးမှာ၊ ငါ့နေရာ တည်မြဲဖို့အတွက် မျိုးဆက်သစ်တွေကို ဖိနှိပ်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပါတယ်။ သူ့မှာ ရည်ရွယ်ချက် မရှိတော့ရင် သေသွားတာနဲ့ ဘာမှကွာမှာ မဟုတ်ပါဘူး။ လောကဦးခေတ်မှာ တာအိုဖန်တီးရှင် လေးငါးပါး ပေါ်လာလိမ့်မယ်လို့ ဘယ်သူက တွေးထင်ခဲ့မှာလဲ။ ရှေ့ကို ဆက်မသွားနေရင် မကြာခင်မှာ နောက်လူက ကျော်တက်သွားမှာပါ။

အဲဒီနောက် တာအိုနှလုံးသားကြောင့် ဖြစ်ပေါ်လာတဲ့ ဟန်ကျွယ်ဟာ မီးခိုးလို လွင့်ပါး ပျောက်ကွယ်ပြီး စကားတစ်ခွန်း ချန်ထားခဲ့ပါတယ်။

“ရှေ့မှာ ဖန်တီးရှင်သခင်အဆင့် ရှိတယ်၊ အောင်မြင်ပါစေ”

ဗလာနယ်မြေမှာ အရောင်မျိုးစုံရှိတဲ့ အငွေ့ပုံစံ အရာဝတ္ထုမျိုးစုံဟာ လျင်လျင်မြန်မြန် ရွှေ့လျားကြပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ပဋိပက္ခကို လှမ်းကြည့်လို့ရသွားပါတယ်။ ဒီနေရာမှာ အချိန်ကုန်ဆုံးမှုက ပဋိပက္ခထက် အရမ်းမြန်ပါတယ်။ ဒီနေရာမှာ တစ်စက္ကန့်က ပဋိပက္ခမှာ နှစ်တစ်သန်းလောက် ရှိပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ တိုက်ခိုက်မှုက ပဋိပက္ခကို တုန်လှုပ်စေပြီး မျှော်လင့်ချက် ကင်းမဲ့စေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်ကို စေလွှတ်ပြီး စိတ်ရှိသလို သတ်ဖြတ်ပါတယ်။

ပဋိပက္ခ ရှုံးနိမ့်တော့မှာကို တွေ့လိုက်ရတဲ့ နဝမ ပဋိပက္ခဟာ ထိုင်ကြည့်မနေနိုင်တော့ဘဲ စလှုပ်ရှားပါတယ်။ ကျောက်ရွှမ်ကွမ်းနဲ့ ယွီယွမ်အပြင် တခြား ပဋိပက္ခခြောက်ပါးလည်း ပြန်မွေးဖွားလာပါတယ်။ အဲဒီနောက် နဝမပဋိပက္ခရဲ့ ကိုယ်ပွားအပါအဝင် ပဋိပက္ခကိုးပါးဟာ အတူပူးပေါင်းပြီး လောကဦးပဋိပက္ခကို ဝိုင်းဖိနှိပ်ပါတယ်။

သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေမှာ မူလလောကဦးက ရုတ်တရက် တိုက်ခိုက်ပြီး ဟန်ဟွမ်ကို ကူညီပါတယ်။ လောကဦးနတ်ဘီလူးနှစ်ပါး ပူးပေါင်းပြီး ပဋိပက္ခကိုးပါးကို ခုခံပါတယ်။

နောက်ဆုံး နဝမပဋိပက္ခဟာ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ မဟာတာအို အနန္တကပ်ဘေးထဲ ကိုယ်တိုင် ဝင်ပါတယ်။

