← Chapters

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 925

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 925

“ငါတို့ စွမ်းအား အကုန်လုံးကို သူတို့ ပိုင်ထားတာလား...”

ဝေ့ဝူယင် စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။

“အခြေခံ စွမ်းအားတွေတင်ပါ...”

ဧဒင်က ထူးဆန်းစွာပင် ပြန်ဖြေလိုက်သည်။

“အခြေခံ စွမ်းအား...”

ဝေ့ဝူယင် စိတ်ဝင်စားသွားကာ ကောင်းကင်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်၏။ သို့သော်လည်း လောကကိုယ်ပွား လေးခုမှာ လှုပ်ရှားကြပုံ မပေါ်တော့ရော သူ ဘာကိုမှ ဆန်းစစ်နိုင်စွမ်း မရှိချေ။ ၎င်းတို့က လောကတစ်ခုလုံးကို တုန်ရီစေသည့် အသံများကိုသာ ထုတ်လွှတ် နေကြ၏။

အမှောင် ဟင်းလင်းပြင် အတွင်းတွင်တော့ ပိုင်လင်မှာ ဂြိုဟ်နှင့် ပိုမို ဝေးသည် ပျံသန်းသွား၏။ နောက်ကို ပြန်လည် လှည့်ကြည့်မိသော အခိုက်၌ ရောင်စုံ အလင်းများက ဂြိုဟ်တစ်ခုလုံးအား ဝန်းရံနေသည်ကို တွေ့လိုက် ရသည်။ သူမ ထိုအလင်းများကို ကောင်းစွာ မှတ်မိပေသည်။ ၎င်းတို့မှာ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အလင်းများ ဖြစ်ကြပေသည်။

မူလဂြိုဟ်ထက်ရှိ ဝေ့ဝူယင်မှာလည်း အလားတူ မြင်ကွင်းကို တွေ့မြင်ရ၏။ ဝင်ရိုးစွန်း အလင်းတန်းများက အလွန် လှပသည့် ရောင်စဉ်များနှင့် အတူ တစ်လောကလုံးကို ဆေးခြယ်ထားသည်။ အခြေခံ စွမ်းအားက မည်သည်ကို ဆိုလိုကြောင်း ဝေ့ဝူယင် ချက်ချင်း သဘောလိုက်၏။

လောကအင်အား ကြယ်တာရာ ကပ်ဘေးမှာ ကြယ်တာရာ ဝိညာဉ်များ၏ အသွင်များကိုသာ ပုံတူကူးခဲ့ခြင်း မဟုတ်ချေ။ ဝိညာဥ် အလင်း၊ မြေဆွဲအား ဗဟိုထု အပါအဝင် စွမ်းအင် အမျိုးအစား အားလုံးကိုပါ ထပ်တူ ကူးယူခဲ့ခြင်း ဖြစ်သည်။

“ဒါက...”

ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် လောက အတွင်းရှိ အလင်းစွမ်းအင်များမှာ စတင်၍ ပြောင်းလဲ လာခဲ့၏။ ထိုအရာက သူ ကိုယ်တိုင်ပင် မလုပ်နိုင်သေးသည့် အရာ ဖြစ်သည်။

ထို့နောက်... သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ပျက်သုဉ်းခြင်း ဆေဘာ ဝိညာဉ် အလင်းမှာ သူ့ကို ညာဘက်မှ တိုက်ခိုက်လိုက်၏။ လောက အတွင်းရှိ မန်နာနှင့် စွမ်းအင်အင်များက ဆေဘာ အလင်းဖြစ်သွားကာ သူ၏ ညာဘက်လက်ကို လှီးဖြတ် လိုက်၏။

တစ်ချိန်တည်း၌... အလွန် သန့်စင်သည့် အဖြူရောင် အလင်းများမှာ ဘယ်ဘက်မှ နေ၍ သူ့အပေါ် ပြိုကျလာသည်။ ‌‌ရွှေ့ပြောင်းခြင်း ဒြပ်စင် ဝိညာဥ် အလင်းမှာ မန်နာ အပါအဝင် လောက အတွင်းရှိ စွမ်းအင်များနှင့် ဆက်သွယ်သွားကာ ဒြပ်စင် မူလ စွမ်းအင် ဖြစ်လာ၏။ ၎င်းကလည်း တစ်ချိန်တည်းတွင်ပင် သူ့ဘယ်ဘက်လက်ကို တိုက်ခိုက်လိုက်သည်။

ဝေ့ဝူယင်မှာ အေးခဲသွားသလို ခံစားလိုက်ရကာ တစ်ချိန်တည်း အလွန် ပူပြင်း လာပြန်၏။ ကြောက်မက်ဖွယ် ခံစားချက် တစ်ရပ်က ခန္ဓာကိုယ် အတွင်း တိုးဝင်လာသလို သူ ခံစားလိုက်ရသည်။ ဝိညာဉ် အလင်းမှာ သူ့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို မူလ မြေကြီး စွမ်းအင် အဖြစ် ပြောင်းလဲကာ ထိန်းချုပ်ဖို့ ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ဝေ့ဝူယင် အံ့သြမိသွားသည့်တိုင် ထိတ်လန့်ခြင်းတော့ မဖြစ်မိချေ။ သူက ကိုယ်ပိုင် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ကာ ပတ်လည်ရှိ စွမ်းအင်တိုင်းကို ထိန်းချုပ်မှု အောက်အတွင်း သွတ်သွင်း လိုက်၏။

တစ်ချိန်တည်း၌ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေဘာအလင်း အားလုံးက ဆေဘာ တစ်စင်း အဖြစ် စုစည်း သွားသည်။ သူ ထိုဓားကို ဆုပ်ကိုင်လိုက်၏။ လောလောဆယ်၌ သူ၏ ဆေဘာ နှလုံးသား ရည်ရွယ်ချက်မှာ ၎င်း၏ ခွန်အားထက် သာလွန် နေပေသေးသည်.

အခြေအနေကို တိုင်တွယ်နိုင်လိုက်၍ ကျေနပ်နေစဉ်မှာပင် အသွင် သဏ္ဌာန်မဲ့ ပုံရိပ် တစ်ခု နောက်နားတွင် ပေါ်ထွက်လာကြောင်း ဝေ့ဝူယင် ခံစားလိုက်ရ၏။ အလွန် ပြင်းထန်သည့် ခွန်အားများမှာ သူ့ ကြောရိုး တည့်တည့်ကို တိုးဝင်ကာ တိုက်ခိုက်လိုက်ပြီ ဖြစ်လေတော့သည်။

ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ရှေ့သို့ မိုင်ဆယ်နှင့်ချီ လွင့်စဉ် သွားကာ အဆောက်အအုံ များစွာကို ဖြတ်ကျော်သွား၏။ အလွန်တရာ နာကျင်နေသည့်တိုင် ဝေ့ဝူယင် မန်နာ စွမ်းအင်များကို ထိန်းချုပ်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ် လိုက်၏။

ဝှစ်...

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းလိုက်နိုင်သည်။ သို့သော်လည်း သူ အသက်ရှူချိန်ပင် မရလိုက်ချေ။ ဆေဘာအလင်း၊ မူ ဒြပ်စင် အလင်းနှင့် အသွင် သဏ္ဌာန်မဲ့ အလင်းတို့မှာ အလွန် လျှင်မြန်သည့် အရှိန်အဟုန်နှင့် အတူ နောက်တစ်ကြိမ် ဝန်းရံ လာခဲ့ပြီ ဖြစ်လေတော့၏။

ဘုန်း...

တဒင်္ဂ အတွင်းမှာပင် သမုဒ္ဒရာ တစ်စင်း အလား များပြားလှသည့် မန်နာများမှာ သူ့အ‌ပေါ် ပုံကျလာကာ ဘက်ပေါင်းစုံမှ နေ၍ ကောင်းကင်ဖိအားများ အလား ဖိနှိပ်လိုက်၏။ အဆုပ်အတွင်းရှိ လေများက ဖြည်းညင်းစွာပင် ရေခဲမူလ စွမ်းအင်များ အဖြစ် ပြောင်းလဲ နေကြောင်း သူ ခံစားနေရသည်။ သူ့ ခန္ဓာကိုယ်၏ အပူချိန်က အလွန် လျှင်မြန်စွာ လျော့ကျလာခဲ့၏။

ရွှမ်း...

ပျက်သုဉ်းခြင်း ဆေဘာအလင်းက နောက်တစ်ကြိမ် လင်းလက်လာကာ သူ့ ခန္ဓာကိုယ်ကို လှီးဖြတ်လိုက်၏။ အကယ်၍ စစ်အမတေဖြင့် ဖန်တီးထားသည့် လျှို့ဝှက်အဆင့် ဝတ်စုံ‌ကြောင့်သာ မဟုတ်ပါက သူ့ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက် နေလောက်ပြီ ဖြစ်သည်။ ပျက်သုဉ်းခြင်း ဆေဘာအလင်း၏ ထက်ရှမှုကို ဘယ်တော့မှ အထင်မသေးသင့်ချေ။ ၎င်းမှာ သတ်ဖြတ်မှု တစ်ခုတည်း အတွက် ဦးတည်၍ ဖြစ်ပေါ်လာသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။

“ဘာလို့ သူတို့က ဒီလောက်တောင် သန်မာနေရတာလဲ...”

ဝေ့ဝူယင် ကြယ်တာရာ အင်အားကို အသုံးပြုကာ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းလိုက်၏။ ထိုကြိုးပမ်းမှုက အလုပ်ဖြစ်ဖို့ တာဆူ နေစဉ်တွင်ပင် အရှေ့၌ မြူမှုန်များ အုံ့စိုင်းလာကာ ထက်ရှသော လက်သည်းတစ်စုံ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ၎င်းက သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ မြေပေါ် ဆွဲချလိုက်၏။

ဟူး... ဟူး...

ထို့နောက် ၎င်းက အညှာအတာ မရှိပါပဲ သူ့ ခန္ဓာကိုယ်ကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ ရွေ့လျားမှုမှာ အလွန် မြန်ဆန်လွန်းရကား ဟင်းလင်းပြင် ခုန်ကျော်နေသလိုပင် ဝေ့ဝူယင် ခံစားလိုက်ရသည်။ မီလီ စက္ကန့်များ အတွင်းမှာပင် သူ့ခန္ဓာကိုယ်မှာ မူလနေရာနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာ သွားခဲ့ပြီ ဖြစ်လေသည်။

ဘူန်း... ဘုန်း....

ဝေ့ဝူယင်၏ ခေါင်းနှင့် ခန္ဓာကိုယ်တို့မှာ လမ်းတစ်လျှောက်ရှိ တောင်ကုန်း၊ တောင်တန်း၊ အဆောက်အအုံများနှင့် အကြိမ်ကြိမ် ဝင်တိုက်သွားကာ ပေါက်ကွဲမှု များစွာကို ချန်ထားခဲ့လေ၏။ လမ်းကြောင်းတစ်လျှောက်၌ အလွန် ကြီးမားသည့် စွပ်ကြောင်းကြီး တစ်ခု ကျန်ရစ်ခဲ့လေသည်။

ဝေ့ဝူယင် ကြယ်တာရာ အင်အားကို အသုံးပြုကာ ကျောရိုးထံ တိုက်ရိုက် ဆက်သွယ်ဖို့ ကြိုးပမ်း လိုက်၏။ အနည်းငယ် တည်ငြိမ်မှုကို ပြန်လည် ရရှိသည်နှင့် သူက လက်ဖြင့် မြူနှင်း အတွင်း လှမ်းကာ ဆုပ်ဖမ်း လိုက်သည်။ သို့သော်လည်း သူ့လက်က လေများကိုသာ ဖမ်းမိလိုက်၏။ မြူမှုန်များ အတွင်း၌ မည်သည့် တည်ရှိမှုမှ ရှိမနေသည့် ဟန်ပင်။

သို့သော်လည်း... သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကတော့ ရှင်းလင်းစွာပင် တွေ့မြင်လိုက်ရသည်။ ထိုဒေါသကြီးသည့် တည်ရှိမှာ အလွန်ပင် ကြည်လင်ကာ သူ့လက်များက သည်အတိုင်း ဖြတ်ကျော် သွားခဲ့သည်။

ဘုန်း...

ဝေ့ဝူယင် စမ်းသပ်နေစဉ်မှာပင် လက်သည်းများက အောက်တည့်တည့်ဆီ ဦးတည်ချက် ပြောင်းလိုက်ကာ သူ့ကို ဆွဲချသွားခဲ့၏။

တစ်ဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်မှာ မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ကာ လောကအမြုတေ အပေါ်ယံ အလွှာကိုပင် တိုက်ရိုက်ပင် ဖောက်ထွင်းသွားခဲ့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို ဂြိုဟ်အမြုတေထံ ပို့ဆောင်ရန် ကြိုးပမ်း နေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်ရာ ဝေ့ဝူယင် မျက်လုံးပြူး သွားခဲ့၏။

“တကယ့်ကို ကြောက်စရာပဲဟ...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ထိုအခိုက်၌ ခန္ဓာကိုယ်ကို မြေဆွဲအား စွမ်းအင်များက အလုံးလိုက် အရင်းလိုက် ဝန်းရံနေသလို ဝေ့ဝူယင် ခံစားနေရသည်။ သူ လက်ချောင်း၊ ခြေချောင်းများကိုပင် လှုပ်နိုင်စွမ်း မရှိချေ။

ကြယ်တာရာ ဝိညာဥ်များ၏ လောက ကိုယ်ပွားများသည်လည်း အလားတူပင် အနက်ရောင် တွင်းပေါက် ကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြေဆွဲအား စွမ်းအင်များကို ပိုင်ဆိုင် ထားကြသည်။ ထို့အပြင် ၎င်းတို့က လေးယောက် တိတိ ဖြစ်၏။

“ရား...”

ဂြိုဟ်အမြုတေထံမှ အလွန် ပူပြင်းသော အပူချိန်၌ အရေပြားကို လောင်မြိုက်လာလေရာ ဝေ့ဝူယင် ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ ဟင်းလင်းပြင် နဂါး အင်အားများက သူ့ခန္ဓာကိုယ် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာကာ လက်သည်းများကို ဖျက်ဆီးရန် ကြိုးပမ်းလိုက်သည်။ ခရာတို၏ လောကကိုယ်ပွားမှာ ချက်ချင်းပင် နောက်ကို ဆုတ်ကာ ပျောက်ကွယ် သွားခဲ့၏။

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို သုံးကာ ၎င်းကို ခြေရာခံဖို့ ကြိုးပမ်းလိုက်သည်။ ထိုအချိန်မှာပင် အဆုံးမဲ့ ခုနစ်ရောင်ခြယ် အမြစ်များမှာ သူ့မြင်ကွင်း အတွင်း ပေါ်လာခဲ့၏။ ဝေ့ဝူယင် ချက်ချင်းပင် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို အဂ္ဂိရတ် ဧဒင် အင်အား အဖြစ် ပြောင်းလဲကာ စောစောကလိုပင် ရင်ဆိုင်ဖို့ ကြိုးစား လိုက်သည်။

ထိုအခိုက်တွင်ပင် သူ မြင်နေရသည့် အမြစ်များက စိတ်ထဲမှ ထင်ယောင် ထင်မှား ပုံရိပ်များသာ ဖြစ်နေကြောင်း ဝေ့ဝူယင် သတိထားမိသွား၏။

“အသိစိတ် ပင်လယ်...”

ထိုအမြစ်များမှာ သူ့ကို အပြင်မှ တိုက်ခိုက်ရန် ကြိုးပမ်းနေခြင်း မဟုတ်ပဲ အစောကြီး ကတည်းကပင် အသိစိတ် ပင်လယ်ထဲကို ရောက်နေခြင်းပင် ဖြစ်သည်။ ဧဒင်၏ စိတ်တာအိုမှာ အလွန်ပင် ထူးခြားလှ၏။ သစ်ပင် တစ်ပင် ဘဝတည်းကပင် ဧဒင်မှာ ဝေ့ဝူယင်၏ စိတ်အတွင်း ကျူးကျော်ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဤသည်က အလားတူ ဖြစ်စဉ် တစ်ခု ဖြစ်သည့်တိုင်... လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကထက် အဆ ထောင်ပေါင်းများစွာ ပိုမို အစွမ်းထက် လှ၏။

တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်မှာ ခုနစ်ရောင်ခြယ် အလင်းများ အတွင်း နစ်မြုပ် သွားခဲ့၏။ ထို့နောက် မကြာခင်မှာပင် ၎င်းတို့က ပြန်လည် ပြိုကွဲသွားသည်။

ဝေ့ဝူယင် ပြန်လည် မြင်နိုင်လာခဲ့၏။ ထို့နောက်... သူ ပထမဆုံး မြင်တွေ့လိုက်ရသည်က အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခု ဖြစ်သည်။ ငိုသံ သဲ့သဲ့ကို ဝေ့ဝူယင် ကြားနေရ၏။ ဘေးကို လှည့်ကြည့်လိုက်တော့ သူ့ အင်္ကျီကို လက်ကလေးဖြင့် ဆွဲထားသည့် မိန်းမလှလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ နီရဲစပြုနေသည့် ပါးမို့မို့ကလေးက မျက်ရည်စီးကြောင်းများနှင့် ပြည့်နှက် နေ၏။ ထိုမိန်းကလေးကို ဝေ့ဝူယင် မည်ကဲ့သို့ မေ့နိုင်ပါမည်နည်း။

“ကျူးလန်...”

“နောက်ပြီး ဒီနေရာက နေသွေးနီနီတောင်...”

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ အလွန်တရာ ရင်းနှီးလှသည့် သွေးရောင် မြူမှုန်များကို တွေ့လိုက်ရ၏။ ချီကျင့်စဉ် ထုတ်ဖော် တိုက်ခိုက်သံများ၊ ထိတ်လန့်တကြား အော်ဟစ်သံများမှာ အဆုံးမဲ့စွာ ပြန့်ကျဲ နေ၏။ မြစိမ်းရောင် အလင်းများက သွေးရောင် အလင်းများကို နေရာအနှံ့တွင် ဖိနှိပ်ထား၏။

ထိုမြင်ကွင်းက ရင်းနှီးနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ရင်းနှီးသည်မှ အလွန့်ကို ရင်းနှီး နေခြင်းပင်။

ဝေ့ဝူယင် အနက်ရောင် ဝတ်စုံဝတ် ပုံရိပ်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။ ထိုနေ့၌ လူငယ်မှာ သူ့အသက်ကို နှုတ်ယူ သွားပေလိမ့်မည်။ ထိုနေ့၌ သူ ဆေဘာကို ဆွဲကိုင်ကာ သူ့အသက်ကို နှစ်ပေါင်းများစွာ ရန်ရှာခဲ့သည့် မိန်းမအား ကာကွယ်ပေးခဲ့ပေလိမ့်မည်။ သို့သော်လည်း သေဆုံးသွားခဲ့သည့် အချိန်ထိ သူ မသိလိုက်ခဲ့သည့် အချက်ကား... ထိုလူငယ်မှာ ကျူးလန် အတွက် မဟုတ်ပဲ သူ့အတွက် ရောက်ရှိလာခဲ့သည် ဆိုခြင်းကိုပင်။

“လုံချန်...”

***

All Chapters