← Chapters

သတ်ဖြတ်ခြင်း နတ်ဘုရားနဲ့ ကယ်တင်ရှင်

Vol. 106 Ch. 1104

သတ်ဖြတ်ခြင်း နတ်ဘုရားနဲ့ ကယ်တင်ရှင်

Vol. 106 Ch. 1104

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ရဲ့ အရပ်ဆယ်မျက်နှာမှာ ရပ်နေတဲ့ လူတွေကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတာကြောင့် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အဲဒီလူတွေ အကုန်လုံး ခန္ဓာကိုယ်ရောဝိညာဉ်ပါ ပျက်စီးသွားပါတယ်။

ရှီထျန်နယ်မြေကို စိုးမိုးအုပ်ချုပ်တဲ့ ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်ရှေ့မှာ ဘာမှ မတတ်နိုင်ပါဘူး။

‘ပျင်းဖို့ ကောင်းလိုက်တာ’

ဟန်ကျွယ်ဟာ ဒီကိစ္စကြောင့် ပျော်ရွှင်ခြင်း မရှိသလို ဝမ်းနည်းခြင်းလည်း မရှိပါဘူး။ ရှေ့ကိုသာ ဆက်လျှောက်ပါတယ်။

ဟန်ကျွယ်ဟာ မဟာတာအိုကမ္ဘာ အသီးသီးကို လှည့်လည် သွားလာပြီး သတ်ဖြတ်ဖို့ စီစဉ်ထားပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်ရဲ့ ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းဟာ ပိုပိုကြီးမားလာပါတယ်။

[အနန္တဖျက်ဆီးရှင်သခင် ရှီထျန်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင်ဟာ ဒေါသထွက်သွားပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ဟန်ကျွယ်ကို ရှီထျန်ထဲကနေ နှင်ထုတ်ပါတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။

‘မဖြစ်နိုင်ဘူး...’

အနန္တဖျက်ဆီးရှင်သခင်ဟာ နှလုံးလှုပ်သွားပြီး တစ်ဖက်လူက ဘယ်သူလဲဆိုတာကို ခန့်မှန်းမိလိုက်ပါတယ်။

‘ဒီလူက တာအိုဖန်တီးရှင်လား... ဒါပေမဲ့ ဒီရောင်ဝါကို ငါ မရင်းနှီးပါဘူး’

အနန္တဖျက်ဆီးရှင်သခင်ဟာ ဟန်ကျွယ်ကို ထိုးဖောက် မမြင်နိုင်သလို ဇစ်မြစ်ကိုလည်း တွက်ချက်လို့ မရပါဘူး။

အနန္တဖျက်ဆီးရှင်သခင်ဟာ ဒီလိုခံစားချက်မျိုးကို နဝမပဋိပက္ခ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ၊ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းဆီကနေ ရတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ ကွဲပြားခြားနားနေတာကို ခံစားမိလိုက်ပါတယ်။

‘ဒီလူက အမှောင်သခင်ကြီးများလား...’

ဒီခန့်မှန်းချက်ကြောင့် အနန္တဖျက်ဆီးရှင်သခင်ဟာ လန့်သွားပါတယ်။ တကယ်လို့သာ အမှောင်သခင်ကြီးဆိုရင် ဒါက သူရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ပါဘူး။

အနန္တဖျက်ဆီးရှင်သခင်ဟာ ချက်ချင်း နဝမပဋိပက္ခဆီ သွားပါတယ်။

.....

ဗလာနယ်မြေနက်ထဲက ကျွန်းပျံတစ်ကျွန်းမှာ ဧရာမသစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေပါတယ်။ ဒီသစ်ပင်မှာ အကိုင်းအခက်များစွာ ရှိပြီး ရေစက်ကလေးတွေ ကပ်နေတယ်လို့ ထင်ရတဲ့ သစ်ရွက်တိုင်းမှာ အချိန်-အာကာသ တစ်ခုစီ ရှိပါတယ်။

နဝမပဋိပက္ခဟာ ဒီသစ်ပင်အောက်မှာ တရားထိုင်နေပါတယ်။

အနန္တဖျက်ဆီးရှင်သခင် ထွက်သွားတဲ့အခါ မြူခိုးတွေ ရှင်းလင်းသွားပြီး နဝမပဋိပက္ခရဲ့ ခန္ဓာစစ် ပေါ်လာပါတယ်။ နဝမပဋိပက္ခက လူသားအသွင်ရှိပေမဲ့ သူ့မျက်နှာက တော်တော်လေးကိုမှ ထူးဆန်းပါတယ်။ သူ့အသားအရေကလည်း ဖျောတော့ပြီး သွေးမရှိပါဘူး။

သူ့မျက်နှာကလည်း လူသားတွေနဲ့ မတူပါဘူး။ မျက်နှာမှာ မဆိုစလောက် မြင့်တက်နေတဲ့ အစိတ်အပိုင်းတွေက ပါးစပ်နဲ့ နှာခေါင်း ဖြစ်နိုင်ပါတယ်။ ဆံပင်ရှည်တွေကိုတော့ ဝတ်ရုံနက်နောက်မှာ ဖားလျား ချထားပါတယ်။

အရိပ်တစ်ရိပ် ပေါ်လာပါတယ်။ ဒီအရိပ်က နဝမပဋိပက္ခနဲ့ တော်တော်လေးကိုမှ ဆင်တူလွန်းပါတယ်။ ဒီအရိပ်ဟာ နဝမပဋိပက္ခကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အဆင့် မထိုးဖောက်နိုင်သေးဘူးလား၊ ပဋိပက္ခရဲ့ အခြေအနေက ပိုပိုပြီး ဝရုန်းသုန်းကား ဖြစ်လာပြီ၊ နောက်ထပ် တာအိုဖန်တီးရှင်တစ်ပါးလည်း ပေါ်လာတယ်၊ အခြေအနေက သိပ်မကောင်းဘူး”

ဒီအရိပ်က ပထမပဋိပက္ခရဲ့ စိတ်ဆန္ဒပါ။

နဝမပဋိပက္ခဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါ့ကျင်ကြံမှုက မတိုးနိုင်သေးဘူး၊ အဆင့်ထိုးဖောက်ဖို့ဆိုရင် ငါ အခွင့်အရေးတစ်ခု လိုတယ်၊ ယုတ္တိကျကျ ပြောရရင် ထိပ်ဆုံးအဆင့်ကို ရောက်တာနဲ့ နောက်ထပ် မြင့်မားတဲ့အဆင့်ကို တစ်ခါတည်း ထိုးဖောက်နိုင်ရမှာ၊ ဒါပေမဲ့ ငါ မအောင်မြင်ဘူး၊ အဆုံးမဲ့ခေတ် အလုပ်မဖြစ်ရင် ဒီထက်မြင့်မားတဲ့ အဆင့် မရှိတော့တာ ဖြစ်နိုင်တယ်”

ပထမပဋိပက္ခဟာ တိတ်ဆိတ်သွားပါတယ်။

အချိန်အတော်ကြာမှ...

ပထမပဋိပက္ခ “ဒီထက်မြင့်မားတဲ့ အဆင့်မရှိဘူးဆိုရင် အရှုပ်တွေကို ဘယ်လိုရှင်းမှာလဲ၊ တာအိုဖန်တီးရှင်တွေက အချင်းချင်း သတ်လို့မှ မရတာ”

“ဒါဆိုရင်လည်း ငါတို့တွေ မဟာတာအို အနန္တကပ်ဘေးကို သုံးပြီး သူတို့ကို ဖိနှိပ်ကြတာပေါ့၊ ငါတောင် အဆင့်မထိုးဖောက်နိုင်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ အဆင့်ထိုးဖောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ သူက ငယ်လွန်းတယ်၊ တခြား တာအိုဖန်တီးရှင်တွေကတော့ လမ်းဆုံးကို ရောက်နေပြီ၊ ငါ့ကို စိတ်ပူစေတာက အမှောင်သခင်ကြီးနဲ့ ဘုန်းတန်းခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တာအိုစက်ကွင်းပဲ”

“အမှောင်သခင်ကြီးက ကျိန်စာပဲ တိုက်ရဲတာဆိုတော့ သူ့စွမ်းအားက သိပ်ကြီးမှာ မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တာအိုစက်ကွင်းက ငါ ထောက်လှမ်းတာကို ဟန့်တားနိုင်တယ်၊ နောက်ပြီး ငါ အတင်းတိုးဝင်ဖို့ ကြိုးစားကြည့်တာ မအောင်မြင်ဘူး၊ ဒီလောကမှာ ငါ နားမလည်နိုင်တဲ့ တည်ရှိမှုတွေ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”

နဝမပဋိပက္ခဟာ ဟန်ကျွယ်က အဋ္ဌမပဋိပက္ခကနေ လက်ရှိပဋိပက္ခဆီ ဘဝကူးပြောင်းတာကို တွေ့မြင်ခဲ့တဲ့လူမလို့ ဟန်ကျွယ်ရဲ့ နောက်မှာ နောက်ခံကြီးကြီးမားမား မရှိတာကို အတည်ပြုနိုင်ပါတယ်။

အဲဒါကြောင့် နဝမပဋိပက္ခဟာ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းက ဟန်ကျွယ်ရဲ့ စွမ်းအား မဟုတ်ဘဲ အကောင်းစား ရတနာတစ်ပါးပါးရဲ့ ကိုယ်ထင်ပြမှုလို့ တွေးတာပါ။ သူ့အတွေးက ဘဝဟောင်းမှာ ဘာမှမဟုတ်တဲ့လူက ဒီဘဝမှာ မွေးဖွားတာနဲ့ တာအိုရယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တာအိုပညာရှိတွေ တွေးသလိုမျိုးပါပဲ။

ပထမပဋိပက္ခဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ သူဟာ နဝမပဋိပက္ခကို ယုံကြည်ပါတယ်။ နဝမပဋိပက္ခတောင် မမြင်နိုင်ရင် သူလည်း ဒီပြဿနာကို အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။

လောကဦးပဋိပက္ခ။

တိမ်စီးလာတဲ့ ရှင်းဟုန်ရွှမ်ဟာ ခန်းမတစ်ခုရှေ့ ဆင်းသက်လိုက်ပါတယ်။ ခန်းမရဲ့ ဆိုင်းဘုတ်မှာ မင်ကျိနန်းတော်ဆိုပြီး စာလုံးထွင်းထားပါတယ်။

“ကောင်မစုတ်လေး... ထွက်လာပြီး အသေခံစမ်း” ရှင်းဟုန်ရွှမ်ဟာ ခပ်မာမာ အော်ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ရဲ့ စကားအဆုံးမှာပဲ လူတွေပေါ်လာပြီး ရှင်းဟုန်ရွှမ်ကို ဝိုင်းလိုက်ပါတယ်။ ဒီလူတွေက နတ်သမီးမင်ကျိရဲ့ ကိုယ်ရံတော်တွေပါ။

ဟန်ဟွမ်ရဲ့ လောကဦးကျင့်ကြံသူတွေကတော့ ရှင်းဟုန်ရွှမ်ကို မတားရဲပါဘူး။

“နေဦး”

နတ်သမီးမင်ကျိရဲ့ အသံကြောင့် တိုက်ခိုက်ဖို့ ပြင်နေတဲ့ ကိုယ်ရံတော်တွေဟာ ရပ်တန့်သွားကြပါတယ်။

မင်ကျိနန်းတော်ရဲ့ တံခါးဟာ ပွင့်သွားပြီး ချောမောလှပတဲ့ နတ်သမီးမင်ကျိ ထွက်လာပါတယ်။ ကိုယ်ရံတော်တွေဟာ နတ်သမီးမင်ကျိနဲ့ ရှင်းဟုန်ရွှမ် တွေ့ဆုံနိုင်အောင် လမ်းဖယ်ပေးပါတယ်။

နတ်သမီးမင်ကျိက မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ကျွန်မ ရှင့်ကို အမေလို့ ခေါ်သင့်တယ်၊ အခု ကျွန်မက ယောက်ျားနဲ့ လက်ထပ်ပြီးပြီဆိုတော့ မိသားစုတွေ ဖြစ်သွားကြပြီ၊ အမေက အတိတ်မှာ ဖြစ်ခဲ့တာတွေကို စိတ်ထဲထားတုန်းလား”

