အထိန်းအချုပ်မဲ့ခြင်း
Vol. 106 Ch. 1110
“ငါ ဘယ်သူလို့ မင်းထင်လဲ” ဟန်ကျွယ်ဟာ နောက်လှည့်မကြည့်ဘဲ အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးစုန်ကို မှတ်မိနေပါသေးတယ်။ ကျိုးစုန်က ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးမှာ ကောင်းကောင်းလေး စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးမှာ ဟန်ဟွမ် အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရရှိခဲ့ပေမဲ့ လွယ်လင့်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။
ကျိုးစုန်ဟာ အံကြိတ်လိုက်ပါတယ် “လောကဦးပဋိပက္ခမှာ ဟန်ဟွမ်ကလွဲရင် ခင်ဗျားလိုလူမျိုး ရှိနေသေးတာလား၊ မဟုတ်မှလွဲရော ခင်ဗျားက...”
ကျိုးစုန်ဟာ ဆက်မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနာမည်က လွှမ်းမိုးမှုအား ကြီးလွန်းလို့ပါ။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်က ပဋိပက္ခကို ကူညီတဲ့အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဝင်မပါလောက်ဘူးလို့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ထင်ကြေးပေးကြပါတယ်။ ဒါပေမဲ့ တကယ်လို့သာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဝင်ပါမယ်ဆိုရင် သူတို့အဖို့ မျှော်လင့်ချက် မြူတစ်မှုန်စာတောင် ရှိတော့မှာ မဟုတ်ပါဘူး။
ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးမှာတုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ ပါရမီရှင်အကုန်လုံးကို ရောင်ဝါနဲ့တင် ဖိနှိပ်ခဲ့တာပါ။
ဒါကြောင့် ကျိုးစုန်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို ထုတ်ပြောလိုက်တာနဲ့ ဒီမှာရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံး တိုက်ခိုက်ချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပြိုင်ဘက်ကင်းတော့ ဘယ်သူက ရုန်းကန်ချင်တော့မှာလဲ။
‘မဖြစ်ရဘူး... ငါ ဒီလို အဖြစ်မခံနိုင်ဘူး’
ကျိုးစုန်ဟာ အော်ဟစ် အမိန့်ပေးလိုက်ပါတယ် “ကပ်ဘေး ထိန်းချုပ်သူတွေ.... ဒီမိစ္ဆာနတ်ဆိုးကို လာသတ်ချည်”
ကျိုးစုန်ဟာ ကပ်ဘေးထိန်းချုပ်သူတွေ အပေါ်ပဲ မျှော်လင့်ချက် ထားနိုင်ပါတယ်။ ရှုံဟွာအင်အားစုရဲ့ သက်ရှိတွေ အကုန်လုံးက ကပ်ဘေးထိန်းချုပ်သူတွေ ဖြစ်တဲ့အတွက် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။ သူတို့ကိုယ်စီမှာ မတူကွဲပြားတဲ့ ထူးခြားအရည်အချင်းတွေ ရှိကြပါတယ်။
ဘာပဲဖြစ်ဖြစ် သေမဲ့အတူတူ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခြိမ်းခြောက်နိုင်အောင် ကြိုးစားတာက ပိုကောင်းပါတယ်။
“အားလုံး ရပ်လိုက်” ရှီတုတောက်က ရုတ်တရက် အော်ပြီး အမိန့်ပေးလိုက်တာကြောင့် တိုက်ခိုက်ဖို့ ပြင်နေတဲ့ ကပ်ဘေးထိန်းချုပ်သူတွေ အကုန်လုံး ရပ်ကုန်ကြပါတယ်။
ရှီတုတောက်ဟာ ဟင်းလင်းပြင်မှာ ဒူးထောက်ပြီး တလေးတစား အော်ပြောလိုက်ပါတယ် “ကျွန်တော် ရှီတုတောက် အမှောင်သခင်ကြီးကို အရိုအသေ ပေးပါတယ်”
ကျင်းတျန်ကုန်းလည်း ဒူးထောက်လိုက်ပါတယ်။ သူတို့ရဲ့ မျက်နှာတွေက ရူးရူးမူးမူး ဖြစ်နေပါတယ်။
ဘိုးဘေးရှီတျန်ဟာ သက်ပြင်းချလိုက်ပြီး သူတို့ကို မတားပါဘူး။
ရှုံဟွာအင်အားစုရဲ့ အဖွဲ့ဝင် ထက်ဝက်ကျော်ဟာ ဒူးထောက်လိုက်ပါတယ်။ တခြားလူတွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားကြပါတယ်။
‘အမှောင်သခင်ကြီးလား’ ကျိုးစုန်ဟာ မှင်တက်သွားပါတယ်။
ကျိုးစုန်ဟာ အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီတွေကို မကြားဖူးတာ မဟုတ်ပါဘူး။ အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီတွေက များလွန်းလို့ ရေလို့တောင် မရပါဘူး။ ကျို့ကဲ့ဂျိသွမ်တောင် တန်ခိုးအထွားဆုံး အချိန်မှာ အမှောင်သခင်ကြီးကို ယုံကြည်လေးစားခဲ့ပါတယ်။
‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူးလား... ဒါ အဓိပ္ပာယ်မရှိဘူး’
‘ကျို့ကဲ့ဂျိသွမ်က ပဋိပက္ခကို ကူညီတယ်၊ အမှောင်သခင်ကြီးက ဘာဖြစ်လို့ လောကဦးပဋိပက္ခကို ကူညီရတာလဲ’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီကောင်လေးက ဗိုက်တော်တော်ကြီးတယ်၊ မင်းတို့တွေ မသေချင်ရင် မြန်မြန်ထွက်သွားကြ၊ ငါ ဒီကောင်လေးကို မထိန်းဘဲ လွှတ်ပေးတော့မယ်”
ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ ယွမ်ရှီကျယ်ဝမ်ဟာ ဒေါသထွက်သွားသလိုမျိုး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါတယ်။
ရှီတုတောက်ဟာ ချက်ချင်း နားလည်သွားပြီး ကပ်ဘေးထိန်းချုပ်သူတွေနဲ့ ထွက်ခွာသွားပါတယ်။ ယွမ်ရှီကျယ်ဝမ်ကတော့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆက်ပြီးတော့ ဝါးမျိုပါတယ်။
အသက်ရှူကြိမ် တစ်ကြိမ်တောင် မပြည့်ခင်မှာ ယွမ်ရှီကျယ်ဝမ်ရဲ့ ဝါးစားသံသာ ကြားနိုင်ပါတော့တယ်။
ကျိုးစုန်ဟာ အမြစ်တွယ်သလိုမျိုး ရပ်နေပါတယ်။ သူ့တိုက်ခိုက်မှုက ဒီလောက်လောက် မြန်မြန် ရှုံးနိမ့်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီတိုက်ပွဲမှာ သူ ရစရာမရှိအောင်ကို ရှုံးနိမ့်သွားပါတယ်။
‘အမှောင်သခင်ကြီးက လောကဦးပဋိပက္ခကို ကူညီတယ်တဲ့လား... သွားပြီ... အားလုံး သွားပြီ’
ကျိုးစုန်ကောင်းကင်ရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး။
ယွမ်ရှီကျယ်ဝမ်ဟာ ပါးစပ်ထဲက အစာတွေကို ဝါးစားပြီးနောက် ရှေ့ဆက်သွားပါတယ်။
ဟန်ကျွယ်က သူ့ကိုမသတ်တဲ့အတွက် ကျိုးစုန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကျွန်တော်ကို ဘာလုပ်ချင်တာလဲ”
ဟန်ကျွယ်ဟာ ပြန်မဖြေပါဘူး။
ကျိုးစုန်ဟာ မလှုပ်ရှားနိုင်သေးပါဘူး။ ဖိအားက ကြီးမားလွန်းတဲ့အတွက် ဝိညာဉ်နဲ့ ဓမ္မစွမ်းအားဟာ ခန္ဓာကိုယ်ထဲမှာ ဖိသိပ်ခံရပြီး တစ်လက်မတောင် မလှုပ်ရှားနိုင်ပါဘူး။ ကျိုးစုန်ဟာ အာရုံကိုတောင် ဆုံးရှုံးသွားပြီး ဓမ္မရတနာတွေကို မသုံးနိုင်သလို အဝေးမှာ ဝှက်ထားတဲ့ တခြားနည်းလမ်းတွေကိုလည်း ထုတ်မသုံးနိုင်ပါဘူး။
ယွမ်ရှီကျယ်ဝမ်ဟာ ရှေ့ဆက်သွားပါတယ်။ အမှောင်သခင်ကြီး ပေါ်လာတဲ့ သတင်းဟာ ပဋိပက္ခမှာ တောမီးလို ပျံ့နှံ့သွားပါတယ်။ ဒီသတင်းက စိတ်ချောက်ချားဖို့ ကောင်းလွန်းပါတယ်။
ဒီသတင်းရဲ့ သက်ရောက်မှုကို အခံရဆုံးကတော့ ကျို့ကဲ့ဂျိသွမ်ပါ။
.....
ကျို့ကဲ့ဂျိသွမ်ရဲ့ နန်းတော်တစ်ဆောင်ထဲမှာ ကျောက်ရွှမ်ကွမ်းဟာ ယမ်းပုံမီးကျ ဖြစ်နေပါတယ် “အမှောင်သခင်ကြီးက ဘာဖြစ်လို့ ဟန်ဟွမ်ကို ကူညီရတာလဲ”
ကျောက်ရွှမ်ကွမ်းရဲ့ အကြည့်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဆီ ရောက်သွားပါတယ်။ ကျို့ကဲ့ဂျိသွမ်ရဲ့ တခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေကလည်း ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ဝိုင်းကြည့်ကြပါတယ်။ အမှောင်သခင်ကြီးကို ချီးမွမ်းခန်းဖွင့်ဖို့ အဆိုပြုခဲ့တာက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် မဟုတ်ပါလား။
လောကဦးဘိုးဘေး နတ်ဘုရားဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ သူဟာ အမှောင်သခင်ကြီးကို အမုန်းတီးဆုံးမလို့ ကျို့ကဲ့ဂျိသွမ်က အမှောင်သခင်ကြီးအကြောင်း အကောင်းပြောတာကို မကျေနပ်ဆုံးပါ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က နဝမပဋိပက္ခကို သစ္စာရှိပေမဲ့ သူ့ကို ကိစ္စတော်တော်များများ ပြောမပြပါဘူး။
ယွီယွမ် “ငါတို့တွေ အမှောင်သခင်ကြီးကို ဖိနှိပ်ရလိမ့်မယ်၊ မဟုတ်ရင် အကျိုးဆက်က မတွေးဝံ့စရာပဲ၊ ငါတို့ ပဋိပက္ခကိုးပါး ချက်ချင်း လှုပ်ရှားသင့်တယ်”
ယွီယွမ်က ပထမပဋိပက္ခရဲ့ စိတ်ဆန္ဒကို အမွေဆက်ခံထားတာပါ။ ပထမပဋိပက္ခစစ်စစ် မဟုတ်ပါဘူး။
တခြားပဋိပက္ခတွေကလည်း ယွီယွမ်ရဲ့ စကားကို သဘောတူ ထောက်ခံကြပါတယ်။
ဒေါသအိုးပေါက်ကွဲနေတဲ့ ကျောက်ရွှမ်ကွမ်းကလည်း ချက်ချင်း သဘောတူပါတယ်။
ဒီသတင်း ပဋိပက္ခရဲ့ နေရာတိုင်းကို မပျံ့နှံ့ခင် သူတို့တွေ အမြန်ဆုံး တိုက်ခိုက်ဖို့ လိုပါတယ်။ မဟုတ်ရင် အကုန်လုံး နောက်ကျသွားမှာပါ။
.....
လောကဦးခန်းမ။
ဟန်ဟွမ်ဟာ စားပွဲဝိုင်းထိပ်ဆုံးမှာထိုင်ပြီး လီတောက်ခုံး ပြောတာကို နားထောင်နေပါတယ်။ ကပ်ဘေးထိန်းချုပ်သူတွေကြားမှာ အထူးတလည် ဆက်သွယ်တဲ့ နည်းလမ်းတစ်ခု ရှိတာမလို့ အမှောင်သခင်ကြီး ပေါ်လာတာကို လီတောက်ခုံး သိသွားပါပြီ။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေလည်း အမှောင်သခင်ကြီး အကြောင်းကို ဆွေးနွေးကြပါတယ်။
“အမှောင်သခင်ကြီး ငါတို့ကို ဘာဖြစ်လို့ ကူညီတာလဲ”
“အမှောင်သခင်ကြီး အကြောင်း ပြောရရင် သူ အရင်က ကောင်းကင်တာအိုမှာ ဂယက်ထအောင် လုပ်ခဲ့တာမလား”
“ညီလေးဟွမ်... မင်း ဒီကိစ္စကို ဂရုစိုက်ဖို့လိုတယ်၊ အမှောင်သခင်ကြီးက ပြဿနာရှာရတာကို အကြိုက်ဆုံးပဲ၊ သူက ငါတို့တွေကို ဒီနေ့ကူညီရင်တောင် နောက်နေ့ကျ ရန်သူ ဖြစ်သွားနိုင်တယ်”
“ဟုတ်တယ်၊ အမှောင်ဂိုဏ်း လူကြိုက်များလာကတည်းက ငါ မကြာခဏ ကျိန်စာတိုက်ခံရတယ်”
“အမှောင်သခင်ကြီးရဲ့ ပစ်မှတ်က ယွမ်ရှီကျယ်ဝမ်နဲ့တူတယ်”
“ဖြစ်နိုင်တယ်၊ ယွမ်ရှီကျယ်ဝမ်က စွမ်းအားကြီးလွန်းတယ်၊ ဒါပေမဲ့ ငါတို့တွေ ယွမ်ရှီကျယ်ဝမ်ကို လှမ်းကြည့်တော့ အမှောင်သခင်ကြီးကို ဘာလို့ မမြင်ရတာလဲ”
အားလုံးဟာ ထင်ရာမြင်ရာ ဆွေးနွေးကြပါတယ်။ သူတို့တွေဟာ စိတ်လှုပ်ရှားသလို ထိတ်လန့်ပြီး မသက်မသာလည်း ဖြစ်နေကြပါတယ်။ အမှောင်သခင်ကြီးဆိုတဲ့ နာမည်က ကြီးလွန်းတယ် မဟုတ်ပါလား။
တကယ်တော့ အမှောင်သခင်ကြီးက လှုပ်ရှားခဲပါတယ်။ အမှောင်ဂိုဏ်းသားတွေရဲ့ လွန်လွန်ကဲကဲ ဒဏ္ဍာရီတွေကြောင့် သက်ရှိတွေဟာ အမှောင်သခင်ကြီးက အဆုံးအစမဲ့ စွမ်းအားကြီးတယ်လို့ ထင်မြင်ကုန်ကြတာပါ။
ဟန်ဟွမ်ဟာ ဘာမှဝင်မပြောဘဲ အေးအေးဆေးဆေး စဉ်းစားပါတယ်။
ဟန်ဟွမ်ဟာ အမှောင်သခင်ကြီးကို ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ အခုလည်း ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ ထိုင်နေတယ်ဆိုပေမဲ့ လှမ်းကြည့်တဲ့အခါ ဘာမှမတွေ့ရပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် အမှောင်သခင်ကြီးက သူ့ထက် စွမ်းအားကြီးဖို့ များတယ်လို့ ဟန်ဟွမ် ကောက်ချက်ချလိုက်ပါတယ်။
‘ငခွီး... ဘယ်လိုလုပ်ပြီး မဟာတာအိုအနန္တကပ်ဘေးကျမှ ဒီလောက်များတဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပေါ်လာရတာလဲ’
‘ပထမတုန်းက ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင်လေးပါး... နောက်တော့ ပဋိပက္ခကိုးပါး... အခု အမှောင်သခင်ကြီး ပေါ်လာပြန်ပြီ’
ဟန်ဟွမ်ဟာ သူ အခြေအနေကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားလိုက်ရပါတယ် ‘ငါပဋိပက္ခရဲ့ နက်ရှိုင်းမှုကို လျှော့တွက်မိခဲ့တာပဲ’
တိတ်ဆိတ်ဂိုဏ်းရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် လောကဦးပဋိပက္ခ ရှုံးသွားလောက်ပါပြီ။
ဟန်ဟွမ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “ငါ ကိုယ်တိုင် သွားမယ်၊ မင်းတို့တွေ ဒီမှာပဲထိုင်ပြီး ဒီနေရာကို စောင့်ကြပ်ကြ၊ ငါ မရှိရင် လီတောက်ခုံးက ဦးဆောင်လိမ့်မယ်”
စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ နေရာကနေ ကွယ်ပျောက်သွားပါတယ်။
ကျိုးပဲ့နေတဲ့ ဟင်းလင်းပြင်မှာ ရှေ့ဆက်နေတဲ့ ယွမ်ရှီကျယ်ဝမ်ဟာ ရပ်လိုက်ပါတယ်။ အမျိုးအမည်မသိ မြင့်မားတဲ့ အလင်းတိုင် ကိုးစင်းဟာ သူ့ရှေ့မှာ ပေါ်လာပါတယ်။ အလင်းတိုင်ကိုးတိုင်စလုံးက ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်ပြီး သူ့နားကို ချဉ်းကပ်လာပါတယ်။
ပဋိပက္ခကိုးပါး။
သူတို့ကိုးပါးစလုံးက ခြေလှမ်းတစ်ဝက် တာအိုဖန်တီးရှင် စွမ်းအားတွေ ရှိကြပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်သာ ရှိနေသေးရင် ဒါကိုကြည့်ပြီး ရူးသွားမှာပါ။ ငါ့ထက် စွမ်းအားကြီးတဲ့လူတွေ အများကြီး ရှိနေပါလား ဆိုပြီးတော့ပေါ့။
“အမှောင်သခင်ကြီး... လောကဦးပဋိပက္ခကို ဘာဖြစ်လို့ ကူညီတာလဲ” ကျောက်ရွှမ်ကွမ်းရဲ့ အသံ ထွက်ပေါ်လာပါတယ်။ သူ့အသံက ဒေါသကို ဖိနှိပ်ထားရတာ ထင်ရှားပါတယ်။
ဟန်ကျွယ် “ငါဘာသာ ဘာလုပ်လုပ် မင်းကို ပြောစရာလိုလို့လား”
“ငါတို့ကျို့ကဲ့ဂျိသွမ်က ခင်ဗျားအတွက် ဘာလုပ်ပေးခဲ့တယ်ဆိုတာကို မသိဘူးလား” ကျောက်ရွှမ်ကွမ်းရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။
ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ် “သိတယ်၊ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ၊ တစ်ခါမှ မမြင်ဖူးတဲ့ ခွေးတစ်အုပ်က မင်းရှေ့လာပြီး အမြီးနှံ့လိုက် လျှာထုတ်လိုက် လုပ်တာနဲ့ပဲ အဲဒီခွေးတွေက မင်းကို ကြိုက်မယ်လို့ ထင်လား၊ မင်းက သူတို့ကို တစ်ခုခုပေးမှာမလို့ အဲဒီလိုလုပ်နေကြတာ မဟုတ်ဘူးလား”
“လေလုံးထွားလိုက်တာ၊ မင်းကတော့ သေချင်နေပြီ” ကျောက်ရွှမ်ကွမ်းဟာ ဒေါသတကြီး အော်ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရောင်ဝါအကုန် ပေါက်ကွဲထွက်လာပြီး ရှေ့ကို တစ်ဟုန်ထိုး ပျံသန်းပါတယ်။
တခြားပဋိပက္ခရှစ်ပါးလည်း ရင်ပေါင်တန်းပြီး လိုက်ပါတယ်။ ခြေလှမ်းတိုင်းမှာ သူတို့ရောင်ဝါက အများကြီး တိုးလာပြီး အာကာသအလွှာတွေကို ကြေကွဲသွားစေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။