သေခြင်းနှင့်ရှင်ခြင်း လမ်းကြောင်း
Vol. 33 Ch. 460
ပုဝူသည် ကောင်းကင်လေဟာနယ်ခန်းမသို့ ဝင်လာပြီး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အများအပြားကို မြင်ခဲ့ရသည့်အခါတွင် သူသည် သူ့အပေါ် ရေအေးဖြင့် လောင်းချခံရသည့်နှယ် ခံစားမိသည်။
ဤနေရာသို့ ရောက်လာကြသော မည်သည့်စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူမဆိုသည် အတွင်းပိုင်းခန်းမများ၌ ရတနာများအတွက် အမဲလိုက်ကြမည်မှာ သဘာဝပင်။ ကောင်းကင်လေဟာနယ်ဒယ်ဇောက်သည် သူတို့ကြား၌ အရေးကြီးဆုံးဖြစ်မှာ သေချာသည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အရင်တုန်းက ကောင်းကင်လေဟာနယ်ခန်းမ ဖွင့်လှစ်ချိန်များတွင် လာရောက်ခဲ့ဖူးသော်လည်း လေးယောက်ဝန်းကျင်လောက်သာ ရှိတတ်သည်။ သို့သော် ခုချိန်တွင်မူ ရှစ်ယောက်တောင် ဖြစ်နေသည်။ ဤသည်က သူ၏ မျှော်လင့်ချက်များကို အလွန်တရာ မှိန်ဖျော့သွားစေခဲ့သည်။
သို့သော် သူသည် ရောက်လာခဲ့ပြီ ဖြစ်၍ သည်အတိုင်း သွေးကြောင်၍တော့ ပြန်လှည့်သွားချင်စိတ် ရှိမနေပေ။ ဤသို့ဖြင့် သူသည် တစ္ဆေမြူစမ်းသပ်ကွင်းမှာ တုန်းကကဲ့သို့ ချောမွေ့လိမ့်မည်ဟူသော မျှော်လင့်ချက်တစွန်းတစကို ဆုပ်ကိုင်ကာ ချောရည်ခဲလမ်းကြောင်းသို့ ဝင်လာခဲ့သည်။
အမှန်တိုင်း ပြောရပါမူ သူသည် တစ္ဆေမြူများနှင့် နောက်ဆုံးစမ်းသပ်မှုဖြစ်သော ပုံရိပ်ယောင်စိတ်ကူးနယ်နိမိတ်တို့အပေါ် အတော်လေး ကြောက်ရွံခဲ့သည်။ သို့ပေမည့် သူသည် မီးနှင့်ရေခဲလမ်းကြောင်းနှင့် ပတ်သတ်၍မူ များများစားစား တွေးမထားပေ။ အကြောင်းမှာ ပြန့်ကြဲကြယ်ပင်လယ်များကြားတွင် ကျော်ကြားလှသော ငြိမ်သက်ခြင်းယန်ပညာရပ်ကို ကျင့်ကြံသောကြောင့်ပင်။
ထိုပညာရပ်သည် မီးဓာတ်ကျင့်ကြံခြင်းပညာရပ်များကြား၌ ထိပ်တန်းစိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းပင်။ ထိုငြိမ်သက်ခြင်းယန်အစစ်အမှန်မီးဖြင့် သူ ပြာချခဲ့သော ရန်သူ အရေအတွက်ဆို ရေတွက်၍ပင် မရတော့ပေ။ သို့ဖြစ်၍ သူသည် အပူကို အေးအေးဆေးဆေး ခုခံပြီး သည်ချောရည်ခဲလမ်းကြောင်းကို ဖြတ်သန်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်၍ သူသည် ချောရည်ခဲလမ်းနှင့် ပတ်သက်ပြီး မော်ကြွားစွာ တွေးနေခဲ့တာတော့ မဟုတ်ပေ။ သူ့ထံ၌ မီးအကာအကွယ် မှော်ပစ္စည်းနှစ်ခုကိုလည်း ကြိုပြင်ဆင်ထားခဲ့သေးသည်။ သူ ထပ်မံ၍ ပြင်ဆင်ချင်စိတ် မရှိတာလည်း ဟုတ်မနေပေ။ မီးနဂါးတီကောင်ကို ဝယ်ယူခဲ့ရရုံနှင့် သူ့အဖို့ မွဲတေသွားခဲ့ရသည်သာ။
သူ၏ မှော်ပစ္စည်းနှစ်ခုနှင့် ငြိမ်သက်ခြင်းယန်ပညာရပ်တို့၏ အကူအညီဖြင့်ဆို သူသည် သည်ချောရည်ခဲလမ်းကို ဘာပြဿနာမှ မရှိဘဲ ဖြတ်သန်းနိုင်လိမ့်မည်ဟု ခံစားမိသည်။ သို့သော် အခုတော့ ပုဝူသည် သူ၏ ရဲတင်းမှုအပေါ် နောင်တကြီးစွာ ရနေလေပြီ။
သည်လမ်းကို အချိန်ခဏ လျှောက်လာပြီးနောက်မှာ သူ၏ ငြိမ်သက်ခြင်းယန်ပညာရပ်သည် မီးဓာတ်ကို အံ့အားသင့်ဖွယ်ကောင်းအောင် ခုခံနိုင်သော်လည်း သူ့ဘေးပတ်လည်ရှိ ချစ်ချစ်တောက်အပူကို ခုခံဖို့ငှာ သူသည် အင်ပြည့်အားပြည့်ဖြင့် ထိုပညာရပ်ကို အဆက်မပြတ် ထုတ်သုံးနေရသည်။ သည်ပူပြင်းသော ပတ်ဝန်းကျင်ကို လစ်လျူရှု၍ ကျော်ဖြတ်မည် ဟူသော သူ၏ မူလအတွေးမှာ မဖြစ်နိုင်တော့ပေ။ သူ့မှော်စွမ်းအားများသည် သူ မျှော်လင့်ထားတာထက် ပို၍ အကုန်မြန်နေသည်။
ကောင်းကင်လေဟာနယ်ခန်းမ၏ အပြင်ဘက်လောကတွင် သူသည် ချစ်ချစ်တောက်ပူပြင်းသော မီးတောက်များကို ခုခံဖို့ ငြိမ်သက်ခြင်းယန်ပညာရပ်ကို အသုံးပြုခဲ့ဖူးသည်။ သို့သော် သည်ချောရည်ခဲ လမ်းကြောင်းကနေ ထုတ်လွှတ်နေသော အပူဓာတ်သည် အပြင်ဘက်ရှိ ပုံမှန်မီးတောက်များနှင့် လုံးဝကွဲပြားတာ သိသာနေ၏။ သည်နေရာတွင် မီးဓာတ်ကျင့်ကြံခြင်းပညာရပ်များကို ဖိနှိပ်ထားသော အတားအဆီးများ ရှိဖို့ သေချာလောက်၏။
သူ၏ မီးကို ခုခံနိုင်သော မှော်ပစ္စည်းများကမူ သည်ထူးခြားသော ဝန်းကျင်၌ သက်ရောက်မှုမှာ အလွန်အကန့်အသတ် ရှိနေ၏။ သို့ဖြစ်၍ ပုဝူမှာ များစွာ ကြောင့်ကြများနေလေပြီ။
သည်လမ်းကြောင်းကို ခြောက်နာရီလောက် လျှောက်လှမ်းလာသည့်အတောအတွင်း သူ၏မှော်စွမ်းအားသည် မမြင်ရသောနှုန်းဖြင့် ကုန်ခမ်းနေလေပြီ။ သည်အတိုင်းဆို သူသည် တစ်ရက်လောက်သာ ခုခံနိုင်တော့မည် ဖြစ်၏။ ထို့နောက်တွင် သူ၏ မှော်စွမ်းအားများသည် ကုန်ခမ်းကာ အပူဓာတ်က သူ့ခန္ဓာကိုယ်ကို ပြာဖြစ်စေတော့မည်။
ပုဝူသည် ဤနေရာတွင် မသေချာတာ သဘာဝပင်။ သူသည် ဘေးဘီဝဲယာသို့ ကြည့်နေလျက် ရှေ့သို့ ပူပန်တကြီး ခပ်သုတ်သုတ် သွားနေသည်။ သို့ရာတွင် သူ၏ ပတ်ဝန်းကျင်မှာ လုံးဝ တိတ်နေ၏။ အခြား မည်သူမျှ ရှိမနေပေ။ အခြားသူများထံမှ မီးခုခံနိုင်သော မှော်ရတနာများကို လုယူမည့် သူ၏ အတွေးများသည် ပျောက်ရှသွားတော့၏။
သူသည် ရှေ့သို့ ပိုပြေးလာလေလေ ပို၍ မျှော်လင့်ချက်မဲ့လာလေပင်။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာတော့ ပုဝူသည် တဖြည်းဖြည်း ရပ်သည်။ သူ၏မျက်လုံးထဲတွင် စိုးရိမ်ကြောင့်ကြစိတ်တို့ ပြည့်နေ၏။
သူသည် မှော်ပညာရပ်များနှင့် မှော်စွမ်းအားနှစ်ခုစလုံးတွင် ကျွမ်းကျင်သော်လည်း သည်နှုန်းဖြင့်ဆို ချောက်နက်၏ အဆုံးသို့ ရောက်ရန် သူ့တွင် မျှော်လင့်ချက် မရှိတော့ပေ။ ထို့အပြင် သူသာ လမ်းတွင် အခြားကျင့်ကြံသူများနှင့် တွေ့ကြုံခဲ့ရလျှင်လည်း သူ၏ မှော်စွမ်းအားသည် သနားစရာ အခြေအနေသို့ ရောက်နေလေပြီ။ အခြားသူများကို တိုက်ခိုက်ဖို့ မဆိုထားနှင့်ဦး။ သူတို့ကသာ အခုလောက် သူ အားနည်းနေတာ မြင်သည်နှင့် သူကိုယ်တိုင်အတွက်သာ ဆုတောင်းနေရလိမ့်မည်။
ပုဝူသည် ပူပန်တကြီးဖြင့် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။ အချိန် ကုန်လာသည်နှင့်အမျှ သူ့စိတ်ထဲ ပို၍ ဂနာမငြိမ်ဖြစ်လာကာ ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာနေတော့သည်။ ရုတ်တရက် သူသည် အရှေ့ရှိ နီရဲနေသော ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်သည်။
သူ၏မျက်နှာထက်တွင် ပြတ်သားသောဟန်တစ်ခု ဖြစ်ပေါ်လာပြီးနောက်မှာ သူ၏ ခန္ဓာကိုယ်သည် အဝါရောင်လင်းလက်ပြီး လေထဲသို့ စတင် မြောလွင့်လာသည်။ သူသည် မျက်တောင်မခတ်တမ်း သတိထားနေသည်။ လေထဲ ဆယ်မီတာလောက်ထိ မြင့်တက်လာသည့်အခါ မည်သည်မျှ ဖြစ်မတာ မြင်၍ သူသည် အလွန်ပျော်ရွှင်သွား၏။
သူသည် ပျံသန်း၍ အချိန်တိုအတွင်း ချောက်နက်၏ အဆုံးသို့ ရောက်နိုင်တော့မည် မဟုတ်လား။
အန္တရာယ်မှ လွတ်တော့မည်ဟု တွေးကာ ပျော်ရွှင်နေပြီး ပုဝူသည် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ အဝါရောင်အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်း၍ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ဘန်း။ ပုဝူသည် မီတာတစ်ရာလောက်သို့ ရောက်လာရုံရှိသေး အနီရောင်ကောင်းကင်ထံမှ ငွေရောင်လျှပ်စီးတန်းတစ်ခုက ထိုးနှက်လာသည်။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်သည် ပြာအဖြစ် လွင့်စင်ထွက်ပြီး အမယ်ပစ္စည်းနှစ်ခုသည် အောက်ဘက်သို့ တိတ်တဆိတ် ကျရောက်သွားသည်။
…
ချောရည်ခဲလမ်းကြောင်းရှိ တစ်နေရာတွင် ကျက်သရေရှိသော အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ချောရည်ခဲမြစ်ထံသို့ ချီတုံချတုံဟန်ဖြင့် ကြည့်နေသည်။ တစ်ပေမျှအကျယ်ရှိသော ကျောက်တိုင်လုံးတစ်ခုအပြင် သည်မြစ်ကို ဖြတ်သန်းသွားဖို့အတွက် အခြားလမ်း ရှိမနေပေ။
ထိုကျက်သရေရှိလှသော အမျိုးသမီးသည် ထိုချောရည်မြစ်ထံ ဖြာထွက်နေသော အပူသည် အားကောင်းလွန်းလှသည်ဟု ခံစားမိ၍ မျက်မှောင်ကြုတ်နေသည်။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူမသည် အနီရောင်ကျောက်တိုင်လုံးပေါ်သို့ ဂရုတစိုက် ခြေချသည်။
ထိုသို့ ခြေချမိသည်နှင့် သူမသည် ချက်ခြင်းပင် နာကျင်ဟန် ဖြစ်ပေါ်၏။ ထိုကျောက်တိုင်လုံးမှာ အလွန်တရာ ပူပြင်းတာ သိသာသည်။ အပြာရောင်ဝတ်ရုံရှည်က ကာကွယ်ပေးထားလျက်ဖြင့်ပင် သူမသည် အတော်လေး နာကျင်စွာ ခံစားနေရဆဲပင်။
သို့ပေမည့် ထိုအမျိုးသမီးသည် စိတ်ဓာတ်ခိုင်မာမှုကို ပိုင်ဆိုင်ထားသူပင်။ အံတင်းတင်း ကြိတ်လျက် သူမသည် တိုင်လုးပေါ်ကနေ သတိထားလျက် အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်လာသည်။
စစချင်းတော့ အဆင်ပြေနေသေးသည်။ လမ်းတစ်ဝက်လောက်ထိ သူမသည် မထိမခိုက် လျှောက်လာနိုင်ခဲ့၏။ သို့သော် တိုင်လုံး၏ ဗဟိုချက်သို့ ချဉ်းကပ်လာစဉ် သူမသည် အကွာအဝေးတစ်ခုမှ တုန်ခါမြည်ဟိန်းသံများကို ရုတ်တရက် ကြားရသည်။
ကျက်သရေရှိသောအမျိုးသမီးသည် မင်သက်သွားပြီး သူမသည် အသံလာရာထံသို့ ခေါင်းမော့ကြည့်မိသည်။ ထို့နောက်တွင်မူ သူမ၏ မျက်နှာသည် သေလောက်အောင် ဖြူရော်ကာ အလွန်အမင်း ကြောက်လန့်သွားသည်။
ပြင်းထန်သော ဝဲကတော့ကြီးတစ်ခုသည် မြစ်ထဲသို့ တိုးဝင်လာပြီး ကြီးမားသော မီးခိုးရောင်နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသည်။ ၎င်း၏ အစွယ်များနှင့် လက်သည်းများကို ဖြန့်ကားလျက် နဂါးသည် တိုင်လုံးအရှေ့သို့ ချက်ခြင်း ရောက်လာပြီး အစောပိုင်းတုန်းက ထိတ်ပျာကြောက်လန့်သွားသော အမျိုးသမီးကျင့်ကြံသူအား ထွေးပတ်ခြုံသည်။
ထို့နောက်တွင်မူ အမျိုးသမီးကျင့်ကြံသူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ချောရည်ပူ၏ အောက်ခြေသို့ အပြာရောင်တောက်တောက် ပစ္စည်းအမယ်တစ်ခု နစ်မြုပ်သွားသည်။
သလင်းကျောက်လမ်းကြောင်းပေါ်ရှိ ရေခဲတောင်တစ်ခု အနီးအနားတွင် သက်လတ်ပိုင်းလူတစ်ယောက်သည် အဘိုးအိုတစ်ယောက်နှင့်အတူ နောက်သို့ ဆုတ်နေသည်။ သူတို့သည် သလင်းသားရဲဆယ်ကောင်ကျော်ကို ရင်ဆိုင်နေရတာာ ဖြစ်၏။ အနီနှင့်အဖြူရောင်တို့သည် အရပ်မျက်နှာတိုင်းသို့ ဖြာထွက်နေသည်။ သို့သော် ထိုတိုက်ပွဲမှာ တအောင့်သာကြာပြီး အဆုံးသပ်သွား၏။ သလင်းသားရဲများသည် ထိုနေရာတွင် ခဏ ဆက်နေပြီး မတူညီသော နေရာများထံ ပြန်ခွဲသွားကြသည်။ ကျန်ခဲ့သည်ဟူ၍ ဆိုးဝါးစွာ ထိခိုက်ထားသော အလောင်းနှစ်လောင်းသာ။
သလင်းကျောက်၏ အခြားနေရာတစ်ခုတွင် ကျိနစ်ယင်သည် ရေခဲလမ်းကြောင်းအပေါ် ပျင်းရိပျင်းတွဲနှင့် လျှောက်နေသည်။ သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အလင်းနှင့် တောက်ပနေ၏။ အေးသည့် အရိပ်အယောင်ဟူ၍ တစိုးတစိမျှ ရှိမနေပေ။ နှင်းများကြားတွင် ရှိနေသောာ သလင်းသားရဲများသည် ကျိနစ်ယင်ကို အလစ်တိုက်ခိုက်ဖို့ ကြိုးစားကြစဉ် ၎င်းတို့သာ အနက်ရောင်အလင်းကြောင့် နှစ်ပိုင်းကွဲထွက်သွားရသည်။ ယင်းနောက်မှာ သူသည် ဘာမျှ မဖြစ်လေသည့်အလား သူ့လမ်းကိုသူ ဆက်လျှောက်လာသည်။
တောင်ကုန်းတစ်ခုပေါ်တွင် ဟန်လိသည် ချီတုံချတုံဖြစ်ဟန်နှင့် သူ့အရှေ့သို့ စိုက်ကြည့်နေသည်။
တိမ်မီးခိုးခြေလှမ်းများကို အပြည့်အဝ အသုံးပြု၍ သူသည် တရကြမ်း ပြေးလာပြီးနောက်မှာ သူသည် သူ၏ မူလအမြန်နှုန်းအတိုင်း ပြန်ရောက်လာသည်။ တကယ်တော့ တိမ်မီးခိုးခြေလှမ်းများသည် သူ့ခန္ဓာကိုယ်အပေါ် များစွာ ဝန်ပိစေသည်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ခန္ဓာကိုယ် ခံနိုင်အားနှင့်ပင် သူသည် ၎င်းကို အချိန်အကြာကြီး အသုံးမပြုနိုင်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိစဉ်တုန်းကထက်တော့ သူသည် အချိန်ပိုကြာစွာ အသုံးပြုနိုင်၏။
သည့်နောက်မှာ သူသည် အလွန်အန္တရာယ်များလှသော ချောရည်အိုင်တစ်ခုနှင့် တွေ့ကြုံခဲ့ရသေးသည်။ ဟန်လိကဲ့သို့ စိတ်ခိုင်မာသူ တစ်ယောက်သည်ပင် နောက်ကျော၌ ချွေးစေးပြန်ခဲ့ရသည်။
မန်ဟုဇီ သူ့ကို ပေးခဲ့သော ရေခဲပုလဲလုံး၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် သူ့ အရေပြားသည် မီးကျွမ်းခံရမည် ဖြစ်ပြီး အသက်ရှင်ရုံလောက်သာ လုပ်နိုင်ခဲ့လိမ့်မည်။
နောက်ပိုင်းတွင် ကြုံရသည့် ထူးခြားသော အပင်များနှင့် မီးတောက်စိတ်ဝိညာဉ်သုံးယောက်ကိုမူ ဟန်လိသည် အနည်းငယ်သာ အားထုတ်၍ ဖြေရှင်းနိုင်ခဲ့သည်။ ယင်းနောက် သူသည် ဘေးကင်းစွာနှင့် သူ့လမ်းကိုသူ ဆက်လျှောက်လာသည်။
သို့သော် ခုချိန်တွင်မူ ဟန်လိသည် သူ အရင်က လုံးဝ မမြင်ဖူးခဲ့သော တစ်စုံတစ်ခုကြောင့် မင်သက်နေရသည်။ ၎င်းမှာ အနက်ရောင်သဲ၊သဲခုံများနှင့် အဆုံးမရှိသော ကန္တာရနက်တစ်ခု ဖြစ်သည်။
ထိုထူးခြားသော မြင်ကွင်းက ဟန်လိကို မလွယ်ကူမှုအား ခံစားရစေပြီး ၎င်းအပေါ်သို့ ဖြတ်လျှောက်ချင်စိတ်မရှိ ဖြစ်ရသည်။ သို့သော် အခြားလမ်းကို ပြောင်း၍ လျှောက်ဖို့မှာ မဖြစ်နိုင်ပေ။ ထိုသဲကန္တာရမှာ ကြီးမားလွန်းလှ၏။ သူသာ ကွေ့ပတ်သွားပါက အနည်းဆုံး နှစ်ရက်လောက် ကြာလိမ့်မည်။ သူ့အရှေ့တုန်းက ကျင့်ကြံသူများ၏ အပြောအရ သည်စမ်းသပ်ကွင်းသည် ငါးရက်အတွင်း ဖြတ်ကျော်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ချိပ်ပိတ်သွားမည်ဖြစ်ကာ သည်နေရာမှာ အသက်ဆုံးရှုံးသွားရလိမ့်မည်။
ဟန်လိသည် သူက ချောက်နက်၏ အလယ်သို့ ရောက်သည့်အထိ လျှောက်လာခဲ့ပြီးပြီဟု ထင်သည်။ ထိုအန္တရာယ်ကို ရင်မဆိုင်ချင်လျှင်ပင် သူ့အဖို့ ဖြုန်းတီးရန် အချိန်ရှိမနေပေ။ ထိုသဲနက်များအောက်တွင် မည်သည့်မွန်းစတားများ လှဲလျောင်းစောင့်ဆိုင်းနေမလဲကို မည်သူက သိမည်နည်း။
ဟန်လိသည် မျက်မှောင်တင်းတင်း ကြုတ်ကာ သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်လျက် ၎င်းအတွင်း၌ မည်သည့်ထူးခြားသော အန္တရာယ်များ ပုန်းအောင်နေမလဲကို စဉ်းစားကြည့်နေသည်။ ထိုအခိုက်တွင် ဟန်လိ၏ စိတ်နှလုံးသည် ဂယက်ထနေသည်။ သူသည် ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။ ခဏအကြာတွင် သူ မူလတုန်းက ရှိနေခဲ့သော နေရာ၏ အနောက်ဘက်မှ အသံများ ထွက်ပေါ်လာသည်။