← Chapters

ပြင်းထန်သော ရိုက်ချက်

Vol. 33 Ch. 452

ပြင်းထန်သော ရိုက်ချက်

Vol. 33 Ch. 452

ဟန်လိသည် သူ၏ခန္ဓာကိုယ်ထဲမှ ‌မည်သည့်မှော်စွမ်းအားကိုမျှ ထုတ်ယူနိုင်စွမ်း မရှိတော့ပေ။ ၎င်းတို့သည် တောင့်တင်းအေးခဲသွားသည့်အလား။ ယင်းတစ္ဆေအမျှင်တန်းများက သူ၏ အစစ်အမှန်အနှစ်သာရကို ကန့်သတ်ချုပ်နှောင်ပစ်တာ သိသာသည်။

ထိုအခိုက်တွင် ဟန်လိကို တုန်လှုပ်မှုက လွှမ်းမိုးသွား၏။ သူသည် အနက်ရောင်အမျှင်တန်းများထံသို့ ခပ်မြန်မြန် အကြည့်ရောက်သွားသည်။ ထိုအမျှင်တန်းများက သူ၏ ခန္ဓာကိုယ်ကို သိပ်သည်းရှုပ်ထွေးစွာ ရစ်သိုင်းထားပြီး ယင်ချီခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေ၏။

ဟန်လိ၏ မျက်နှာသည် အလိုလို ရှုံ့တွသွား၏။ သူသည် ထိုရွှေပိုက်ကွန်အပေါ် မည်သည့်သံသယမျှ မရှိခဲ့တာ မဟုတ်ပေ။ သို့သော် သူ သေချာစူးစမ်းကြည့်ပြီးနောက်မှာလည်း ဘာထူးခြားတာကိုမျှ ရှာမတွေ့နိုင်ခဲ့တာသာ။

သူ့လက်ထဲ ထိုရွှေပိုက်ကွန်ကို မကိုင်ဆောင်ထားခဲ့ပါကလည်း ၎င်းကို အသုံးပြု၍ ရတော့မည် မဟုတ်ပေ။ သူက ထိုပစ္စည်းကို စိတ်ဝိညာဉ်ဂျင်ဆင်း၏ ကိုယ်ပွားအား ဖမ်းဆီးဖို့ အသုံးပြုပြီးနောက်မှာ သူ၏ သံသယများက ကွယ်ပျောက်သွားခဲ့၏။ အခုတော့ ၎င်းက သူ၏ မှော်စွမ်းအားများနှင့် အစစ်အမှန်အနှစ်သာရကို လုံးဝ ကန့်သတ်ထားခဲ့လေပြီ။

သို့ရာတွင် သူ၏ အမူအရာသည် ခဏ တုန်လှုပ်သွားသော်လည်း ယင်းနောက်မှာ သူ့တည်ငြိမ်မှု ပြန်ရလာ၏။ အကြောင်းမှာ အစီအရင်မန္တာန်က သူ့ကို ကာကွယ်ပေးထားမှန်း ပြန်သတိရသွားသောကြောင့် ဖြစ်၏။ သူသည် ထိုချုပ်နှောင်မှုကို ချိုးဖျက်နိုင်ဖို့ အချိန်လုံလောက်စွာ ရနိုင်သည် မဟုတ်လား။

ထိုအတွေးဖြင့် သူက သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ဆင့်ခေါ်ဖို့ တွေးနေစဉ် သူ့အနောက်ဘက်မှ ဝှစ်ခနဲ အသံတစ်သံကို ကြားရ၏။

ထိုအသံသည် လုံးဝ မသိသာလှ။ ဟန်လိသာ အစီအရင်မန္တာန်ဧရိယာကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းထားခြင်း မရှိခဲ့လျှင် ၎င်းအသံကို မသိလိုက်မှာ စိုးရပေ၏။ သူ့ကျောရိုး တလျှောက် စိမ့်ခနဲ ဖြစ်သွားပြီး ဟန်လိသည် စူးရှစွာ လေချွန်သံ ပြု၏။ သူ၏ ခန္ဓာကိုယ်ကိုလည်း ချက်ခြင်း လှိမ့်ချပစ်သည်။ တချိန်တည်းမှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ကောင်းကင်တခွင် ပြည့်နှက်ကာ သူ၏ နောက်ကျောဘက်သို့ အုပ်လိုက်ကြီး ပျံဝဲသွားသည်။

သူ၏နောက်မှ ကျယ်လောင်စွာ ပေါက်ကွဲသံတစ်သံကို ကြားရသည့်အခါ ဟန်လိ၏ မျက်နှာမှာ သုန်မှုန်သွားသည်။ သူက ရွှေဝါးမြိုခြင်းပိုးတောင်မာများက အစိမ်းရင့်ရောင်အရိပ်တစ်ခုကို တားဆီးထားပြီး တိုက်ခိုက်နေတာအား လှမ်းမြင်ရသည်။

ထိုအစိမ်းရောင်အရိပ်သည် ဝေဝါးလှပြီး ၎င်း၏ ခန္ဓာကိုယ်ကို တစ္ဆေချီဖြင့် ခြုံလွှမ်းထားသည်။ ၎င်း၏လက်များက အစိမ်းရင့်ရောင် မြွေကြီးများအဖြစ်သို့ ပြောင်းသွားပြီး ပိုးတောင်မာများထံ ဝေ့ယမ်းသည်။ မည်သည့်ပိုးတောင်မာကမျှ ၎င်းထံ မချဉ်းကပ်လာနိုင်လာဘဲ ရှိသည်။ ထိုအင်းဆက်ပိုးတောင်မာများသည် နေရာတွင်သာ ဆက်ရပ်နေကုန်၏။

ဟန်လိကို ပို၍ အဆင်မပြေ ဖြစ်သွားစေသည်မှာ အစီအရင်မန္တာန်က အခုထိ လုံးဝ မထိခိုက်မယိုယွင်းတာပင်။ ၎င်းသည် အတားအဆီးများကို မထိလေဘဲ သူ၏နောက်တွင် မည်သို့မည်ပုံများ ပေါ်လာခဲ့ရသနည်း။

သို့သော် ဟန်လိသည် တုန်လှုပ်မိရာကနေ သတိပြန်ဝင်လာသည့်အခါ အစိမ်းရောင်အရိပ်က ကျယ်လောင်စွာ ဆဲရေးလေတော့၏။

“ဒီသောက်အင်းဆက်တွေက ကျုပ်ရဲ့ ဒြပ်မဲ့ခန္ဓာကိုယ်ကို ဝါးမြိုနိုင်စွမ်း ရှိနေတာပဲ။ ဘယ်လောက် အမြင်ကပ်ဖို့ ကောင်းလိုက်လဲ…”

ထိုအသံသည် အစောပိုင်းတုန်းက သူ ကြားခဲ့ရသော မရင်းနှီးသော အသံနှင့်တူသည်။ သို့သော် အခုအခါတွင် ထိုအသံ၌ ဒေါသစွက်နေ၏။

နောက်ဆုံးတွင်မူ ပိုးတောင်မာများသည် အစိမ်းရောင်မြွေများကို ကိုက်ကာ အစိမ်းရောင်အလင်းတို့အား ဝါးမြိုပစ်နေတာကို မြင်ရလေသည်။ သည့်အတွက်ကြောင့် ထိုသူ ဒေါသပုန်ထနေတာ အံ့အားသင့်စရာ မရှိတော့ပေ။

တိမ်တိုက်အတွင်းမှ စကားပြောဆိုသည့် အခိုက်အတန့်လေးမှာပင် ၎င်းသည် သူ၏နောက်တွင် ပုန်းကွယ်နိုင်ခဲ့ပြီး အလစ်တိုက်ခိုက်လာခဲ့တာပင်။ အခု သူသည် ထိုတိုက်ခိုက်လာသူအကြောင်းကို စဉ်းစားနေဖို့ရာ အချိန်မရှိနေပေ။

ထိုအရိပ်နှင့် စကားပြောချင်စိတ်လည်း သူ့မှာ ရှိမနေပေ။ သူက နောက်ထပ် လေချွန်သံပေးလိုက်၏။ ရွှေဝါးမြိုခြင်းပိုးတောင်မာများထဲ တစိတ်တပိုင်းသည် အုပ်စုထဲကနေ ကွဲထွက်ကာ သူရှိရာသို့ ပျံသန်းလာကြ၏။ ယင်းတို့သည် သူ၏ခန္ဓာကိုယ်ပေါ် ကုပ်ကဲတွယ်တက်ကာ အနက်ရောင်အမျှင်တန်းများကို ဆုတ်ဖြဲပစ်တော့သည်။

သူ၏ မှော်စွမ်းအားသည် ကန့်သတ်ခံထားရသောကြောင့် ဟန်လိသည် ရွှေပိုးတောင်မာများကို အသံဖြင့်သာ ထိန်းချုပ်နိုင်၏။ သူကိုယ်တိုင် လွတ်လပ်ဖို့ လိုအပ်နေ၏။ သို့မှသာ ရန်သူကို ရွှေပိုးတောင်မာများနှင့် ရင်ဆိုင်မည့် နည်းလမ်းတစ်ခုကို ရှာနိုင်လိမ့်မည်။ တကယ်တော့ တစ္ဆေအော်ငြီးသံကြောင့် ရွှေပိုးတောင်မာများ၏ မူလချီသည် များစွာ ထိခိုက်ခဲ့ရသော မှတ်ဉာဏ်က သူ့စိတ်ထဲ၌ ရှိနေသေးသည်။ ထိုသို့သာ ဆက်ဖြစ်လာခဲ့ပါက အခြေအနေသည် ဆိုးဝါးသွားပေလိမ့်မည်။

ထိုအခိုက်တွင် အရံအတားကို လေးလံသော အရာဝတ္ထုတစ်ခုက ဝင်ဆောင့်လာပုံ ရ၏။ အဝါရောင်အလင်း ဖြာထွက်ပြီး အလင်းအရံအတားသည် စတင်၍ ဝေဝါးလာသည်။

ဟန်လိသည် မမှိတ်မသုန် လှမ်းကြည့်၏။ သူက လေထဲတွင် ရှိနေသော အရိုးသခင်သည် အစိမ်းရောင်အရိပ်၏ တိုက်ခိုက်မှုနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်တာလာ မြင်သည်။

အနက်ရောင်တိမ်တိုက်သည် အလင်းအရံအတားကို သုံးမီတာမျှ ကျယ်ဝန်းသော အနက်ရောင်ချီဒြပ်ထုဖြင့် အဆက်မပြတ် ထိုးနှက်နေသည်။ အရံအတားမှာ အချိန်များစွာ တောင့်ခံနိုင်တော့မည့်ပုံ မပေါ်ပေ။

ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသောအလင်း လှစ်ဟပေါ်သည်။ သူသည် အရိုးသခင်၏ ထိုးနှက်တိုက်ခိုက်မှုကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။ သူ့အကြည့်က မီတာလေးဆယ်ကျော်တွင် ရှိနေသော အစိမ်းရောင်အရိပ်အား ဝိုင်းဝန်းပိတ်ဆို့ထားသော ရွှေပိုးတောင်မာများထံ ရောက်သွားသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ယင်တစ္ဆေအမျှင်တန်းများသည် တဝက်နီးပါး ဆုတ်ပြဲသွားပြီ ဖြစ်သည်။ ဟန်လိသည် သူ၏ အစစ်အမှန်အနှစ်သာရနှင့် မှော်စွမ်းအားသည် ဖြည်းဖြည်းချင်း စတင်လှည့်ပတ်၍ ရပြီဟု ခံစားမိသည်။ သည့်အတွက် သူသည် ပျော်ရွှင်သွားရ၏။

သူ၏မှော်စွမ်းအားသည် ပုံမှန် ပြန်ဖြစ်သွားသည်နှင့် သူ အသုံးပြုနိုင်သော နည်းလမ်းများစွာ ရှိသည် မဟုတ်လား။

ထိုအချိန်တွင် အစိမ်းရောင်အရိပ်သည် ညင်သာသောအော်မြည်သံကို ထုတ်ဖော်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို စတင်လှည့်ပတ်သည်။ ခဏအကြာတွင် ထိုလှည့်ပတ်မှုသည် အရှိန်များစွာ ပိုမြန်ဆန်လာသည်။ ၎င်းသည် ပိုးတောင်မာအုပ်ထံ တိုးဝင်ကာ ဟန်လိထံသို့ တစ်လက်မချင်း ပို၍ နီးကပ်လာသည်။

ရွှေပိုးတောင်မာ ထောင်ချီသည် ၎င်းနောက်သို့ အဆက်မပြတ် လိုက်လံလာသည်။ အများစုသည် အရှိန်နှင့် လျင်မြန်စွာ လွင့်ထွက်ကုန်ပြီး အနည်းစုကသာ ၎င်းအရိပ်အပေါ် တွယ်ကပ်နိုင်ကြသည်။ တခြားပိုးတောင်မာများက ဤသည်ကို မြင်သည့်အခါ ၎င်းထံသို့ ဝိုင်းအုံလာသည်။ ခဏအကြာတွင် ထိုအစိမ်းရောင်အရိပ်သည် ပိုးတောင်မာများ၏ ဝါးမြိုခြင်းကို ခံရ၏။

ဟန်လိသည် အံ့ဩထိတ်လန့်သွားသည်။ အစိမ်းရောင်အရိပ်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် အပြုအမူက သူ့ကို မပျော်စေသည့်အပြင် ပို၍ပင် စိုးရိမ်စိတ်ကို ဖြစ်စေသည်။ နောက်ပိုင်း ဆက်ဖြစ်လာသည့်အရာသည် သူ၏ ထိုသံသယစိတ်များကို ပိုသေချာစေ၏။

ခဏအကြာတွင် ရွှေပိုးတောင်မာများ ဝါးမြိုခံရသော အစိမ်းရောင်အရိပ်၏ ခန္ဓာကိုယ်သည် အဝန်းအဝိုင်းတစ်ခု ဖြစ်လာခဲ့ကာ အစိမ်းရောင် တောက်ပလင်းထင်း၏။

“မကောင်းတော့ဘူး…” ဟန်လိသည် ပိုးတောင်မာများကို ပြန်ဆင့်ခေါ်ချင်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ အစိမ်းရောင်စက်ဝန်းသည် ပေါက်ကွဲသံတစ်သံကို ထုတ်လွှတ်လာပြီး ပိုးတောင်မာများအား အလွန်တရာအေးစက်သော အော်ရာနှင့် နစ်မြုပ်သွားစေသည်။

ထိုပေါက်ကွဲမှု၏ ဗဟိုချက်သည် အစိမ်းရောင်ဖြင့် လင်းထင်းတောက်ပနေသည်။ ယင်းနောက်မှာတော့ အစိမ်းရောင်အခိုးအငွေ့ အမျှင်တန်းတစ်ခုသည် ထိုးထွက်လျက် ချုပ်နှောင်ခံထားရဆဲ ဖြစ်သော ဟန်လိထံသို့ လျင်မြန်စွာ တိုးဝင်လာချေသည်။

“မင်းရဲ့ ခန္ဓာကိုယ်က ငါ့ အပိုင်ပဲ…” ဟိန်းရယ်သံနှင့်အတူ အစိမ်းရောင်အမျှင်တန်းသည် တစ်မိတာမျှ ဗြက်ရှိသော တစ္ဆေဦးခေါင်းအဖြစ်သို့ ပြောင်း၍ ဟန်လိထံသို့ ဆက်တိုးဝင်လာသည်။

အပေါ်စီးကနေ အရိုးသခင်သည် ထိုမြင်ကွင်းကို ကြည့်နေသည်။ သူက မသိမသာ ပြုံးသည်။ အရံအတားကို ချိုးဖျက်ဖို့ အနည်းအပါး ဆက်တိုက်ခိုက်ရန် လိုအပ်သေးသော်လည်း သူသည် ချက်ခြင်းပင် သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်ပစ်၏။

ဟန်လိသည် သူ့ထံသို့ တိုးဝင်လာနေသော တစ္ဆေဦးခေါင်းကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် ကြည့်နေသည်။ ၎င်းက သူနှင့် သုံးမီတာလောက်သို့ ရောက်လာချိန်တွင် သူ့ခန္ဓာကိုယ်ထံမှ ပြင်းထန်အားကောင်းသော အော်ရာတစ်ခု ရုတ်ချည်း ထုတ်လွှတ်သည်။

ထိုအော်ရာသည် ချဉ်းကပ်လာသော တစ္ဆေဦးခေါင်းကို တုန်လှုပ်စွာဖြင့် ရပ်တန့်သွားစေသည်။

ဟန်လိသည် ရုတ်တရက် ပါးစပ်ဟကာ သိပ်သည်းလှသော ရွှေရောင်လျှပ်စီးတန်းတစ်ခုကို တစ္ဆေဦးခေါင်းထံသို့ ထွေးထုတ်သည်။ ၎င်းက ထိုဦးခေါင်းကို ထွင်းဖောက်သွားသည်။ ထိုအခါ တစ္ဆေဦးခေါင်းသည် ငြီးငြူသံ ပြုကာ အစိမ်းရောင်ချီလုံးအဖြစ်သို့ ပြောင်းသွားသည်။ ၎င်းသည် ရွှေလျှပ်စီး၏ ထိုးနှက်တိုက်ခိုက်တာကို ခံလိုက်ရတာပင်။ အလွန်အမင်းကြောက်လန့်ကာ ၎င်းသည် အသက်ရှင်ဖို့ အသည်းအသန် ထွက်ပြေးသည်။

ဟန်လိသည် ထိုဦးခေါင်းက အလွယ်တကူ လွတ်မြောက်သွားမည်ကို ခွင့်မပြုနိုင်ပေ။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်ထံမှ ခပ်ဖျော့ဖျော့ လျှပ်စီးစက်ဝန်းများကို ထုတ်လွှတ်သည်။ ချက်ခြင်းပင် အနက်ရောင်အမျှင်တန်းများသည် လွင့်ပြယ်သွား၏။

နှေးကွေးခြင်းမရှိ သူ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ ဝေဝါးသွားသည်။ ပုံရိပ်အထပ်ထပ် ကျန်ခဲ့ပြီး သူက အစိမ်းရောင်ချီ၏ နောက်သို့ လိုက်လံသည်။

ဟန်လိသည် သူ၏ညာလက်ကို ကြမ်းတမ်းစွာ ပင့်မြှောက်ပြီး ထိုချီအလုံးကို အားဖြင့် ခြေမွှပစ်သည်။ သူ့လက်ချောင်းများထံမှ ရွှေလျှပ်စီးသည် တလက်လက် ဖြစ်နေပြီး ထိုအစိမ်းရောင်ချီ၏ တည်ရှိမှုကို ချက်ခြင်းပင် ဖယ်ရှားဖျောက်ဖျက်ပစ်သည်။ သူ့လက်ကြားထဲတွင် အစိမ်းရင့်ရောင်သလင်းပုလဲတစ်ခုသာ ကျန်ခဲ့လေ၏။ ၎င်းပုလဲလုံးသည် အသက်ရှိနေသည့်အလား ထူးခြားစွာ တောက်ပနေသေးသည်။

ဟန်လိသည် ၎င်းကို ခဏ မမှိတ်မသုန် ကြည့်နေသေးသည်။ ယင်းနောက်မှာ သူ၏လက်ကို တင်းကြပ်စွာ ဆုပ်၏။ ပုလဲသည် ပြာဖြစ်သွားတော့သည်။

အထည်ဒြပ်ခန္ဓာကိုယ် မရှိပါသော တစ္ဆေဘုရင်အဆင့် အစိမ်းရောင်အရိပ်သည် ဟန်လိ၏ ချုပ်နှောင်ခြင်း မခံထားရသော မိစ္ဆာမောင်းထုတ်ခြင်း နတ်စွမ်းရည် လက်ချက်ကြောင့် ချက်ခြင်းပင် ဖျက်စီးခံလိုက်ရတော့သည်။ ထိုမျှ လွယ်ကူခဲ့သည့်အတွက်ကြောင့် ဟန်လိကိုယ်တိုင်သည်ပင် အံ့အားသင့်ခဲ့ရ၏။

ထို့နောက်တွင်တော့ ဟန်လိသည် ခေါင်းမော့ကာ အရိုးသခင်ကို လှမ်းကြည့်သည်။

“ကျုပ်ကို ရွက်လွှာကိုးခုဂျင်ဆင်း ပေးပါ။ ဒါဆို ဘာမျှ မဖြစ်ခဲ့သလို ကျုပ် ဟန်ဆောင်ပေးလိုက်မယ်။ ကျုပ်တို့ချင်းလည်း ဆက်ပူးပေါင်းမယ်။ မဟုတ်ရင်တော့ ကျုပ်တို့ထဲက တစ်ယောက်တော့ သေရလိမ့်မယ်…”

အရိုးသခင်မှာ ဟန်လိ၏ ခိုင်မာသော စကားလုံးများကြောင့် မျက်နှာပျက်သွားသည်။

သူသည် ဟန်လိကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ စကားဆိုလာသည်။

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…”

ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။

“သူက မင်းရဲ့ ခန္ဓာကိုယ်ကို မသိမ်းပိုက်နိုင်မှတော့ သူ့စွမ်းရည်ဟာ မလုံလောက်လို့ပဲ။ ဒါ့ကြောင့် အနိုင်ရသူနဲ့ပဲ ကျုပ်က ပူးပေါင်းမယ်။ ရွက်လွှာကိုးခုဂျင်ဆင်းကို သေချာလေး ဂရုစိုက်လိုက်ပါ…”

အရိုးသခင်ကို ဖုံးကွယ်ပေးထားသော တိမ်တိုက်နက်သည် ပျောက်ကွယ်ကာ သူ၏ အစစ်အမှန်ခန္ဓာကိုယ် ပေါ်လာသည်။ ထို့နောက်တွင် သူသည် ဟန်လိထံ ရွှေရောင်သေတ္တာတစ်ခုကို လှမ်းပစ်ပေးလိုက်သည်။

All Chapters