နောက်ထပ် အံ့အားသင့်စရာ
Vol. 33 Ch. 455
“ဟား…မင်းမှာ သွားဖို့၊မသွားဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား။ မင်း ငါတို့နဲ့ မသွားရင် ဒီသခင်လေးက မင်းကို ဒီမှာတင် သတ်ပစ်လိုက်မယ်။ ကျုပ်တို့ရဲ့ ကျိနစ်ယင်ကျွန်းဟာ ကြယ်နန်းတော်က ကြီးကြပ်သူတွေရဲ့ စကားကြောင့် မင်းကို မသတ်ရဲဘူးလို့ ထင်နေလား…”
ဝူချောင်၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပေသည်။
ဝူချောင်သည် အစောပိုင်းတုန်းက သခင်ကြီးကျိနစ်ယင်က အကြည့်ဖြင့် သတိပေးပြီး ဖြစ်သော်လည်း သူသည် ဟန်လိကို ဖိအားပေး ချိန်းချောက်လာပေသည်။ ဝူချောင်အတွက် ဟန်လိမှာ အမှန်တကယ် မျက်စိစပါးမွေးစူးစရာ ကောင်းနေသည်။ သူသည် အကြောင်းမဲ့သပ်သပ် ဟန်လိကို မုန်းတီးနေခြင်းပင်။ ဟန်လိသည်လည်း ဤသည်ကို အပြန်အလှန် ခံစားမိသည်။
ဝူချောင်ကို အာရုံစိုက်မနေဘဲ သူသည် သခင်ကြီးကျိနစ်ယင်ထံသို့ စကားလှမ်းဆိုသည်။
“ဘာအကြောင်းရင်းမှ မရှိဘဲ စီနီယာက ဂျူနီယာရဲ့ စိတ်ဝိညာဉ်သားရဲကို ထုတ်ပြဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း စိတ်ဝိညာဉ်သားရဲတစ်ကောင်ရဲ့ သခင်က သေဆုံးသွားခဲ့ရင် သူတို့ရဲ့ သားရဲတွေဟာ တခြားသခင်တစ်ယောက်ကို အသိအမှတ်ပြုနိုင်စွမ်း မရှိတာကိုတော့ သိထားပါတယ်။ ဒါ့အပြင် ဂျူနီယာဟာ သေရေးရှင်းရေး အခိုက်အတန့်မှာ ဒီသွေးကျောက်စိမ်းပင့်ကူတွေကို သူတို့ကိုယ်သူတို့ ပေါက်ကွဲအသေခံဖို့ထိပါ အမိန့်ပေးနိုင်စွမ်း ရှိတယ်။ စီနီယာက ဒီလိုမြင်ကွင်းမျိုးကို မမြင်ချင်တာတော့ သေချာပါတယ်…”ဟန်လိသည် ဝူချောင်မှာ စက္ကူကျားသာသာမှန်း သိပေသည်။ သူက ဝူချောင်နှင့် စကားပြောချင်စိတ် မရှိဘဲ အမှန်တကယ် အာဏာရှိသော သခင်ကြီးကျိနစ်ယင်ထံသို့သာ တိုက်ရိုက် ပြောရန် ဆုံးဖြတ်သည်။
သို့ရာတွင် ဟန်လိ၏ ထိုအပြုအမူသည် ဝူချောင်ကို အရှက်ရကာ ဒေါသထွက်သွားစေသည်။ သူ့မျက်နှာထက်တွင် ရန်လိုသည့်ဟန် ပေါ်လာပြီး သူက ဟန်လိကို ဆဲရေးတိုင်းတာလိုက်သည်။ သို့သော် ကျိနစ်ယင်က သူ့ကို လက်ဝေ့ယမ်းကာ တားဆီးလိုက်သည်။
“ကောင်းတယ်…ကျုပ်က ဒီလို သတ္တိရှိပြီး နားလည်သဘောပေါက်လွယ်တဲ့ ဂျူနီယာမျိုးကို သဘောကျတယ်။ ဒီကျွန်းအရှင်က မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူကို လိုအပ်တယ်။ ဒါ့ကြောင့် အလာကားသပ်သပ်တော့ မင်းကို ဆွဲမထည့်ပါဘူး။ ကျုပ်တို့ အတွင်းခန်းမထဲ ရောက်တာနဲ့ ကျုပ်က…”
