← Chapters

ဖန်တီးရှင်စုတ်တံ

Vol. 106 Ch. 1102

ဖန်တီးရှင်စုတ်တံ

Vol. 106 Ch. 1102

ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်နေစဉ်အတွင်း ဟန်ကျွယ်ဟာ လုံးဝ မသက်မသာ မဖြစ်ပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ စိတ်နှစ်ပြီး အချိန်ကို မေ့ပစ်လိုက်ပါတယ်။

အချိန် အကြာကြီး ကြာသွားတဲ့ အခါမှာတော့...

[သင်သည် ဖန်တီးရှင်သခင် ဖြစ်လာပါပြီ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ဖန်တီးရှင် အကောင်းစား ရတနာ တစ်ပါးအား ရရှိပါသည်။]

[သင်သည် ဖန်တီးရှင် အကောင်းစား ရတနာ - ဖန်တီးရှင်စုတ်တံအား ရရှိပါသည်။]

[ဖန်တီးရှင်စုတ်တံ: ဖန်တီးရှင် အကောင်းစား ရတနာ။ အန္တိမ အကောင်းစား ရတနာထက် သာလွန်မြင့်မားသော အကောင်းစား ရတနာဖြစ်ပြီး မူလနိယာမမှ ဖြစ်တည်လာသောကြောင့် အရာအားလုံးကို လိုသလို စိုးမိုးခြယ်လှယ်နိုင်သော အထွတ်အထိပ် စွမ်းအား ပါဝင်သည်။ ဤရတနာသည် ဖန်တီးရှင်သခင်ထံတွင်သာ အမှုထမ်းသည်။]

[တာအိုစက်ကွင်းအား အဆင့်စမြှင့်ပါပြီ။]

ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တွေ ပေါ်လာပါတယ်။

‘ဖန်တီးရှင်စုတ်တံ... မဆိုးဘူး... ငါနဲ့ သင့်တော်တယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၄၅၇, ၈၉၀, ၈၂၃/ ၁၀, ၂၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]

[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တအရှင်)]

[ကျင့်ကြံမှု: ဖန်တီးရှင်သခင်အဆင့်]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (ဖန်တီးရှင်သခင်)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]

ဟန်ကျွယ် ဗလာနယ်မြေကို သုံးသပ်နားလည်တဲ့ အချိန်မှာ သူ့သက်တမ်းက ရပ်တန့်သွားခဲ့ပါတယ်။ ဖန်တီးရှင်သခင်အဆင့်လို့ မပြောရပါဘူး။

ဒါပေမဲ့ ပဋိပက္ခမှာတော့ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့ပါပြီ။ အဆုံးမဲ့ခေတ်တောင် တည်ငြိမ်သွားပါပြီ။ ဒီဖန်တီးမှုက တကယ်ကို မှော်ဆန်လွန်းပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို အာရုံခံရင်း စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “စနစ်တွက်ချက်တဲ့ သက်တမ်းက ငါ့ရဲ့ မူလသက်တမ်းလား၊ နှိုင်းရသက်တမ်းလား”

[မူလသက်တမ်းကိုသာ တွက်ချက်ပါသည်။ နှိုင်းရသက်တမ်း မဟုတ်ပါ။]

ဟန်ကျွယ်ဟာ ဆက်မေးဖို့ စိတ်ကူးမရှိတော့ပါဘူး။

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းက တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ သူ့တာအိုလက်တွဲဖော်တွေရဲ့ ရောင်ဝါက တာအိုစက်ကွင်းထဲမှာ ရှိနေပါသေးတယ်။ လီယောင်ကလွဲရင်ပေါ့။

ဟန်ကျွယ်ဟာ ကြာပလ္လင်ပေါ်ထိုင်ပြီး အဆုံးမဲ့ခေတ်ကို ငုံ့ကြည့်လိုက်ပါတယ်။

အဆုံးမဲ့ခေတ်က တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ မဟာတာအို အနန္တကပ်ဘေး အပြီးမှာ တာအိုဖန်တီးရှင်အသစ်တစ်ပါး ပေါ်လာပါတယ်။ ကျောက်ရွှမ်ကွမ်းပါ။

ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ နဝမပဋိပက္ခက ဒီတိုက်ပွဲမှာ ကိုယ်တိုင် ဝင်တိုက်ခဲ့တာ မဟုတ်ပါလား။

ဒါပေမဲ့ ဒါတွေ အကုန်လုံးက ဖန်တီးရှင်သခင်ရှေ့မှာ အဓိပ္ပာယ်မဲ့ပါတယ်။

“နဝမပဋိပက္ခ... ငါ မင်းနဲ့ တကယ် တိုက်ချင်တာ၊ ဒီလိုဆိုမှတော့ သုညကို ပြန်သွားကြတာပေါ့”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ အဆုံးမဲ့ခေတ် တန့်သွားပါတယ်။ ဂြိုဟ်တွေလည်း လည်ပတ်နေတာ ရပ်သွားပါတယ်။ အဆုံးမဲ့တဲ့ ကံတရားမြစ်လည်း ငြိမ်ကျသွားပါတယ်။ တောက်ပတဲ့ နေမင်းဟာ မပူလောင်တော့ပါဘူး။ ယင်နဲ့ယန်လည်း အချင်းချင်း မလှည့်ပတ်တော့ပါဘူး။

ဟင်းလင်းပြင်မှာ အချိန်-အာကာသ အသီးသီးကို ခရီးနှင်နေတဲ့ လူတွေလည်း ရပ်တန့်သွားပါတယ်။ အတိတ်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်ပဲဖြစ်ဖြစ် အနာဂတ်ပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ အတွေးတစ်ချက်ကြောင့် အကုန်လုံး ရပ်တန့်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို အရာအားလုံးဟာ နောက်ပြန်သွားပါတယ်။

ဟန်ကျွယ်ဟာ အရာအားလုံးကို သူ့စိတ်ဆန္ဒ ဗလာနယ်မြေဆီ မသွားခင်အချိန်အထိ ပြန်သွားလိုက်ပါတယ်။ ဒီအချိန်မှာ မဟာတာအို အနန္တကပ်ဘေးက ဖြစ်ပွားနေတုန်းပါ။ နဝမပဋိပက္ခလည်း အသက်ရှင်နေပါသေးတယ်။ ဟန်ကျွယ်ရဲ့ ကလေးတွေနဲ့ တပည့်တွေလည်း မသေသေးပါဘူး။

ဒါက တကယ့် ပြောင်းလဲမှုပါ။ အချိန်-အာကာသကို အပြိုင်တည်ရှိအောင် ဖန်တီးလိုက်တာ မဟုတ်ပါဘူး။ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ လုံးဝ မတည်ရှိပါဘူး။ ဟန်ကျွယ် အဆင့်ထိုးဖောက်သွားတာကို ဘယ်သူမှ မသိပါဘူး။ နဝမပဋိပက္ခလည်း မသိပါဘူး။

ဟန်ကျွယ်ကိုယ်တိုင်ပဲ သူ ဖန်တီးရှင်သခင် ဖြစ်သွားပြီဆိုတာကို သိပါတယ်။

ဟန်ကျွယ်ဟာ အသာပြုံးလိုက်ပါတယ် “ပဋိပက္ခ... မင်း ငါ့ကို ဘယ်လိုတိုက်မှာလဲ”

တာအိုဖန်တီးရှင်တစ်ပါးက ဖန်တီးရှင်သခင်တစ်ပါးကို ဘာများ လုပ်နိုင်မှာလဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ ကစားချင်နေပါတယ်။

ဒီအချိန်မှာ ပဋိပက္ခက ဝရုန်းသုန်းကား တိုက်ပွဲတွေ ဖြစ်ပွားနေတုန်းပါ။ ဟန်ဟွမ်လည်း အခုထိ မလှုပ်ရှားရသေးပါဘူး။ ဟန်ကျွယ်ဟာ စိတ်ထင်တိုင်း ကြဲလို့ရပေမဲ့ မဟာတာအို အနန္တကပ်ဘေးက စတင်ရုံ ရှိသေးတဲ့အတွက် အရာအားလုံးကို တစ်ခါတည်း အဆုံးသတ်ဖို့ မစီစဉ်ထားပါဘူး။

ဟန်ကျွယ်ဟာ ဒီဘဝမှာ ရန်သူနဲ့ တိုက်ခိုက်ရင် ဘယ်တော့မှ အရေးနိမ့်မခံပါဘူး။ တိုက်ခိုက်တယ်ဆိုရင်လည်း တစ်ဖက်လူကို သတ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိမှ တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် မဖြစ်ခင်တုန်းက နဝမပဋိပက္ခကို အနိုင်ယူကောင်း အနိုင်ယူနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ နဝမပဋိပက္ခရဲ့ သေခြင်းရှင်ခြင်းကို အကြည့်တစ်ချက်နဲ့ အဆုံးအဖြတ် ပေးနိုင်နေပါပြီ။

ဟန်ကျွယ်ဟာ ဖန်တီးရှင်စုတ်တံကို ထုတ်ယူလိုက်ပါတယ်။ ဒီစုတ်တံမှာ ခုနစ်ရောင်ခြယ် တာအိုသင်္ကေတတွေ ထွင်းထားပါတယ်။ စုတ်တံရဲ့ ဦးခေါင်းဟာ မဟာတာအိုသုံးထောင်နဲ့ ဆက်သွယ်နေပြီး ခန္ဓာကိုယ်ကတော့ ဗလာနယ်မြေရဲ့ အခြေခံနိယာမတွေကနေ ခဲလာတာပါ။ ဒီစုတ်တံက အရာအားလုံးကို ဖန်တီးနိုင်သလို အရာအားလုံးကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။

ဖန်တီးရှင်သခင် မဟုတ်တဲ့လူဆိုရင် ဒီစုတ်တံကို ထိမိတာနဲ့ တစ်ချက်တည်း ပြာအတိကျသွားမှာပါ။

တာအိုဖန်တီးရှင်ကတော့ အသက်ပြန်ရှင်လာကောင်း လာနိုင်ပေမဲ့ မဟာတာအိုပညာရှိချူပ်ကတော့ အသက်ပြန်ရှင်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ပါဘူး။

နားလည်လွယ်အောင် ပြောရရင် ဟန်ကျွယ် ဒီစုတ်တံကို ပဋိပက္ခဆီ လွှင့်ပစ်လိုက်တာနဲ့ မဟာတာအိုပညာရှိချုပ်တစ်ပါး သေသွားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးရှင်စုတ်တံနဲ့ ကစားရင်း ဖန်တီးရှင်စုတ်တံရဲ့ စွမ်းအားကို ခံစားပါတယ်။

.....

သာလွန်နယ်မြေ။

လျှို့ဝှက်ဆန်းကြယ် အာကာသမှာ သဏ္ဍာန်မဲ့နတ်မင်းဟာ ရုတ်တရက် နိုးလာပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာဖြစ်လို့ ငါ ခုနက မဟာတာအို အနန္တကပ်ဘေး ပြီးသွားပြီလို့ ခံစားလိုက်ရတာလဲ၊ မဟာတာအို အနန္တကပ်ဘေးက အခုမှ စရုံပဲ စသေးတာကို”

သဏ္ဍာန်မဲ့နတ်မင်းဟာ စိတ်လေးသွားပေမဲ့ သူ့ခံစားချက်တွေရဲ့ ရင်းမြစ်ကို ရှာဖွေလို့မရပါဘူး။

လက်ရှိမှာ နှစ်ဖက်စလုံးက ကိုယ်ပွားတွေ ဖန်တီးပြီး တိုက်ခိုက်ပေမဲ့ တစ်ဖက်ကို တစ်ဖက် အသာစီး မယူနိုင်တဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ပြီး တိုက်ပွဲရလဒ်က ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ် လာပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘သူ ဘာတွေတွေးနေတာလဲ၊ ဘယ်တော့မှ လှုပ်ရှားမှာလဲ’

ဒီအချိန်မှာပဲ သဏ္ဍာန်မဲ့နတ်မင်းဟာ စွမ်းအားကြီး ရောင်ဝါတစ်ဝါကို ခံစားမိလိုက်ပါတယ်။

“ဟန်ဟွမ်... ဒီစွမ်းအားက တာအိုဖန်တီးရှင်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပြီ၊ ဒါပေမဲ့ ကံမကောင်းချင်တော့ အနှစ်သာရက မပြောင်းလဲသေးဘူး... ဟင်း...”

သဏ္ဍာန်မဲ့နတ်မင်းဟာ တာအိုဖန်တီးရှင် တစ်ပါး အနေနဲ့ ဟန်ဟွမ် လမ်းမှားသွားပြီဆိုတာကို ရှင်းရှင်းလင်းလင်းကြီး တွေ့မြင်လိုက်ရပါတယ်။ သဏ္ဍာန်မဲ့နတ်မင်း နားမလည်တာက ဟန်ကျွယ် ဘာလို့ ဝင်မပါတာလဲဆိုတာကိုပါ။

သဏ္ဍာန်မဲ့နတ်မင်းဟာ ဘယ်လိုပဲစဉ်းစားစဉ်းစား နားမလည်နိုင်တဲ့အတွက် ဆက်ပြီးတော့ မစဉ်းစားတော့ဘဲ သူ့ရဲ့ ဖန်တီးမှုကို ဆက်သုံးသပ်နားလည်ဖို့အတွက် အိပ်စက်ပါတယ်။

.....

တတိယ တာအိုစက်ကွင်း။

ရှန်ရှင်းကိုးဖော်တို့ ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သူတို့တွေကို တာအိုဘုံကျောင်းထဲ ရွှေ့ပြောင်းပေးပါတယ်။

ရှန်ရှင်းကိုးဖော်ဟာ တာအိုစက်ကွင်းထဲ ရောက်တာနဲ့ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်ကာ ဟန်ကျွယ် ဆင့်ခေါ်တာကို စောင့်ပါတယ်။

တာအိုဘုံကျောင်းရဲ့ တံခါး ပွင့်သွားတဲ့အခါ ရှန်ရှင်းကိုးဖော်ဟာ တာအိုဘုံကျောင်းထဲ ဝင်လိုက်ပါတယ်။ အထဲရောက်တဲ့အခါ ရှန်ရှင်းကိုးဖော်ဟာ တရိုတသေ ဒူး‌ထောက်ပြီး အရိုအသေပေးပါတယ်။

အဲဒီနောက် ဟန်ကျုံတောက်က လက်ဝှေ့ယမ်းပြီး အန္တိမမူလနတ်ဘီလူးကို လွှတ်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ အန္တိမမူလ နတ်ဘီလူးဟာ ဝိညာဉ်ပဲ ကျန်တော့ပြီး တော်တော် သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်ရည်သွင်ပြင်က အန္တိမမူလနတ်ဘီလူးကို အံ့ဩ မှင်တက်သွားစေပါတယ်။ အန္တိမမူလ နတ်ဘီလူးဟာ ဟန်လင်ကို ပြန်မြင်ယောင်သွားပါတယ်။

“ဝှစ်...”

အန္တိမမူလနတ်ဘီလူးရဲ့ ဝိညာဉ်ဟာ ရုတ်တရက် ကွဲကြေပြီး လုံးဝ ပျက်စီးသွားပါတယ်။

ရှန်ရှင်းကိုးဖော်ဟာ မှင်တက်သွားပါတယ်။

စာစောင်တွေ ဖတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တင်လိုက်ပါတယ်။ အန္တိမမူလနတ်ဘီလူးရဲ့ ဝိညာဉ်ဟာ ပြန်ခဲလာပါတယ်။

‘ငါ ဖန်တီးရှင်သခင်စွမ်းအားကို ကန့်သတ် ထိန်းချုပ်မှပဲ’

ဖန်တီးရှင်သခင်ကို ဘယ်သက်ရှိမှ မရိုမသေလုပ်လို့ မရပါဘူး။ အကြာကြီးစိုက်ကြည့်တာဆို ပိုဆိုးတာပေါ့။

ရှန်ရှင်းကိုးဖော်က အကျင့်ကောင်းတွေ ရှိတာ ကြာပါပြီ။ သူတို့ဟာ ဟန်ကျွယ်ကို တစ်ချက်ပဲ မော့ကြည့်ပြီး ခေါင်းပြန်ငုံ့လိုက်ပါတယ်။ ဒါကြောင့် သူတို့တွေ ဘာမှ မခံစားလိုက်ရပါဘူး။

ပြန်ရှင်လာတဲ့ အန္တိမမူလ နတ်ဘီလူးဟာ တုန်လှုပ်သွားပြီး ဟန်ကျွယ်ကို မကြည့်ရဲတော့ပါဘူး ‘ဘာတွေ ဖြစ်သွားတာလဲ... သူက ဘယ်သူလဲ... ခုနက ငါ သေသွားတာလား...’

အန္တိမမူလ နတ်ဘီလူးဟာ စောစောက ကြောက်မက်ဖွယ် ခံစားချက်ကို ပြန်တွေးလိုက်ပါတယ်။ သူဟာ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မွန်းကျပ်မှုမျိုးကို တစ်ခါမှ မခံစားဖူးပါဘူး။ အန္တိမမူလနတ်ဘီလူးဟာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး ဒီခံစားချက်ကို ဖယ်ရှားလို့ မရပါဘူး။

ဟန်ကျွယ်ဟာ ရှန်ရှင်းကိုးဖော်ကို ပြန်မသွားခိုင်းဘဲ အန္တိမမူလ နတ်ဘီလူးကို ငုံ့ကြည့်လိုက်ပါတယ် “အန္တိမမူလ နတ်ဘီလူးက ငါပဲ၊ မင်းက ငါ အန္တိမမူလကမ္ဘာကို ဖန်တီးတုန်းက ချန်ထားခဲ့တဲ့ အန္တိမမူလချီ တစ်စွန်းတစ်စကနေ ဖြစ်တည်လာတာ၊ ဒါပေမဲ့ မင်းက ငါ့နာမည်ကို ခိုးချင်တယ်၊ ငါ မင်းကို ဘယ်လိုမျိုး အပြစ်ပေးသင့်လဲ”

အန္တိမမူလနတ်ဘီလူးဟာ တဆတ်ဆတ်တုန်အောင် ချောက်ချားသွားပြီး ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်သွားပါတယ်။ ဒီနာမည်က သူ့ရဲ့ ဂုဏ်သိက္ခာပါ။ တခြားလူသာဆိုရင် အန္တိမမူလ နတ်ဘီလူးဟာ သူ့အသက်ကို စွန့်စားပြီး သူ့ဂုဏ်သိက္ခာကို ကာကွယ်မှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့မှာတော့ အန္တိမမူလ နတ်ဘီလူးဟာ ကြောက်ရွံ့မှုကိုသာ ခံစားရပြီး ဘာသတ္တိမှ မရှိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters