← Chapters

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 926

လောကကိုယ်ပွားများနှင့် ရင်ဆိုင်ခြင်း

Vol. 67 Ch. 926

ဝှစ်... ဘုန်း...

အား... အမလေး...

တိုက်ခိုက်သံများ အော်ဟစ်သံများမှာ ကမ္ဘာပျက် မတတ် ဆူညံ ပွက်လောရိုက် နေခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်၊ ကျူးလန်နှင့် လုံချန်တို့ သုံးယောက် ရပ်နေခဲ့သည့် နေရာကတော့ လုံးဝ သီးခြား ဖြစ်နေခဲ့သည်။ ၎င်းက ပဋိပက္ခများနှင့် ဝေးကွာကာ လူသတ်မှု တစ်ခု ကျူးလွန်ရန် ပြီးပြည့်စုံသည့် နေရာတစ်ခုပင်။

အနက်ရောင် အရိုးစု၏ စကားများကို ပြန်လည် ကြားယောင်ရင်း ဝေ့ဝူယင်၏ ခံစားချက်များက အလွန်ပင် တည်ငြိမ်နေ၏။ လုံချန်၏ လက်ချက်ဖြင့် မြေပြင်ပေါ် တအိအိ လဲကျသွားသည့် မြင်ကွင်းက သူ့အာရုံ တစ်ခုလုံးကို စိုးမိုး ထားသည်။ ထိုနေ့၌ သူ အဘယ်ကြောင့် ကျူးလန်ကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဝေ့ဝူယင် ယနေ့တိုင် နားမလည်နိုင်သေးချေ။

တစ်ခုခု မမှန်ကန်နေသလို ဝေ့ဝူယင် ခံစားရသည်။ ထိုနေ့၌ သူ ကျူးလန်ကို ကာကွယ်ပေးခဲ့ရုံသာ မကချေ။ အစောကတည်းက လေ့ကျင့်နေသည့် ဒြပ်စင်ချီ နှလုံးသား နည်းလမ်းကို စွန့်ပယ်ကာ ပိုမို အားနည်းသည့် သွေးချီ နှလုံးသား လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ထိုဖြစ်ရပ်က သဘာဝနှင့် ဆန့်ကျင်နေ၏။

သို့သော်လည်း... သူ အနက်ရောင် အရိုးစု၏ စကားကို ယုံကြည်ခဲ့သည်။ ထိုကဲ့သို့ တည်ရှိမှု တစ်ခုက သူ့လို ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူလေး တစ်ယောက်ကို လိမ်ညာစရာ အကြောင်း မရှိချေ။ ထို့အပြင်... ထာဝရ ကြယ်တာရာ နယ်မြေ၏ ချိပ်ပိတ် ဝင်္ကပါကို ရိုးရှင်းစွာ ဖောက်ထွက် ခရီးသွားရင်း သူ ဆန်းကြယ်သည့် ဖြစ်ရပ် တစ်ခုကို ကြုံခဲ့သည်။ ကြယ်တာရာ ဝိညာဥ်များမှာ သူတို့ နောက်တစ်ယောက်ကို ပြန်ခံစားခဲ့ရသည်ဟု ဆိုသည်။

ဝေ့ဝူယင် အရှေ့ရှိ မြင်ကွင်းကို ပြန်လည် ကြည့်လိုက်၏။ အပြစ်သား သွေးမျိုးဆက် မရှိသည့် သူက ထိုနေ့တွင် ကျိန်းသေ သေဆုံးရပေလိမ့်မည်။ ခံစားချက် တစ်ခုက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ဗိုင်းရပ်ပိုး တစ်ခုလို ပျံ့နှံ့ လာ၏။ ထိုသံသရာ တစ်ကြော့ပြန်လည်လာမည်ကို မကြောက်ဟု ဆိုပါက သူ လိမ်ရာ ကျလိမ့်မည် ဖြစ်သည်။

“ဘာလို့လဲ...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို မေးလိုက်မိ၏။ သူက အဘယ်ကြောင့် ကျူးလန်၏ ရှေ့တွင် မားမားမတ်မတ် ရပ်ကာ ကာကွယ်ပေးနေရသနည်း။ ထိုအရာက သူ ဘယ်တော့မှ ဖြေရှင်းနိုင်မည် မဟုတ်သည့် လျှို့ဝှက် ပုစ္ဆာ တစ်ခုပင် ဖြစ်လေ၏။

လုံချန်၏ ပုံရိပ်က သူ ရင်းနှီးပြီးသည့် ဖြစ်သည့် အော်ရာကို စတင် ထုတ်လွှတ်လာ၏။ သူ၏ လှုပ်ရှားမှုတိုင်းက တည်ငြိမ်ကာ ထိတ်လန့်စရာ ကောင်းသည့် ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။ လူငယ်က သူ့ကို သတ်ဖြတ်နိုင်ရန် အကြွင်းမဲ့ ယုံကြည်ထားပြီး ဖြစ်ပုံ ပေါ်သည်။

ဝေ့ဝူယင် ပုံရိပ်ယောင် လောကထဲတွင် ဆက်လက် နစ်မြော မနေတော့ပဲ အထက် ကောင်းကင်ကို မော့ကြည့် လိုက်၏။ ကောင်းကင် တစ်ခုလုံးက ချိပ်ပိတ်ခံထားရကာ မြစိမ်းရောင် ချီအမိုးခုံး တစ်ခုကိုသာလျှင် သူ တွေ့ရသည်။

“စိတ်တာအို...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သူ ပိုင်ဆိုင်ထားသမျှ စွမ်းအားများထဲတွင် ကြောက်စရာ အကောင်းဆုံးက ဆေဘာ မဟုတ်သလို ဂြိုဟ်တစ်ခုလုံးကို စိတ်စေရာ ပြောင်းလဲနိုင်သည့် စွမ်းအားလည်း မဟုတ်ချေ။ ထို့နည်းတူစွာ ဟင်းလင်းပြင်နှင့် အချိန်တို့ကို ထိန်းချုပ်နိုင်ခြင်းလည်း မဟုတ်ချေ။ ကိုယ်တိုင်၏ စိတ်ကိုပင် ခြယ်လှယ်နိုင်သည့် ဧဒင်၏ စွမ်းအား ဖြစ်သည်။

ကံမကောင်းစွာပင်... ၎င်းက ပုံရိပ်ယောင် တစ်ခု မဟုတ်ချေ။ ဝေ့ဝူယင်၏ မျက်လုံးများမှ ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်မှာ စတင်ကာ ကွဲကြေ လာခဲ့၏။ အက်ကွဲကြောင်းများက ကျပန်း ပုံစံများ ဖြစ်ပုံ ပေါ်သော်လည်း ပိုမို ကြီးမားလာသည်နှင့် အမျှ တိကျသည့် ပုံရိပ် တစ်ခု အသွင် ဖွဲ့စည်း လာခဲ့၏။

ပုံရိပ်ယောင် မျက်လုံး...

ဧဒင်မပါလျှင်ပင် ဝေ့ဝူယင်မှာ စိတ်တာအို လမ်းကြောင်းထက်၌ ရှိနေခဲ့သူ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံး၏ ပုံရိပ်ယောင် မျက်လုံး ဝင်္ကပါက သူ့အသိတ်စိတ် ပင်လယ် အတွင်း ရှိနေသည်။ ၎င်းက သူ့ ဝိညာဥ် စွမ်းအင်များကို ဆွဲယူကာ စိတ်စွမ်းအင်လှိုင်းများ အဖြစ် ထုတ်လွှတ်ပေးနိုင်သည်။

“မင်းရဲ့ အမှားက ပုံရိပ်ယောင်ကို သုံးနေခဲ့တာပဲ...”

ကောင်းကင် တဖြည်းဖြည်း ပြိုကွဲလာခြင်းနှင့် အတူ ဝေ့ဝူယင်၏ မျက်လုံးများထဲရှိ အလင်းတန်းမှာ ပိုမို၍ ပြင်းထန်လာခဲ့၏။ လောကြီး တစ်ခုလုံးက မကြာခင် ပြိုကျသွားတော့မည် ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

ထိုအခိုက်တွင်ပင် ရုတ်တရက်... လုံချန်၏ ပုံရိပ်က ဓားကို ကိုင်ကာ ရှေ့ကို တိုးဝင်လာခဲ့၏။ သူ့ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်များက လောကကိုယ်ပွားများနှင့်ပင် နှိုင်းယှဉ်နိုင်သည် အထိ အလွန်အမင်း ပြင်းထန် လွန်းလှသည်။ ဧဒင်၏ လောကကိုယ်ပွားမှာ ဝေ့ဝူယင် ပြန်လည် ထိန်းချုပ်လာသည်ကို သိလိုက်ရာ ချက်ချင်းပင် ပုံမှန် အဖြစ်အပျက်များကို ပြောင်းလဲ ပစ်လိုက်ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်း၌ကျူးလန်၏ အမူအရာက ပြောင်းလဲ သွား၏။ သူမ၏ မျက်လုံးများက ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပသွားကာ လက်သည်းများကို ဆန့်ထုတ်၍ ဝေ့ဝူယင်ကို ရန်လိုစွာ ကုတ်ဆွဲလိုက်သည်။ သူမက ဝေ့ဝူယင်၏ အသွေးအသားများကို ကိုက်စားကာ နှလုံးသားကို ထုတ်ယူလိုနေပုံ ရည်။

ဝေ့ဝူယင် လက်ညိုးကို ဆန့်ထုတ်ကာ မိန်းကလေး၏ နဖူးကို ထိလိုက်၏။ တဒင်္ဂ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က အေးခဲ သွားသည်။ အခြားတစ်ဖက်၌... ဝေ့ဝူယင် စိုက်ကြည့်လိုက်သည်နှင့် လုံချန်၏ လက်ထဲရှိ ဓားမှာ ကျိုးပဲ့ သွား၏။ ၎င်းက အလွန် လှပ သိမ်မွေ့သည့် အမှုန်အမွှား အလင်းစက် ကလေးများ အသွင် ပြောင်းလဲ သွားသည်။

လုံချန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သို့သော်လည်း သူက ရပ်တန့်ခြင်း မရှိချေ။ ခပ်အုပ်အုပ် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်ရင်း ဝေ့ဝူယင်ထံ ခုန်အုပ်ဖို့ ကြိုးပမ်းလိုက်၏။ ဝေ့ဝူယင်က တုန်လှုပ်ခြင်း မရှိ ရပ်နေဆဲ ဖြစ်သည်။

ခရက်...

လုံချန်သည်လည်း အလားတူပင် အေးခဲ သွား၏။ ဝေ့ဝူယင် တွန့်လိမ်ကာ ရပ်တန့်နေသည့် လုံချန်၏ အမူအရာကို ကြည့်လိုက်သည်။ ထို့နောက် ဘေးရှိ ကျူးလန်ကို တဖန် ပြန်ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည့် မိန်းကလေး၏ မျက်နှာထားကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် မှေးမှိန်သွား၏။

“ငါ ကြံစည်ခံခဲ့ရတာလား...”

သူ ပထမဆုံး အကြိမ် အဖြစ် ကွဲပြားခြားနားစွာ တွေးလိုက်မိ၏။ လက်ဝါး နှစ်ဖက်ကို ဖြန့်ရင်း ဝေ့ဝူယင် အောက်ကို ငုံ့ကြည့်လိုက်သည်။ သွေးချီများမှာ သူ့လက်ဝါးထက်၌ စီးဆင်းလာ၏။

“ချင်ချူးမူကြောင့် ကျူးလန်က လုံချန်ရဲ့ ပစ်မှတ် ဖြစ်ခဲ့လိမ့်မယ်လို့ ငါ အမြဲ ထင်နေခဲ့တာ... ဒါပေမဲ့ တကယ်တမ်းကျတော့ လုံချန်ရဲ့ ပစ်မှတ်က ငါဖြစ်နေခဲ့တယ်... ကျူးလန် မဟုတ်ဘူး”

ကျူးလန်က သူမကိုယ် သူမ ကယ်တင်ရန် အတွက် လုံချန်နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်နိုင် သလော။ သူ့ကို ဤသီခြားနေရာဆီ လှည့်စား ခေါ်လာကာ လုံချန်နှင့် ပေးတွေ့ခဲ့သလော။

“...”

ဝေ့ဝူယင် ခပ်တိုးတိုး သက်ပြင်းတစ်ချက် ချလိုက်၏။ ပုံရိပ်ယောင် မျက်လုံး အစီအရင် ဝင်္ကပါက သူ့ခေါင်းထက်၌ အပြည့်အဝ ဖွဲ့စည်းလာကာ ပုံရိပ်ယောင် ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံ လိုက်သည်။

“အဲဒါတွေက အရေး မကြီးတော့ပါဘူး... ဘာပဲဖြစ်ဖြစ် ငါ့အတွက် သင်ခန်းစာ တစ်ခု မှတ်ယူလို့ ရတာပေါ့လေ”

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လောက တစ်ခုလုံးမှာ ပြိုကျသွား၏။ ဝေ့ဝူယင် ကိုယ်ပိုင် အသိစိတ် ပင်လယ်ကို ပြန်မြင်လိုက်ရပြီ ဖြစ်သည်။ အလွန်တရာ လှပသည့် ခုနစ်ရောင်ခြယ် အမြစ်များမှာ ထိုနေရာ၌ ရောက်ရှိနေကာ သူ့ စိတ်စွမ်းအင်များကို သိမ်းပိုက် ဝါးမြိုဖို့ ကြိုးပမ်း နေ၏။

သို့သော်လည်း ဧဒင်မှာ ထိုနေရာ၌ ရှိနေပေသည်။ ၎င်းက အသိစိတ် ပင်လယ် အတွင်းရှိ အရေးကြီးသည့် အစိတ်အပိုင်းများကို ကာကွယ်ထားကာ မထိခိုက်အောင် ထိန်းသိမ်းထား၏။ အသိစိတ် ပင်လယ် တစ်ခုလုံးကို ဖြန့်ကျက်၍ ကာကွယ်သူ တစ်ယောက် အသွင် နေရာယူထားသည့် အလွန် ကြီးမားသော သစ်ပင်ကြီးကို ဝေ့ဝူယင် မော့ကြည့်လိုက်မိသည်။

ထို့နောက် သူက ပြုံးလိုက်၏။

“ကျေးဇူးပါပဲ...”

ဝေ့ဝူယင် ရိုးသားစွာပင် ဆိုလိုက်သည်။ ဧဒင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မသိမသာ တုန်ရီ သွား၏။ ၎င်းက သူ့ကို ‌ရှေ့ဆက်ရန် ပြောနေသလိုပင်။

ဟူး... ဟူး...

ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားမှာ အသိစိတ် ပင်လယ်၌ အဆုံးမဲ့ စိတ်စွမ်းအင် ရေထုထက်၌ မြောလွင့် နေခဲ့သည်။ သူက တည်ငြိမ်စွာပင် လက်ဟန်မုဒြာ အနည်းငယ်ကို ဆက်တိုက် ဆိုသလို ဖော်ဆောင်လိုက်၏။ ပုံရိပ်ယောင် မျက်လုံး အစီအရင်က အပြည့်အဝပင် အသက်ဝင်လာကာ အသိစိတ် ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံ သွားလေ၏။

ဝေ့ဝူယင်၏ အစစ်အမှန် ခန္ဓာကိုယ်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မြေကြီး စွမ်းအင်များက အသွင်ပြောင်းလဲထားသည့် သတ္တုများ အကြားတွင် တည်ရှိ နေခဲ့၏။ အိုရီ၏ လောက ကိုယ်ပွားက သူ့ကို မိုင်ပေါင်းများစွာ ထူသည့် သတ္တုများအကြား၌ ချိပ်ပိတ်ထားခြင်း ဖြစ်ကာ အလွန် ပူပြင်းသည့် အပူချိန်များကို ထုတ်လွှတ်၍ ခန္ဓာကိုယ် တစ်ခုလုံးကို ဘာမှ မကျန်သည် အထိ အရည်ပျော်ပစ်ရန် ကြိုးပမ်း နေ၏။

ကံကောင်းထောက်မတာ တစ်ခုက သူ့ခန္ဓာကိုယ်မှာ အလွန် အစွမ်းထက်ခြင်း ဖြစ်သည်။ ထိုအားထုတ်မှုက သူ့ကို အနည်းငယ်မျှသာ နာကျင်စေသည်။ စစ်အမတေမှ ဖွဲ့စည်းထားသည့် သူ့ အဝတ်အစားများပင်လျှင် မထိမခိုက် ရှိနေဆဲ ဖြစ်သည်။ ရုပ်ခန္ဓာကိုယ်ကို အကြွင်းမဲ့ မီးတောက်၊ အကြွင်းမဲ့ သုည ရေခဲ စွမ်းအင်များဖြင့် သန့်စင်ထားသူ တစ်ယောက် အနေဖြင့် ထိုအပူချိန်ကို သူ အသားကျပြီး ဖြစ်သည်။

ဝေ့ဝူယင် ဆယ်ခု‌မြောက် အာကာသ ပဲ့တင်သံလှိုင်း၏ စွမ်းအားနှင့် ထိတွေ့လိုက်ကာ နဂါး အင်အားနှင့် အတူ အားဖြည့် လိုက်၏။ ထို့နောက် အာကာသ ရွှေ့ပြောင်းခြင်း စွမ်းအင်ကို ထုတ်ဖော် လိုက်သည်။ မိုင်ပေါင်းများစွာ ကြီးမားသည့် သတ္တု အကျဉ်းထောင်မှာ သူ့ကို အနည်းငယ် လေးမျှပင် ဟန့်တားနိုင်စွမ်း မရှိပါချေ။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင် မူလ နေရာမှ ပျောက်ကွယ် သွား၏။

ဝှစ်...

ဝေ့ဝူယင် မြေပြင်ထက်သို့ ပြန်လည် ရောက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ သတ္တု မြေမျက်နှာပြင် အထက် ပေအနည်းသယ်ခန့် အကွာ၌ လွင့်မြောနေသည်။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် လက်ဖြင့် နဖူးကို ထိလိုက်၏။

အသိစိတ် ပင်လယ် အတွင်းတွင်တော့ ဆယ့်သုံး မီတာ ကြီးမားလှသည့် ဧဒင်၏ လောက ကိုယ်ပွားမှာ ရူးသွပ်စွာပင် ရုန်းထွက်ဖို့ ကြိုးပမ်းနေ၏။ ၎င်းက စိတ်စွမ်းအင်လှိုင်းများဖြင့် အဆက်အပြတ် ဝေ့ဝူယင်၏ စိတ်ကို တိုက်ခိုက်နေသည်။ သို့သော်လည်း ထိရောက်မှုကတော့ အလွန် နည်းပါးလှပေသည်။

ထိုလောကကိုယ်ပွားမှာ ဧဒင်၏ စွမ်းအင်ကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားကြောင်း ဝေ့ဝူယင် သဘောပေါက် လိုက်၏။ လောကအင်အား ကပ်ဘေးက အဘယ်ကြောင့် ထိုမျှ ပြောင်းလဲ သွားရသည်ကိုတော့ ဝေ့ဝူယင် လုံးဝ စဉ်းစား မရခဲ့ပါချေ။

လောကကိုယ်ပွားများမှာ သူ့ထက်ပင် ပိုမို အဆင့်အတန်း မြင့်သည့် မန်နာ ထိန်းချုပ်နိုင်စွမ်းနှင့် မြေဆွဲအား စွမ်းအင်တို့ကို ပိုင်ဆိုင် ထားကြသည်။ ထို့အပြင် ၎င်းတို့မှာ လောကကို ကိုယ်ပိုင် စွမ်းအင်အဖြစ် ပြောင်းလဲ နိုင်ကြ၏။ ထို့ကြောင့်ပင် ၎င်းတို့မှာ အကန့်အသတ်မဲ့ စွမ်းအား ရင်းမြစ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။

ဝေ့ဝူယင်မှာ လောကကြီးမှ ဖန်တီးထားသည့် သူ့ကိုယ်သူ ရင်ဆိုင်နေရသလိုပင် ခံစားလိုက်ရတော့၏။

***

All Chapters