ကျိနစ်ယင်သည် သူ၏ နောက်ဆုံးအခြေအနေများကို ပြောတော့မည့် အချိန်တွင် သူ့အမူအရာသည် ရုတ်တရက် ပျက်ယွင်းသွားကာ သူက စကားပြောတာကို ရုတ်တရက် ရပ်သည်။ သူက တဖက်သို့ ခေါင်းလှည့်ကာ ဦးတည်ရာတစ်ခုထံသို့ လှမ်း၍ စိုက်ကြည့်သည်။ သူ၏ မျက်နှာထက်တွင် ရန်လိုဟန်အပြည့်ဖြင့်ပင်။
“ဒီသခင်ကြီးက ခိုးနားထောင်နေတဲ့ မင်းကို ကြည့်ပါရစေ…”
သခင်ကြီးကျိနစ်ယင်၏ အသံသည် စူးရှကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်ပင်။ သူသည် အလွန်တရာ ဒေါသထွက်နေပုံ ရသည်။
ဟန်လိသည် အလန့်တကြား ဖြစ်သွားသည်။ သူသည် အရိုးသခင်ကို တွေ့သွားပြီဟု ချက်ခြင်း တွေးမိကာ ထိုအခြေအနေကို မည်သို့ ရင်ဆိုင်ရရင်ကောင်းမလဲဟု အလိုလို စဉ်းစားမိသွားသည်။
သို့သော် ဟန်လိသည် လူအိုတစ်ယောက်၏အသံကို ကြားရသည့်အခါတွင်မူ အံ့အားသင့်သွားရ၏။
“လူအိုကြီးဝူ…ဒီလောက်ထိ ဒေါသထွက်ဖို့ မလိုပါဘူး။ ကျုပ်က ဖြတ်သွားဖြတ်လာ တိုက်ဆိုင်သွားတာပါ။ ခင်ဗျားက တိုက်ခိုက်တော့မယ်လို့ ကျုပ်ကို မပြောဘူးမလား…”
မီတာတစ်ရာအကွာလောက်တွင် ပညာရှိအိုကြီးသည် လေထဲ၌ ပေါ်လာသည်။ သူ့ကို မိုးပြာအလင်းဖြင့် ခြုံလွှမ်းထားသည်။
ထိုသူမှာ သခင်ကြီးကျိနစ်ယင်နှင့် အတော်လေး ရင်းနှီးသော ပညာရှိအိုချင်းယီပင်။
“ရောင်းရင်းချင်း…ခင်ဗျားက ကျုပ် နောက်ကို လိုက်လာခဲ့တာလား…”
ကျိနစ်ယင်သည် သူ့ကို မြင်သည့်အခါ သူ၏သတ်ဖြတ်လိုစိတ်သည် ပြန်လွင့်ပါးသွားသည်။
“ဘာလဲ။ ကျုပ်က ခင်ဗျားနောက်ကို ဘာလို့ လိုက်ရမှာလဲ။ ကျုပ် ဒီတိုင်းပဲ လှည့်ပတ်သွားနေရင်း ရောင်းရင်းဝူနဲ့ ဒီဂျူနီယာတို့ စကားပြောနေတာကို မြင်တာပဲ။ ဒါ့ကြောင့် ကျုပ် ဒီကို လာခဲ့ပြီ ခင်ဗျားကို လာနှုတ်ဆက်တာ။ ရောင်းရင်းဝူက မပျော်မရွှင် ဖြစ်သွားလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဟူး…အစောပိုင်းတည်းကသာ ကျုပ် ကြိုသိခဲ့ရင် ကျိန်းသေပေါက် အလျင်စလို မလှုပ်ရှားပါဘူး…”
ပညာရှိအိုသည် ခြောက်ကပ်ကပ်ရယ်ကာ စိတ်မပူပန်သည့်လေသံဖြင့် ပြောသည်။
ထို့နောက်တွင်မူ သူ့အကြည့်သည် ကျိနစ်ယင်ထံကနေ သွေးကျောက်စိမ်းထံသို့ ရောက်သွားသည်။
“အယ်…ဒါက သွေးကျောက်စိမ်းတစ်ကောင်လား။ ဒါက တကယ့်ကို ရှားပါးစိတ်ဝိညာဉ်သားရဲပဲ။ အရင်တုန်းက ကျင့်ကြံသူတွေရဲ့ စမ်းစစ်ချက်အရဆို ဒီကောာင်ဟာ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရယူနိုင်ခြေ အများဆုံး စိတ်ဝိညာဉ်သားရဲတွေထဲက တစ်ကောင်ပဲတဲ့။ ဒီဖြစ်နိုင်ခြေဟာ ခင်ဗျားရဲ့ မီးမြွေ ဒါမှမဟုတ် ဝမ်ထျန်မင်ရဲ့ ရွှေမျှင်ပိုးကောင်တို့ထက် အများကြီး ပိုများတယ်…”
ပညာရှိအိုကြီးသည် ခေါင်းခါကာ ထိုသို့ ပြောလေသည်။
“အနီးအနားမှာ လျှောက်သွားနေတာလား…”
ထိုအဘိုးအို၏ အရှက်မရှိသော ဆင်ခြင်တစ်ခုကို ကြားရသည့်အခါ သခင်ကြီးကျိနစ်ယင်သည် ဒေါသထွက်လာသည်။ သို့သော် ချင်းယီက သွေးကျောက်စိမ်းနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကို ထုတ်ဖော်သည်ကို ကြားသည့်အခါ သူ၏အမူအရာသည် ပို၍ သုန်မှုန်လာသည်။
သွေးကျောက်စိမ်းထံမှ သူ့အကြည့်ကို ပြန်ဖယ်ရှားပြီးနောက်မှာ ပညာရှိအိုကြီးသည် ဟန်လိကို သုံးလေးကြိမ်လောက် စူးစမ်းကြည့်ကြည့်ကာ စကားဆိုသည်။
“သူက မိတ်ဆွေကြီးဝူ အစောပိုင်းတုန်းက ပူပန်ခဲ့တဲ့ ဂျူနီယာများလား။ ဒီအဘိုးအိုကလည်း သတ္တိရှိပြီး ဉာဏ်ကောင်းတဲ့ လူငယ်လေးတွေကို သဘောကျတယ်။ သူ့ကို ကျုပ်ရဲ့ တပည့်အဖြစ် ခေါ်ဖို့အတွက် ပြောကြည့်ဖို့တောင် စိတ်ဝင်စားမိတယ်။ အဆင်ပြေမလား။ အရင်တုန်းက ကျုပ်က တပည့်တစ်ယောက်မှ မခေါ်ယူခဲ့ဘူးဖူးလေ…”
ထိုစကားကို ကြားသည့်အခါ ကျိနစ်ယင်သည် ဖြူရော်သွားသည်။
“ဒီဂျူနီယာကို တပည့်အဖြစ် ခေါ်ယူမှာလား…” ဟန်လိသည် မျက်တောင် သုံးလေးကြိမ်လောက် ခတ်မိသွားသည်။ သူသည် စိတ်လှုပ်ရှားရမလား သို့မဟုတ် အဆိုးမြင်ရမလားမသိ ဖြစ်ရသည်။
ကျိနစ်ယင်၏ အမူအရာသည် ရေခဲတမျှ အေးစက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ချီအမျှင်တန်းများ စတင် မြင့်ကြွလာသည်။ သူက ထိုအဘိုးအိုကို စိုက်ကြည့်လျက် စကားတစ်လုံးချင်း ပြောသည်။
“ရောင်းရင်းချင်း…ခင်ဗျား ဘာလုပ်ဖို့ ကြံစည်နေတာလဲ…”
“ဟားဟား…ကျုပ်က နောက်နေတာပါ။ လူအိုကြီးကျိနစ်ယင် ခင်ဗျား စိတ်ပူဖို့ မလိုပါဘူး။ ကျုပ်သာ ဒီလူငယ်လေးကို တပည့်အဖြစ် ခေါ်ချင်တယ်ဆိုရင် ရောင်းရင်းက ကျုပ်ကို ထိန်းချုပ်မထားဘဲ တိုက်ခိုက်လာမှာကို စိုးမိပါတယ်။ ဒါပေမဲ့လို့ မန်ဟုဇီကသာ ဒီသွေးကျောက်စိမ်းပင့်ကူ အကြောင်းကို သိသွားခဲ့ရင် သူ ဒီကို လှည့်လာလောက်မယ် မလား…”
ထိုအဘိုးအိုသည် တဟားဟား အော်ရယ်သည်။ သူ့မျက်လုံးအတွင်း၌ ထူးခြားသောဟန်တစ်ခု ဖြစ်ပေါ်လေသည်။
ပညာရှိအိုကြီး ချင်းယီ၏ အစောပိုင်းစကားလုံးများသည် ကျိနစ်ယင်ကို စိတ်သက်သာရာ ရသွားစေသည်။ သို့သော် မန်ဟုဇီဟူသော အမည်ကို ကြားသည့်အခါတွင်မူ သူသည် အကြီးအကျယ်ခေါင်းကိုက်မှုကို စတင် ခံစားရတော့၏။
ကျိနစ်ယင်သည် သွေးကျောက်စိမ်းကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားထားရန်နှင့် အတွင်းပိုင်းခန်းမကနေ တခြားသူများက လမ်းမှန်တာအိုကျင့်ကြံသူများကို မောင်းထုတ်ခြင်း သို့မဟုတ် အပြန်အလှန်ထိခိုက်စေခြင်းတို့ကို ဖြစ်စေမည်ဟု မူလတုန်းက ကြံစည်ထားခဲ့သည်။ ထို့နောက်တွင်မူ ဟန်လိ၏ သွေးကျောက်စိမ်းပင့်ကူကို လျှို့ဝှက်အသုံးပြုနေရင်း သူ၏ မီးမြွေကို ဟန်ပြအသုံးပြုမည်ဟု စဉ်းစားထားသည်။ ထိုအခါကျလျှင် သူတစ်ယောက်တည်း ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရနိုင်လိမ့်မည်။ သူ၏ ပြီးခဲ့သော ကတိများကိုမူ ပထမဆုံးနေရာမှာတည်းက တည်ရန် စိတ်ကူးရှိမနေပေ။
သို့သော် သူသည် ထိုမြေခွေးအိုကြီးကြောင့် သူ၏ အစီအစဉ်များသည် အဝေးသို့ လွှတ်ပစ်ရတော့မည်ဟု နည်းနည်းလေးမျှ မမျှော်လင့်ထားမိခဲ့ပေ။ သူသည် ထိုသူ့ကို သတ်နိုင် သို့မဟုတ် ပါးစပ်ပိတ်အောင် လုပ်နိုင်ဖို့မှာလည်း မသေချာနေပေ။ သူက ထိုသို့လုပ်နိုင်ဖို့ ယုံကြည်မှု ရှိခဲ့လျှင်ပင် သူသည် စောလျင်စွာ အပြင်းအထန် မတိုက်ခိုက်ချင်ပေ။ သူ့ဘက်ခြမ်းမှ အားနည်းမသွားစေချင်ပေ။ တကယ်တော့ သူသည် လမ်းမှန်တာအိုကျင့်ကြံသူများနှင့် ရင်ဆိုင်ရဦးမည် မဟုတ်လား။
ထိုအဘိုးအိုသည် မန်ဟုဇီဟူသော အမည်ကို ထုတ်ပြောလာသည့်အခါ ကျိနစ်ယင်၏ မျက်နှာသည် ရှုံတွသွားသည်။ သူသည် အရင်တည်းက မန်ဟုဇီ၏ ကောင်းကင်တောင့်ခံခြင်း မိစ္ဆာပညာရပ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပုံကို အတွေ့အကြုံ ရှိထားပြီး ဖြစ်သည်။ သူ အသစ် ရရှိထားသော ကောင်းကင်ကျယ်ပြန့်အလောင်းမီး၏ ဆန်းကြယ်မှုဖြင့်ပင် ထိုသူ့ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိမနေပေ။ ထိုသူကသာ သည်ကောင်လေးကို သူ့တပည့်အဖြစ် လက်ခံလိုက်ပါက သူသည် ခြင်္သေ့ပါးစပ်ထဲမှ ရတနာကို အတင်းလုယူရသည့် အဖြစ် ဆိုက်သွားပေလိမ့်မည်။
သွေးကျောက်စိမ်းပင့်ကူ၏ လျှို့ဝှက်ချက်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့တာကို မြင်သည်သည့်အခါ ကျိနစ်ယင်သည် ရတနာများကို အနည်းအကျဉ်းမျှသာ မရအောင် မည်သို့လုပ်ရမလဲဟု စတင် စဉ်းစားရတော့သည်။
ခုချိန်တွင် သူ့စိတ်ထဲ လောင်မြိုက်နေလေပြီ။ သူက ပညာရှိအိုထံ ထူးခြားသောဟန်ဖြင့် လှမ်းကြည့်ပြီး ထိုသူ၏ ပြီးခဲ့သော စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို ခပ်ရေးရေး ခန့်မှန်းမိသည်။ ပညာရှိအိုမှာ တုန့်ပြန်သည့်အနေဖြင့် မသိမသာ ပြုံးနေသည်။ သူသည် အသံပို့လွှတ်လိုက်လေ၏။
ကျိနစ်ယင်၏ အမူအရာသည် စတင် ပြောင်းလဲနေသည်။ အဘိုးအို၏အသံပို့လွှတ်မှုသည် တိုတောင်းပါသည်။ ထို့နောက်မှာ ယင်းအဘိုးအိုသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒီအကြံပြုချက်က ဘယ်လိုလဲ…”
အများကြီး စဉ်းစားမနေတော့ဘဲ ကျိနစ်ယင်သည် သုန်မှုန်စွာဖြင့် ပြောသည်။
“ကောင်းပြီ…ကျုပ် လက်ခံတယ်…”
ထိုအဘိုးအိုသည် ကျေနပ်သွားသည့်ဟန် ပေါ်ပြီး သူက ပြောသည်။
“ကောင်းတယ်။ အဲ့လိုပဲ ဖြစ်သင့်တယ်…”
ထို့နောက်တွင်မူ သူက ဟန်လိကို လှမ်းကြည့်ပြီး မနှေးမမြန်ဖြင့် ပြောသည်။
“အခု…ကျုပ်တို့နှစ်ယောက်ကြားမှာ ဘယ်သူက မင်းရဲ့ ဆရာ ဖြစ်လာဖို့ ပိုသင့်တော်လဲဆိုတာကို မင်း စဉ်းစားရတော့မယ်…”
တကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ ကျိနစ်ယင်သည် ပြောသည်။
“ဘယ်သူ့ကို သူ့ဆရာ ဖြစ်လာစေမလဲဆိုတာ သူ့ဟာသူပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါက နည်းနည်းတော့ ပိုမျှတတယ် မလား…”
ထိုအဘိုးအိုသည် ခဏတော့ စိုက်ကြည့်နေသေးသည်။ ယင်းနောက်မှာ သူက ထူးခြားသည့်ဟန် ထုတ်ဖော်သည်။ သို့သော် ခဏ စဉ်းစားပြီးနောက် သူသည် သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ကျိနစ်ယင်သည် ထိုသည်ကို မြင်သည့်အခါ သူက ပြုံးတောင်ပြုံးခဲ ပြုံးသည်။ ထို့နောက်တွင် သူသည် ဟန်လိဘက်သို့ လှည့်ကာ မထူးခြားနားဟန်ဖြင့် ပြော၏။
“ငါတို့ ပြောစကားတွေကို မင်းလည်း ကြားလိုက်တာပဲ။ မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူဟာ ငါတို့ အမဲလိုက်နေကြတဲ့ တစ်စုံတစ်ခုကို ရဖို့အတွက် အသုံးတည့်လှတဲ့ အရာပဲ။ ငါက မင်းကို မသတ်တာဟာ မင်းက ဒီစိတ်ဝိညာဉ်သားရဲရဲ့ သခင် ဖြစ်တာကြောင့်လို့ ထင်နေရင်တော့ မင်း အများကြီး မှားနေပြီ။
ဒီသခင်ကြီးက စိတ်ဝိညာဉ်အလောင်းကောင်တွေကို ဘယ်လို သန့်စင်ရလဲဆိုတဲ့ နည်းလမ်းတွေကို ကောင်းကောင်း သိတယ်။ အဆိုးဆုံး ဖြစ်လာခဲ့ရင် ကျုပ်က ဒီသွေးကျောက်စိမ်းပင့်ကူကို သတ်ပြီး နတ်ဆိုးအလောင်းကောင်အဖြစ် သန့်စင်ပစ်ရုံပဲ။ အဲ့လို လုပ်လိုက်ရင် သွေးကျောက်စိမ်းပင့်ကူရဲ့ ကျင့်ကြံမှုဟာ ထိခိုက်သွားမှာမို့ ငါက အတင်းအကြပ် မလုပ်ချင်တာ။ ခုကိစ္စမှာ ပါဝင်လိုက်ရင် တစ်ခုခု ဖြစ်မှာ မင်း စိုးရိမ်နေတယ်ဆိုရင်လည်း ငါတို့ရဲ့ အကာအကွယ်ရအောင် ငါတို့ရဲ့ တပည့်တစ်ယောက် ဖြစ်လာလည်း ရတယ်။ ဒါ့အပြင် ငါတို့ကသာ အဲ့ရဝနာကို အောင်အောင်မြင်မြင် ရနိုင်ခဲ့ရင် မင်းလည်း ဒီရတနာရဲ့ တစိတ်တပိုင်းကို ရနိုင်လိမ့်မယ်။ မင်းက အကင်းပါးတဲ့သူတစ်ယောက် ဖြစ်ပုံ ရပါတယ်။ ဒါ့ကြောင့် ဘာလုပ်သင့်လဲဆိုတာကို မင်း သိလောက်မှာပါ…”
ကျိနစ်ယင်သည် မုန်လာဥတစ်ဖက်၊ တုတ်တစ်ဖက်နည်းဖြင့် တည်ငြိမ်စွာ ပြောသည်။ ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွားသည်။
အမှန်တော့ သူသည် စိတ်ထဲကနေ အတောမသပ်နိုင်အောင် ကျိန်ဆဲနေပြီး ဖြစ်သည်။ ပညာရှိအိုကြီး ရောက်လာသည့်အခါ ဟန်လိသည် အဆိုးထဲကနေ အကောင်းဟု ထင်မိပြီး စိတ်အေးသွားခဲ့သေးသည်။ သူသည် ထိုပုဂ္ဂိုလ်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်လားခိုက်လား ဖြစ်စေချင်ခဲ့ပြီး ထိုသို့သော ဗရမ်းဗတာ အခြေအနေတွင် သူ အလွတ်ပြေး၍ ရနိုင်သည် မလား။ သို့သော် အခု ထိုမြေခွေးအိုကြီးများသည် စကားအနည်းငယ်ဖြင့်ပင် သဘောတူညီမှု ရသွားကြပေပြီ။
အခု ဟန်လိသည် သူ့ကို ကူညီဖို့ အရိုးသခင် ထွက်ပေါ်လာမည့် အခွင့်အရေးသည် နည်းနည်းလေးမျှ မရှိတော့ဟု မှတ်ယူထားလိုက်ပြီ။
သွေးကျောက်စိမ်းကို အသုံးပြု၍ ချိန်းချောက်လျှင်လည်း သက်ရောက်မှု ရှိလိမ့်မည့်ပုံ မပေါ်ပေ။ သူသည် သွေးကျောက်စိမ်းအား ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲစေဖို့ အမိန့်ပေးခဲ့လျှင်လည်း ကျိနစ်ယင်သည် ယင်းတို့ကို အပြေးလာပြီး သန့်စင်လိမ့်မည်ဟု ထင်သည်။ သို့သော် ထိုသို့သော ချိန်းချောက်မှုကြောင့် သူ့အသက်ကိုလည်း လောင်းကြေးထပ်ထားရမည် မဟုတ်လား။ သို့ဖြစ်၍ သူသည် ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို ဒေါသမထွက်မိအောင် လုပ်မှကို ဖြစ်ပေလိမ့်မည်။
ကြည့်ရတာ သူသာ သဘောမတူခဲ့လျှင် သူ့အဖို့ သေခြင်းတရားနှင့်သာ နှစ်ပါးသွားရတော့မည့်ဟန် ရှိနေသည်။