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “နင်က ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား၊ အခု နင်ငါ့ကို အမေလို့ ခေါ်ရတာ ကသိကအောက် မဖြစ်ဘူးလား”

“ဒါဆို အမေက ဘာလိုချင်လို့လဲ”

“ငါ နင့်ကို သတ်ချင်တယ်”

“ခစ်..ခစ်... အမေမှာ အဲဒီလုပ်ဖို့ အစွမ်းအစ ရှိလို့လား၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ကြရအောင်၊ ယောက်ျားရဲ့ မျက်နှာကိုထောက်ပြီး သမီး ဒီကိစ္စနောက် ဆက်မလိုက်တော့ဘူး”

“လက်ထပ်တယ်ဆိုတာ မိဘတွေ သဘောတူဖို့လိုတယ်၊ ငါတို့တွေ ဒီလက်ထပ်ပွဲကို သဘောတူထားလို့လား”

“ရှင်... ရှင် ကျွန်မယောက်ျားကို ထိန်းချုပ်နိုင်လို့လား”

“ငါ သူ့ကို မထိန်းချုပ်နိုင်ဘူး၊ ဒါပေမဲ့ နင်ကိုတော့ ထိန်းချုပ်နိုင်တယ်”

နတ်သမီးမင်ကျိဟာ အမျက်ချောင်းချောင်း ထွက်သွားပြီး‌ အော်ပြောလိုက်ပါတယ် “အဲဒါဆိုလည်း ကျွန်မကို လာထိန်းချုပ်ချည်”

ရုတ်ခြည်းဆိုသလို နတ်သမီးမင်ကျိရဲ့ ဆံပင်တွေဟာ ဖြူဖွေးသွားပြီး အသားအရေကလည်း ရှုံ့တွသွားပါတယ်။ အသက်ဓာတ်ကလည်း လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

“ရှင်...”

နတ်သမီးမင်ကျိဟာ မျက်လုံးပြူးသွားပြီး သူမရဲ့ ဓမ္မစွမ်းအားကို စုစည်းဖို့ ကြိုးစားပါတယ်။ နတ်သမီးမင်ကျိဟာ သူမခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ အရာမဝင်ပါဘူး။

ဘေးက ကိုယ်ရံတော်တွေလည်း လန့်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်သမီးမင်ကျိက မဟာတာအိုပညာရှိ ဖြစ်တဲ့အပြင် ရှင်းဟုန်ရွှမ် ဘာလုပ်လိုက်တယ်ဆိုတာကို သူတို့တွေ မမြင်လိုက်ရလို့ပါပဲ။

ရှင်းဟုန်ရွှမ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ငါ နင့်ကို ရုပ်ဆိုးအောင်လုပ်ရင် ဟွမ်အာက နင့်ကို ကြိုက်ဦးမယ်လို့ ထင်လား”

စကားဆုံးတာနဲ့ ရှင်းဟုန်ရွှမ်ဟာ လှည့်ထွက်သွားပါတယ်။

“သူ့ကိုဖမ်း” နတ်သမီးမင်ကျိဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ကိုယ်ရံတော်တွေလည်း သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ပါတယ်။ သူတို့တွေဟာ ရှင်းဟုန်ရွှမ်နားကို မကပ်ရဲတာကြောင့် အဝေးကနေပဲ ဖိနှိပ်ဖို့ ကြိုးစားပါတယ်။

ဒါပေမဲ့ သူတို့တွေ လှုပ်ရှားလိုက်တယ်ဆိုရင်ပဲ ရုတ်တရက် ပြာအတိကျပြီး ဝိညာဉ်တွေ ပျက်စီးသွားပါတယ်။ ရှင်းဟုန်ရွှမ်ကတော့ တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်ခွာသွားပါတယ်။

နတ်သမီးမင်ကျိဟာ ဒါကို ကြည့်ပြီး မှင်တက်သွားပါတယ်။

အရင်တစ်ခေါက် ကောင်းကင်တာအိုမှာ တိုက်ခိုက်တုန်းက ရှင်းဟုန်ရွှမ်ဟာ ဒီလောက်ထိ ကြောက်ဖို့ မကောင်းသေးပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ရှင်းဟုန်ရွှမ်က သူ့ယောက်ျားထက်တောင် ကြောက်စရာကောင်းတယ်လို့ နတ်သမီးမင်ကျိ ခံစားလိုက်ရပါတယ်။

‘သူက အရင်ကနဲ့ နှိုင်းဆမရအောင် နက်နဲလာတယ်၊ စွမ်းအားကလည်း တားမရဆီးမရပဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ’

.....

ရှီထျန်နယ်မြေ။

ဟန်ကျွယ်ဟာ စိတ်ထဲ ဘဝင်မကျတဲ့ သက်ရှိတွေကို သတ်ဖြတ်ရတာ ပင်ပန်းတယ်လို့ ခံစားလာရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့စိတ်ယုတ်မာကို ပြန်ရုပ်သိမ်းပြီး ကရုဏာတရားကို ထုတ်လွှတ်ပါတယ်။

အဲဒါကြောင့် ဟန်ကျွယ်ဟာ ရှီထျန်နယ်မြေမှာ နောက်တစ်ခါ လျှောက်သွားပြီး မတရားတာ မှန်သမျှ ကူညီပါတယ်။ မဟာတာအိုပညာရှိချုပ်ကနေစလို့ သေမျိုးအထိ ဟန်ကျွယ်ဟာ တစ်ယောက်ကိုမှ မသတ်တော့ပါဘူး။ ရက်စက်ကြမ်းကြုတ်တဲ့လူတွေကို တွေ့ရင်တောင် သတိပေးပြီး သင်ခန်းစာပဲ ပေးပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးကာ နှစ်သန်းချီ ကြာသွားပါတယ်။ ဟန်ကျွယ်ရဲ့ သနားကြင်နာမှုတွေဟာ သက်ရှိအားလုံးဆီ သတင်းပျံ့ပြီး ကယ်တင်ရှင်လို့ အမည်တွင်လာပါတယ်။

ရှီထျန်ရဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ဒဏ္ဍာရီကတော့ စပြီးတော့ မှေးမှိန်လာပါတယ်။ ဘယ်သူမှ သူ့ကို ကလဲ့စားမချေရဲကြပါဘူး။ သတ်ဖြတ်ခြင်း နတ်ဘုရားနဲ့ ကယ်တင်ရှင်က ခေါင်းနဲ့ ပန်းလိုပါပဲ။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ ရှီထျန်မှာရှိတဲ့ သက်ရှိအားလုံးရဲ့ လေးစားမှုကို ဖြည်းဖြည်းချင်း ရလာပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်တုတွေကို နေရာတိုင်းမှာ ထုလုပ်ပြီး ရှိခိုးပူဇော်ကြပါတယ်။

ဟန်ကျွယ်ဟာ ရှီထျန်ကိုယ်ပွားနေတဲ့ နန်းတော်ကို ရောက်လာပါတယ်။ ရှီထျန်ရဲ့ ကိုယ်ပွားက သက်တမ်း ၈၀၀ ထရီလီယံလောက် စွမ်းအားရှိပါတယ်။ အရင်တစ်ခေါက်က ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ ကိုယ်ပွားကို ဖျက်ဆီးပစ်ခဲ့ပေမဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် အနန္တဖျက်ဆီးရှင်သခင်က နောက်ထပ် ကိုယ်ပွားတစ်ပွား ထပ်ဖန်တီးထားတာပါ။

ဒီကိုယ်ပွားနာမည်ကလည်း အနန္တဖျက်ဆီးရှင်သခင်ပါပဲ။

“ငါ့ကို ပြောစမ်း... ငါ ရှီထျန်မှာ သတ်ဖြတ်သင့်လား၊ ကူညီသင့်လား”

နားထဲကို ဝင်လာတဲ့ ဟန်ကျွယ်ရဲ့ အသံကြောင့် အနန္တဖျက်ဆီးရှင်သခင်ဟာ ထိတ်လန့်ပြီး မျက်လုံးဖွင့်လိုက်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အတွက် လန့်ဖျပ်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters