← Chapters

ကျိနစ်ယင်၏ တပည့် ဖြစ်လာခြင်း

Vol. 33 Ch. 456

ကျိနစ်ယင်၏ တပည့် ဖြစ်လာခြင်း

Vol. 33 Ch. 456

ဟန်လိသည် တခုခု ပြောရန် ဟန်ပြင်စဉ် သူသည် ပညာရှိအိုကြီးချင်းယီထံမှ အသံပို့လွှတ်တာကို ရုတ်တရက် ကြားရလေသည်။

“ဟန်လိ…ဒီအဘိုးအိုက တဘဝလုံး တပည့် လက်မခံခဲ့ဖူးဘူး။ ပြီးတော့ ကျုပ်က အချိန်အကြာကြီးလည်း နေရတော့မှာ မဟုတ်ဘူး။ မင်းသာ ကျုပ်ရဲ့ တပည့် ဖြစ်လာမယ်ဆို ကျုပ်ရဲ့ မှော်ရတနာတွေနဲ့ တခြားအရာအားလုံးကို အမွေဆက်ခံရလိမ့်မယ်။ အဲ့လို ကံကောင်းမှုမျိုးကို မင်း ဘယ်နေရာမှာမျှ သွားရှာလို့ ရနိုင်မှာ မဟုတ်ဘူး…”

ပညာရှိအိုကြီး ချင်းယီ၏ အသံတွင် စွဲဆောင်မှုအပြည့်ပင်။

ဟန်လိသည် သူ၏ စကားများသည် အကဲပိုမှန်း သဘောပေါက်သည်။ သို့သော် သူသည် လောဘမတက်မိဘဲ မနေနိုင် ဖြစ်ရပေသည်။ သို့သော် သူ ထပ်၍ မစဉ်းစားနိုင်ခင်မှာပင် ကျိနစ်ယင်၏ သုန်မှုန်သောအသံကို ကြားလိုက်ရသည်။

ကောင်လေး…ကျုပ်က မင်းကို ဘာပဲ ကတိပေးပေး ကျုပ်ဟာ တစ်ကိုယ်တည်း လျှောက်လှမ်းခဲ့တဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ဆိုတာကိုတော့ မင်းကို သတိပေးချင်တယ်။ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုလွဲလို့ ကျုပ်မှာ တခြားပိုင်ဆိုင်တာဆိုလို့ အနည်းအကျဉ်းပဲ ရှိတယ်။ ကျုပ်ရှိက မင်း အမွေဆက်ခံရမယ်ဆိုရင်တောင် သိပ်များများစားစား ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ကျိနစ်ယင်ကျွန်းဟာ တမူကွဲပြားတယ်။ အဲ့မှာ ကျင့်ကြံသူတွေ အများအပြား ရှိတဲ့အပြင် ကြီးမားတဲ့ လွှမ်းမိုးမှုလည်း ပိုင်ဆိုင်ထားတယ်။

“ကျုပ်ကိုယ်တိုင်ရဲ့ တပည့်အဖြစ် မင်းဟာ ကျွန်းပေါ်မှာ လွှမ်းမိုးမှု အများကြီး ပိုင်ဆိုင်နိုင်မယ်။ မင်းအနေနဲ့ စုံတွဲကျင့်ကြံဖို့ လှပတဲ့ အစေခံတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အဖိုးတန်ဆေးလုံးတွေနဲ့ သတ္တုအမယ်တွေကိုပဲ ဖြစ်ဖြစ် ရချင်တယ်ဆိုလည်း ဒီသခင်ကြီးက မင်းကို ရွေးချယ်ခိုင်းဦးမယ်။ ပြင်းပြတေးသံဂိုဏ်းက နတ်သမီးခရမ်းဝိညာဉ်နဲ့ မင်း အတူတူ လျှောက်လာတာကိုလည်း ဒီသခင်ကြီး မြင်ခဲ့တယ်။ မင်း သူမကို စိတ်ဝင်စားတယ်ဆိုရင်လည်း ကျုပ် ကိုင်တွယ်ပေးနိုင်တယ်။ ကျုပ်ကိုယ်တိုင် သူမကို ကျွန်းပေါ် ခေါ်လာပြီး မင်းရဲ့ လက်တွဲဖော်ဖြစ်ခိုင်းလို့ ရတယ်။ ဒီအရာတေါက မင်းအတွက် အများကြီး ကျေနပ်စေမှာပါ…”

ကျိနစ်ယင်သည် အတော်လေး တည့်တိုးဆန်လှသည်။ သူ ပေးနိုင်သည့် အခြေအနေများကို ပြောပြလာ၏။

သို့ပေမည့် ဤသည်မှာ အဆုံးသပ် မဟုတ်သေးပေ။ ခဏအကြာတွင် အရိုးသခင်၏ အသံသည် သိပ်မကြာခင် သူ့နားထဲ ဝင်ရောက်လာသည်။

“ကောင်လေးဟန်…ကျုပ်ရဲ့ သစ္စာဖောက်တပည့်ကို ဆရာအဖြစ် လက်ခံလိုက်။ အဲ့လိုဆိုရင် ကျုပ်တို့ သူ့ကို သတ်နိုင်မဲ့ အခွင့်အရေး ပိုရနိုင်တယ်။ မမေ့ပါနဲ့။ ကျုပ်က ရွက်လွှာကိုးခုဂျင်ဆင်းကို ဘယ်လို သန့်စင်ရမလဲဆိုတာ သိတဲ့ တစ်ဦးတည်းသောသူ ဆိုတာ။ ကျုပ် အကြံပေးသလို လုပ်တာက မင်းအတွက် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့…”

အရိုးသခင်၏အသံထဲတွင် ချိန်းခြောက်မှု ပြည့်နေတာ သိသာသည်။

ဟန်လိသည် စိတ်ထဲကနေ မျက်လုံး ကစားမိသည်။ သူတို့တစ်ယောက်ချင်းစီတွင် ဆိုင်ရာ ရည်ရွယ်ချက်များ ရှိနေသည်။ သူသာ ဂရုမစိုက်ခဲ့လျှင် ကြီးစွာ ခံစားသွားရနိုင်သည်။

သူ၏စိတ်ထဲတွင်မူ သူသာ အမှန်တကယ် ဆရာတစ်ယောက်ကို ရွေးချယ်ချင်လျှင် ပညာရှိအိုကြီးကို ရွေးချယ်မည်သာ။ သူသည် အကျိုးအမြတ် အများကြီး မရနိုင်သော်လည်း အရှုပ်အထွေးပတ်သက်မှုများကြား ကြားဝင်ရချင်မှ ရပေတော့မည်။ ဤသည်မှာ ပို၍ အေးချမ်းနိုင်သည်။ သူသည် နောက်ထပ် ရန်ပွဲများတွင် ပါဝင်ချင်မှ ပါဝင်ရပေလိမ့်မည်။

ကျိနစ်ယင်၏ ဆေးလလုံးများ၊ မိန်းမလှများ၊ ပညာရပ်များကိုမူ ဟန်လိသည် စိတ်မဝင်စားပေ။ သူ ပြောခဲ့သော နတ်သမီးခရမ်းဝိညာဉ်အပေါ်လည်း သူသည် ပို၍ပင် စိတ်မဝင်စားပါ။

သို့သော် အရိုးသခင်၏ အသံပို့လွှတ်ခြင်းကြောင့် ဟန်လိသည် သေချာ ပြန်စဉ်းစားရတော့မည်။ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခြင်းသည် အင်မောတယ်လမ်းကြောင်းအတွက် သူ၏ နောက်ထပ် ရည်မှန်းချက်ပင်။ ၎င်းသည် အချိန်တစ်ခု ယူရမည် ဖြစ်သော်လည်း ဆေးလုံးဖော်စပ်နည်းမှာ သူ လိုအပ်နေသော တစ်စုံတစ်ခု ဖြစ်နေဆဲသာ။

ထိုအတွေးဖြင့် ဟန်လိသည် ခေါင်းငုံ့ကာ ဆိုးကျိုးကောင်းကျိုးကို ချိန်ဆပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသည်။

