သံမီးပုရွက်ဆိတ်များ
Vol. 33 Ch. 462
လည်ပတ်နေသော မုန်တိုင်းသည် ရုတ်ချည်း ရပ်တန့်ကာ ဝါကြင့်ကြင့်မျက်နှာနှင့်သူ၏ အသွင် လှစ်ဟပေါ်သည်။ သူ၏ ခန္ဓာကိုယ်သည် ရေခဲဒိုင်းများနှင့်အတူ နေရာတွင် ရပ်နေ၏။ အစိမ်းရောင်အရံအတားကမူ လုံးဝ ပျက်ဆီးသွားခဲ့ပြီး ဖြစ်၏။ လက်သီးအရွယ်အပေါက်တစ်ခုသည် သူ၏နှလုံးနေရာ၌ ရှိနေသည်။
ထိုသူသည် ခေါင်းငုံ့ကာ သူ့ရင်ဘက်ကို ကြည့်ပြီး သူ့လက်ဖြင့် ထိကြည့်သည်။ သူ့အမူအရာတွင် အံ့အားသင့်ထိတ်လန့်နေဟန် ပေါ်ပြီး သူ တွေ့မြင်ရသည့်အရာ အပေါ် မယုံကြည်နိုင် ဖြစ်နေသည့်အလား။
ထိုအခိုက်တွင် အနက်ရောင်လှံရှည်သည် မြည်သံပေးကာ မရေမတွက်နိုင်သော တောင်ပံပုရွက်ဆိတ်များအဖြစ်သို့ ပြောင်းလဲသည်။ ၎င်းတို့သည် ထိုသူ့ထံသို့ အဆီးအတားမရှိ တရကြမ်း တိုးဝင်လာပြီး ချက်ခြင်းလက်ငင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြုံလွှမ်းခြင်း ခံရ၏။ နာကျင်စွာ အော်ဟစ်သံကို ခဏကြားရပြီးနောက်မှာတော့ တိတ်ဆိတ်သွားလေတော့သည်။
ခဏကြာပြီးနောက်မှာ တောင်ပံပုရွက်ဆိတ်များသည် လေထဲသို့ ရုတ်တရက် ဝဲတက်ကာ ၎င်းတို့၏ မူလနေရာသို့ ပြန်ရောက်၍ သဲမှုန်များနှင့် ရောထွေးသွားတော့သည်။ ထိုသူ သေဆုံးသွားသော နေရာ၌ သူ၏ အရိပ်အယောင်ပင် မကျန်ခဲ့ပေ။ ထိုဖြစ်စဉ်တစ်ခုလုံးကို တောင်ကုန်းထိပ်ကနေ ဟန်လိသည် လှမ်းမြင်သည်။ သူ ခံစားခဲ့ရသော တုန်လှုပ်မှုကြောင့် သူ့အမူအရာမှာ တမျိုးဖြစ်နေ၏။
“ဒီကောင်တွေက သံမီးပုရွက်ဆိတ်တွေပဲ။ သေချာတယ်။ ဒီနေရာမှာ ထူးခြားတဲ့ အင်းဆက်တွေကို မြင်ရလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”
ဟန်လိသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။
ဟန်လိသည် တောင်ပံပုရွက်ဆိတ်များကို စစမြင်ချင်းတုန်းက မသိသေးပေ။ ၎င်းအင်းဆက်တို့က ဝါကြင့်ကြင့်မျက်နှာနှင့်သူ၏ မှော်ရတနာများထံမှ တိုက်ခိုက်မှုကို အကြောက်အလန့်ကင်းစွာ လက်ခံပြီး လှံအဖြစ် သိပ်သည်းသည့်အခါတွင်ကျမျှ မည်သည့်အင်းဆက်မှန်း သိသွားတာ ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် တောင်ပံပုရွက်ဆိတ်စိတ်ဝိညာဉ်အင်းဆက် မျိုးစိတ်များစွာ ရှိပေသည်။ ၎င်းတို့အားလုံးနီးပါးမှာ အမည်တူကြ၏။ အင်းဆက်ထိန်းချုပ်ခြင်း ပညာရပ်များကို အထူးမပြုထားသော ကျင့်ကြံသူများအတွက်တော့ ၎င်းတို့ကို ခွဲခြားသိဖို့မှာ ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ မတူညီသော တောင်ပံပုရွက်ဆိတ်များ၌ သူတို့၏ စွမ်းအားနှင့် ကြမ်းကြုတ်မှုတို့မှာ ကွဲပြားကြသည်။ ပို၍ ထိတ်လန့်စရာကောင်းလှသော တောင်ပံပုရွက်ဆိတ်များဆို အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများပင် မြင်သည်နှင့် စိုးရိမ်စိတ်ဖြင့် တွန့်ဆုတ်သွားပေလိမ့်မည်။
သံမီးပုရွက်ဆိတ်များကမူ ထူးခြားအင်းဆက်များ အဆင့်သက်မှတ်ချက်တွင် သုံးဆယ့်ခုနစ်တွင် ရှိသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်အကောင်းဆုံး တောင်ပံပုရွက်ဆိတ်မျိုးစိတ်များထဲမှ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီလာ အဆင့်ကိုးဖြစ်သော ကောင်းကင်သလင်းပုရွက်ဆိတ်များကလွဲ၍ ၎င်းတို့သည် ထိတ်လန့်စရာ အကောင်းဆုံး တောင်ပံပုရွက်ဆိတ်များ ဖြစ်နိုင်ခြေများသည်။ မတို့သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို မဖြုံသည့်အပြင် မှော်ပညာရပ်အများစုသည်လည်း ၎င်းတို့ပေါ်တွင် သက်ရောက်မှုနည်းသည်။ အလယ်အဆင့် သို့မဟုတ် အဆင့်မြင့် မီးနှင့်ရေဓာတ် မှော်ပညာရပ်များနှင့် အချို့သော အထူးမှော်ပညာရပ်များကလွဲ၍ ၎င်းတို့သည် မဖျက်စီးနိုင်လုနီးပါး ဖြစ်သည်။ ၎င်းတို့သည် ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် အလားသဏ္ဌာန်တူသော ထူးကဲသည့် အကာအကွယ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ တကယ်တော့ ၎င်းတို့သည် မှော်ရတနာများဖြင့် တိုက်ခိုက်ရာကို ခုခံရာ၌ ရွှေဝါးမြိုခြင်းပိုးတောင်မာများထက်ပင် သာလွန်သေးသည်။
၎င်းတို့သည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သည့် အံ့ဖွယ်စွမ်းရည်မျိုးကို မပိုင်ဆိုင်သော်လည်း သံမီးပုရွက်ဆိတ်များသည် အနက်ရောင်မီးတောက်များကို မှုတ်ထုတ်နိုင်သော၊ အုပ်လိုက်ကြီး အသွင်ပြောင်းလဲခြင်းများ စသည့် ကြောက်မက်ဖွယ်စွမ်းရည်များ ပိုင်ဆိုင်ထားသည်။
၎င်းသံမီးပုရွက်ဆိတ်များအုပ်သည် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း မီးဓာတ်မှော်ရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ၎င်း၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် သာမန်အကာအကွယ် မှော်ရတနာများနှင့် မှော်ပညာရပ်များကို နည်းနည်းလေးမျှ ခုခံတားဆီးနိုင်စွမ်း မရှိလေဘဲ ထွင်းဖောက်နိုင်သည်။ သည့်အတွက်ကြောင့် ဝါကြင့်ကြင့်မျက်နှာနှင့်သူ၏ ဆိုးဝါးစွာ သေဆုံးခဲ့ခြင်းသည် အံ့အားသင့်စရာဟု သတ်မှတ်၍ မရတော့ပေ။
သံမီးပုရွက်ဆိတ်များသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ မျိုးသုဉ်းခဲ့ပြီဟု သတ်မှတ်၍ မရသော်လည်း ကျင့်ကြံခြင်းလောကတွင် မြင်ရခဲလှသည်။ ၎င်းတို့ကို မြင်ရလျှင်ပင် အများဆုံးမှ အရေအတွက်တစ်ထောင်လောက်သာ။
သံမီးပုရွက်ဆိတ်များ၏ အသက်ရှင်သော ဝန်းကျင်ကြောင့်ပင်။ ၎င်းတိုသည် အသက်ရှင်နိုင်ရန် ချစ်ချစ်တောက်ပူပြင်းသော ဝန်းကျင်တစ်ခု လိုအပ်ရုံသာမက သတ္တုရိုင်းအမြောက်အများ ရှိနေသော နေရာအနီးတွင်သာ နေထိုင်ကြသည်။ ထိုသို့သော ပတ်ဝန်းကျင်ကနေ ထွက်ခွာသွားခဲ့လျှင် သံမီးပုရွက်ဆိတ်များသည် အလျင်အမြန် အားနည်းသွားပေလိမ့်မည်။ ၎င်းတို့၏ စွမ်းရည်များ လုံးဝ ပျောက်ကွယ်ပြီး သာမန်တောင်ပံပုရွက်ဆိတ်များအဖြစ်သို့ ပြန်ပြောင်းလဲသွားရန် အချိန်သိပ်ကြာလိမ့်မည် မဟုတ်ပေ။
သို့တိုင် ၎င်းတို့ကို အသုံးချချင်သော အင်းဆက်ထိန်းချုပ်ခြင်းကျင့်ကြံသူများသည် ၎င်းတို့အတွက် သင့်တော်သော ဝန်းကျင်တစ်ခု ရှာခြင်း သို့မဟုတ် ဖန်တီးခြင်းကို ပြုလုပ်ကြသေးသည်ပင်။ သို့ရာတွင် ၎င်းတောင်ပံပုရွက်ဆိတ်များ၌ အားနည်းချက်ကြီးတစ်ခု ရှိနေသည်။
သံမီးပုရွက်ဆိတ်များသည် အရိုင်းဖြစ်စေ၊ မွေးမြူထားသည် ဖြစ်စေ ၎င်းတို့သည် သခင်တစ်ယောက်ကို အသိအမှတ်မပြုကြပေ။ တစ်စုံတစ်ယောက်သည် တောင်ပံပုရွက်ဆိတ်များက သူ့အပေါ် သခင်အဖြစ် အသိအမှတ်ပြုရန် ကြိုးစားသည်နှင့် ၎င်းတို့သည် ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲပစ်ပြီး ကျင့်ကြံသူများစွာ၏ အိပ်မက်ကို ချေမွပစ်လေသည်။
ဤကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းတွက်မူ အဖြေ အတိအကျ မရှိပေ။ တောင်ပံပုရွက်ဆိတ်များ၏ သဘာဝကိုက အညံ့မခံဘဲ တခြားသူများ၏ ထိန်းချုပ်မှုကို ခွင့်မပြုဟုသာ ပြောနိုင်သည်။
ကောင်းကင်တောင်ပိုင်းဒေသ သို့မဟုတ် ပြန့်ကြဲကြယ်ပင်လယ်များတွင် ဖြစ်စေ သံမီးပုရွက်ဆိတ်များနှင့် ပတ်သတ်ပြီး သိသည့်သူ အရေအတွက်မှာ အလွန်နည်းပါးသည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း ၎င်းပုရွက်ဆိတ်များကို မြင်ရခဲပြီး ၎င်းတို့အုပ်စုများသည် နည်းသထက် ပိုနည်းလာခဲ့သည်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဟုပင် ယူဆနိုင်သည်။
ထိုအခိုက်တွင် ဟန်လိသည် သဲကန္တာရနက်ကို ကြည့်လျက် အတွေးထဲ နစ်မြောနေသည်။
သဲကန္တာရသည် သံမီးပုရွက်ဆိတ်များ၏ သဘာဝထောင်ချောက်တစ်ခု ဖြစ်ပုံရသည်။ ဟန်လိသည် သည်ကန္တာရ၌ ထိုပုရွက်ဆိတ်အုပ် မည်မျှ ရှိမည်ကို မသိသော်လည်း ဝါကြင့်ကြင့်မျက်နှာနှင့်ကျင့်ကြံသူက တစ်ကီလိုမီတာလောက် လျှောက်လာပြီးနောက်မှာ သံမီးပုရွက်ဆိတ်အုပ်တစ်စုနှင့် တွေ့ကြုံခဲ့ရပုံကို ကြည့်၍ ဆုံးဖြတ်ပါက ၎င်းတို့သည် အရေအတွက်အားဖြင့် နည်းလိမ့်မည် မဟုတ်ပေ။ သည်ကန္တာရ၌ ရာထောင်ချီသော သံမီးပုရွက်ဆိတ်အုပ်များစွာ ရှိနေဖို့ အတော်လေး ဖြစ်နိုင်ခြေ ရှိသည်။
ထိုအတွေးကြောင့် ဟန်လိသည် သူ၏နောက်ကျော၌ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ့စိတ်ဝိညာဉ်အာရုံဖြင့် သူ့သိုလှောင်အိတ်ကို ကြည့်ရှုပြီး အလယ်အဆင့် မီးနှင့်ရေခဲဓာတ် အဆောင်များကို ရေတွက်ကြည့်သည်။ ဆယ့်နှစ်ခုကျော် ရှိ၏။ သူ အစောပိုင်းတုန်းက တွေ့မြင်ခဲ့ရသော အရွယ်အစားလောက်ရှိမည့် သံမီးပုရွက်ဆိတ်အုပ် သုံးစုလောက်ကိုတော့ ၎င်းအဆောင်များဖြင့် ရင်ဆိုင်ဖို့ငှာ လုံလောက်သည်။ သို့သော် ဟန်လိသည် ထိုအဆောင်များက သူ့ကို သည်ကန္တာရကို ဖြတ်သန်းစေနိုင်ဖို့အထိ လုံလောက်လိမ့်မည်ဟုတော့ မယုံကြည်ထားပေ။
ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများ ထည့်သိမ်းထားသော စိတ်ဝိညာဉ်သိုလှောင်အိတ်များကို ကြည့်မိချိန်တွင် သူ့စိတ်မှာ လှုပ်ရှားသွားသည်။ သူသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် သံမီးပုရွက်ဆိတ်များနှင့် ရင်ဆိုင်ရာတွင် သက်ရောက်မှု ရှိ၊ မရှိကို သူ စဉ်းစားကြည့်နေသည်။
တကယ်တော့ ပိုးတောင်မာများသည် သံမီးပုရွက်ဆိတ်များထက် အဆင့်များစွာ ပိုမြင့်၏။ ပုရွက်ဆိတ်များ၏ ကြေးခွံအရ ၎င်းတို့သည် ရွှေနက်အဆင့်ထိ မရောက်သေးပေ။ ၎င်းတို့သည် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ တဝက်တပျက်သာ ဖွံ့ဖြိုးပြီး ဖြစ်ပုံ ရသေးသည်။ ယင်းအတွက်ကြောင့် သူ့အဖို့ ပိုးတောင်မာများနှင့် ပုရွက်ဆိတ်များကို စမ်းသပ်ကြည့်ဖို့ လက်သင့်ခံနိုင်ခြေ ရှိသည်။
စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ဟန်လိသည် ခဏ စဉ်းစားနေသေးသည်။ ယင်းနောက်တွင်မူ သူ အစောပိုင်းတုန်းက မြင်ခဲ့ရသော သံမီးပုရွက်ဆိတ်များကို သူ၏ ပိုးတောင်မာများနှင့် စမ်းသပ်ကြည့်ခြင်းသည် ပြဿနာမရှိဟု ဆုံးဖြတ်လိုက်တော့သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများက ၎င်းတို့ကို မရင်ဆိုင်နိုင်ခဲ့လျှင်ပင် သူ့တွင် အလယ်အဆင့် အဆောင်များ ရှိသေးသည်။ သူ့ကိုယ်သူအတွက် ၎င်းတို့ကို အသုံးပြုနိုင်သေးသည်။
ယင်းနောက်မှာ ဟန်လိ၏ အမူအရာသည် အေးစက်လာပြီး တောင်ကုန်းပေါ်ကနေ ပြေးဆင်းလျက် သဲကန္တာရနက်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သည်။
ခဏအကြာတွင် ဟန်လိသည် ကန္တာရ၏ အစွန်သို့ ရောက်၏။ သူ့အကြည့်က သူ့အောက်မှ သဲနက်များထံ ကျရောက်ပြီး သူ မျက်မှောင်ကြုတ်သည်။ ထို့နောက်တွင်မူ သူသည် သဲများကို လက်တဆုပ်စာ ကောက်ယူပြီး သူ့မျက်လုံးနားမှာ တေ့ကြည့်သည်။
သည့်နောက်မှာ ဟန်လိသည် နှာခေါင်းရှုံ့သည်။ သူ့လက်ထဲမှ အဝါရောင်အလင်း ရုတ်ချည်းလင်းလက်လျက် သူသည် သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကို ဖြစ်ညှစ်သည်။ ထိုအခါ သဲအများစုသည် မကြေမွသွားခဲ့ပေ။
ဟန်လိသည် လှောင်ပြုံးပြုံး၏။ သူက တကိုယ်တည်း ဖြည်းဖြည်းချင်း ရေရွတ်သည်။
“ဒါက သဲနက်တွေ မဟုတ်ဘူးပဲ။ သံရိုင်းအမှုန်တွေ ဖြစ်နေတာပဲ…”
“ဒါပေမဲ့ သံရိုင်းပမာဏတွေဟာ ကန္တာရကြီးတစ်ခုစာလောက် ပြန့်ကြဲနေဖို့ကတော့…ဒီကောင်းကင်လေဟာနယ်ခန်းမရဲ့ သခင်ဟာ အမှန်တကယ် ထူးကဲလွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှာ သေချာပါတယ်…”
သူ၏လက်ထဲရှိ သဲမှုန်များကို လွှတ်ပစ်ပြီးနောက်မှာ သူသည် ထရပ်ကာ မျက်မှောင်ကြုတ်သည်။ ထို့နောက်တွင်မူ သူ့ခါးရှိ အဖြူရောင်ဦးချိုသင်္ကေတကို ပုတ်ပြီး သူ့အား အဖြူရောင်အလင်းနှင့် ထွေးခြုံစေသည်။
အစောပိုင်းတုန်းက သူသည် ဝါကြင့်ကြင့်မျက်နှာနှင့် ကျင့်ကြံသူ၏ နောက်သို့ နောက်ယောင်ခံလိုက်လာသည် ဖြစ်သောကြောင့် သည်ဦးချိုသင်္ကေတကို အတင်းအကြပ် အသက်မဲ့ထားစေပြီး သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းသပ်သပ်ဖြင့်သာ အပူဒဏ်ကို တောင့်ခံခဲ့ပေသည်။ သို့သော် အခု သူသည် ကန္တာရနားသို့ နီးကပ်နေပြီ ဖြစ်၍ အပူရှိန်က သူ့ကို ခေါင်းမူးသွားစေခဲ့သည်။ သို့ဖြစ်၍ အလန့်တကြား ဖြစ်ကာ ဟန်လိသည် အဖြူရောင်ဦးချိုသင်္ကေတကို အလျင်အမြန် အသက်ပြန်သွင်းလိုက်တာပင်။ အခုချိန်သည် မှော်စွမ်းအား ထိန်းသိမ်းထားရခြင်းနှင့် ပတ်သတ်ပြီး ပူပန်နေရမည့် အခါ မဟုတ်လေပေ။
ဆက်၍ တွေဝေမနေတော့ဘဲ ဟန်လိသည် သံမီးပုရွက်ဆိတ်များအုပ် ရှိနေသော ဧရိယာထံသို့ ကြည့်ကာ ဂရုတစိုက် လျှောက်လှမ်းလာသည်။
ကန္တာရနက်ပေါ် လမ်းလျှောက်ရခြင်းသည် နာကျင်မှုကို ဖြစ်စေသည်ပင်။ သဲများသည် ချစ်ချစ်တောက် ပူနေ၏။ လေများသည်လည်း ပူပြင်းလှ၏။ အဖြူရောင်ဦးချိုသင်္ကေတနှင့် မီးဒဏ်ခံဝတ်ရုံတို့ဖြင့်ပင် ဟန်လိသည် အပူဟပ်တာကို ခံစားနေရဆဲပင်။ မနေ့တုန်းက သူ ဖြတ်သန်းလာခဲ့သော ချောရည်လမ်းကြောင်းငယ်ထက်ပင် သာ၍ ပူနေသေးသည်။
မီတာတစ်ရာလောက် လျှောက်လာပြီးသည့်နောက်မှာတော့ ဟန်လိသည် သက်ပြင်းချပြီး သိုလှောင်အိတ်ကို ပုတ်သည်။ သူ့လက်ထဲ၌ ညင်သာစွာ အရောင်လက်နေသော ပုလဲတစ်လုံး ပေါ်လာသည်။ နှေးဖင့်မနေဘဲ ၎င်းပုလဲအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားကို သွန်းလောင်း၏။ ထိုပုလဲထံမှ လေအေးများ ချက်ခြင်း ထုတ်လွှတ်လာ၏။
ဟန်လိသည် ရုတ်တရက် သူ့ဘေးပတ်လည်တွင် အေးမြမှု ခြုံလွှမ်းသွားသကဲ့သို့ ခံစားရသည်။ စိတ်အားတက်ကြွသွားပြီး သူသည် ခြေလှမ်းပိုမြန်သည်။
အဖြူရောင်ဦးချိုသင်္ကေတနှင့် ရေခဲပုလဲတို့ကို တပြိုင်နက်တည်း အသုံးပြုခြင်က သူ၏ မှော်စွမ်းအား ကုန်ဆုံးမှုကို မြင့်မားလာစေသည်။ သူသည် ဒီကန္တာရကို တတ်နိုင်သမျှ အမြန်ဖြတ်သန်းရန် လိုအပ်နေ၏။
ဟန်လိသည် သံမီးပုရွက်ဆိတ်များ တည်ရှိနေသော နေရာနှင့် မီတာနှစ်ရာ ဝန်းကျင်လောက်သို့ ရောက်လာာသည့်အခါ၌ သူက ရပ်၏။ ၎င်းတို့ ရှိနေလောက်မည့် နေရာကို သေချာ စူးစမ်းကြည့်သည်။ တအောင့်အကြာတွင် သူက ခေါင်းရမ်းမိ၏။
ပုန်းကွယ်နေသော သံမီးပုရွက်ဆိတ်များနှင့် သဲနက်များကို ခွဲခြမ်းဖို့မှာ အလွန်တရာ ခက်ခဲလှပေသည်။ ၎င်းတို့ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ဖို့က သာ၍ပင် ခက်သေးသည်။ ထိုပုရွက်ဆိတ်အုပ်၏ စိတ်ဝိညာဉ်တုန်ခါလှိုင်းများသည် အလွန်ဖျော့တော့ပေ၏။ အကြောင်းမှာ သူတို့၏ချီကို ထိန်းချုပ်နိုင်သော မွေးရာပါစွမ်းရည်ကြောင့်ပင်။
အကွာအဝေးတစ်ခုမှ တောင်ပံပုရွက်ဆိတ်များကို ထောက်လှမ်းဖို့ သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုခြင်းသည် အလုပ်မဖြစ်ပုံ ရသည်။ သူသည် ရွှေဝါးမြိုခြင်းပိုးတောင်များကို အသုံးပြု၍ ကြိုးစားကြည့်မှ ဖြစ်တော့မည်။