ဟန်ကျွယ် မျက်မှောင်ကြုတ်သွားပါတယ်။

သူ့အတွက် ဒီလိုမျိုး သုံးသပ်နားလည်နိုင်တဲ့ အခွင့်အရေးကို ရရှိဖို့က လွယ်တာ မဟုတ်ပါဘူး။ ဒီလိုအခြေနေမှာ မဟာတာအို အနန္တကပ်ဘေးထဲ ဝင်ပါပြီး စိတ်ပျံ့လွင့်သွားရင် ဒီတာအိုသုံးသပ်နားလည်တဲ့ အခြေအနေက ပျက်သွားနိုင်ပါတယ်။

နားလည်လွယ်အောင် ပြောရရင် အဆင့်ထိုးဖောက်နိုင်မဲ့ အခွင့်အရေးကို လွဲချော်သွားမှာပါ။

‘ဒါ စမ်းသပ်မှုတစ်ခုလား’

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။

‘ငါ ဖန်တီးရှင်သခင် ဖြစ်ရမယ်၊ ဘယ်အရာကမှ ငါ့ကို နှောင့်ယှက်လို့ မရစေရဘူး’

‘နဝမပဋိပက္ခတောင် ပဋိပက္ခထဲက သက်ရှိ အကုန်လုံးကို အသက်ပြန်ရှင်အောင် လုပ်နိုင်ရင် ဖန်တီးရှင်သခင် ဖြစ်သွားတဲ့ ငါက ဘာဖြစ်လို့ ငါ့ကလေးတွေနဲ့ တပည့်တွေကို အသက်ပြန်ရှင်အောင် မလုပ်နိုင်ရမှာလဲ’

ဟန်ကျွယ်ဟာ ပဋိပက္ခကို ထောက်လှမ်းနေတာ ရပ်ပြီး ရှေ့ဆက်လျှောက်ကာ ဗလာနယ်မြေရဲ့ အဓိပ္ပာယ်စစ်ကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။

ဟန်ကျွယ် မကူညီရင် ဟန်ဟွမ်က ဒီမဟာတာအို အနန္တကပ်ဘေးမှာ ကျိန်းသေပေါက် သေမှာပါ။ ဟန်ဟွမ်တင် မဟုတ်ပါဘူး။ သူ့ကို အားပေးကူညီတဲ့ တပည့်ရင်းတွေပါ သေမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကလေးတွေ တပည့်တွေအတွက်နဲ့ ဖန်တီးရှင်သခင်ဖြစ်ဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အားနည်းစဉ်ကတည်းက ပြတ်သားပြီး အတ္တကြီးပါတယ်။ ဟန်ကျွယ်ဟာ သူနဲ့ ရင်းနှီးတဲ့လူတွေကိုပဲ ကူညီနိုင်သလောက် ကူညီပါတယ်။ မကူညီနိုင်ဘူးဆိုရင်တော့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူပဲ ဂရုစိုက်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်သူကိုမှ ကျေးဇူးကြွေး တင်မထားတာကြောင့် စိတ်ရှင်းပါတယ်။

သူ့မိန်းမတွေနဲ့ ကလေးတွေကိုလည်း ဟန်ကျွယ်က ဘာအကြွေးမှ ပေးစရာမရှိပါဘူး။ သူတို့တွေ ဒီအခြေအနေအထိ ရောက်လာနိုင်တာက အကုန်လုံး သူ့ကျေးဇူးကြောင့်ပါ။

“ငါ ဖန်တီးရှင်သခင် ဖြစ်ရင် မင်းတို့ အကုန်လုံးကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်”

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ စိတ်ကြီးဝင်ပြီး ယုံကြည်ချက် ရှိသွားပါတယ်။ သူ သေချာပေါက် ဖန်တီးရှင်သခင် ဖြစ်လာမယ်ဆိုပြီးတော့ပေါ့။

ဒီစိတ်ကြောင့် အငွေ့ပုံစံ အရာဝတ္ထုတွေဟာ ဟန်ကျွယ်ဆီကို လိမ့်တက်လာပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပါတယ်။ ဟန်ကျွယ်ရဲ ခန္ဓာကိုယ်ဟာ လွင့်ပါးပျောက်ကွယ်သွားပြီး ဝိညာဉ်ပဲကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဝိညာဉ်နဲ့ ရှေ့ဆက်လျှောက်ပါတယ်။

