← Chapters

ခြေကျင်ခရီးကြမ်း

Vol. 33 Ch. 459

ခြေကျင်ခရီးကြမ်း

Vol. 33 Ch. 459

ကျိနစ်ယင်သည် ဒေါသမထွက်ပေ။ ထိုအစား သူက ရယ်မောကာ ပြန်ပြောသည်။

“ကျုပ် တပည့်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းတယ်လေ။ သူ့ဆရာတစ်ယောက်အနေနဲ့ ကျုပ်က သူ့ကို ကြည့်ရှုတာ သဘာဝကျပါတယ်။ အဖြူရောင်ဦးချိုသင်္ကေတက အဖိုးတန်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေမယ့် ကျုပ်က ရေခဲလမ်းကို ရွေးချယ်ဖို့ စီစဉ်ထားတာဆိုတော့ ကျုပ်အတွက်လည်း အသုံးမတည့်လှဘူး။ ကျုပ်သာ မမှားဘူးဆို အစ်ကိုမန်မှာလည်း ရေခဲပုလဲတစ်ခု ရှိတယ်မလား။ ဒါကို ကျုပ် တပည့်ဆီ ငှားပေးနိုင်မလား။ ရောင်းရင်းလည်း ကျုပ်ရဲ့ တပည့်ကို အတွင်းပိုင်းခန်းမတွေထဲ မဝင်ခင်မှာ ဒုက္ခမရောက်စေချင်တာတော့ သေချာပါတယ်လေ…”

“ဟားဟား…ကျုပ်ကလည်း ဒီကောင်လေးကို ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို မရခင် လွယ်လွယ်သေသွားခွင့် ပြုမှာ မဟုတ်ပါဘူး။ ဒီရေခဲပုလဲကိုက ကျုပ်ရဲ့ အစောပိုင်းနှစ်တွေတုန်းကသာ လိုအပ်ခဲ့တာ။ မင်း ဘယ်လောက်တောင် ကံကောင်းလိုက်လဲ…ကောင်လေး…”

ထိုသို့ပြောကာ မန်ဟုဇီသည် လက်မအရွယ်ခန့် နို့နှစ်ရောင်ပုလဲတစ်လုံးကို ဟန်လိထံသို့ ပစ်ပေးလိုက်သည်။

ဟန်လိသည် အတော်လေး ပျော်ရွှင်သွားပြီး သူက ကျေးဇူးတင်ကြောင်း ထပ်တလဲလဲ ပြောသည်။ သူသည် ထိုရတနာများ သူ့ကို ပေးခြင်းမှာ သွေးကျောက်စိမ်းပင့်ကူကြောင့်သာ ဖြစ်မှန်း သိသော်လည်း ၎င်းတို့သည် သူ့ကို ချောရည်ခဲလမ်းကြောင်းနှင့် ဘေးကင်းကင်း ဖြတ်သွားနိုင်ခွင့် ပြုပေလိမ့်မည်။ ၎င်းမှာ သူ လိုချင်နေတာ အတိအကျ ဖြစ်၏။

ထိုရေခဲပုလဲသည် ဦးချိုသင်္ကေတနှင့် အသွင်တူသော်လည်း ထိကြည့်သည့်အခါ ၎င်းက အများကြီး ပိုအေးစက်၏။ ဟန်လိ၏လက်ထဲထိပင် အအေးဓာတ်က စိမ့်ဖောက်ဝင်လာခဲ့သည်။ သူက ၎င်းကို သူ၏ သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ထည့်သိမ်းလိုက်ရသည်။

ပညာရှိအိုချင်းယီက ထိုသည်ကို မြင်သည့်အခါ သူသည် တဟားဟား ရယ်မော၍ ဖြတ်ခနဲ ရေခဲလမ်းကြောင်းထဲ ဝင်ရောက်သွားလေသည်။ တခြားသူများသည်လည်း ဤသည်ကို မြင်သည့်အခါ သူတို့ အစောပိုင်းတုန်းက ရွေးချယ်ထားခဲ့သော ချောက်နက်ထံ ဦးတည်သည့်လမ်းကြောင်းများအတိုင်း ဆက်တိုက် စတင် ဝင်ရောက်ကြသည်။

ခဏအတွင်းမှာ ကျင့်ကြံသူအများစုသည် ချောက်နက်ထဲသို့ ဝင်ရောက်သွားကြလေပြီ။

ကျိနစ်ယင်သည် ဟန်လိထံသို့ တချက်လှမ်းကြည့်ပြီး ပြောလိုက်၏။

“ဟန်လိ…မင်းကော မသွားသေးဘူးလား။ ကျုပ်တို့ နောက် ရက်အနည်းငယ်ကြာရင် အဆုံးမှာ ပြန်တွေ့ကြတာပေါ့…”

ဟန်လိသည် သဘောမတူစရာ မရှိပေ။ သူသည် ချောရည်ခဲလမ်းကြောင်းထံ ဦးတည်လာသည်။ သူ ရှေ့သို့ လျှောက်လှမ်းနေစဉ် ဘေးဘီသို့ ဝေ့ကြည့်သည်။ သူ့၌ စိုးရိမ်ကြောင့်ကြနေသော ခံစားချက်တစ်ခု ရှိသည်။

“ဟို မိစ္ဆာအိုကြီး…အရိုးသခင်လည်း ခုထိ မပေါ်လာသေးပါလား။ သူ စိတ် ပြောင်းသွားပြီး လစ်ထွက်သွားတာများလား…”

ဟန်လိသည် အဆိုးဆုံးကို မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။

တကယ်တော့ လူသားများ၏ စိတ်နှလုံးသည် ခန့်မှန်း၍ မရလေပေ။ ထိုသူသည် ကျိနစ်ယင်၏ ခွန်အားကို မြင်ပြီးနောက်မှာ စိတ်ပြောင်းသွားတာ ဖြစ်ချင် ဖြစ်နိုင်သည်။ အရိုးသခင်ကသာ သူ့ကို အမှန်တကယ် ထားခဲ့လျှင် ဟန်လိသည် အရိုးသခင်၏ သတင်းကို အသုံးပြုကာ သူ့အသက်ကို အာမခံနိုင်ဖို့အတွက် ကျိနစ်ယင်နှင့် ညှိနှိုင်းရပေလိမ့်မည်။ ထိုသို့ တွေးမိပြီး ဟန်လိ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ခနဲ တောက်ပသွားသည်။

ထိုလှုပ်ရှားမှုသည် တခြားသူများကို အာရုံစိုက်မိသွားစေသည်။ ဟန်လိသည် သည့်အတွက် နောင်တရမိသလို ဖြစ်နေစဉ် အရိုးသခင်၏ အသံသည် ရုတ်တရက် သူ့နားထဲသို့ ဝင်လာ၏။

“ဟိုဟိုဒီဒီ လျှောက်မကြည့်နေနဲ့။ ငါ ဒီအနီးအနားမှာ ပုန်းနေတာ။ ခုထိ ငါ့ကိုယ်ငါ မဖော်ပြသေးတာ။ မင်းဘာသာ အကောင်းဆုံးလုပ်။ ရေခဲနဲ့မီး လမ်းကြောင်းပြီးတဲ့နောက် ငါ မင်းနဲ့ ထပ်တွေ့မယ်…”

ဟန်လိသည် အံ့အားသင့်နေရာကနေ ပြန်ကောင်းမွန်လာပြီးနောက်မှာ အတော်အတန် စိတ်အေးသွားပြီး လမ်းကြောင်းထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။

ထိုလမ်းကြောင်းထဲ ဝင်လိုက်သည်နှင့် ဟန်လိသည် သူ့ကို လေပူများ လာတိုက်ခတ်ပြီး သူ့ခန္ဓာကိုယ်ပေါ်၌ ချစ်ချစ်တောက်ပူပြင်းမှုကို ခံစားရ၏။ ဟန်လိသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ အာရုံစိုက်၍ ကြည့်သည်။

ထိုလမ်းကြောင်းသည် ခြောက်မီတာမျှ အကျယ်ရှိ၏။ အလွန်ရှည်သည်ဟု မယူဆနိုင်ပေ။ သို့သော် ရှေ့ဆက်ရမည့်လမ်းတွင် အနီရောင်အလင်းမှာ တောက်ပနေသည်။ ၎င်းအလင်းကို တွေ့မြင်ရသူများအဖို့ စိတ်ထဲ၌ မသက်မသာ ခံစားရစေ၏။

ဟန်လိသည် သူ၏ သွေ့ခြောက်နေသော နှုတ်ခမ်းများကို သပ်ကာ ၎င်းထံ ခဏလှမ်းကြည့်သည်။ ထို့နောက်တွင် သူက ရှေ့ဆက်လျှောက်လာသည်။ သူ့ခြေလှမ်းတိုင်းတွင် အပူရှိန်က မြင့်မြင့်လာ၏။ ခြေလှမ်းသုံးဆယ်လောက် လှမ်းလာပြီးသည့်နောက်မှာ ဟန်လိသည် ရှေ့ဆက် မတိုးနိုင်တော့ချေ။ လေပူများက သူ့အပေါ် တိုက်ခတ်နေလျက် ဘေးပတ်လည်ရှိ မြင့်မားသော အပူချိန်သည် သူ့ခန္ဓာကိုယ်ကိုပါ နာကျင်လာစေသည်။

ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာတော့ ဟန်လိသည် သူ၏ခန္ဓာကိုယ်ကို ရေဓာတ်အရံအတားနှင့် ခြုံလွှမ်းသည်။ အပြာရင့်ရောက်တောက်ပမှုက ချက်ခြင်းပင် ချစ်ချစ်တောက်အပူကို သက်သာသွားစေသည်။

ထို့နောက်တွင် သူက သူ့သိုလှောင်အိတ်ကို ပုတ်၏။ အပြာရောင်အလင်းတန်းတစ်ခုသည် သူ့လက်ထံ ပျံဝဲလာပြီး မီးဒဏ်ခံဝတ်ရုံများအဖြစ်သို့ ပြောင်းသည်။

အများကြီး မစဉ်းစားနေဘဲ ဟန်လိသည် ထိုဝတ်ရုံကို ဝတ်၏။ သူ၏ခန္ဓာကိုယ်၌ အေးစိမ့်မှုကို ရုတ်တရက် ခံစားရသည်။ စိတ်အားတက်ကြွသွားပြီး ဟန်လိသည် ရှေ့ဆက်လျှောက်လာသည်။

ခြေလှမ်းဆယ့်နှစ်လှမ်းလောက် လှမ်းလာပြီးသည့်နောက်မှာ အလင်းတစ်ခု ရုတ်တရက် လင်းဖြာသွားတာကို သူ မြင်၏။ အနီရောင်အလင်းနံရံတစ်ခုသည် သူ၏လမ်းကြောင်းကို လာပိတ်ဆို့နေသည်။

ထိုအလင်းနံရံကို တချက်ကြည့်ပြီးနောက်မှာတော့ သူသည် ရှေ့သို့ ဆက်လျှောက်သည်။ သူ့အနောက်ဘက်မှ ခြေသံများပဲ့တင်ထပ်သံကို သူ ကြားရသည်။ သူသည် တခြားကျင့်ကြံသူများနှင့် တွေ့ဆုံဖို့ငှာ စိတ်မဝင်စားပေ။

တောက်ပလင်းထင်းသော အနီရောင်အလင်းအတွင်းမှ တုန်ခါမှုများကို ဆက်တိုက်ကြားရပြီးနောက်မှာ ပျောက်ကွယ်သွားသော အပူရှိန်သည် ကြမ်းတမ်းစွာ ပြန်ပေါ်လာပြီး တန်ပြန်တိုက်ခိုက်လာပြန်သည်။ သူ၏ အပြာရောင်အလင်းအရံအတားသည် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် တဖြတ်ဖြတ်ဖြစ်ကာ ပျက်စီးလေတော့မည့်နှယ်။

မူးဝေသွားသဖြင့် ဟန်လိသည် ထိတ်လန့်သွားပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ် တစ်လျှောက် ခပ်မြန်မြန် လှည့်ပတ်သည်။ သူ၏ အရံအတားကို တည်ငြိမ်စေပြီးနောက်မှာ သူက ဘေးပတ်ဝန်းကျင်ကို စူးစမ်းသည်။

သူသည် ကြက်သွေးနီရောင်တောက်ပနေသော ကျောက်တုံးတစ်တုံး၊ အနီရောင်အလင်းကို ထုတ်လွှတ်နေသော အပင်များနှင့် အနီရင့်ရောင် ကောင်းကင်တစ်ခုကို မြင်သည်။ အရာအားလုံးမှာ မီးရောင်ဖြင့် စွန်းထင်းနေလေ၏။

အရံအတားနှင့် မီးဒဏ်ကာကွယ်ပေးသော ဝတ်ရုံဖြင့်ပင် ဟန်လိသည် ပူပြင်းလှသော လေထုကို ခံစားနေရသေးသည်။

ဟန်လိသည် မျက်စိမျက်နှာပျက်ကာ အားပါးတရ လေရှုထုတ်၏။ ဤသို့သော အပူချိန်အောက်တွင် သူသည် မှော်ရတနာများကို ထုတ်၍ ၎င်းကို လွယ်လင့်တကူ ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် နတ်သမီးခရမ်းဝိညာဉ်၏ အပြောအရ သည်ဒုတိယစမ်းသပ်ကွင်းဖြစ်သော မီးနှင့်ရေခဲလမ်းကြောင်း၌ ကျင့်ကြံသူများသည် မပျံသန်းနိုင်ကြဘဲ ရှေ့သို့ ခြေကျင်သာ ဖြည်းဖြည်းချင်း လျှောက်လှမ်းနိုင်သည် ဟူ၍ပင်။

သို့ဖြစ်၍ ချောက်နက်၏ အဆုံးသို့ မရောက်ခင် ပိုဝေးသော နေရာသို့ တည်နေရာရွှေ့ပြောင်းခံရသူများသည် အနားမယူဘဲ လေးငါးရက်လောက် အချိန်ယူရတတ်သည်။ ဤသည်မှာ လူတစ်ယောက်၏ ကျင့်ကြံမှုအပေါ် လုံးလုံးလျာလျာ မှီခိုနေသော အရာ မဟုတ်ပေ။ လမ်းကြောင်းတစ်ခုစီ သက်ဆိုင်ရာ ဒြပ်စင်များကို ပိတ်ဆို့ဖို့ လူတစ်ယောက်သည် ရတနာများကို အသုံးပြုရန် လိုအပ်သည်။

ထို့အပြင် လမ်းကြောင်းကသာ ကျင့်ကြံသူများ တွေ့ကြုံရမည့် တစ်ခုတည်းသော အန္တရာယ် ဟုတ်မနေပေ။ သည်ချောက်ထဲရှိ သက်ဆိုင်ရာ ဓာတ်သဘာဝအခြေခံနှင့် နတ်ဆိုးဝိညာဉ်များ စုဝေးနေကြခြင်းသည် ဤစမ်းသပ်ကွင်း၌ အကြီးမားဆုံး ခက်ခဲမှု ဖြစ်ချေသည်။ ဤစမ်းသပ်ကွင်း၌ လူတစ်ဝက်လောက်သည် ထိုနတ်ဆိုးဝိညာဉ်များကြောင့်‌ သေဆုံးရလေ့ ရှိသည်။

ထို့အပြင် လမ်းတစ်လျှောက်တွင် အခြားသူများ၏ ရတနာများကို ဓားပြတိုက်ဖို့ ရည်ရွယ်ချက်ဖြင့် ခြုံခိုတိုက်ခိုက်ကြသော ကျင့်ကြံသူများလည်း ရှိကောင်း ရှိနိုင်သည်။ အမြဲ ထိုသို့ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည်။ တကယ်တော့ လူတစ်ယောက်သည် ချောက်နက်အဆုံးသပ်ထံ ပို၍ နီးကပ်လာလေလေ တခြားကျင့်ကြံသူများနှင့် ကြုံရဖို့ ပိုများလေပေင်။ အခြားသူများ၏ မီးဓာတ်၊ရေဓာတ်ကို ခုခံပေးနိုင်သော ရတနာများကို လုယူပြီးသည့်နောက်မှာ သူတို့၏ အသက်ရှင်နိုင်ခြေက ပိုတိုးလာလိမ့်မည် မဟုတ်လား။

ဟန်လိသည် သူ၏ မူလနေရာတွင် မလှုပ်မယှက်ဘဲ ရပ်၍ သူ့ဘေးပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်၍ စူးစမ်းနေပြီး သူ သိထားသော အချက်အလက်များကို စဉ်းစားကြည့်နေသည်။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာတော့ ဟန်လိ၏ အမူအရာသည် တင်းမာခက်ထန်သွားသည်။ ထို့နောက်တွင် သူသည် အဖြူရောင်ဦးချိုသင်္ကေတကို ထုတ်ယူပြီး သူ့ခါးတွင် ချိတ်ဆွဲသည်။ သူ့အပြာရောင်အရံအတား၏ နေရာတွင် ထိုကျောက်စိမ်းသင်္ကေတ၏ အဖြူရောင်အလင်းနှင့် အစားထိုးပစ်သည်။

သူသည် သူ့မှော်စွမ်းအားကို လုံးဝ မဖြုန်းတီးပစ်နိုင်ပေ။ ဤနေရာတွင် သူ့မှော်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေရမည် ဆိုပါက ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်ပေလိမ့်မည်။

ထို့နောက် သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်သည်။ ဝေဝါးဝါးအနီရောင်နေလုံး ရှိနေသော အရပ်ထံသို့ ခက်ခက်ခဲခဲ လှမ်းကြည့်ပြီး သေချာ သိသည့်နောက်မှာတော့ သူသည် ဆက်၍ နှောင့်နှေးမနေတော့ပေ။ ကျောက်တုံးကျောက်စပုံများ၊ ဖြောင့်စင်းနေသော သစ်ပင်များကလွဲ၍ သူသည် သည်လမ်းကြောင်း၌ အခြား မည်သည့်အရာကိုမျှ မမြင်ရသေး‌ပေ။ သူက ဖြည်းဖြည်းမှန်မှန် ရှေ့ဆက်လျှောက်လာနေ၏။

ချစ်ချစ်တောက်ပူပြင်းလှသော လေထုကို ဖြတ်၍ ခဏ လျှောက်လာပြီးနောက်မှာ ဟန်လိသည် သူ့လမ်းကြောင်းကို လာပိတ်သော အပင်အုပ်တစ်ခုကို မြင်ရသည်။ ထိုအပင်အုပ်မှာ နီမြန်းသောအလင်းဖြင့် တောက်ပနေ၏။

ဟန်လိသည် ၎င်းထူးခြားသောအပင်များကို လှမ်းကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ပြီး ၎င်းတို့ထံ အပြာရောင်ရေလုံးတစ်လုံးကို ပစ်သွင်းသည်။ အပင်နှင့် သွားထိသည်နှင့် ရေလုံးသည် တစီစီအသံ မြည်ကာ အငွေ့ပျံသွားလေ၏။

ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ သူသည် အပင်များဘေးသို့ လှမ်းကြည့်သည်။ သို့သော် ထိုအပင်တို့ကို ဖြတ်သန်းနိုင်သည့် အခြားလမ်းကို သူ မတွေ့ရပေ။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ဟန်လိသည် အံတင်းတင်းကြိတ်လျက် ၎င်းကို ခြေလှမ်းနင်းကာ ဖြတ်သန်းရန် ကြိုးစားသည်။

ဆက်လျှောက်လာနေရင်း ဟန်လိသည် သည်ချောရည်ခဲလမ်းကြောင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိလာသည်။ အပင်ရိုင်းတွေလား။ ထိုအပင်များသည် မီးတောက်ဓားများနှင့် ပို၍ နီးစပ်သည်။ ၎င်းတို့၏ အံ့မခန်းထက်ရှမှုနှင့် အပူဓာတ်က သူ့ကို များစွာ နာကျင်စေသည်။

သူသည် အဖြူရောင်ဦးဂျိုသင်္ကေတနှင့် မီးဒဏ်ခုခံခြင်း ဝတ်ရုံတို့ကြောင့် အများအပြား ထိခိုက်မှု မရှိသော်လည်း သူ၏ ပေါင်အောက်ဘက်တွင် နာကျင်မှုဒဏ်က အဆက်မပြတ် ထိုးနှက်နေသလိုနှယ် ခံစားနေရသည်။

ဆယ်မီတာလောက်ထိ လျှောက်လာပြီးနောက်မှာ ဟန်လိသည် သူ၏ ရေဓာတ်အလင်းအရံအတားကို အတင်းအကြပ် ရွှေ့ပြောင်းသည်။ ဤသည်မှာ သူ၏ မှော်စွမ်းအားကို အလျင်အမြန် ကုန်ဆုံးစေသော်လည်း ဟန်လိကို သည်အပင်အုပ်ထဲမှ အလျင်အမြန် လွတ်မြောက်သွားစေခဲ့သည်။ သူ၏ တိမ်မီးခိုးခြေလှမ်းများကို အပြည့်အဝ အသုံးပြု၍ ဟန်လိသည် အပြာရောင်တစ္ဆောတစ်ကောင်နှယ် တလျှံလျှံတောက်ပနေသော အနီရောင်အလင်းအတွင်း၌ ပေါ်လာသည်။ သူ ပေါ်လာတိုင်း သူက ပိုဝေးဝေးသို့ ရောက်နှင့်လာပြီး ဖြစ်၏။

……

ပုဝူသည် မြေနှင့်မီးစိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ နှစ်ပေါင်းသုံးရာ မပြည့်ခင်မှာ သူသည် ခုလက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်လာနိုင်ခဲ့ကာ သူ၏ ဒေသပင်လယ်နယ်နိမိတ်တွင် အမည်ကျော်ကြားသူ ဖြစ်၏။ သူနှင့် နီးစပ်သူများက သူ့ကို လာမည့်နှစ်တစ်ရာအတွင်း စဦးစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ဖို့ အခွင့်အရေးမြင့်မားသည်ဟု ထင်ကြေးပေးကြသည်။

အခြားသူများ၏ အားကျမှု၊ မနာလိုမှု၊ ချီးကျူးမှုများအပေါ် ပုဝူသည် အင်မတန် ကျေနပ်ခဲ့၏။ သို့သော် ပုဝူသည် သူ၏ ကိုယ်ပိုင်အခြေအနေများကို ကောင်းကောင်း သဘောပေါက်သည်။

ခရီးသွားရင်းလာရင်းဖြင့် အဆင့်လေးနတ်ဆိုးသားရဲကောင်တစ်ကောင်၏ ဝမ်းဗိုက်ထဲ၌ သူ တွေ့ခဲ့သော အနှစ်သာရခွဲခြမ်းခြင်း ရှေးဟောင်းဆေးလုံးကြောင့်သာ မဟုတ်လျှင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် တစ်နေဖို့ များလိမ့်မည်။

ထိုဆေးလုံးသည် ရှေးဟောင်းစိတ်ဝိညာဉ်ဆေးလုံးများ၏ ချိုမြိန်မှုအရသာကို သူ့အား ခံစားမိစေခဲ့ပြီး နှစ်ပေါင်းတစ်ရာလောက် ခါးသီးစွာ ကျင့်ကြံရမည့်အချိန်ကို သက်သာစေခဲ့သည်။ ထိုအခါ သူသည် ကောင်းကင်လေဟာနယ်ခန်းမသို့ လာနိုင်မည့် သည်ခရီးစဉ်အတွက် အစီအစဉ်များစွာ ပြုလုပ်ထားခဲ့ပြီး မီးနဂါးတီကောင်တစ်ကောင်ကိုလည်း တန်ကြေးကြီးကြီးမားမားပေးကာ ဝယ်ယူထားခဲ့သည်။ သူသည် ကောင်းကင်လေဟာနယ်အတွင်းခန်းမများထဲသို့ ရဲဝံ့စွာ ဝင်ရောက်၍ ထိုတီကောင်ကို အသုံးပြုပြီး ပြန့်ကြဲကြယ်ပင်လယ်များ တစ်လျှောက် အမည်ကျော်ကြားသော ထိပ်တန်းမှော်ရတနာတစ်ခုဖြစ်သည့် ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို အရယူမည်ဟု စီစဉ်ထားသည်။ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ထဲတွင် ရတနာများစွာ ပါဝင်သည်ဟု ဆိုကြ၏။ စဦးစိတ်ဝိညာဉ်အဆင့်ကို ခြေတစ်လှမ်းဖြင့် ချိုးဖျက်နိုင်သည်ဟူသော ကောင်းကင်ဖာထေးခြင်းအမည်ရ ဆေးလုံးသည်ပင် ၎င်းဒယ်ဇောက်ထဲ၌ ရှိနေသည်ဟု ကောလဟာလ ရှိသည်။

All Chapters