← Chapters

ကျိနစ်ယင် ချင်းနင်းဝင်ရောက်လာခြင်း

Vol. 33 Ch. 453

ကျိနစ်ယင် ချင်းနင်းဝင်ရောက်လာခြင်း

Vol. 33 Ch. 453

ဟန်လိသည် ထိုသေတ္တာသည် အလင်းအရံအတားကို ထိ၍ နောက်သို့ ပြန်ကန်ထွက်သွားပြီး အပြင်ဘက်မြေပေါ်သို့ ကျရောက်သွားတာကို မတုန်မလှုပ် အမူအရာဖြင့် ကြည့်နေသည်။ သူ့၌ အတားအဆီးများကို ဖြေလျော့ပေးရန် စိတ်ကူး နည်းနည်းလေးမျှ ရှိမနေပေ။ သူသည် သေတ္တာကိုသာ အလေးအနက်ကြည့်နေသည်။

လက်နှစ်ဖက် နောက်ပစ်လျက် အရိုးသခင်သည် ပြောလာသည်။

“ ဘာလဲ။ ဒီသေတ္တာမှာ တစ္ဆေအမျှင်တန်း သက်ရောက်မှု ရှိနေလိမ့်အုံးမယ်လို့ မင်းက စိုးရိမ်နေတာလား။ စိတ်ချနေပါ။ ဟိုတစ္ဆေအိုကြီးက ရှုံးသွားပါပြီ။ ကျိနင်ယင်နဲ့ ရင်ဆိုင်ဖို့ မင်းတစ်ယောက်ပဲ ငါ့ကို အကူအညီပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ကျုပ်က မင်းကို ဆက်ပြီး ဆန့်ကျင်တော့မှာ မဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်တွင်းမှာ ရွှေလျှပ်စီးဝါးမှော်ရတနာ တော်တော်များများ ရှိနေတာကတော့ ငါ မမျှော်လင့်ထားတဲ့အရာပဲ။ ဒါတွေက ကျိနစ်ယင်ရဲ့ လေးနက်ယင်ပညာရပ်တွေကို ရင်ဆိုင်တဲ့အခါမှာ အတော်လေး သက်ရောက်မှု ရှိလိမ့်မယ်။ အခုချိန် ငါက မင်းကို အန္တရာယ်ပေးမယ်ဆို ငါ့ကိုယ်ငါ ထိခိုက်စေလိုပဲ ဖြစ်လိမ့်မယ်…”

ဟန်လိသည် အရိုးသခင်ကို အာရုံစိုက်နေသည်။ ထိုသူသာ သူ့ကို ထပ်ပြီး တိုက်ခိုက်ဖို့ စီစဉ်နေခဲ့လျှင် မည်သည့်အကြောင်းရင်းအတွက်ကြောင့်မှန်း မသိရဘဲ လုပ်ဆောင်လာနိုင်သည်။ သူ၏ စကားလုံးများနှင့် အပြုအမူများက လက်သင့်ခံနိုင်သော်လည်း သတိထားနေတာက သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုအတွေးဖြင့် ဟန်လိသည် သူ၏လက်ကို ပင့်မြှောက်ပြီး ရွှေရောင်လျှပ်စီးစက်ဝန်းတစ်ခုကို ထုတ်လွှတ်ကာ ရွှေရောင်သေတ္တာထံသို့ ထိခတ်စေသည်။ မည်သည့်ထူးခြားသော အသွင်ပြောင်းလဲမှုမျှ ဖြစ်မလာခဲ့ပေ။

ဟန်လိသည် စိတ်သက်သာရာရကာ သက်ပြင်းချသည်။ ထိုသေတ္တာသည် တစုံတခုထံမှ မိစ္ဆာအသွင်သို့ ပြောင်းလဲခဲ့လျှင် ၎င်းသည် တုန့်ပြန်မှုတစ်ခု ပြမှာ သံသယ ဖြစ်စရာ မလိုပေ။

စိတ်အေးသက်သာ သွားပြီး သူက ထိုသေတ္တာကို သူ့ထံသို့ ဆင့်ခေါ်သည်။ တချိန်တည်းမှာ အလင်းအရံအတားသည် လင်းလက်သွားပြီး ရွှေသေတ္တာကို ဖြတ်၍ ဝင်လာစေသည်။

ဟန်လိသည် အရိုးသခင်သည် ခုထိ မလှုပ်ရှားသေးတာကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် မြင်နေရသည်။ သူ အတော်လေး စိတ်အေးသွား၏။ ထို့နောက်တွင် သူက ခေါင်းငုံ့ကာ သေတ္တာကို ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွားပြီး ဟန်လိသည် သူ့လက်နှစ်ဖက်ထဲရှိ သေတ္တာကို စိုက်ကြည့်လျက် တစ်စုံတစ်ခုအကြောင်းကို စဉ်းစားသုံးသပ်နေသည်။

အရိုးသခင်သည် ဟန်လိ၏ သတိထားနေသော အပြုအမူကို မြင်သည့်အခါ သူသည် မလောဘဲ ပျင်းရိပျင်းတွဲဖြင့် စောင့်ကြည့်နေသည်။

ထို့နောက်တွင်တော့ ဟန်လိသည် စိတ်ဝိညာဉ်ဂျင်ဆင်း၏ ကိုယ်ပွားဖြစ်သော ယုန်ဖြူထံ ငုံ့ကြည့်သည်။ ထိုယုန်သည် သတိမေ့နေသည့်အလား မြေပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေဆဲပင်။

ဟန်လိသည် တစ်ကိုယ်တည်း ခဏ တီးတိုးရေရွတ်နေ၏။ သူသည် ဆက်၍ တွေဝေမနေတော့ဘဲ ရွှေရောင်သေတ္တာ အဖုံးကို ညင်သာစွာ ဖွင့်လှစ်သည်။ ရုတ်တရက် ၎င်းအတွင်းမှ မိုးပြာအလင်းတစ်ခု တောက်ပလင်းထိန်သွား၏။ ထို့နောက်မှာ သေတ္တာသည် ၎င်းဘာသာ အပြည့်အဝ ပွင့်ဟကာ အတွင်းဘက်၌ ရှိနေသော အရာကို လှစ်ဟဖော်ပြသည်။

ဟန်လိသည် သူ့ရှေ့ရှိ ပစ္စည်းငယ်တစ်ခုအပေါ် အလျင်အမြန် အာရုံစိုက်ကြည့်သည်။ ၎င်းမှာ တစ်ပေဝက်လောက်သာ ရှည်မည့် မြေဝါရောင်သွေ့ခြောက်ခြောက်နှင့် သစ်ပင်မြစ်တစ်ခု ဖြစ်၏။ ဟန်လိမှာ ဆွံ့အသွားရ၏။

ဟန်လိသည် ၎င်းမှာ ရွက်လွှာကိုးခုဂျင်ဆင်း ဟုတ်၏လား၊ သို့မဟုတ် အရိုးသခင်က သူ့ကို လှည့်စားဖို့ အသုံးပြုထားသော ပစ္စည်းတစ်ခုလားကိုမူ သံသယ ရှိနေဆဲပင်။ ထိုစဉ် မြေပေါ်တွင် လှဲလျောင်းနေသော ယုန်သည် အဖြူရောင်အလင်းစက်ဝန်းအဖြစ်သို့ ပြောင်းကာ ရုတ်တရက် သူ့ထံသို့ ခုန်ပေါက်ဝင်လာပြီး သေတ္တာထဲရှိ အမြစ်ထံ ဦးတည်သည်။ စစချင်းတော့ ဟန်လိ အံ့အားသင့်သွား၏။ သို့သော် ခဏအကြာတွင် သူသည် ပျော်ရွှင်သွားလေသည်။

ရွက်လွှာကိုးခုဂျင်ဆင်း၏ ယုန်ဖြူကိုယ်ပွား၏ ရုတ်တရက် လှုပ်ရှားမှုက သည်အမြစ်သည် ရွက်လွှာကိုးခုဂျင်ဆင်း အစစ်အမှန်ဖြစ်ကြောင်းကို ဖော်ပြနေသည် မဟုတ်လား။ သည့်အတွက် ဟန်လိမှာ စိတ်ချသွား၏။ သို့သော် သူသည် ထိုကိုယ်ပွားကို လစ်လျူရှု မနေ၊ ၎င်းကို ၎င်း၏ ပင်မခန္ဓာကိုယ်နှင့် ပေါင်းစည်းခွင့် ပြုမည် မဟုတ်ပေ။ သူ့လက်ချောင်းကို တောက်ထုတ်၏။ မိုးပြာဓားအလင်းတန်းတစ်ခုသည် ယုန်၏ ဦးခေါင်းထံ ထိုးနှက်သွားသည်။ ၎င်းမှာ အကွာအဝေးတစ်ခုသို့ လွင့်ထွက်သွားလေ၏။

သို့သော် ၎င်း၏ အစစ်အမှန်ခန္ဓာကိုယ်က မျက်စိအရှေ့တွင် ရှိနေသည် ဖြစ်၍ ၎င်းသည် ခွန်အားပြည့်ဖြင့် ထပ်မံ ခုန်ပေါက်ဝင်လာပြန်သည်။ ၎င်းက လက်လျော့ချင်စိတ် ရှိမနေချေ။

ဟန်လိသည် စိတ်မရှည် ဖြစ်လာသည်။ သူသည် ချက်ခြင်းပင် လျှပ်စီးစက်ဝန်းပိုင်းတစ်ခုကို ထုတ်လွှတ်လျက် ယုန်ကို လွင့်ထွက်သွားစေသည်။ ၎င်း၏ အမွေးများသည်ပင် မဲနက်လို့သွားသည်။ ယင်းနောက် ဟန်လိသည် ယုန်ဖြူရှိနေသော နေရာထံ လက်ဆန့်ထုတ်ပြီး ၎င်းကို သူ့လက်ထံ ပျံသန်းလာစေသည်။ တချက်ကြည့်ပြီးနောက်မှာ သူက ၎င်းကို ရွှေရောင်သေတ္တာထဲ ထည့်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

ယုန်ဖြူသည် ၎င်း၏ ပင်မခန္ဓာကိုယ်ဖြစ်သော ရွက်လွှာကိုးခုဂျင်ဆင်းနျင့် ထိမိသည်နှင့် ၎င်းက ပေါင်းစပ်သွားသည်။ ထို့နောက်တွင်မူ ဟန်လိသည် သေတ္တာအဖုံးကို ပြန်ပိတ်ပြီး ၎င်း ထွက်ပြေးခြင်းကနေ တားဆီးဖို့အတွက် အတားအဆီးငယ်တစ်ခုကို ထိုသေတ္တာပေါ်တွင် နေရာချသည်။ ထိုသို့ ပြုလုပ်ပြီးမှ ဟန်လိသည် အမှန်တကယ် စိတ်အေးကာ သက်ပြင်းချနိုင်တော့၏။

အရိုးသခင်က လှုပ်ရှားမလာခြင်းကလည်း ဟန်လိကို စိတ်သက်သာစေ၏။

ထိုရွှေသေတ္တာကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီးနောက်မှာ သူက တည်ငြိမ်စွာ မေးသည်။

“စီနီယာက ရွက်လွှာကိုးခုဂျင်ဆင်းကို ဂျူနီယာ့ဆီ ပေးပြီးတဲ့နောက် ကျုပ်က ဒါကို ယူပြီး ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား…”

အရိုးသခင်သည် ဟန်လိကို အာရုံစိုက်၍ လှမ်းကြည့်သည်။ သူက ဖြည်းဖြည်းမှန်မှန်လေသံဖြင့် ပြောသည်။

“ပြေးမှာလား။ ဒီဂျင်ဆင်း မင်းမှာ ရှိနေရင်တောင် ဖော်စပ်နည်းမရှိဘဲ ဒါကို သန့်စင်ဖော်စပ်နိုင်လိမ့်မယ်လို့ မင်း ထင်နေတာလား…”

ဟန်လိသည် မျက်မှောင်ကြုတ်သွားသည်။ သူက တခြား ဘာပြောရမလဲဟု တွေးနေသည်။

အရိုးသခင်သည် လှောင်ပြောင်ပြီး ရှင်းပြလာသည်။

“ကျိနစ်ယင်က မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ လှုပ်ရှားမှု ရှိထားပြီ။ ဒီမြေကမ္ဘာအဆုံးထိ ပြေးမလား၊ ဒါမှမဟုတ် ငါနဲ့အတူ ပူးပေါင်းဆောင်ရွက်မလား။ မင်းက ကောင်းကင်လေဟာနယ်ခန်းမကနေ ဒီဂျင်ဆင်းနဲ့ ထွက်သွားနိုင်ခဲ့ရင်တောင် နောက်ပိုင်းကျရင် ကျိနစ်ယင်က…ဟားဟား…”

“ကျုပ်အပေါ်မှာလား…” ဟန်လိ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် သူ့ခန္ဓာကိုယ်အပေါ်၌ သူပင် သတိမပြုမိဘဲ တစုံတစ်ခု၏ သက်ရောက်မှု ခံထားရသည့်အပေါ် မယုံကြည်ပေ။

အရိုးသခင်သည် ဟန်လိက သံသယရှိနေတာကို ခန့်မှန်းမိသည်။ သူက ချက်ခြင်း လှောင်ပြောင်၏။ သူသည် သက်သေပြဖို့ လှမ်းပြောရန် ဟန်ပြင်စဉ် သူ့အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ရောက်သွား၏။

သည့်အတွက် ဟန်လိမှာ စဉ်းစားမရ ဖြစ်သွား၏။ သို့သော် သူ့စိတ်ထဲ၌လည်း အလန့်တကြား ဖြစ်သွားမိသည်။ သူသည် ထိုမိစ္ဆာအိုကြီးက သူ့အပေါ် မည်သို့ လှည့်စားဦးမလဲဟု မထင်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

သို့သော် မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရဘဲ အရိုးသခင်သည် နောက်သို့ အလျင်အမြန် လှည့်ပြီး ဟန်လိကို စိတ်တင်းကြပ်သွားစေသော တစုံတစ်ခုကို လှမ်းပြောခဲ့သည်။

“ကျိနစ်ယင် လာနေပြီ။ မင်းကြောင့် ဖြစ်ဖို့များတယ်။ မင်းဘာသာပဲ ရင်ဆိုင်တော့။ ငါ့ကိုယ်ငါ ဖုံးကွယ်ထားလိုက်အုံးမယ်…”

ထို့နောက် ကျိနစ်ယင်သည် အနက်ရောင်တိမ်တိုက်အဖြစ်သို့ ပြောင်းကာ ပျံသန်းထွက်လျက် ချက်ခြင်း ပျောက်ကွယ်သွားသည်။ ဟန်လိသည် ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့၏။

သူသည် အရိုးသခင်က အမှန်ပြောခဲ့တာလား၊ မပြောခဲ့တာလားအပေါ် စဉ်းစားနေရုံ ရှိသေး မိုးကုပ်စက်ဝန်းထံမှ တစ္ဆေငြီးသံကို ကြားရသည်။ ကောင်းကင်ကို အနက်ရောင်တိမ်တိုက်ထုကြီးတစ်ခုသည် အုပ်စိုးလာသည်။ ၎င်းတိမ်တိုက်ကြီးသည် ဤနေရာထံ ဦးတည်လာနေပုံ ပေါ်သည်။ ဟန်လိသည် စိတ်နှလုံး ပြုတ်ကျသွားသည့်နှယ် ခံစားရ၏။

ထိုတိမ်တိုက်နက်သည် လေးနက်ယင်ပညာရပ်၏ တုန်လှုပ်ဖွယ်ဖိအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ လာနေသော ပုဂ္ဂိုလ်မှာ သခင်ကြီးကျိနစ်ယင် ဖြစ်ဖို့ များနေသည်။ သူ့အပေါ် အကြံအစည်ရှိနေသော ကျိနစ်ယင်သည် သူ့ကို ထောက်လှမ်းမိနိုင်ခဲ့ပြီလား။ သခင်ကြီး ကျိနစ်ယင်သည် ခုလောက်ထိ ဝေးနေသော နေရာထံ လုံးဝ အတိအကျနှင့် ရောက်လာအောင် မည်သို့များ လုပ်ဆောင်ခဲ့သနည်း။

ထိုအချိန်တွင် ဟန်လိသည် စိတ်ထဲကနေ အရိုးသခင်ကို မိုးမွှန်အောင် ကျိန်ဆဲမိတော့သည်။ ထိုသူသည် ကျိနစ်ယင်ကို သူနှင့် ပူးပေါင်း၍ ရင်ဆိုင်ချင်သူ မဟုတ်လေဘူးလား။ အခုတော့ သူ့တစ်ယောက်တည်းကိုသာ ချန်ထားခဲ့လေပြီ။ သည့်အတွက်ကြောင့် ဟန်လိသည် အလွန်တရာကို သုန်မှုန်နေတော့သည်။

အခုအချိန် ပုန်းကွယ်ဖို့မှာလည်း ဟန်လိအဖို့ နောက်ကျလွန်းသွားခဲ့ပေပြီ။

ဟန်လိသည် အစီအရင်မန္တာန်အတွင်း၌ ဆက်ရှိနေသေးစဉ် တိမ်တိုက်နက်ကြီးသည် တောအုပ်အထက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာပြီး ရုတ်တရက် ရပ်သည်။

ဟန်လိသည် ဘာကိုမျှ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် တိမ်တိုက်နက်ကိုသာ တင်းကြပ်သော စိတ်နှလုံးဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူသည် ကျိနစ်ယင်က သူ၏နောက်သို့ ခုလောက်ထိ စိတ်ရှည်ရှည်နှင့် မည်သည့်အတွက်ကြောင့် လိုက်လံနေရသလဲအပေါ် စဉ်းစားနေမိသည်။ သို့သော် သူသည် အကြောင်းရင်းကို မသိနေပေ။ သို့အတွက်ကြောင့် သူ့အဖို့ များစွာ စိတ်ပျက်ရသည်။

ထိုသို့ တွေးနေပြီ ဟန်လိသည် သူ့စိတ်အခြေအနေကို ပြန်တည်ငြိမ်စေသည်။ သူသည် တိမ်တိုက်နက်ထံသို့ အာရုံစိုက်၍ စိုက်ကြည့်နေပြီး ကျိနစ်ယင် စကားပြောလာမည်ကို စောင့်နေသည်။

သို့သော် သူ့အထင်နှင့် ဆန့်ကျင်ဘက်ပင်။ တိမ်တိုက်နက်ထံမှ အေးစက်စက် လှောင်ပြောင်မှုနှင့်အတူ အနက်ရောင်အလင်းတန်းတစ်ခုသည် မှော်အစီအရင်ထံသို့ လျင်မြန်လှသော နှုန်းဖြင့် တိုးဝင်လာတော့သည်။

အဝါရောင်အလင်း လင်းလက်သွားပြီး အလင်းအရံအတားသည် ဖျက်စီးဆုတ်ဖြဲခံရလေသည်။ တစ်စက္ကန့်လေးမျှပင် ထိန်းထားနိုင်စွမ်း မရှိခဲ့ပေ။

ထိုအနက်ရောင်အလင်းတန်းသည် ဟန်လိထံသို့ တိုက်ရိုက် ထိုးနှက်လာသည်။ သူ၏မျက်နှာမှာ ချက်ခြင်းလက်ငင်း သေလောက်အောင် ဖြူရော်သွားသည်။ သူ၏ခန္ဓာကိုယ်သည် သုံးလေးကြိမ်လောက် ဝေဝါးသွားပြီး သူက ရှောင်၏။ မီတာတစ်ရာကျော်လောက်တွင် သူသည် ဒေါသလည်းထွက်၊ လန့်လည်းလန့်နေသောဟန်ပန်ဖြင့် ပြန်ပေါ်လာသည်။

ဟန်လိသည် သူ့လက်နှစ်ဖက်ကို တုံ့နှေးခြင်းမရှိ ဝေ့ယမ်းသည်။ ရုပ်သေးလူဝံ ရာချီသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။ ထို့နောက်တွင် သူသည် စိတ်ဝိညာဉ်သားရဲအိတ်များကို သူ့ဘေး၌ လှည့်ပတ်စေပြီး သူ့ရှေ့သို့ နေရာချသည်။

ဟန်လိ၏အကြည့်သည် ရေခဲတမျှ အေးစက်လာသည်။ သူသည် သူ၏ အနိုင်ရနိုင်ခြေ အခွင့်အရေးများသည် အလွန်သေးငယ်လှသော်လည်း ကျိနစ်ယင်ကသာ အမှန်တကယ် သူ့ကို သတ်ချင်ပါက အများဆုံးတော့ သူသည် ကြိုးစား၍ ပြန်တိုက်ခိုက်ရမည်သာ။ သူ့ကိုယ်သူ သေဖို့သပ်သပ်တော့ ထိုင်စောင့်မနေချင်ပေ။

All Chapters