တလက်လက် တောက်ပတဲ့ အလင်းရောင်မျိုးစုံဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်ကနေ လျှံထွက်လာပါတယ်။ ဟန်ကျွယ်ဟာ သူ့ဝိညာဉ် အသွင်ပြောင်းလဲနေတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ မဟာတာအိုကမ္ဘာရဲ့ အထွတ်အထိပ် နိယာမတွေထက် မြင့်မားတဲ့ စွမ်းအားကို ခံစားမိလိုက်ပါတယ်။ ဒီခံစားချက်က တော်တော်လေးကိုမှ ထူးဆန်းပါတယ်။

အမျိုးအမည်မသိကြာအောင် လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ် ဝိညာဉ်ရဲ့ ခွန်အားဟာ အဆုံးစွန်ထိ ရောက်ရှိသွားပါတယ်။ ဒီစွမ်းအားက မကြုံစဖူး စွမ်းအားကြီးလွန်းတာမလို့ ဟန်ကျွယ်ကို စိတ်လှုပ်ရှားသွားစေပါတယ်။

ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ ဆက်ပြီးတော့ မယူနိုင်တော့တဲ့အချိန်မှာ ရပ်တန့်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ရှေ့မှာ သိပ်သည်းထူထပ်တဲ့ အငွေ့ပုံစံ အရာဝတ္ထုတွေ ရှိနေပါသေးတယ်။ သူတို့တွေက တလက်လက် တောက်ပလွန်းပါတယ်။ ဟန်ကျွယ် ရှေ့ကို ဘယ်တုန်းကမှ မလျှောက်ခဲ့တဲ့ အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ ညာလက်ဝါးကို မြှောက်ပြီး ရေရွတ်လိုက်ပါတယ် “ဖန်တီးရှင်သခင်က အရာအားလုံးကို ထိန်းချုပ်တယ်၊ ဘယ်အရာမှ သူ့ကို မတားဆီးနိုင်ဘူး၊ ဒီလိုဆိုမှတော့ ငါ့စွမ်းအားက လုံလောက်လား စမ်းကြည့်တာပေါ့”

“ဝုန်း...”

ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးလိုက်ပါတယ်။ အလွန်တရာ အားကောင်းလွန်းတဲ့ ဖျက်ဆီးစွမ်းအားဟာ ဟန်ကျွယ်ရှေ့မှာရှိတဲ့ အရာအားလုံးကို တစ်ခါတည်း ကွဲကြေသွားစေပါတယ်။ ဗလာနယ်မြေက မှန်တစ်ချပ်လို ကွဲကြေသွားတာပါ။ အကြွင်းမဲ့ ဖျော့တော့မှုဟာ ဟန်ကျွယ်ရဲ့ မျက်လုံးထဲကို ဝင်လာပါတယ်။

ဟန်ကျွယ်ဟာ ဗလာနယ်မြေရဲ့ နိယာမတွေကို လက်ဝါးတစ်ချက်တည်းနဲ့ ခွဲခြေပစ်လိုက်တာပါ။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင်အဆင့်ကို ကျော်လွန်သွားပါပြီ။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ ပြန်ခဲလာပြီး ဝိညာဉ်နဲ့ စပေါင်းစပ်ပါတယ်။ အန္တိမမူလစွမ်းအားလည်း စပြီးတော့ အသွင်ပြောင်းလဲပါတယ်။

အလင်းတိုင်တစ်တိုင်ဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထိုးထွက်သွားပါတယ်။ ဒီအလင်းတိုင်က အထက်ရော အောက်ရော အဆုံးမရှိပါဘူး။ ဗလာနယ်မြေကို နှစ်ခြမ်းခွဲလိုက်သလိုပါပဲ။ သူ့ရောင်ဝါကလည်း တားမရဆီးမရ အရှိန်အဟုန်နဲ့ ထိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီထဲ စိတ်မျောသွားပါတယ်။

ဒီအချိန်ဘေးမှာ ဟန်ကျွယ်ဘေးကို လူတစ်ယောက် ရောက်လာပါတယ်။ နဝမပဋိပက္ခပါ။

“မင်း... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...” နဝမပဋိပက္ခဟာ အလန့်တကြား အော်ဟစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နားငြီးတာကြောင့် နဝမပဋိပက္ခကို တစ်ချက်ကြည့်လိုက်တဲ့အခါ နဝမပဋိပက္ခရဲ့ ရုပ်ခန္ဓာရော ဝိညာဉ်ရော တစ်ခါတည်း ပျက်စီးသွားပါတယ်။ နဝမပဋိပက္ခ ဗလာနယ်မြေရဲ့ နေရာအစုံမှာ လျှောက်သိမ်းထားတဲ့ သာလွန်နိယာမ အပိုင်းအစ အကုန်လုံးလည်း ပျက်စီးသွားပါတယ်။

နားလည်လွယ်အောင်ပြောရရင် နဝမပဋိပက္ခ လုံးဝ သေသွားပါပြီ။

အကြည့်တစ်ချက်တည်းနဲ့ သေသွားတာပါ။ သူ ဘယ်လိုမှ မခုခံနိုင်ရှာပါဘူး။

ဟန်ကျွယ်ရဲ့ ဒီအကြည့်က ဗလာနယ်မြေရဲ့ နိယာမတွေ ပါဝင်ပါတယ်။ ဒါကြောင့် နဝမပဋိပက္ခ ဗလာနယ်မြေရဲ့ နေရာအစုံမှာ လျှောက်ဖွက်ထားတဲ့ သာလွန်နိယာမတွေက ပုန်းစရာနေရာမရှိဘဲ တစ်ခါတည်း သေသွားရတာပါ။

တာအိုဖန်တီးရှင်နဲ့ ဖန်တီးရှင်သခင်အဆင့်က ဘယ်လောက် ကွဲခြားလဲဆိုတာ ချက်ချင်း ထင်ရှားသွားပါတယ်။

ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးတော့ အဆင့်ထိုးဖောက်ပါတယ်။

မကြာခင်မှာပဲ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်း ပေါ်လာပါတယ်။ သူတို့နှစ်ယောက်က ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့လက်အောက်ငယ်သား နှစ်ယောက်ကို မတိုက်ခိုက်ပါဘူး။

သဏ္ဍာန်မဲ့နတ်မင်း “စောစောတုန်းက ဘာလို့ ပေါ်မလာတာလဲ... အဲဒီတုန်းက မဟာတာအို အနန္တကပ်ဘေးမှာ...”

ဟန်ကျွယ်ဟာ သူအဆင့်ထိုးဖောက်တာ တော်တော်လေး မြန်တယ်လို့ ထင်ရပေမဲ့ အပြင်မှာ အချိန်အကြာကြီး ကုန်ဆုံးသွားပြီဆိုတာကို သိပါတယ်။ မဟာတာအို အနန္တကပ်ဘေးက ပြီးဆုံးသွားတာ တော်တော်ကြာပါပြီ။ ဘယ်လောက်ကြာလဲဆိုရင် အဆုံးမဲ့ခေတ်ရဲ့ သက်ရှိတွေက ပဋိပက္ခကို မေ့သွားတဲ့အထိပါပဲ။

ပဋိပက္ခက ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားပါပြီ။

ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲမှာ နေတဲ့ ကလေးတွေနဲ့ မိန်းမတွေကလွဲရင် ဟန်ဟွမ်၊ ဂျိရှင်းရှန်၊ မုရုံချီနဲ့ တခြားလူတွေ အကုန်လုံး မဟာတာအို အနန္တကပ်ဘေးမှာ သေသွားပါပြီ။ ဟန်လင်၊ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်ကတော့ ပဋိပက္ခကို ကူညီခဲ့တဲ့အတွက် ရှင်သန်ကျန်ရစ်ခဲ့ပါတယ်။ ဒါတွေ အကုန်လုံးက ဟန်ကျွယ် တွက်ချက်ထားတဲ့ အနာဂတ်နဲ့ တော်တော်လေး ဆင်တူပါတယ်။

ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “အချိန်ရှိသေးတယ်၊ မင်းတို့တွေ သွားကြတော့”

သဏ္ဍာန်မဲ့နတ်မင်းရဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။

‘သူက အချိန်-အာကာသကို နောက်ပြန်သွားချင်တာလား၊ ဒါပေမဲ့ ဒါက မဟာတာအို အနန္တကပ်ဘေးလေ၊ သီးခြား အချိန်-အာကာသမှာ ဖြစ်ပျက်တာ၊ အထွတ်အထိပ်ကံက နောက်ပြန်လှည့်လို့မှ မရတာ’

သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ နားမလည်နိုင် ဖြစ်သွားပေမဲ့ ရွေးချယ်စရာမရှိတာကြောင့် ထွက်သွားရပါတယ်။

ပတ်ဝန်းကျင်ဟာ ပြန်တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် စလုပ်ပါတယ်။ ဒီတစ်ခါ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရတာက အချိန်တော်တော်လေး ယူရပါတယ်။

အချိန်တစ်ခု အကြာမှာတော့ နောက်ထပ် လူတစ်ယောက် ထပ်ရောက်လာပါတယ်။

ဟန်လင်ပါ။ ဟန်လင်ရဲ့ ခန္ဓာကိုယ်ကနေ နတ်အလင်းရောင်တွေ တောက်ပစွာ ဖြာထွက်နေပြီး သူက မင်လင်းမယ်တော်ထက်တောင် ပိုပြီးတော့ ခမ်းနားထည်ဝါလှပါတယ်။

ဟန်လင်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး တလေးတစား ပြောလိုက်ပါတယ် “ဖေဖေ... ဖေဖေက ဒီနေရာမှာ တကယ် ရှိနေသေးတာပဲ”

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က အလင်းတိုင်ဟာ တော်တော်လေးကို တောက်ပလွန်းပါတယ်။ ဒီကြောက်မက်ဖွယ် စွမ်းအားက ဟန်လင်ကို အလိုလို ကြောက်ရွံ့စေပါတယ်။ ဒီအဖြစ်ကြောင့် ဟန်လင်ဟာ အံ့ဩတုန်လှုပ်သွားပါတယ်။

‘ဖေဖေက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’

ဟန်ကျွယ်ဟာ ဟန်လင်ကို တစ်ချက် ကြည့်လိုက်ပါတယ် “ဒီနှစ်တွေမှာ သမီး ပင်ပန်းနေရောပေါ့”

“ဖေဖေ...”

နှစ်ပေါင်းများစွာ မျိုသိပ်ထားရတဲ့ မကျေနပ်ချက်တွေကြောင့် ဟန်လင်ရဲ့ ရင်ထဲမှာ ခံစားချက်မျိုးစုံ ထိုးထွက်လာပါတယ်။

ဟန်လင်ဟာ တစ်ခုခု ပြောချင်ပေမဲ့ ဟန်ကျွယ်က အဆင့်ထိုးဖောက်ရင်း အလုပ်များနေတာကို တွေ့လိုက်ရတာကြောင့် တိတ်တိတ်လေးပဲ ထွက်ခွာသွားပါတယ်။

ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားတဲ့အတွက် ဟန်လင်ဟာ ဟန်ကျွယ်နဲ့ နည်းနည်း အနေဝေးသွားပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်ကို နားလည်ပေမဲ့ ဘာမှမပြောပါဘူး။ သူအဆင့်ထိုးဖောက်တာ အောင်မြင်သွားရင် အရာအားလုံးကို ပုံရိပ်ယောင်ပြောင်းပြီး အတိတ်ကို ပြန်တည်ဆောက်လို့ ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters