ကန္တာရနက်
Vol. 33 Ch. 461
ဟန်လိ ပျောက်ကွယ်သွားပြီး သိပ်မကြာခင်တွင် အမျိုးသားကျင့်ကြံသူတစ်ယောက်သည် တောင်ငယ်တစ်ခု၏ ဘေးတစ်ဖက်မှ ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။ သူသည် အသက်လေးဆယ်ဝန်းကျင်လောက် ရှိရော့မည်။ သူ၏အသားအရေမှာ ဝါကြင့်ကြင့် ရှိ၏။ သူသည် ကောင်းကင်လေဟာနယ်ခန်းမ ဝင်ပေါက်တွင် ကျိနစ်ယင်ကို အလွန်ကြောက်ရွှံ့စွာ ဆက်ဆံခဲ့သော ကျင့်ကြံသူပင်။
ထိုအခိုက်တွင် သူသည် ထူးခြားသော အစိမ်းရင့်ရောင် ဝါးခမောက်တစ်ခုကို ဆောင်းထားပြီး သူ့လက်ကြားထဲ၌ အဖြူရောင်ကျောက်စိမ်းခွက်တစ်ခုကို ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်ကို အေးစိမ့်မှုဖြင့် ဖုံးကွယ်ထားပြီး သူ့ဘေးဝန်းကျင်ရှိ တလျံလျံတောက်ပသော အပူဒဏ်ကနေ သီးခြား ဖြစ်နေစေသည်။
သူသည် တောင်ထိပ်ပေါ်သို့ တက်လာပြီး သတိကြီးစွာ ထား၍ သူ၏ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူက တစ်ခုခုကို ရှာဖွေနေသည့်အလား။ သို့သော် မည်သည်ကိုမျှ မတွေ့သည့်အခါ သူ့အမူအရာ၌ သတိထားသည့်ဟန် ပို၍ တိုးလာ၏။
သူသည် အတော်လှမ်းလှမ်းရှိ တောင်တစ်ခုထံသို့ အကြည့်ရောက်သွားချိန်တွင် ဝေဝါးဝါးအရိပ်တစ်ခုကို ထောက်လှမ်းမြင်မိခဲ့သည်ဟု ထင်သည်။ သို့သော် ထိုတောင်ပေါ်၌ မည်သည့်လူရိပ်သူရိပ်ကိုမျှ မမြင်သည့်အခါ သူက သာ၍ သတိထားလာ၏။
သူ့ဘေးပတ်ဝန်းကျင်သို့ အေးတိအေးစက်ဖြင့် နောက်ထပ်တစ်ကြိမ် ဝေ့ကြည့်ပြီးနောက်မှာ သူသည် စကားမဆိုလေတော့ဘဲ သူ့လက်ချောင်းနှစ်ခုဖြင့် ကျောက်စိမ်းခွက်ထံသို့ ထည့်သွင်းဆိုက်ပြီး ပွတ်သပ်သည်။ ထို့နောက်တွင်မူ ကျောက်စိမ်းခွက်ထံမှ အဖြူရောင်အလင်းတန်းတစ်ခုသည် ပျံသန်းထွက်ပြီး သူ၏ဦးခေါင်း ပတ်ပတ်လည်၌ စတင် လည်ပတ်သည်။
“လိုက်နာစေ…” ထိုသူသည် ခပ်တိုးတိုး အော်ဟစ်၍ သူ့လက်တစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။
ဖောင်း။ ထိုခဏတွင် အဖြူရောင်အလင်းတန်းသည် တုန်ခါသွားပြီး အလင်းစက်များအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်သည်။ ထိုအလင်းစက်များကား နတ်သမီးတစ်ပါးထံမှ ပြန့်ကြဲလွင့်စင်လာသော ကြယ်အလင်းနှယ် အံ့ချီးဖွယ် ကောင်းလှ၏။ ထို့နောက်တွင်မူ ထိုအလင်းသည် အချင်းမီတာလေးဆယ်လောက်ထိ လုံးဝ ခြုံလွှမ်းသည်။
ထိုအဖြူရောင်အလင်းနှင့် ထိမိသော အနီရောင်ကုန်းမြေသည် ရေခဲအလွှာများဖြင့် ထွေးခြုံခံရသည်။ သို့သော် ၎င်းအတွင်း၌ မည်သည့် ပုံမှန်မဟုတ်တာမျှ ဖြစ်မလာပေ။
ထိုသူ၏ မျက်နှာထက်တွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာသည်။ ခဏစဉ်းစားပြီးနောက်မှာတော့ သူသည် ထပ်မံ၍ အရေးစိုက်မနေတော့ပေ။ သူ မှားယွင်းထင်မြင်ခဲ့တာဟု ယုံကြည်သွား၏။ ထို့နောက်တွင်တော့ သူသည် သဲကန္တာရနက်ကို မှုန်ထေစွာ လှမ်းကြည့်သည်။
“ဒီနေရာက တကယ့်ကို ထူးခြားတယ်…”
ထိုသူသည် သဲကန္တာရကို ကြည့်နေရင်း တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်၏။ သူသည် ထွက်ခွာရမည့်အပေါ် ချီတုံချတုံ ဖြစ်နေပုံ ရသည်။
သို့သော် ခဏ စဉ်းစားပြီးနောက်မှာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ အနီရောင်အလင်းတန်းတစ်ခုသည် မြေပြင်ထက်သို့ ဦးတည်ပျံသန်းသွားသည်။ ထိုအလင်းသည် အနီရောင်မြေခွေးငယ်တစ်ကောင်အဖြစ်သို့ လှစ်ဟပေါ်လွင်သည်။
ထိုလူသည် သူ့လက်ချောင်းကို တောက်ထုတ်ပြီး ထိုသားရဲငယ်၏ ပါးစပ်ထဲသို့ အစိမ်းရောင်ဆေးလုံးတစ်လုံးကို စေလွှတ်သည်။ ၎င်းက အနှီဆေးလုံးကို ဝါးမြိုပြီး သာယာမှု ဖော်ပြသည်။
“သွား…” ဝါကြင့်ကြင့်မျက်နှာနှင့် ကျင့်ကြံသူသည် ထိုသားရဲငယ်ကို အမိန့်ပေးကာ သဲကန္တာရနက်ထံသို့ လက်ညွှန်ပြသည်။
၎င်းသည် ချက်ခြင်းပင် တောင်ကုန်းပေါ်ကနေ အပြေးဆင်းသွားပြီး လမ်းတစ်လျှောက်တွင် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသည်။ မြန်လှ၏။
ခဏကြာပြီးနောက်မှာတော့ ထိုမြေခွေးနှင့်တူသော သားရဲငယ်သည် ကန္တာရ၏ မီတာတစ်ရာလောက် အနက်ပိုင်းထိ ရောက်သွားပုံ ရသည်။ သည်အထိ ထူးခြားတာ ဘာမျှ ဖြစ်မလာပေ။
ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ ဤသည်မှာ သူ မျှော်လင့်ထားတာ မဟုတ်တာ သိသာလှ၏။ သူသည် သူ၏ အနီရောင်မြေခွေးသားရဲကို အဆုံးရှုံးခံဖို့ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ ၎င်းမှာ အဆင့်တစ်သားရဲတစ်ကောင်သာ ဖြစ်၍ နှမြောစရာ မရှိနေပေ။ ၎င်း၌ မြန်ဆန်လှသော လှုပ်ရှားမှုနှင့် ရနံ့တို့ကို အာရုံခံနိုင်စွမ်း မြင့်မားတာကလွဲ၍ တခြား သိသာသော စွမ်းဆောင်ရည်များ မပိုင်ဆိုင်ထားပေ။
သူသည် တင်းကြပ်စွာ မျက်မှောင်ကြုတ်၍ ကန္တာရကို ပတ်ပြေးနေသော သားရဲငယ်ကို စိုက်ကြည့်နေသည်။ ထို့နောက်တွင် ၎င်းသားရဲငယ်သည် သူ့ထံ ပြန်ပြေးလာပြီး သူ၏အင်္ကျီလက်အိုးထဲသို့ ပြန်ဝင်ရောက်သည်။
သည့်နောက်မှာမူ ထိုသူသည် ကန္တာရနက်ကို ငြိမ်သက်စွာဖြင့် လှမ်းကြည့်သည်။ သို့သော် ခဏချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူသည် တောင်ကုန်းပေါ်ကနေ စတင် ဆင်းသက်လာပြီး ကန္တာရနက်ထံသို့ ဂရုတစိုက် လျှောက်လာသည်။
သူ မသိသည်မှာ သူ ထိုတောင်ကုန်းငယ်ပေါ်ကနေ လှမ်းဆင်းပြီး ခဏအကြာတွင် ဟန်လိ၏ အရိပ်သည် ၎င်းတောင်ကုန်းတစ်နေရာပေါ်တင် ဖြတ်ခနဲ့ ပေါ်လာသည်။
ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် သည်ဧရိယာတစ်ဝိုက်ကို ပညာရပ်တစ်ခု အသုံးပြု၍ ရှာဖွေခဲ့သော်လည်း ဟန်လိသည် သူ၏ အမည်မဲ့ချီထိန်းချုပ်ခြင်းပညာရပ်နှင့် တိမ်မီးခိုးပညာရပ်တို့ကို အသုံးပြုကာ အလွယ်တကူ ရှောင်နိုင်ခဲ့ပေသည်။ ထိုသူသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် တစ်ယောက် ဖြစ်သော်လည်း သူ၏ ဝါးတိမ်အုပ်ဓားများဖြင့် လျှပ်တပြက်တိုက်ခိုက်မှုက ထိုသူ့ကို ချက်ခြင်း သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိသည်။
ဟန်လိသည် ထိုသူ့ကို သတ်ရ၊ မသတ်ရနှင့် ပတ်သက်ပြီး အတော်လေး တွေဝေနေသည်။ ထိုသူ၏ ရတနာနှစ်ခုက အတော်လေး တန်ဖိုးရှိပုံ ပေါ်သော်လည်း ဟန်လိသည် ထိုသူ့ကို ရှေ့ပြေးကင်းထောက်အဖြစ် လုပ်ဆောင်စေရန်သာ ရွေးချယ်လိုက်သည်။
သို့သော် ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် သူ၏သားရဲငယ်ကို အသုံးပြု၍ ကန္တာရနက်အား ရှာဖွေခဲ့စဉ် မည်သည့်ရလဒ်မျှ မတွေ့ချိန်၌ ထိုသူ့ကို သတ်မည့် သူ့အစီအစဉ်ကို လုံးဝ ရုတ်သိမ်းလိုက်တော့သည်။ အန္တရာယ်က ဘာမှန်း မသိသည့်အခါ၌ သူ့ကို လမ်းပြအဖြစ် ရှိစေတာက ပို၍ ကောင်းနိုင်လိမ့်မည်။ ဟန်လိသည် သည်ကန္တာရနက်တွင် လုံးဝ အန္တရာယ်မရှိဟု မယုံကြည်ပေ။
သူ့တွင် အပူဒဏ် သက်ရောက်မှုကို ကာကွယ်ပေးထားသော အဖြူရောင်ဦးချိုသင်္ကေတနှင့် ရေခဲပုလဲတို့ ရှိနေသည် ဖြစ်၍ ထိုမီးအကာအကွယ်ရတနာများကို အရယူဖို့ အလျင်မလိုနေသေးပေ။
ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် သူ၏အနောက်မှ ဟန်လိ တိတ်တဆိတ် လိုက်လာတာကို နည်းနည်းလေးမှ သတိမပြုမိပေ။ သူသည် ကန္တာရထဲသို့သာ ဆက်၍ လျှောက်လာနေသည်။
သုံးမီတာ၊ ခြောက်မီတာ…။
ကန္တာရနက်ထဲသို့ သူ ပိုရောက်လာလေလေ သူ၏ မျက်နှာပေါ်၌ စိတ်တင်းကြပ်မှုက ပိုတိုးလာလေပင်။ သူက ဝါးခမောက်ကို အသက်သွင်းထားပြီး သူ၏ ခန္ဓာကိုယ်ကို သိပ်သည်းသော အစိမ်းရောင်အလင်းလွှာနှင့် ထွေးခြုံထားသည်။
သူသည် ဘာပြဿနာမှ မရှိဘဲ ကန္တာရထဲ တစ်ကီလိုမီတာလောက် ဖြတ်လျှောက်လာစဉ် သူ့အမူအရာသည် နည်းနည်းတော့ စိတ်အေးလာသည့်ပုံပင်။ သည်လောက်အကွာအဝေးလောက်ဆို အန္တရာယ်တစ်ခုခု ရှိနေလျှင် ပေါ်လာသင့်ခဲ့ပြီ မဟုတ်လား။
ဟန်လိသည် အကွာအဝေးတစ်ခုကနေ ထိုသူ၏ အရိပ်ထံသို့ လှမ်းကြည့်နေသည်။ သူ ခန့်မှန်းတာများ လွဲသွားခဲ့ပြီလား။ သည်သဲကန္တာရသည် အပြင်ပိုင်းတွင်သာ ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်နေပြီး အမှန်တကယ်တွင်မူ မည်သည့်အန္တရာယ်မှ မရှိနေသည်လား။ ထိုသို့မှန်းသာ သူ ကြိုသိခဲ့လျှင် ကျိန်းသေပေါက် အလစ်တိုက်ခိုက်ကာ တစ်ဖက်သူ၏ ရတနာနှစ်ခုကို လုယူခဲ့မိမည်ပင်။
ဟန်လိသည် နောင်တရနေမိသည်။ သို့သော် ခဏအကြာတွင် အကွာအဝေးတစ်ခု၌ မင်သက်ဖွယ်ကောင်းပြီး ရုတ်ချည်းဆန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။
ဝါကြင့်ကြင့်မျက်နှာနှင့်သူ၏ ဘေးပတ်လည်ရှိ ကန္တာရနက်သည် ရုတ်တရက် မြင့်ကြွလာပြီး အသံစိုးစိမျှ မထွက်ဘဲ သူ့အား ခြုံလွှမ်းသွားသည်။ ထို့နောက်တွင် သဲမြေပြင်သည် ထူးခြားသည်ထက် ပိုလွန်သော မှိန်ဖျော့ဖျော့အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။
သူသည် အတွေ့အကြုံ များလှသူ ဖြစ်၍ ချက်ခြင်းပင် ကောင်းကင်ထက်သို့ သူ၏ ကျောက်စိမ်းခွက်ကို ပင့်မြှောက်ကာ တုန့်ပြန်သည်။ ထိုခွက်ထံမှ အဖြူရောင်အလင်းများ ပြန့်ကြဲကာ သူ၏ အစိမ်းရောင်အရံအတားအပေါ်၌ နောက်ထပ် အကာအကွယ်အလွှာတစ်ခု ထပ်ပေါင်းစေသည်။
ဤအခိုက်တွင် သဲနက်သည် မရေမတွက်နိုင်သော တောင်ပံနက်အင်းဆက်များအဖြစ်သို့ ပြောင်းကာ တုန်လှုပ်နေသော သူ့ထံသို့ အဘက်ဘက်ကနေ တိုးဝင်လာလေပြီ။
ထိုသူမှာ ပျာယာခတ်သွား၏။ အဖြူရောင်အလင်းသည် လင်းထင်းသွားပြီးနောက်မှာ သူ့ကို လက်ဝါးအရွယ်ခန့် ရေခဲဒိုင်းများနှင့် ခြုံလွှမ်းသည်။ ထို့နောက်မှာတော့ ယင်းဒိုင်းများက လျင်မြန်စွာ လည်ပတ်လျက် သူ့ဘေးပတ်လည်တွင် အဖြူရောင်မုန်တိုင်းတစ်ခုကို ဖွဲ့စည်းသည်။
အခု သူသည် ထိုအင်းဆက်များ၏ အစစ်အမှန်ပုံစံကို မြင်ရလေပြီ။ ၎င်းတို့မှာ တောင်ပံပုရွက်ဆိတ်များပင်။ သူ့ပတ်လည်တွင် ဝိုင်းအုံနေသော ၎င်းတို့၏ အရေအတွက်မှာ တစ်သောင်းထက် မနည်းလှ။ ကြောက်မက်ဖွယ်ပင်။
ဝါကြင့်ကြင့်မျက်နှာနှင့်သူ၏ စိတ်မှာ အတွေးများသွားသည်။ သူက ထိုတောင်ပံပုရွက်ဆိတ်များ၏ အားနည်းချက်ကို အမြန်ဆုံး ပြန်စဉ်းစားကြည့်သည်။ သို့သော် သူ စဉ်းစား၍ မပြီးခင်မှာပင် ပုရွက်ဆိတ်အနက်ရောင်အုပ်ကြီးသည် သူ၏ ရေခဲဒိုင်းမုန်တိုင်းထံ ဝင်လာဆောင့်၏။
ထိခိုက်သံများ ဆက်တိုက် ဟိန်းထွက်၏။ ဒိုင်းများသည် ၎င်းအင်းဆက်များကို မီတာအနည်းငယ်လောက်ထိ ပြန်ကန်ထွက်သွားစေသည်။ ဤသည်ကိုမြင်မှ ထိုသူသည် အနည်းနှင့်အများ စိတ်အေးနိုင်တော့၏။
သို့သော် ခဏအကြာတွင်မူ သူ့စိတ်နှလုံးမှာ တောင့်တင်းသွား၏။ တောင်ပံပုရွက်ဆိတ်များသည် သုံးလေးကြိမ်လောက် လွင့်ထွက်ခံရပြီးနောက်မှာပင် ၎င်းတို့သည် ဒဏ်ရာတစ်စက်မျှ မရလေဘဲ ထပ်မံ၍ ရှေ့ဆက်တိုးလာပြန်သည်။ ထိုသူမှာ အလွန်အလန့်တကြား ဖြစ်သွား၏။ သူ အများကြီး တွေးမနေနိုင်တော့ဘဲ သူ့လက်ကို ပင့်မြှောက်ပြီး မီးခိုးရောင်ဓားပျံတစ်လက်ကို ထုတ်လွှတ်သည်။ ၎င်းသည် ဆယ်မီတာမျှ ရှည်လျားသောအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ တောင်ပံပုရွက်ဆိတ်အုပ်ကို ကြမ်းတမ်းစွာ ခုတ်ပိုင်းသည်။
ဓားပျံက မုန်တိုင်းထံမှ ထွက်ခွာလာရုံ ရှိသေး မရေမတွက်နိုင်သော ပုရွက်ဆိတ်များသည် တဝီဝီမြည်သံကို ထုတ်ဖော်ပြီး ၎င်းအား ခြုံလွှမ်းပစ်သည်။ မီးခိုးရောင်ဓားအလင်း၏ ကြမ်းလှသော တိုက်ကွက်က ထိုအင်းဆက်ပျံများကို နည်းနည်းလေးမျှ မထိခိုက်စေပုံ ရသည်။ ထိုအစား ၎င်းတို့သည် ချက်ခြင်းပင် ဓားပျံကို အုပ်စိုးသွားသည်။
ထိုအခါ ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ၏ မှော်ရတနာကို ပြန်ဆင့်ခေါ်ဖို့ ကြိုးစားသည်။ သို့သော် သူ့အတွက် နောက်ကျလွန်းသွားခဲ့ပြီ။ မှော်ရတနာ၏ မီးခိုးရောင်အလင်းသည် သုံးလေးကြိမ်လောက် လင်းလက်ပြီး အင်းဆက်အုပ်ထဲ၌ နစ်မြုပ်သွားလေတော့သည်။
ထိုသူ၏ မျက်နှာတွင် သွေးရောင်မရှိတော့ပေ။ သူ့မှော်ရတနာ ပျက်စီးသွားခြင်းသည် သူ၏ မူလချီကို ကြီးစွာ ဒဏ်ရာရသွားစေ၏။
တုံ့နှေးမနေလေဘဲ သူသည် အဖြူရောင်မုန်တိုင်းကို အလျင်အမြန် ထိန်းချုပ်၍ ရှေ့သို့ တရကြမ်းနှင်သည်။ သည်ကန္တာရထဲမှ ထွက်ခွာခြင်းကသာ အခုချိန်၌ သူ့အသက်အတွက် တစ်ခုတည်းသော အခွင့်အရေးတစ်ခုပင်။
ထိုစဉ် တောင်ပံနက်ပုရွက်ဆိတ်များသည် ဓားပျံကို ဝါးမြို၍ ပြီးသွားခဲ့ပြီ။ ၎င်းတို့သည် သူ့နောက်သို့ လိုက်လံဖို့ မလှုပ်ရှားကြပေ။ ၎င်းအင်းဆက်တို့၏ နောက်ထပ်လုပ်ဆောင်ချက်သည် မယုံကြည်နိုင်စရာပင်။ ၎င်းတို့သည် ချက်ခြင်း စုဝေးသွားပြီး ထူးခြားသောအလင်း ဖြာထွက်မှုနှင့်အတူ ဆယ်မီတာမျှ ရှည်လျားသော လှံနက်တစ်လက်အဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက်တွင်မူ စူးရှသော လေချွန်သံနှင့်အတူ လှံသည် လေထုကို ခွင်း၍ ဖြတ်သန်းလာသည်။
သည်မြင်ကွင်းကြောင့် ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် အလွန်အမင်း ထိတ်လန့်သွားသည်။ သူက မုန်တိုင်းအကာအကွယ်ကို ပိုအားကောင်းသိပ်သေးစေဖို့ငှာ သူ့မှော်စွမ်းအားအားလုံးကို ထည့်သွင်းသည်။
အနက်ရောင်အလင်းလှံသည် အဖြူရောင်မုန်တိုင်းကို ထိုးစိုက်ပြီး ချက်ခြင်း ထွင်းဖောက်လာသည်။
လှံ၏ ထိပ်ပိုင်းကော၊ လှံအရိုးပိုင်းကောသည် ရဲရဲနီသော သွေးများဖြင့် ခြုံလွှမ်းသွားလေ၏။