ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်
Vol. 33 Ch. 457
ဟန်လိ ထိုင်ရုံရှိသေး သူသည် အကွာအဝေးတစ်ခုမှ အသံပေါက်ကွဲမှုတစ်ခုကို ကြားရသည်။ ဝမ်ထျန်မင်နှင့် လမ်းမှန်တာအိုကျင့်ကြံသူနှစ်ယောက်တို့ ပေါ်လာကာ မြေပြင်ထက်သို့ ဆင်းသက်လာသည်။
သူတို့သည် ကျိနစ်ယင်နှင့် ပညာရှိအိုကြီးတို့ကို တွေ့သည့်အခါ နှာခေါင်းရှုံ့ပြီး တခြားနေရာတစ်ခုတွင် စုဝေးကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကား ပြောကာ အချို့သော လျှို့ဝှက်ကိစ္စများကို ဆွေးနွေးသည်။
ကျိနစ်ယင်က ဤသည်ကို မြင်သည့်အခါ နှာခေါင်းရှုံ့သည်။ ခဏအကြာတွင် သူက မျက်လုံးမှိတ်၏။
ဟန်လိသည် ကျိနစ်ယင်ကဲ့သို့ တည်ငြိမ်ဖို့ငှာ မဖြစ်နိုင်ပေ။ ထိုအစား သူက တခြားနေရာသို့ လှည့်ကြည့်နေသည်။ သူသည် တစ်စုံတစ်ခုကို လေ့လာရှာဖွေနေသည့်အလား။ သို့ပေမည့် တစ်စုံတစ်ဦးကသာ ဟန်လိကို အာရုံစိုက်၍ စူးစမ်းကြည့်ပါက သူ့အကြည့်သည် အသက်မပါတာကို မြင်ရပေလိမ့်မည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ နောက်ထပ် ကျင့်ကြံသူခြောက်ယောက် ဆက်တိုက်ဆိုသလို ရောက်လာသည်။
ကြယ်နန်းတော်မှ ဝတ်ရုံဖြူအကြီးအကဲနှစ်ယောက်သည်လည်း အလျင်စလို ရောက်လာသည်။ အခုအခါ၌ မရောက်သေးသော စဦးစိတ်ဝိညာဉ်ကျင့်ကြံသူဟူ၍ မန်ဟုဇီတစ်ယောက်သာ ရှိတော့သည်။
လာမည့်တစ်နာရီအထိ မန်ဟုဇီသည် ခုထိ မပေါ်လာသေးပေ။ ထိုအခါ ဝမ်ထျန်းမင်နှင့် တခြားလမ်းမှန်ကျင့်ကြံသူတို့သည် ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့ကို ထူးခြားသည့်ဟန်ဖြင့် လှမ်းကြည့်သည်။ သို့တိုင် သူတို့နှစ်ဘက်လုံးသည် တည်ငြိမ်နေဆဲပင်။
ဟန်လိသည် ထိုနှစ်ယောက်နားတွင် အနီးကပ် ရှိနေသည် ဖြစ်၍ သူတို့၏ မျက်လုံးထဲရှိ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင် ပေါ်သည်။ မန်ဟုဇီ၏ ရောက်မလာသေးခြင်းက မိစ္ဆာတာအိုကျင့်ကြံသူနှစ်ယောက်ကို ပူပန်စေတာ သိသာသည်။ ထိုသူ မရှိလျှင် သူတို့သည် လမ်းမှန်ကျင့်ကြံသူများကို မယှဉ်နိုင်ကြောင်း ပြသနေ၏။
အချိန် တဖြည်းဖြည်း ကုန်လာ၏။ ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့သည် သူတို့၏ တည်ငြိမ်မှုကို ဆက်၍ မထိန်းထားနိုင်ကြတော့ပါ။ သူတို့၏ အမူအရာများက ဖိစီးဟန် ပေါ်လာပြီး သူတို့သည် ကောင်းကင်ထက်သို့ ထပ်တလဲလဲ စကြည့်နေလေပြီ။
ကောင်းကင်ယံတွင် အချိန်ကုန်လွန်လာသည့် အရိပ်လက္ခဏာ မပြသဘဲ အမြဲတောက်ပလင်းထင်းနေသော်လည်း ဟန်လိသည် ယနေ့မှာ ကုန်ဆုံးတော့မည်ဟု ထင်သည်။
“မိစ္ဆာတာအိုဘက်က ထိပ်တန်းပုံရိပ်တစ်ခု ဖြစ်တဲ့ မန်ဟုဖီက ကောင်းကင်လေဟာနယ်ခန်းမမှာ အဟန့်အတား တချို့ ကြုံနေရတာများ ဖြစ်နိုင်လား…”
ဟန်လိသည် စဉ်းစားကြည့်နေသည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သူ့အဖို့ ကောင်းတာလား သို့မဟုတ် အဆိုးဖြစ်လေမလားတော့ မသိနေပေ။
မိစ္ဆာတာအိုကျင့်ကြံသူများက ပို၍ ကြောင့်ကြစိတ် များလာစဉ် လမ်းမှန်တာအိုဘက်မှ ကျင့်ကြံသူများကတော့ ရန်လိုစိတ် ပိုတိုးလာသည်။ မကြာခင်တွင် အဝေးရှိ ကောင်းကင်ယံမှ လေတိုးသံများက သူတို့ထံသို့ ရောက်၏။ ထိုလေတိုးသံများကား အလွန်ကျယ်လှသည်။
သို့သော် ကျိနစ်ယင်နှင့် ပညာရှိအိုကြီးတို့သည် ထိုအသံကို ကြားသည့်အခါ၌ သူတို့၏ အမူဟန်ပန်များသည် စိတ်သက်သာရာ ရကုန်သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ပြုံး၍ ကြည့်လိုက်သည်။
ပညာရှိအိုကြီးသည် ပြုံး၍ ခပ်တိုးတိုး ပြော၏။
“ဒီမန်ဟုဇီရဲ့ စိတ်အခြေအနေက အတော်လေး ကောင်းနေတဲ့ပုံပဲ။ ကြည့်ရတာ သူ မထင်မှတ်တဲ့ အကျိုးအမြတ်တစ်ခု ရလာခဲ့လောက်တယ်…”
“ဟား…ဘာ မထင်မှတ်တဲ့ဟာလည်း။ အများဆုံးမှ သူက မူလသစ်သီးတွေကို ခူးယူနိုင်ရုံပေါ့…”
ကျိနစ်ယင်သည် ခေါင်းယမ်းကာ စိတ်မပူဟန်ဖြင့် ပြောသည်။
ပညာရှိအိုချင်းယီက ပြုံး၏။ သို့သော် သူသည် တစ်စုံတစ်ခုကို တွေးမိသည့်အခါ၌ အကွာအဝေးတစ်ခုရှိ ကောင်းကင်၌ အဝါရောင်အလင်းလုံးတစ်ခု လင်းလက်သွားပြီး ကြယ်ပျံတစ်စင်းနှယ် သူတို့ထံ ဦးတည်လာသည်။ ချက်ခြင်းပင် လူတိုင်းသည် ကောင်းကင်ထက်သို့ ကြည့်ကြ၏။
ဟန်လိ၏ မျက်လုံးထဲတွင် ထူးခြားသောဟန်ပန် ဖြစ်ပေါ်သွားပြီး သူသည် အလင်းစက်ဝန်းထံ ကြောင့်ကြပူပန်စိတ်ကို ဖုံးကွယ်၍ လှမ်းကြည့်သည်။
သူသာမဟုတ်။ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်၏ စွမ်းပကားကို ခုမှ ပထမဆုံး မြင်ဖူးသော တခြားကျင့်ကြံသူများသည်လည်း တုန်လှုပ်ဟန်များ ဖြစ်ပေါ်ကုန်သည်။
ထိုအဝါရောင်အလင်းလုံး၏ ဖုံးလွှမ်းထားမှုအောက်မှာ မန်ဟုဇီသည် အလွန်အမင်း ထူးခြားသူ ဖြစ်နေပြီး နတ်ဆိုးဆန်သော နတ်ဘုရားတစ်ပါးနှယ် ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်သည် တောက်ပလင်းထင်းသော ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေရုံသာမက သူ့အရေပြားမှာလည်း ကြေးပြားအရွယ် ရွှေရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားသေးသည်။ ထိုကြေးခွံများသည် ရွှေအစစ်ကဲ့သို့ပင်။ ခမ်းနားအေးစက်သောအလင်းဖြင့် တောက်ပ၏။ အထင်ကြီးစရာ ကောင်းလှပါသည်။
ကျိနစ်ယင်ဘေးရှိ ဝူချောင်သည် ငေးမောနေရင်းဖြင့် ပြောလိုက်သည်။
“ဒါက ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်လား။ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းပုံ ရတယ်…”
သူသည် မန်ဟုဇီ၏ အသွင်ဟန်ပန်ကို အတော်လေး ကြောက်လန့်နေပုံ ရသည်။
ကျိနစ်ယင်သည် ဝူချောင်ကို အေးတိအေးစက် တချက် လှမ်းကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ဟန်ဖြင့် ပြောသည်။
“ဟက်…ဒါက လိပ်ခွံသာသာပါပဲ။ ငါသာ လေးနက်ယင်ပညာရပ်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ခဲ့ရင် ဒီကောင်းကင်တောင့်ခံခြင်းပညာရပ်ထက် အားနည်းလိမ့်မှာ မဟုတ်ဘူး…”
ထိုစကားကိုကြားမှ ဝူချောင်သည် သူ၏ဘိုးဘေးမှာ မန်ဟုဇီအပေါ် အကောင်းမမြင်တာ ပြန်သတိရမိသွားသည်။ မန်ဟုဇီအပေါ် ချီးကျူးခြင်းသည် ကျိနစ်ယင်ကို စော်ကားခြင်း မဟုတ်လား။ ထို့နောက်တွင်မူ သူသည် သူ့ဆရာဖြစ်သူကို အရှက်ရသည့်ဟန်ဖြင့် ထပ်တလဲလဲ ချီးကျူးသည်။ ယင်းနောက် သူက ငြိမ်သက်နေတော့သည်။
ကောင်းကင်၌ မန်ဟုဇီသည် အောက်ဘက်မှ သူများကို ဝေ့ကြည့်၏။ သူသည် ကျိနစ်ယင်နှင့် အခြားသူများကို တွေ့မြင်သည်။ သူသည် သူတို့ထံသို့ ဆင်းသက်လာသည်။ အနီးအနားရှိ မြေပြင်သည်ပင် တုန်ခါသွားလေ၏။
ထိုသို့ ဆင်းသက်လာပြီးနောက်မှာ မန်ဟုဇီသည် သူ့ခန္ဓာကိုယ်မှ ကြေးခွံများကို ပြန်ရုတ်သိမ်းသည်။ သူ၏ ရွှေရောင်အလင်းလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
“ကြည့်ရတာ အစ်ကိုမန်က အတော်လေး ရိတ်သိမ်းနိုင်ခဲ့တဲ့ ပုံပဲ။ မဟုတ်ရင် ခင်ဗျားက အခုလောက်ထိ ဘယ်လိုလုပ် ရွှင်ပြုံးနေပါ့မလဲ…”
ပညာရှိအိုကြီးသည် သူ့လက်နှစ်ဖက်ကို ဆုပ်၍ တောက်ပစွာ ပြုံးပြီး ပြောသည်။
သူ၏ စကားကို ကြားသည့်အခါ မန်ဟုဇီ၏ စိတ်လှုပ်ရှားမှုသည် ပျောက်ကွယ်သွားသည်။ သူက ချက်ခြင်း ပြန်မေးသည်။
“ဟားဟား…ကျုပ်က အကျိုးအမြတ်တချို့ ရခဲ့ရုံပါပဲ။ ကျုပ်က မူလသစ်သီးပင်နားက ရေခဲအစင်းကျားဖားပြုတ်ကို သတ်နိုင်ခဲ့တယ်။ ဒီကောင်ရဲ့ အတွင်းပိုင်းအမြုတေဟာ ကျုပ်ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်အတွက် အများကြီး အကျိုးရှိစေတယ်လေ…”
ကျိနစ်ယင်နှင့် ချင်းယီတို့သည် သူတို့ထင်တာနှင့် ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ ထိုသူက အမှန် ပြောနေတာ ဟုတ်၊ မဟုတ် သူတို့ မသိကြပေ။
ခဏနေ ပညာရှိအိုချင်းယီသည် အစောပိုင်းတုန်းကလိုပင် ပြန်ပြုံးပြီး ပြောလာသည်။
“ဒီတော့ ကျုပ်က ရောင်းရင်းမန်ကို ဂုဏ်ပြုပါတယ်။ ခင်ဗျားရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ် တိုးတက်သရွှေ့ ခင်ဗျားဟာ လမ်းခြောက်သွယ်ရဲ့ လက်နက်သူတော်စင်နဲ့ ကောင်းကင်ကြယ်ပညာရှိသခင်တို့နဲ့ ခွန်အားချင်း တူလာမှာပေါ့…”
ယင်းနောက်တွင် ကျိနစ်ယင်သည် တည်ငြိမ်သောဟန်ဖြင့် သူ့ကို ချီးကျူးဂုဏ်ပြုစကား ပြောသည်။
မန်ဟုဇီသည် တဟားဟား ရယ်ပြီး တစ်ခုခု ပြောရန် ဟန်ပြင်သည်။ သို့သော် သူ့အကြည့်က ဟန်လိအပေါ်သို့ ကျရောက်သွားချိန်တွင်မူ စဉ်းစားမရသည့်ဟန် ဖြစ်ပေါ်သည်။ ယင်းနောက်တွင်မူ သူသည် ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်၏။
ထိုဖိအားအောက်တွင် ဟန်လိသည် သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း တင်းကြပ်လာသည်ဟု ခံစားရသည်။ သူ၏ ခြေလက်များသည်ပင် လှုပ်ရှားနိုင်စွမ်းမဲ့သွားရသည်။ သို့သော် ဟန်လိကို အတုန်လှုပ်စေဆုံးကတော့ မန်ဟုဇီ၏ ရေခဲတမျှ မျက်လုံးအကြည့်က သူ၏ စိတ်နှင့် ခန္ဓာကိုယ်တို့ကို ဖြတ်ကျော်၍ မြင်နေသည်ဟူသော ခံစားချက်ကို ရနေခြင်းပင်။
ဟန်လိ၏ အသားအရေသည် သေလောက်အောင် ဖြူရော်သွားသည်။ ထို့နောက်တွင် သူက မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို လှည့်ပတ်၍ တုန့်ပြန်၏။ ခဏအကြာတွင် သူ့စိတ်သည် ပြန်တည်ငြိမ်သွားပြီး သူ၏ မျက်နှာထက်တွင် သွေးရောင် မသိမသာ ပြန်သမ်းလာသည်။ သူက သူ့ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ပြန်ထိန်းချုပ်နိုင်သွား၏။
“အန်…” မန်ဟုဇီသည် မအံ့ဩဘဲ မနေနိုင် ဖြစ်သွား၏။ ခဏအကြာတွင် သူသည် ကျေနပ်အံ့အားသင့်ဟန် ထုတ်ဖော်သည်။ သို့သော် သူက တခြား တစ်ခုခုကို တွေးမိသည့်အခါ ကျိနစ်ယင်သည် ဖြတ်ခနဲ လှုပ်ရှား၍ ဟန်လိ၏ အရှေ့တွင် ပေါ်လာလေသည်။
ကျိနစ်ယင်သည် မန်ဟုဇီ၏ ဖိအားကို ကြားဝင်တောင့်ခံပေးလျက် တည်ငြိမ်စွာ မေးသည်။
“အစ်ကိုမန်…ခင်ဗျား ဒါ ဘာလုပ်တာလဲ။ ခင်ဗျားက ကျုပ်ရဲ့ ဂျူနီယာတပည့်အပေါ် ဘာကြောင့် အနိုင်ကျင့်ရတာလဲ…”
“ဂျူနီယာတပည့် ဟုတ်လား…” မန်ဟုဇီသည် ခဏတော့ မင်သက်သွားသေးသည်။ ထို့နောက်တွင် သူသည် သုန်မှုန်သွား၏။
သူက ဝူချောင်ထံသို့ အထင်အမြင်သေးစွာ တချက် လှမ်းကြည့်ပြီး တည့်ပြောသည်။
“ကျိနစ်ယင်…မင်းက ကျုပ်ကို လာနောက်နေတာလား။ ဒီကောင်လေး ဝူချောင်ကလွဲလို့ ကောင်းကင်လေဟာနယ်ခန်းမထဲ မင်းက တခြားဘယ်တပည့်ကိုများ ခေါ်လာခဲ့သေးလို့လဲ…”
“ဟားဟား…မန်ဟုဇီ…ခင်ဗျား နားလည်မှု လွဲနေပြီ။ ဒီမိတ်ဆွေလေးဟန်ကို ရောင်းရင်းဝူက ဒီနေ့တင် တပည့်အဖြစ် လက်ခံခဲ့တာ။ ဒါ့ကြောင့် ရောင်းရင်းမန် မသိတာ မထူးဆန်းနေပါဘူး…”
ပညာရှိအိုသည် ဘေးကနေ ဝင်ရောက်ရှင်းပြသည်။ ခုလက်ရှိ၌ ဟန်လိသည် သူတို့အတွက် အလွန်အရေးကြီးလှ၏။ ပြဿနာတစ်ခုခု မဖြစ်စေရန် သူ့ကို ကာကွယ်ပေးရမှာ သဘာဝပင်။
“ကျိနစ်ယင်…ကျုပ် ကြားလိုက်တာ အမှန်ပဲလား။ မင်းက ဒီမှာ ရှိနေစဉ်အတွင်း တပည့်တစ်ယောက် လက်ခံခဲ့တာလား…”
မန်ဟုဇီသည် အံ့အားတသင့် ဖြစ်ကာ ဟန်လိကို နှစ်ကြိမ်တိုင် သေချာလှမ်းကြည့်သည်။
“သူက အမည်ခံတပည့်ပဲ ဖြစ်ပြီး ခုထိ ဆရာတပည့်အဖြစ် တရားဝင်အခမ်းအနားကို မကျင်းရသေးဘူး ဆိုပေမဲ့ မိတ်ဆွေလေးဟန်ဟာ အခု ကျုပ်တို့ ကျိနစ်ယင်ကျွန်းရဲ့ အဖွဲ့ဝင်ယောက်ပဲ။ အစ်ကိုမန်က ကျုပ်ကို ခက်ခဲအောင် မလုပ်ဖို့ မျှော်လင့်မိပါတယ်…”
ကျိနစ်ယင်သည် ပြုံးယောင်သမ်း၍ ပြောသည်။
မန်ဟုဇီသည် သုံးလေးကြိမ်လောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကျိနစ်ယင်နှင့် ချင်းယီတို့ကို ကြည့်သည်။ ထို့နောက်တွင် သူ့အကြည့်က ဟန်လိထံသို့ ရောက်သွား၏။ ယင်းနောက်မှာ သူသည် ရယ်မောကာ ပြောသည်။
“ကောင်းတယ်…သိပ်ကောင်းတယ်။ မင်းရဲ့ ဒီတပည့်က အတော်လေး ကောင်းတာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံဟာ မင်းရဲ့ မြေးထက် အဆများစွာ သာလွန်နေတာကိုတော့ ပြောနေဖို့တောင် မလိုဘူး။ မင်း သူ့ကို ကောင်းကောင်း ပျိုးထောင်ပေးရင် သူက အနာဂတ်မှာ ထွန်းပေါက်လာနိုင်တယ်…”
သူ၏ နောက်ဆုံးစကားတွင် ပိုလေးနက်သော အဓိပ္ပာယ်တစ်ခု ပါနေသည့်ပုံပင်။
ကျိနစ်ယင်နှင့် ချင်းယီတို့သည် ဘာပြောရမှန်းမသိ ဖြစ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်မိကြသည်။
ကျိနစ်ယင်သည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း မေးသည်။
“အစ်ကိုမန်က ဘာကို ဆိုလိုတာများလဲ…”
“ကျုပ်က ဘာမှ မဆိုလိုပါဘူး။ မင်းရဲ့ အမည်ခံတပည့်က အတော်လေး ကောင်းတယ်။ သူ့ကို ကျုပ်ဆီ ပေးဖို့ မင်း စိတ်ဝင်စားလား။ ဒီကောင်လေးဟာ ကျုပ်ရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ကို ကျင့်ကြံဖို့အတွက် အတော်လေး သင့်တော်တယ်လို့ ကျုပ် ခံစားမိတယ်…”
မန်ဟုဇီသည် ဂရုမစိုက်ဘဲ ထိုသို့ ပြောချလာသည်။ သို့သော် သူ၏ စကားများကမူ သူ့မိစ္ဆတာအိုရောင်းရင်း ကျင့်ကြံသူများကို အကြီးအကျယ် လန့်ဖျန့်သွားစေသည်။
ပညာရှိအိုချင်းယီသည် အလျင်အမြန် တခြားအကြောင်းကို လွှဲ၍ ပြောလာသည်။
“အစ်ကိုမန်ကတော့ နောက်နေတာပဲ ဖြစ်ရမယ်။ ဒီကောင်လေးဟန်က ကျိနစ်ယင်ရဲ့တပည့် ဖြစ်နေပြီလေ။ ဒါကို အလွယ်တကူ ဘယ် ပြောင်းလဲလို့ ရပါတော့မလဲ…”
မန်ဟုဇီသည် ညစ်ပြုံးပြုံး၍ ရယ်ပြီး သူ့မုတ်ဆိတ်တို့ကို ပွတ်သပ်သည်။ ရုတ်တရက် သူက အေးစက်လှသော လေသံဖြင့် ပြောသည်။
“ဟားဟား…မင်း အဲ့လို မလုပ်ချင်ဘူးဆိုလည်း ထားလိုက်တော့။ အမှန်တိုင်း ပြောရရင် ကျုပ်အတွက် တပည့်တစ်ယောက် လက်ခံတာဟာ အတော့်ကို ကသိကထ များတယ်။ ဒါပေမဲ့လို့ ရောင်းရင်းချင်းက ကျိနစ်ယင်ကျွန်းတပည့်တစ်ယောက်အတွက် ဘာကြောင့်များ စိတ်ပူပန်တကြီး ဖြစ်နေရတာလဲ။ ဒီကောင်လေးမှာ ဖော်ထုတ်ပြလို့ မရတဲ့ တစ်ခုခုများ ရှိနေလို့လား…”
ထိုသို့ ပြောပြီးနောက်မှာ အဘိုးအိုချင်း၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ ထို့နောက်မှာတော့ သူသည် ကျိနစ်ယင်ကို တည်ငြိမ်စွာ လှမ်းကြည့်၏။