ထိုမျှ အချိန်တိုလေးအတွင်း ဟန်လိ၏ အမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲနေသည်။ ထို့နောက်မှာ သူ ခေါင်းမော့လာ၏။ သူ ပြောလာသော စကားများကတော့ ကျိနစ်ယင်အဖို့ နားထဲ ဂီတသံနှယ်၊ ပညာရှိအိုကြီးအတွက်မူ စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။

“ကျနော်က ကျိနစ်ယင်ကျွန်းရဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးခဲ့တာ ကြာပါပြီ။ ဒါ့ကြောင့် ဂျူနီယာဟာ စီနီယာဝူရဲ့ လမ်းညွှန်မှုအချို့ကို လက်ခံယူချင်ပါတယ်…”

“သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ…ဟန်လိ။ ဒီသခင်ကြီးက မင်းကို အရင်ဆုံး အမည်ခံတပည့်အဖြစ် လက်ခံမယ်။ ကျုပ်တို့ ကျိနစ်ယင်ကျွန်းပေါ် ပြန်ရောက်တဲ့အခါကျရင်တော့ မင်းကို တရားဝင်တပည့်အဖြစ် အခမ်းအနား ကျင်းပကြတာပေါ့။ ဒီလေးနက်ယင်လက်စွပ်ဟာ ကျုပ် ငယ်ရွယ်စဉ်တုန်းက ရရှိခဲ့တဲ့ ရှေးဟောင်းရတနာတစ်ခုပဲ။ ကျုပ်ရဲ့ ကိုယ်ပိုင်တပည့်ဖြစ်တဲ့ ဒါကို မင်းဆီ ပေးလိုက်မယ်။ ဒါကို အမှတ်တရ အဖြစ်နဲ့ကော၊ အကာအကွယ် ရတနာအဖြစ်နဲ့ကော သိမ်းထားပြီး သေချာဂရုစိုက်ထိန်းသိမ်းပါ…”

ကျိနစ်ယင်သည် သံပူတုန်း နာနာနှက် ဟူသော စကား၏ အဓိပ္ပာယ်ကို ကောင်းကောင်း သိသူပင်။ သူသည် ချက်ခြင်းပင် သူ့လက်မှ မီးခိုးရင့်ရောင်လက်စွပ်တစ်ခုကို ချွတ်ကာ ဟန်လိထံသို့ လှမ်းပေးသည်။

ဟန်လိသည် အနည်းငယ် အံ့အားတသင့်ဖြင့် ၎င်းကို လက်ခံပြီး သေချာ ကြည့်သည်။

ထိုလက်စွပ်သည် ပုံမှန်အရွယ်အစားလောက်သာ။ သို့သော် ၎င်းပေါ်တွင် မျက်စိဖမ်းစားနိုင်သော အပြာရောင်အလင်း ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည့် ဆန်းကြယ်သည့် အဆောင်တချို့ ရှိနေသည်။ တချက်ကြည့်ရုံဖြင့် ၎င်းမှာ သာမန် မဟုတ်ကြောင်း ပြောနိုင်သည်။

ဟန်လိသည် ပျော်ရွှင်သွားစဉ် အရိုးသခင်၏ လှောင်ပြောင်သံကို ကြားရသည်။

“လေးနက်ယင်လက်စွပ်လား။ ကျုပ်ရဲ့ တည်ရှိမှုနဲ့ ပတ်သက်တဲ့ အရိပ်အမြွက်အားလုံးကို ဒီသစ္စာဖောက်တပည့်က အကုန်အစင် ရှင်းလင်းတဲ့ပုံပဲ။ ဒီဟာက ကျုပ် သူ့ကို ချီးမြှင့်ခဲ့တဲ့ ရှေးဟောင်းရတနာတစ်ခုဖြစ်တဲ့ ယင်ယန်လက်စွပ် ဖြစ်မယ်။ သူက ဒီလက်စွပ်ရဲ့ နာမည်ကိုပါ ပြောင်းခဲ့တာပဲ။ ဟား…တအားလည်း စိတ်လှုပ်ရှားမနေနဲ့။ ဒီယင်လက်စွပ်က မင်းရဲ့ ခန္ဓာကိုယ်နဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပေမယ့် ဒီလက်စွပ်နဲ့ မင်းကို ထိန်းချုပ်ဖို့လည်း အသုံးပြုနိုင်သေးတယ်။ မင်းကသာ သူနဲ့ ရင်ဆိုင်တဲ့အချိန် ဒါကို အသုံးပြုခဲ့ရင် မင်းတော့ ကြမ္မာဆိုး ဆိုက်ပြီ…”

ထိုစကားကို ကြားသည့်အခါတွင် သူသည် မည်သည့်မူမမှန်မှုကိုမျှ မပြပေ။ ထိုအစား သူသည် ကျိနစ်ယင်ကို တလေးတစားဖြင့် ကျေးဇူးစကားဆိုသည်။ သို့သော် သူသည် စိတ်ထဲကနေမူ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။ သူ့ဘေးတွင် ထိုကဲ့သို့သော ဉာဏ်များကောက်ကျစ်လှသော ကျိနစ်ယင်ကို ထားထားရခြင်းအတွက် သူ့အဖို့ ပိုကဲစွာ သတိထားမှကို ဖြစ်ချေတော့မည်။ မဟုတ်ပါက သူသည် ဆိုးဝါးသော ကံကြမ္မာနှင့် မိတ်ဆက်သွားနိုင်သည်။

အခုချိန်၌ အရိုးသခင်တွင် ကျိနစ်ယင်ကို သတ်နိုင်သော နည်းလမ်းတစ်ခု အမှန်တကယ် ရှိပါစေဟုသာ မျှော်လင့်နိုင်တော့သည်။ မဟုတ်ပါက သူသည် နောက်ပိုင်းတွင် ကျိနစ်ယင်ကျွန်း၌ ပတ်သက်ရတော့မည် ဖြစ်ကာ ကျိနစ်ယင်၏ နာခံသော တပည့် ဖြစ်လာရပေတော့မည်။

သည့်အပြင် ဟန်လိသည် ထိုကဲ့သို့ နာခံသော တပည့်တစ်ယောက် လုပ်ချင်ခဲ့လျှင်ပင် ကျိနစ်ယင်သည် သူ့ကို လက်ခံချင်မှ လက်ခံပေလိမ့်မည်။ ကိစ္စများ ပြီးစီး၍ ကျိနစ်ယင်က သူ့အပေါ် ရန်လို၊ မလိုကတော့ နောက်မှ စိတ်ပူရမည့် ကိစ္စသာ။

ခုချိန်တွင်မူ ကိစ္စရပ်များက ယခုကဲ့သို့ ဖြစ်လာမှတော့ သူ့အဖို့ တခြား တတ်နိုင်တာ မရှိလေတော့ပေ။

ဟန်လိသည် ကျင့်ကြံခြင်းလောကမှာ အားနည်းသူက အားကြီးသူကို အသနားခံရသော နေရာတစ်ခု ဖြစ်မှန်း ကောင်းကောင်း သိထားသော်လည်း သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်မှစ၍ ယခုကဲ့သို့ အကူအညီမဲ့မှုမျိုးကို မခံစားခဲ့ရဖူးပေ။

သူသည် အရင်တုန်းကလည်း ကျဉ်းထဲကျပ်ထဲ အခြေအနေများ ကြုံခဲ့ဖူးသော်လည်း သူ့ခွန်အားဖြင့်သာ ကျော်လွှားနိုင်ခဲ့ပေသည်။ သို့သော် အခုချိန်တွင် သူသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ပါက သူ့အဖို့ အနိုင်ရနိုင်မည့် အခွင့်အရေး တစိုးတစိမျှ ရှိမနေပေ။

ထိုသို့ ဖြစ်ရခြင်းမှာ သူများ ကျိန်စာမိ၍ မွေးဖွားလာသလားဟုပါ စဉ်းစားမိနေသည်။ သို့သော် ဤသည်မှာ အတွေးတစ်ခုမျှသာ။ သူသည် အရိုးသခင်နောက်သို့ လိုက်လံပြီး မြေပုံအပိုင်းအစ၏ လျှို့ဝှက်ချက်များကို စုံစမ်းချင်ခဲ့ရုံသာ ဖြစ်သည်။ အခုကဲ့သို့ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများ၏ မျက်စိထဲ မည်သို့များ ကျရောက်သွားခဲ့ရသနည်း။ ဟန်လိသည် သူ၏ ရွေးချယ်ခဲ့မှုအပေါ် နည်းနည်းတော့ နောင်တရ မိနေသည်။ ထိုသို့သော စိတ်အခြေအနေကို အပြင်ပိုင်းတွင် မပေါ်ရန် ကြိုးစားဖိနှိပ်ပြီးနောက်မှာ သူသည် အတင်းအကြပ် စိတ်လှုပ်ရှားခြင်းနှင့် ပျော်ရွှင်နေသည့်ဟန် ပြုမူရလေသည်။

ဟန်လိသည် လေးနက်ယင်လက်စွပ်ကို ဝတ်ပြီး သူ့ကို တလေးတစာ ကျေးဇူးတင်လာတာ မြင်သည့်အခါ ကျိနစ်ဘင်သည် အတော်လေး ကျေနပ်သွားသည်။ ပညာရှိအဘိုးအိုနှင့် တချို့အရာမျိုးကို ဆွေးနွေးပြီးနောက်မှာ သူ့နောက်သို့ ဟန်လိသည် လိုက်ပါလာခဲ့တော့သည်။

သည်တစ်နေ့တာမှာ ကုန်လွန်ခါနီးလေပြီ။ သူတို့သာ ချောက်နက်ထံသို့ အလောတကြီး မသွားခဲ့လျှင် သည်နေရာတွင် ထာဝရ ပိတ်မိသွားနိုင်သည်။ သို့ဖြစ်၍ ဟန်လိသည် သွေးကျောက်စိမ်းပင့်ကူကို ပြန်သိမ်းပြီး တခြားသူများနှင့်အတူ မိုးကုပ်စက်ဝန်းကို ဖြတ်၍ ပျံသန်းလာသည်။

လမ်းတစ်လျှောက်တွင် ကျိနစ်ယင်သည် ဟန်လိနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေပြီး ဟန်လိ၏ ကျင့်ကြံမှုမှ အမှားတချို့တလေကို ထောက်ပြပေးနေသည်။ သည့်အတွက် ဟန်လိမှာ များစွာ ကျေနပ်ရ၏။ သူ့စိတ်ထဲတွင်မူ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။

ဝူချောင်က ဤသ်ညကို မြင်သည့်အခါ သူ့မျက်နှာထက်တွင် မကျေမနပ်သည့် အရိပ်အယောင် ဖြစ်ပေါ်၏။ သူက ၎င်းကို တတ်နိုင်သမျှ ဖုံးဖိဖို့ ကြိုးစားသော်လည်း ဟန်လိသည် ရန်လိုမှုကို ခံစားမိရဆဲပင်။ သို့တိုင် ဟန်လိသည် မသိချင်ယောင်ဆောင်ထားပြီး သူ့ကို အာရုံမစိုက်ပေ။

သူတို့လေးယောက်သည် အလျင်အမြန် ပျံသန်းလာကြ၏။ ခြောက်နာရီလောက် ကြာပြီးနောက်မှာ သူတို့သည် ပေတစ်သောင်းလောက် မြင့်သော တောင်တစ်လုံး၏ရှေ့သို့ ရောက်လာသည်။

ထိုအလွန်အမင်း မက်စောက်သော တောင်သည် မီးခိုးရောင်၊ အနက်ရောင်ကျောက်တုံးများဖြင့် ပြည့်နေသည်။ ၎င်း၏ ဗဟိုချက်တွင် သိသာစွာ နှစ်ပိုင်းကွဲနေသည်။ ထိုအကွဲအဟသည် တောင်ခြေထိပင် ရောက်ကာ ချောက်နက်တစ်ခုကို သဘာဝအရ ဖြစ်ပေါ်စေနေသည်။

သို့သော် ပို၍ ထူးခြားသည်မှာ တောင်၏ ဗဟိုချက်ကနေ ခွဲထွက်သော နှစ်ပိုင်း၌ တစ်ပိုင်းသည် အပြာရောင်၊ ကျန်တစ်ပိုင်းသည် အနီရောင် တောက်ပနေသည်။ ၎င်းသည် အဝေးမှ ကြည့်လျှင်ပင် သိသာလှသည်။

ခုလက်ရှိ၌ ထိုဝင်ပေါက်တွင် ကျင့်ကြံသူသုံးဆယ်ကျော် ထိုင်နေကြသည်။ သူတို့၏ အမူအရာများက လေးနက်နေ၏။ သူတို့သည် တစ်စုံတစ်ခုကို စောင့်နေကြသည့်အလား။

ကျိနစ်ယင်နှင့် ကျန်သုံးယောက်သည် ထိုလူအုပ်၏ အလယ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ဟန်လိသည် သူတို့ကို လှမ်း၍ ကြည့်၏။ သူတို့ထဲတွင် ဝတ်ရုံနက်နှင့် ယွမ်ယောင်ကို တွေ့ရသည်။

ယွမ်ယောင်သည်လည်း ဟန်လိသည် မိစ္ဆာတာအိုဘက်မှ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများနှင့် အတူတူ ရှိနေတာကို မြင်သည့်အခါ သူမက အံ့အားတသင့် ဖြစ်သွား၏။ ဟန်လိသည် သူမထံသို့ လှမ်းကြည့်သည့်အခါ ခေါင်းကို တဖက်သို့ လွှဲ၏။ သူမသည် သူနှင့်အကြည့်ချင်း မဆုံဝံ့သည့်အလား။

ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွား၏။ ပြီးမှ သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး သဘောပေါက်သည်။ ထို့နောက်တွင်မူ သူသည် စကားမဆိုဘဲ တခြားနေရာများသို့ လှမ်းကြည့်သည်။

သူသည် နတ်သမီးခရမ်းဝိညာဉ်ကိုကော၊ သူမဘေးနားမှ လူငယ်ကိုကော မတွေ့ပေ။ ကြည့်ရတာ သူတို့သည် မီးနှင့်ရေခဲလမ်းကြောင်းများကို ဖြတ်သန်းဖို့ စိတ်ကူးမရှိဘဲ အဆောက်အဦထံသို့ ပြန်သွားတာ ဖြစ်ပုံရ၏။

တရားထိုင်နေသော ကျင့်ကြံသူများသည် အလေးအနက်ဟန် ပေါက်နေသော်လည်း သူတို့အားလုံးသည် သည်းခံနေရပုံပေါ်သည်။ ကျင့်ကြံခြင်းအရဆို သူတို့ထဲမှ အများစုသည် ဟန်လိထက် သာလွန်ကြ၏။ သူသည် သူတို့ထဲ၌ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် မည်မျှ ရှိမလဲကို မသိသော်လည်း အများစုကမူ အလယ်အဆင့်များဟု ပြောနိုင်သည်။ သူနှင့် ယွမ်ယောင်တို့ကဲ့သို့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်များသည် ခုနစ်ယောက်မျှသာ ရှိသည်။ သူတို့ သူတို့အားလုံးက ယုံကြည်မှုအပြည့် ရှိကြပုံ ပေါ်သည်။

ဟန်လိသည် ဘေးဘီသို့ ကြည့်ရှု၍ ပြီးသည့်နောက်မှာ မသိမသာ မျက်မှောင်ကြုတ်သည်။ ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့ကလွဲ၍ သည်နေရာတွင် တခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ရှိမနေပေ။ ထိုသည်ကို မြင်သည့်အခါ ကျိနစ်ယင်သည် နေရာကောင်းတစ်ခုကို ရှာပြီး ထိုင်ချသည်။ ဝူချောင်က သူ့နောက်မှ လိုက်လာပြီး ဘေးတွင် ထိုင်သည်။

“ဟန်လိ…မင်းဆရာ ဘေးမှာပဲ လာအနားယူချေ…”

ကျိနစ်ယင်သည် သူ့ကိုယ်သူ ဟန်လိ၏ ဆရာအနေကနေ လှမ်း၍ ပြောသည်။

ဟန်လိသည် ထိုသူ၏ ဘေးတွင် နီးနီးကပ်ကပ် မရှိချင်ပေ။ သို့သော် ကျိနစ်ယင်၏ အကြည့်အောက်တွင် သူက ဘာမျှ မတတ်နိုင်ဘဲ ဘေးတွင် သွားထိုင်ရတော့၏။

All Chapters