← Chapters

အခန်း (၄၅၁)

Vol. 33 Ch. 451

အခန်း (၄၅၁)

Vol. 33 Ch. 451

သံသယ ဖြစ်စရာ မလိုပေ။ ထိုယုန်ငယ်သည် အရွက်ကိုးလွှာဂျင်ဆင်း၏ ကိုယ်ပွားဖြစ်မှာ သေချာသည်။ ဟန်လိသည် ထိုအဖြူရောင်ယုန်ငယ်ကို စိတ်လှုပ်တရှားဖြင့် ကြည့်ပြီး မျက်လုံးမှ တဆင့် သူ၏ မဟာဖွံ့ဖြိုးခြင်းပညာရပ်တစ်ခုလုံးကို လှည့်ပတ်သည်။ အဖြူရောင်ယုန်၏ သန့်စင်သော စိတ်ဝိညာဉ်ချီသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တောက်ပသည်။

၎င်းမှာ သဘာဝကနေ မွေးဖွားလာသောအရာ ဖြစ်တာ သံသယ ဖြစ်စရာ မလိုပေ။ ဟန်လိသည် စိတ်ထဲ အတော်လေး လှုပ်ခတ်မိသည်။ သို့သော် သူက နည်းနည်းလေးမျှ စိတ်မအေးပေ။ သူသည် ထိုယုန်ထံသို့ အလျင်မပြတ် စိုက်ကြည့်နေရင်း မန္တာန်ချိပ်ဟန်တစ်ခုကို အသင့်ပြင်ထားသည်။

ထိုယုန်သည် မဟာအစီအရင်၏ အပြင်ဘက်တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ နီရဲသောမျက်လုံးတို့ဖြင့် ကျောက်စိမ်းသေတ္တာကို အကြိမ်ကြိမ် ကြည့်နေသည်။ ၎င်းသည် သည်နေရာတွင် နေနေရရုံဖြင့် ၎င်းက မကျေနပ်တာ သိသာသည်။ အဆက်မပြတ် အနံခံနေ၏။ ၎င်းတွင် ပါးနပ်သောအစီအရင်တစ်ခု ရှိနေသည့်ပုံပင်။

ဟန်လိသည် ထိုယုန်၏ ဉာဏ်ရည်ကို တွေ့မြင်ပြီ ဖြစ်၍ ပို၍ သတိထားကာ ဂရုစိုက်လာသည်။ သူ့အသွင်ဟန်ပန်မှာလည်း စိတ်ဖိစီးနေသည်။ တကယ်တော့ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းသည် ရှောင်ပြေးခြင်းပညာရပ်များတွင် ကျွမ်းကျင်လှပေသည်။ သူသာ ပေါ့ဆမိပါက ပြီးခဲ့သော အားစိုက်ထုတ်မှုများအားလုံး အလကားဟသ ဖြစ်သွားပေလိမ့်မည်။

ထိုယုန်သည် အစီအရင်ကို လှည့်ပတ်ကြည့်ပြီးနောက် ၎င်း၏ နားနှစ်ဖက်သည် ဝေ့ယမ်းခါသည်။ ၎င်းသည် အနီးအနားရှိ စိတ်ဝိညာဉ်ချီတို့၏ ထူးခြားမှုများကို အာရုံခံဖို့ ကြိုးစားနေပုံ ရသည်။

ဟန်လိသည် နည်းနည်းတော့ စိတ်ပူသွား၏။ ဂျင်ဆင်းကိုယ်ပွားသည် ထောင်ချောက်ကိုသာ ဖြတ်၍ မြင်ပြီး အစီအရင်ထဲ ဝင်မလာခဲ့ပါက သူသည် ၎င်းကို ရွှေပိုက်ကွန်အသုံးပြု၍ အတင်းအကြပ် ဖမ်းဆီးရတော့မည်။ သို့သော် အောင်မြင်နိုင်ခြေမှာ ပါးလျလှ၏။

ဟန်လိသည် ချိတုံချတုံ ဖြစ်နေစဉ်အတွင်း ယုန်ဖြူသည် ဖြတ်ခနဲ ခြုံပုတ်တစ်ခုထဲသို့ ပျောက်ကွယ်သွားသည်။ ဟန်လိမှာ မင်သက် ကျန်ခဲ့၏။

ထိုစဉ် အခြားခြုုံတစ်ခုထံမှ အဖြူရောင်အရိပ်တစ်ခု ပေါ်လာသည်။ ထိုအဖြူရောင်အရိပ်၏ အမြန်နှုန်းက မပြတ်မသား ပုံရိပ်ယောင်များကို ကျန်ခဲ့စေသည်။ ၎င်းသည် ချက်ခြင်းပင် ကျောက်စိမ်းသေတ္တာထံသို့ ပြေးဝင်လာ၏။ ထိုသေတ္တာကို ၎င်း၏ ပါးစပ်ဖြင့် ကိုက်ကာ ချက်ခြင်း ပြန်ပြေးလေ၏။

အဖြူရောင်ယုန်၏ လှုပ်ရှားမှုများသည် ဟန်လိကို မသိမသာ ကြောင်သွားစေသော်လည်း သူသည် ချက်ခြင်းပင် သတိဝင်သည်။ ၎င်း၏ ထိုမျှသော လှည့်ကွက်လေးကို သူက မည်သို့ အောင်မြင်နိုင်ခွင့် ပြုပါမည်နည်း။

သစ်ပင်များထံမှ ရွှေရောင်အလင်းတန်းကဲ့သို့ မြားတစ်စင်းသည် ထိုယုန်၏ ပြေးလမ်းကြောင်းကို ဟန့်တားသည်။ ယုန်ဖြူသည် အကြောက်အကန် ၎င်း၏ ခန္ဓာကိုယ်ကို လေထဲတွင် တွန့်လိမ်ပြီး မတူညီသော နေရာသို့ ၎င်းကိုယ်၎င်း ပစ်သွင်းသည်။

နောက်ကျသွားခဲ့လေပြီ။ အဝါရောင်အလင်း အရံအတားတစ်ခုက ၎င်းကို ခြုံလွှမ်းသွားခဲ့ပြီး ၎င်းအား ခိုင်မာစွာ ချိပ်ပိတ်ပစ်ခဲ့လိုက်လေပြီ။ ယုန်ဖြူ၏ ဦးခေါင်းမှာ အလင်းအရံအတားနှင့် ဝင်ဆောင့်ကာ ပြန်ကန်ထွက်သည်။

၎င်းယုန်သည် မြေပြင်တွင် သုံးလေးကြိမ်လောက် လိမ့်ချပြီးနောက်မှာ ခေါင်းခါယမ်း၍ ထရပ်သည်။ ၎င်း၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ အပြည့်။ အဖြူရောင်လင်းလက်ကာ ၎င်းသည် လက်သီးလုံးခန့် အရွယ်အစားရှိ သက်တံအလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး မြေပြင်အောက်သို့ ချက်ခြင်း ပြေးသည်။

သို့သော် ထိုသက်တံအလင်းလုံးသည် မြေကြီးထဲ လက်မအနည်းငယ် နစ်မြုပ်သွားချိန်တွင် နောက်ထပ် အဝါရောင်အလင်းကြောင့် နောက်သို့ ပြန်လွင့်ထွက်သွားပြန်သည်။

အခုတော့ ၎င်းသည် အမှန်တကယ်ကို စိုးရိမ်တကြီး ဖြစ်နေလေပြီ။ သက်တံလုံးသည် အလင်းအရံအတားနှင့် ဝင်ဝင်ဆောင့်နေ၏။ သို့သော် ၎င်းသည် အတားအဆီးနှင့်သာ ကြုံရ၏။ ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် အလင်းဖြူလုံးထံ ပြေးဝင်လာသည်။ ၎င်းသည် လုံးဝ မပြင်ဆင်ထားရဘဲ ဖမ်းဆီးခံလိုက်ရ၏။

ထို့နောက်တွင်မူ ဟန်လိသည် မြေပြင်ထက်၌ ဖြတ်ခနဲ ပေါ်လာသည်။ ရွှေရောင်အလင်းတန်းက သူ၏ လက်ထဲသို့ ပျံသန်းလာပြီး အရိုးသခင် သူ့ကို ပေးခဲ့သော ရွှေရောင်အမျှင်တန်းပိုက်ကွန်အဖြစ်သို့ ပြန်ပြောင်းသည်။

သက်တံအလင်းသည်လည်း ပိုက်ကွန်ထဲ၌ ယုန်ဖြူအဖြစ်သို့ ပြန်ပြောင်းသွားပြီး ၎င်းက လွတ်မြောက်ရန် ရုန်းကန်သည်။ ၎င်း၏ ပုံရိပ်က ဝေဝါသွားလိုက်၊ ကြီးမားလိုက်၊ သေးသွားလိုက် ဖြစ်နေသည်။ သို့သော် အသုံးမဝင်ပေ။ ရွှေပိုက်ကွန်သည် ၎င်း၏ အသွင်ပြောင်းခြင်းအတိုင်း နီးနီးကပ်ကပ် လိုက်ပါ ပိတ်ဆို့လျက် ထိုယုန်ကို နေရာတွင်သာ ခိုင်မာစွာ ချုပ်ကိုင်ထားသည်။

ဟန်လိသည် ထိုမြင်ကွင်းကို ကြည့်ကာ ပြုံး၏။ သူသည် ရွှေရောင်ပိုက်ကွန်ကို သူ့မျက်နှာနားသို့ ယူကြည့်ပြီး ယုန်ဖြူကို အနီးကပ် သေချာစူးစမ်းကြည့်ပြီး ထိုပိုက်ကွန်ကို သူ့ခါး၌ ချိတ်ဆွဲထားသည်။ ထို့နောက်တွင်မူ သူသည် အစီအရင်၏ ဗဟိုချက်၌ ထိုင်ချလိုက်၏။ ပြီးနောက်မှာ သူသည် ရှေးမှော်ရတနာဖြစ်သော ပန်းခြင်းကို ထုတ်ယူပြီး သူ့ရှေ့တွင် ချသည်။ သူသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကိုလည်း ထုတ်လွှတ်ထားပြီး သူ၏ အထက်တွင် အဆက်မပြတ် လှည့်ပတ်နေစေသည်။ ထိုအခါ ရွှေငွေရောင် တိမ်တိုက်ကြီးတစ်ခုအသွင် တောက်ပ၏။

ထို့နောက်တွင်မူ ဟန်လိသည် တည်ငြိမ်စွာ ထိုင်ချပြီး မျက်လုံးမှိတ်ကာ အရိုးသခင် ရွက်လွှာကိုးခုဂျင်ဆင်း၏ ပင်မခန္ဓာကိုယ်ကို ယူလာမည်အား စောင့်နေသည်။

ဟန်လိသည် ထိုအရိုးသခင်က သူနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရွက်လွှာကိုးခုဂျင်ဆင်းကို ပေးလာဖို့ မျှော်လင့်ထားပေသည်။ အရိုးသခင်ကို သူ့အနေဖြင့် အားမနည်းကြောင်း ပြသလျှင် သူတို့ကြား ပူးပေါင်းမှုက ကြာရှည် ပိုခံလိမ့်မည်ဟု ဟန်လိသည် ယုံကြည်ထားသည်။ အရိုးသခင်က သူ့အပေါ် သတ်ဖြတ်ချင်စိတ် ပြသလာခဲ့လျှင် ဟန်လိသည် အရင်ဆုံး လှုပ်ရှားမှာကတော့ သဘာဝပင်။

ရွက်လွှာကိုးခုဂျင်ဆင်းသည် စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းရာ၌ အံ့အားသင့်ဖွယ်ကောင်းသော သက်ရောက်မှုတစ်ခု ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည် ဖြစ်စေ ၎င်းကို သူ ရယူဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ တကယ်တော့ ထိုစိတ်ဝိညာဉ်အမယ်သည် နာမည်ကျော်လှသည် မဟုတ်လား။ ၎င်းသည် စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ဖို့အပေါ် သက်ရောက်မှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း သူ့အနေဖြင့် ၎င်းကို အခြားအသုံးပြု၍ ရတာ အများကြီး ရှိပေသည်။

ထိုအတွေးဖြင့် ဟန်လိသည် မျက်လုံးဖွင့်ကာ သူ့ခါးရှိ ရွက်လွှာကိုးခုဂျင်ဆင်းကိုယ်ပွား ဖြစ်သော ယုန်ဖြူကို ကြည့်သည်။ သူ မင်သက်သွားရ၏။ ၎င်းသည် အစောပိုင်းတုန်းကလို တက်ကြွမှု လုံးဝ ကင်းမဲ့ကာ လုံးလုံးလျာလျာ စွမ်းအား ကင်းမဲ့နေပုံ ပေါ်သည်။

ဟန်လိ၏ စိတ်ထဲ၌ လှုပ်ခတ်သွား၏။ ၎င်း၏ ပင်မခန္ဓာကိုယ်သည် အရိုးသခင်၏လက်ထဲ၌ ရှိနေတာ သေချာသလောက် ရှိသွားပြီ။ မဟုတ်ပါက ၎င်း၏ကိုယ်ပွားသည် အခုကဲ့သို့ အသက်မဲ့နေသည့်ပုံ ပေါ်နေမည် မဟုတ်ပါ။ ထို့နောက်တွင်မူ ဟန်လိသည် တောအုပ်၏ အပြင်ဘက် ကောင်းကင်ထက်သို့ အကြည့်ရောက်သွားသည်။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ အရိုးသခင်သည် တိမ်တိုက်နက်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပျံသန်းလာလေသည်။ သူသည် အစီအရင်မန္တာန်၏ အပြင်ဘက်တွင် ရပ်ကာ စကားမဆိုဘဲ ရှိနေသည်။ ဟန်လိသည် ထရပ်၏။ သူက တိမ်တိုက်နက်ကို စိုက်ကြည့်သည်။ သူကစ၍ စကားပြောရန် အစီအစဉ် ရှိမနေပေ။

အတော်အတန်ကြာပြီးနောက်မှာတော့ အရိုးသခင်၏ အရိုးထဲထိ အေးစိမ့်လှသော အသံတစ်သံသည် တိမ်တိုက်ထံမှ ထွက်ပေါ်လာသည်။

“မင်းက ရန်သူကြီးတစ်ယောက်နဲ့ ရင်ဆိုင်တော့မလိုမျိုး ပြင်ဆင်ထားတဲ့ ပုံပဲ။ မင်း ဘာတွေ ကြံစည်နေတာလဲ…”

“ဘာမှ မဟုတ်ပါဘူး။ ကျုပ်ရဲ့ ကျင့်ကြံမှုက နိမ့်ကျတယ်လေ။ ဒါ့ကြောင့် ရုတ်တရက် စီနီယာ စိတ်ပြောင်းသွားမှာကို ကျုပ် တကယ်ပဲ စိုးကြောက်မိတယ်…”

ဟန်လိသည် တည်ငြိမ်စွာဖြင့် ပြန်တုန်ပြန့်သည်။

“ဟားဟား…မင်းက တကယ်ပဲ သံသယပိုကဲနေတာပဲ။ ကျုပ်မှာ မင်းကို ဒီစိတ်ဝိညာဉ်ဂျင်ဆင်း ပေးဖို့ အစီအစဉ် မရှိဘူးဆို ဒီလောက်အဝေးကြီး ဘာလို့ ခေါ်လာရမှာလဲ။ ကျုပ်ရဲ့ သစ္စာဖောက်တပည့်ကို ရင်ဆိုင်ဖို့ မင်းရဲ့ အကူအညီလိုအပ်နေတုန်းဆိုတာကိုလည်း မမေ့ပါနဲ့…”

အရိုးသခင်သည် သူ၏ ဒေါသကို ဖိနှိပ်ထားသည့်နှယ် လေသံဖြင့် ပြောလာသည်။

“စီနီယာ…ခင်ဗျား သိလားတော့ ကျုပ် မသေချာဘူး။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲသွားခဲ့ပြီ။ စီနီယာမှာ ကောင်းကင်လေဟာနယ်ခန်းမထဲ မဝင်ခင်ကတော့ ကျုပ်ရဲ့ အကူအညီလိုအပ်တယ်ဆိုတာ အမှန် ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အခုတော့ စီနီယာ့မှာ နောက်ထပ် ကူညီပေးမဲ့သူတစ်ယောက် ရှိနေပြီမလား…”

ဟန်လိသည် ဓားသွားကဲ့သို့ ထက်ရှသော အကြည့်ဖြင့် အရိုးသခင်ထံ လှမ်း၍ စိုက်ကြည့်နေသည်။

“မင်း ဘာကို ဆိုလိုတာလဲ…” အရိုးသခင်၏အသံသည် ပို၍ အေးစက်လာသည်။ သည့်နောက်မှာတော့ သူသည် အံ့အားသင့်တုန်လှုပ်ဟန် ခပ်ရေးရေး ဖြစ်ပေါ်၏။

ဟန်လိသည် မျက်မှောင်ကြုတ်ကာ စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်သည်။

“စီနီယာ မသိသလို ဟန်ဆောင်မနေနဲ့တော့။ ခင်ဗျားက သူ့ကို ဘာကြောင့် ခေါ်မထုတ်သေးတာလဲ။ သူ စိတ်ဝိညာဉ်ဂျင်ဆင်းကို ရှာဖွေနေတဲ့ အချိန်တည်းက ကျုပ် သူ့ကို မြင်ခဲ့တာ..”

ထိုစကားကို ကြားသည့်နောက်မှာ အရိုးသခင်သည် အသံတိတ်သွားသည်။ ယင်းနောက်မှာ မရင်းနှီးသောလူတစ်ယောက်၏ အသံတစ်သံသည် တိမ်တိုက်နက်ထဲမှ ထွက်ပေါ်လာသည်။

“ကောင်လေး…မင်းက ငါ့ကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ။ မင်းက ငါ့ရဲ့ ပုန်းကွယ်ခြင်းပညာရပ်တွေကို ဖြတ်မြင်နိုင်တာကို ငါ မယုန်နိုင်ဘူး…”

“ကျုပ်က သူစိမ်းတစ်ယောက်မေးတာကို ပြန်ဖြေဖို့ စိတ်မဝင်စားဘူး။ အခု ကျုပ်က စီနီယာ အရိုးသခင်ကို တည့်မေးနေတာ။ ခင်ဗျားက နှစ်ဖက်လုံး ထိခိုက်ခံစားရပြီး ကျိနစ်ယင်တစ်ယောက်သာ အကျိုးရှိစေမယ့် တိုက်ပွဲကို တိုက်ခိုက်ချင်စိတ် ရှိလား…”

“နှစ်ဖက်လုံး ခံစားရမယ် ဟုတ်လား။ မင်းက မင်းကိုယ်မင်း အတော်လေး အထင်ကြီးလွန်းနေပြီ။ ကျုပ်က နည်းနည်းလောက် အားစိုက်ထုတ်ရုံနဲ့တင် မင်းကို သတ်နိုင်တယ်…”

ထိုသို့ပြောပြီး တိမ်တိုက်နက်ထံမှ အဝါရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး အစီအရင်အရံအတားကို ထိမှန်သည်။

ထိုအခါ အရံအတား၏ အရောင်သည် နီရဲတွတ်သွားသည်။ အစီအရင်၏ ဗဟိုချက်သည် မီးပေါင်းဖိုတစ်ခုနှယ် ပူလောင်လာသည်။

ဤသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာသည် ပြောင်းလဲမသွားခဲ့ပေ။ သူက သက်ပြင်းသဲ့သဲ့သာ ချ၏။ အရံအတား၏ အရောင်သည် အနီနှင့် အဝါကြားတွင် အကြိမ်ကြိမ် တုန်ခါသွားပြီး နောက်ဆုံး၌ မူလအဝါရောင်သို့ ပြောင်းသွားသည်။ ချစ်ချစ်တောက်အပူသည် ပုံရိပ်ယောင်တစ်ခုအလား ပျောက်ကွယ်လို့သွားသည်။

“အန်..မင်း ငါ့ရဲ့ အစီအရင်အလံတွေကို ဘာလုပ်ခဲ့တာလဲ…”

တိမ်တိုက်နက်ထံမှ တုန်လှုပ်နေသော အသံ ထွက်ပေါ်လာသည်။

“ကျုပ် ဘာလုပ်ခဲ့ရမှာလဲ။ ခင်ဗျား လုပ်ခဲ့သလိုမျိုးပဲပေါ့…”

ဟန်လိက ထိုသို့ ပြန်ပြော၏။

“ဟားဟား…သိပ်ကောင်းတယ်။ မင်းက ကျုပ်ရဲ့ ရွှေအမျှင်တန်းအလုံးကို ကောင်းကောင်း အသုံးပြုခဲ့တာပဲကို…”

အရိုးသခင်၏ လေသံသည် ရေခဲတမျှ အေးစက်သွားသည်။

ဟန်လိ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက သူ့ခါးမှ ရွှေရောင်ပိုက်ကွန်ကို ချက်ခြင်း အဝေးသို့ လွှတ်ပစ်လိုက်လေသည်။

သို့သော် အရိုးသခင်၏ စကားဆုံးသည်နှင့် ရွှေရောင်ပိုက်ကွန်သည် ဖြတ်ခနဲ ပိန်းပိန်းနက်မှောင်သွားသည်။ ၎င်းသည် ဟန်လိထံသို့ အနက်ရောင်ချီအမျှင်တန်းများအဖြစ် လျင်မြန်စွာ တိုးဝင်လာပြီး သူ့ကို ချည်နှောင်ပစ်လေသည်။ ၎င်းအတွင်းရှိ ယုန်ကမူ ဘေးသို့ လွင့်ထွက်သွားပြီး သတိမေ့နေသည့်အလား မလှုပ်မယှက် ဆက်ရှိနေသည်။

ထိုရုတ်တရက်ကြီး ချုပ်နှောင်ခံရခြင်းကြောင့် ဟန်လိသည် သူ၏မျက်နှာထက်ရှိ တုန်လှုပ်ချောက်ချားမှုကို မဖုံးကွယ်ထားနိုင်တော့ပေ။

“ကောင်လေး…မင်း ဒီတစ္ဆေအမျှင်တန်းတွေကို ခံစားရတော့ ဘယ်လိုနေလဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေကို သုံးစွဲလို့ကော ရသေးရဲ့လား…”

အထက်ရှိ တိမ်တိုက်နက်ထံမှ အရိုးသခင်၏ မောက်မာသော ရယ်သံ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် သူ၏ မှော်စွမ်းအားများကို အလျင်အမြန် ခံစားကြည့်သည်။ သို့သော် ခဏအကြာတွင် သူ၏ မျက်နှာသည် ဖြူရော်သွားလေတော့သည်။

ဟန်လိအတွက် အလွန်ဆိုးဝါးသော အနံက ထိုယုံငယ်အတွက်မူ အလွန်သာယာသော ရနံတစ်ခု ဖြစ်တာ သေချာနေသည်။

All Chapters